← Chapters

သတ္တိကောင်းတယ် တဲ့လား

Vol. 11 Ch. 142

သတ္တိကောင်းတယ် တဲ့လား

Vol. 11 Ch. 142

ထို့နောက်တွင်မူ နဂါးမြင်းတစ်ကောင်စီ စီးနင်းလာပြီး သံချပ်ကာဝတ်စုံများ ဝတ်ဆင်ထားသည့် လူနှစ်ယောက်က လောထျန်းတို့ လူစုအနီး ချဥ်းကပ်လာကြသည်။

" ဟေ့ .. လူငယ်လေးသုံးယောက် ၊ မင်းတို့တွေက ဘာဖြစ်လို့ ဒီလောက်မြန်မြန်ကြီး လမ်းလျှောက်နေကြတာလဲ "

နှစ်ယောက်ထဲမှ လှံရှည်ကိုင်ထားသည့် တစ်ယောက်က ထိုသို့ပြောကာ ​ကျယ်လောင်စွာ ရယ်လိုက်သည်။

လောထျန်းက ထိုလူအား မျက်မှောင်ကြုံ့၍ ကြည့်လိုက်၏။

" မင်းတို့ကို ဗိုလ်ချုပ်ချန် က လွှတ်လိုက်တာလား "

သူ မေးလိုက်သည်။

ယခု သူတို့ရှေ့တွင် ရှိနေသည့် လူနှစ်ယောက်မှာ အရင်ရက်က ကွေ့ယွမ်မြို့တွင် တွေ့ခဲ့သော လူများထဲမှ နှစ်ယောက်ပင် ။

" ဗိုလ်ချုပ်ချန်ကလား .. ဘယ်ဟုတ်မလဲကွာ "

ထိုလူက ရယ်ကာ ပြန်ပြော၏။

ကျန်တစ်ယောက်ကလည်း မျက်မှောင်ကြုံ့၍ ပြောလာသည်။

" ဘာဖြစ်လို့ ဒီကောင်တွေကို စကားပြောပြီး အချိန်ဖြုန်းနေသေးတာလဲ။ ဒီတိုင်းသာ သတ်လိုက်တော့။ အချိန်ဆက်ဆွဲနေရင် ထင်မှတ်မထားတာတွေ ဖြစ်လာနိုင်တယ် "

ပထမလူက လက်ယမ်းပြကာ ပြန်ပြောလိုက်သည်။

" အရမ်းကြီး စိုးရိမ်မနေပါနဲ့ကွာ ။ ဘေးကိုလဲ ကြည့်လိုက်ဦး ၊ ဒီလို လူသူမရှိတဲ့ နေရာမျိုးမှာ ဘာဖြစ်နိုင်မှာ မို့လို့လဲ "

ကျန်တစ်ယောက်မှာ မည်သို့မှ ဆက်မပြောတော့ဘဲ နှာမှုတ်၍သာ ခပ်ဆိတ်ဆိတ် နေလိုက်၏။

လောထျန်းက ထိုလူနှစ်ယောက်လုံးကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

" ဒါ ဘာအဓိပ္ပါယ်လဲ "

လှံရှည်ကိုင်ထားသည့်လူက ရယ်သွမ်းသွေးကာ ပြန်ဖြေ၏။

" ဘာအဓိပ္ပါယ် ဖြစ်ရမှာလဲကွာ ၊ မင်းတို့ဆီက ဆုမီတောင် ဝင်ခွင့်ကဒ်ပြားကို လိုချင်လို့ပဲပေါ့ "

လောထျန်းက သူ့အင်္ကျီလက်ထဲမှ အဆောင်ကဒ်ပြားကို ထုတ်ကာ ​ထပ်မေးလိုက်သည်။

" ဒါကို လိုချင်တယ်လို့ ပြောတာလား "

လှံရှည်ကိုင်ထားသူ၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွား၏။

" ဟုတ်တယ် ၊ အဲ့ကဒ်ပြားကို ငါ့ကိုပေးစမ်း "

လောထျန်းက သူ့ကို ကြည့်ကာ ပြောလိုက်သည်။

" ဒါနဲ့ .. ကျုပ် သိချင်တာ တစ်ခုရှိလို့။ ဒါကို လိုချင်ရင် အစောက ကွေ့ယွမ်မြို့မှာတည်းက ဘာလို့ မလုခဲ့တာလဲ "

လှံရှည်နှင့်လူ ပြန်မပြောနိုင်ခင်မှာပင် သူ့ဘေးမှ ကျန်တစ်ယောက်က အေးစက်စက်အသံဖြင့် ဝင်ပြော၏။

" ဘာ အဓိပ္ပါယ်မရှိတာတွေ မေးနေတာလဲ။ ဒါတွေအားလုံးက ဟို ငတုံးကြီး ချန်ခိုင် ကြောင့်ပဲပေါ့ ။ ငါတို့က တကယ်ကို ကံဆိုးတာပါ။ ကျိုတိုမှာ ကောင်းကောင်းမွန်မွန် နေနေရတဲ့ဟာကို အဲ့ဒီငတုံးကြီးက ဒီလို ဝေးဝေးခေါင်ခေါင် နေရာကို တကူးတက ခွင့်ပြုချက်တောင်းပြီးတော့တောင် လာခဲ့ရတယ်လို့ "

" ဒီလောက်နှစ်တွေ ကြာလာတာတောင် ပိုက်ဆံမချမ်းသာလာတဲ့အပြင် ကိုယ့်အိတ်ထဲကတောင် ထုတ်ပြီး ပေးလိုက်ရသေးတယ် ။ အခုတော့ တော်ပြီ ၊ ဆက်မလုပ်နိုင်တော့ဘူး။ ဒီတစ်ခါတော့ မင်းရဲ့ ဆုမီတောင်ဝင်ခွင့်ကဒ်ကို မရရအောင် ယူပြီး စျေးမြှင့်မြှင့်နဲ့ ရောင်းစားပစ်မယ်။ ပြီးရင် ငါတို့နှစ်ယောက်လုံး ထျန်းယွမ်အင်ပါယာက ထွက်သွားပြီးတော့ နိုင်ငံငယ်လေး တစ်ခုမှာ ဂိုဏ်းထောင်ပြီးး အေးအေးဆေးဆေး သွားနေမှာ "

သူ့စကားကို နားထောင်ပြီးသွားသောအခါ လောထျန်း ခေါင်းအသာအယာ ညိတ်လိုက်သည်။

" အဲ့လိုကိုး .. "

ထိုစဥ် လှံရှည်ကိုင်ထားသူက လောထျန်းကို ကြည့်ကာ အပြုံးဖြင့် ပြောလာ၏။

" ညီငယ်လေး ..မင်းက တော်တော်တော့ သတ္တိရှိတာပဲကွ။ ခုလိုအချိန်မျိုးမှာတောင် တည်တည်ငြိမ်ငြိမ် ဆက်နေနိုင်တုန်းပဲ ။ ငါ မင်းကို သတ်ဖို့ မစောင့်နိုင်တော့ဘူး "

ထိုလူက စကားဆုံးသည်နှင့် လက်ထဲမှ လှံရှည်အား အသင့်ပြင်လိုက်သည်။

" စိတ်မကောင်းစရာပဲကွာ ၊ မင်းမသေရင် ချန်ခိုင်က ငါတို့လုပ်လိုက်တဲ့ ကိစ္စတွေကို ပြန်သတင်းကြားသွားနိုင်တယ်လေ။အဲ့ကျရင် ဒီငတုံးကြီးက ငါတို့ကို ပြဿနာရှာမှာ သေချာပေါက်ပဲ။ ဆိုတော့ မင်းတို့အားလုံးကို သေပေးဖို့ တောင်းဆိုရုံကလွဲပြီး ငါ့အတွက် တခြားရွေးချယ်စရာ မရှိဘူးပေါ့ကွာ "

ဝှစ် ..

ထို့နောက်တွင်မူ သူက လှံရှည်အား ပစ်လွှတ်လိုက်သည်။

ဤသို့ဖြင့် ဆယ်စက္ကန့်မျှ ကြာပြီးနောက်တွင်မူ မြေပြင်၌ အလောင်းနှစ်လောင်း လဲကျနေတော့၏။

" ငါ့ကိုများ သတ္တိရှိသလေး ဘာလေးနဲ့ ။ ကွေ့ရှအဆင့်ကို အခုမှ ရောက်ခါစ လူနှစ်ယောက်ကများ ငါ့ကို တိုက်ခိုက်ရဲတယ်ပါ့လေ။ မင်းတို့က ကွေ့ရှအဆင့်ဆိုပြီး ကိုယ့်ကိုကိုယ် သိပ်ဟုတ်လှပြီ ထင်နေကြတာပေါ့ "

လောထျန်းက အလောင်းနှစ်လောင်းကို ကြည့်ကာ မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။

" အကိုထျန်း .."

ထိုစဥ် လောထျန်းအနောက်တွင် ရှိနေသော လောရှောင်ရှောင်းထံမှ ​တုန်ယင်နေသည့် အသံလေး ထွက်ပေါ်လာ၏။

လောထျန်းက နောက်လှည့်၍ သူမညွှန်ပြသည့်ဘက် ကြည့်လိုက်ရာ ထိုလူနှစ်ယောက် စီးနင်းလာသည့် နဂါးမြင်း နှစ်ကာင်ကို မြင်လိုက်ရသည်။

လောထျန်း၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွား၏။

" ဘယ်လိုပဲဖြစ်ဖြစ် ၊ မင်းတို့ရဲ့ အသက်က အချည်းနှီးတော့ ဖြစ်မသွားပါဘူး။ မင်းတို့က မသေခင် ငါတို့ကို နဂါးမြင်းနှစ်ကောင် လာပို့သွားတာဆိုတော့ ။ လောရုံ ..ဒီ နဂါးမြင်းနှစ်ကောင်ကို သတ်ပြီးတော့ သူတို့အသားကို စားရအောင် ။ အဲ့ကျရင် မင်းလဲ ငါတို့ကို သယ်ပြီး ပျံဖို့ အားပြန်ပြည့်သွားမှာ "

လောထျန်းက ထိုသို့ ပြောပြီးသည်နှင့် အင်္ကျီလက်ကို ပင့်တင်ကာ နဂါးမြင်းဆီသို့ သွားရန် ပြင်လိုက်သည်။

သို့သော် .. လောရုံက တွန့်န့်ဆုတ်ဆုတ် ပြောလာ၏။

" အကိုထျန်း .. ဒီ နဂါးမြင်းတွေကို စီးပြီးတော့ပဲ ပျံသွားလို့ မရဘူးလားဗျာ "

လောထျန်း ခေတ္တမျှ အံ့သြမှင်သက်သွားသည်။

" ဟုတ်သားပဲ ၊ အဲ့လိုက ပိုကောင်းတာပေါ့ "

လောထျန်း ခေါင်းညိတ်၍ ပြောကာ နဂါးမြင်းနှစ်ကောင်ဆီသို့ သွားလိုက်သည်။

ထို့နောက်တွင်မူ လောရုံက တစ်ကောင် ၊ သူနှင့် လောရှောင်ရှောင်းက တစ်ကောင် စီးနင်းကာ ခရီးဆက်လိုက်ကြ၏။

ထိုနဂါးမြင်း နှစ်ကောင်လုံးမှာ ထုံရွှယ်အဆင့် ၉ သို့ ရောက်ထားကြပြီး လူသားတို့၏ သဘောသဘာဝကိုလည်း သေချာ နားလည်ထားကြပြီး ဖြစ်သည်။

ထိုမျှမက ..အစောကလေးပင် လောထျန်း၏ အစွမ်းကို မျက်မြင်ကိုယ်တွေ့ ကြုံထားရသည်ဖြစ်ရာ သူတို့ ပြန်မခုခံရဲပါချေ။

ဤသို့ဖြင့် နဂါးမြင်းနှစ်ကောင်မှာ လောထျန်း၏ ဆန္ဒအတိုင်း အမြန်နှုန်းအပြည့်ဖြင့် ဟဲ့ဒုံမြို့ဆီသို့ ပျံသန်းသွားလိုက်ကြတော့သည်။

ထုံရွှယ်အဆင့် နဂါးမြင်းနှစ်ကောင်၏ အမြန်နှုန်းမှာ လောရုံ ပျံသန်းနိုင်သည့် အမြန်နှုန်းဖြင့် ယှဥ်၍ပင် မရပေ ။

ထို့နောက် ... တစ်နာရီ မပြည့်ခင် အချိန်အတွင်းမှာပင် ဟဲ့ဒုံမြို့က သူတို့၏ မြင်ကွင်းထဲ၌ ပေါ်လာတော့၏။

" နောက်ဆုံးတော့ ရောက်လာပြီကွ "

လောရုံက ဝမ်းသာအားရ ကျယ်လောင်စွာ အော်လိုက်သည်။

မြို့တော်အား အစီအမံတစ်ခုဖြင့် ကာကွယ်ထားသဖြင့် မြို့ရိုးနံရံပေါ်မှ ဖြတ်ကာ ပျံသန်း၍ မရသောကြောင့် သူတို့အားလုံး မြို့ရိုးတံခါးဝတွင်သာ ဆင်းသက်လိုက်ကြသည်။ နဂါးမြင်းနှစ်ကောင်ကိုလည်း ပြန်လွှတ်လိုက်ကြ၏။

အဆောင်ကဒ်ပြား၏ ကျေးဇူးကြောင့် သူတို့အားလုံး ဟဲ့ဒုံမြို့ထဲသို့ အဆင်ပြေပြေ ချောချောမွေ့မွေ့ပင် ဝင်၍ရသွားခဲ့ကြသည်။

" အကိုထျန်း ၊ အခု ဘယ်ဆက်သွားကြမှာလဲ "

လောရုံက မေးလိုက်သည်။

လောထျန်းက ဗိုက်ပွတ်ကာ ပြန်ဖြေ၏။

" အရင်ဆုံး စားစရာနေရာရှာကြတာပေါ့ကွာ "

သူသည် စိတ်စွမ်းအင်စုဆောင်းခြင်းအဆင့်သို့ ရောက်ထားပြီး ရက်ပိုင်းလေးအတွင်း အစာ မစားရရုံဖြင့် မသေနိုင်သည့်တိုင်၊ သူ နေထိုင်မကောင်း ဖြစ်နေလေပြီ။

ထို့အပြင် ထုံရွှယ်အဆင့်သို့ ရောက်ပြီးသွားသော ကျင့်ကြံသူများကသာ အမှန်တကယ် မစာမစားဘဲ နေနိုင်ကြသည် မဟုတ်ပါလား ။

သူတို့ ပြောရင်းဆိုရင်း စားသောက်ဆိုင်ရှာရန် ဆက်သွားလိုက်ကြသည်။

" ဟို ..တဆိတ်လောက်ခင်ဗျာ .. သခင်လေး လောထျန်း များလား "

ထိုစဥ် လောထျန်းအနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။

" ဟင် ..ဘယ်သူလဲ "

လောထျန်း အံ့အားသင့်သွားရသည်။

ထျန်းယွမ်အင်ပါယာတွင် သူ့မိတ်ဆွေ ရှိပါရဲ့လား ..

သူ နောက်လှည့်ကြည့်လိုက်သောအခါ သူမရင်းနှီးသော လူငယ်လေးတစ်ယောက်၏ မျက်နှာကို မြင်လိုက်ရ၏။

" မင်းက ဘယ်သူလဲ "

လောထျန်းက မသင်္ကာဟန်ဖြင့် မေးလိုက်သည်။

" သခင်လေး လောထျန်း .. ကျုပ်ကို မမှတ်မိဘူးလားဗျ။ ကျုပ်က ရှောက်လုံ ပါ "

လူငယ်က အပြုံးဖြင့် ပြန်ဖြေ၏။

" ရှောက်လုံ ..ဟုတ်လား .. "

လောထျန်းမှာ အချိန်အတန်ငယ်ကြာ စဥ်းစားလိုက်သော်လည်း ထိုလူအား လုံးဝ မမှတ်မိပါချေ။

ရှောက်လုံက အနည်းငယ် ရှက်သွားဟန်ဖြင့် ပြောလိုက်သည်။

" သခင်လေး လောထျန်းက ကျုပ်ကို မမှတ်မိတာ မထူးဆန်းပါဘူးဗျာ။ သခင်လေး .. လွန်ခဲ့တဲ့ သုံးလလောက်က ထျန်းရှန့်သိုင်းပြိုင်ပွဲကိုရော မှတ်မိလား။ ကျုပ်က ပြိုင်ပွဲမှာ အဆင့် ၅ ရခဲ့တဲ့သူလေ "

ထိုအချိန်မှသာ လောထျန်း မှတ်မိသွားတော့၏။

ထိုလူငယ်မှာ ထျန်းရှန့်သိုင်းပြိုင်ပွဲ၌ သူ အခြားသူများအား ရိုက်နေသည့်အချိန်အထိ ပုန်းနေခဲ့သူပင် ။

" ဟုတ်သားပဲ ၊ အခု မှတ်မိပြီ။ မင်း ဘယ်တုန်းက ရောက်လဲ '

လောထျန်းက ပြောလိုက်သည်။

ရှောက်လုံက ပြန်ဖြေ၏။

" ကျုပ်က ဒီကို လွန်ခဲ့တဲ့ လဝက်လောက်ကတည်းက ရောက်နေတာဗျ။ လာလောဆယ် အဲ့ဒါကို မပြောပါသေးနဲ့ဦးဗျာ။ သခင်လေး လောထျန်း ရောက်လာတာ အချိန်ကောင်းပဲဗျ "

" အချိန်ကောင်းပဲ .. ဟုတ်လား ။ ဘာဖြစ်လို့လဲ "

လောထျန်း နားမလည်နိုင် ဖြစ်သွားသည်။

ရှောက်လုံက ခပ်မြန်မြန် ပြန်ဖြေ၏။

" ခဏနေကျရင်ဟဲ့ဒုံမြို့ထဲမှာ ပါရမီရှင်တွေ တွေ့ဆုံပွဲ ရှိတယ်ဗျ။ ယဲ့ဒုံမြို့ထဲက ပါရမီရှင်တွေ အားလုံးနီးပါး အဲ့မှာ ရှိကြမှာ။ ထျန်းယွမ်အင်ပါယာက ထိပ်သီး ပါရမီရှင်တွေ အများကြီးလဲ ပါကြမှာဗျ "

" သခင်လေးလောထျန်း ၊ ပြီးခဲ့တဲ့ ရက်တွေအတွင်း ဟဲ့ဒုံမြို့ထဲမှာ ရန်ပွဲတွေ အများကြီး ဖြစ်သွားခဲ့တယ်ဗျ။ ကျုပ်တို့ ထျန်းရှန့်သိုင်းပြိုင်ပွဲက လူ တော်တော်များများလဲ ဒီလူတွေလက်ချက်နဲ့ အထိုးကြိတ် ခံခဲ့ကြရတယ်။ သူတို့က ကျုပ်တို့ကို အထင်သေးပြီး အပေါ်စီးကပဲ ဆက်ဆံကြတာ။ ကျုပ်တို့မှာတော့ ခေါင်းငုံ့ပြီး ငြိမ်ခံနေရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ကြဘူး။ ဒါ့ကြောင့်မို့ ဒီကောင်တွေရဲ့ မောက်မာမှုကို ချိုးနှိမ်ပေးဖို့ သခင်လေးလောထျန်းကို ကျုပ်က ဖိတ်ချင်တာပါ "

ရှောက်လုံက ​အကြောင်းစုံပြောကာ လောထျန်းအား မှော်လင့်တကြီး ကြည့်လိုက်သည်။

သို့သော် .. လောထျန်းက စဥ်းပင် မစဥ်းစားဘဲ  ချက်ချင်း ငြင်း၏။

" ကျုပ် စိတ်မဝင်စားဘူး "

သူက ထိုသို့ ပြောပြီးသည်နှင့် အခြားဘက် ပြန်လှည့်ကာ ထွက်သွားလိုက်သည်။

သူသည် တစ်နေ့နှင့် တစ်ညလုံးလုံး အစာမစားဘဲ နေခဲ့ရသည့်အတွက် အလွန်ဆာလောင်နေပြီဖြစ်ရာ လတ်တလောတွင် အစားတစ်ခုခု စားရန်မှ လွဲ၍ ကျန်ကိစ္စများကို စိတ်မဝင်စားပါ။

ရှောက်လုံမှာ လောထျန်းက ထိုသို့ အလွယ်တကူ ငြင်းလိမ့်မည်ဟု ထင်မထားသောကြောင့် ရုတ်တရက် ကြောင်သွားပြီး နေရာတွင်ပင် ခေတ္တ ကျန်နေခဲ့၏။

သို့သော် သူက အလျှော့မပေးလိုဟန်ဖြင့် လောထျန်းနောက်သို့ ပြေးလိုက်လာကာ ဆက်ပြောသည်။

" သခင်လေးလောထျန်း ၊ ဒီ ပါရမီရှင် တွေ့ဆုံပွဲက အချိန်အများကြီး ကြာမှာ မဟုတ်ပါဘူးဗျာ "

လောထျန်းကမူ နောက်လှည့်မကြည့်ဘဲ ရှေ့သို့သာ ဆက်လျှောက်နေသည်။

ရှောက်လုံမှာ ထိုအချိန်တွင် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရပြီး ခေါင်းယမ်း၍ ပြောလိုက်သည်။

" သခင်လေး လောထျန်းက မသွားဘူးဆိုတော့လဲ ကျုပ်တို့က 'တောင်ပင်လယ် စားသောက်ဆိုင်' ထဲမှာ ဆက်ပြီး အရှက်ခွဲခံရဖို့ပဲ ရှိတော့တာပေါ့ဗျာ၊ ဘယ်တတ်နိုင်ပါ့မလဲ "

သူ့စကားဆုံးသည်နှင့် လောထျန်းသာမက သူနှင့်အတူ ပါလာသော ကျန်နှစ်ယောက်၏ ခန္ဓာကိုယ်များပါ တုန့်ခနဲ ရပ်သွားကြ၏။

All Chapters