← Chapters

ယင်ထျန်းလွေ့၏ အိမ်မက်ဆိုး

Vol. 11 Ch. 145

ယင်ထျန်းလွေ့၏ အိမ်မက်ဆိုး

Vol. 11 Ch. 145

လောထျန်းတို့ လူစုက အသံလာရာဘက် လှည့်ကြည့်လိုက်ရာ ဘေးချင်းယှဥ်လျက် ခန်းမဆောင်ထဲသို့ ဝင်လာသော လူငယ်နှစ်ယောက်ကို မြင်လိုက်ရသည်။

ရှောက်လုံက ချက်ချင်း စိတ်လှုပ်ရှားသွားကာ ပြောသည်။

" အားလုံး ကြည့်လိုက်ကြဦးဗျ ။ အင်္ကျီအဖြူ ဝတ်ထားပြီးတော့ သစ်သားဓားတစ်လက်ကို ကိုင်ထားတဲ့သူက ယင်ထျန်းလွေ့ပဲ  ။ ပါရမီရှင် ယင်ထျန်းလွေ့ဆိုတာ သူပေါ့ဗျာ  "

သူ့စကားကို ကြားသည်နှင့် ခန်းမထဲမှ လူများ အားလုံးနီးပါး ခုန်ထလိုက်ကြသည်။

သို့သော် .. ထိုစဥ် သူ့ဘေးတွင် မျက်နှာသေဖြင့် မတ်တပ်ပင် မရပ်ဘဲ ထိုင်နေသည့် လောရုံကို တွေ့သွားပြီး သူ အံ့အားသင့်သွားရသည်။

" ညီလေး .. မင်းက ဘယ်လိုဖြစ်လို့ အဲ့လောက်တည်ငြိမ်နေရတာလဲ "

သူ မေးလိုက်သည်။

လောရုံက သူ့ကိုကြည့်ကာ ပြန်ပြော၏။

" ကျုပ်က ခင်ဗျား ဘာဖြစ်လို့ ဒီလောက် စိတ်လှုပ်ရှားနေရလဲလို့ တွေးနေတာ "

ရှောက်လုံက ပြန်ပြောသည်။

" ဒါ  ယင်ထျန်းလွေ့ ကွ ၊ ထျန်းယွမ်အင်ပါယာ တစ်ခုလုံးက ဂုဏ်ယူရတဲ့သူပဲ"

လောရုံက ပုခုံးတွန့်လိုက်ပြီး မထူးခြားဟန်ဖြင့် ဆက်ပြော၏။

" သူက ကျုပ်အကို လောထျန်းလောက် အစွမ်းထက်လို့လား "

ရှောက်လုံ ခေတ္တမျှ အံ့သြမှင်သက်သွားပြီးမှ ပြန်ဖြေသည်။

" သခင်လေးလောထျန်းထက် ပိုအစွမ်းထက်တဲ့သူတော့ မရှိနိုင်ဘူး "

" အင်းလေ ၊ ဒါဆို ဘာစိတ်လှုပ်ရှားစရာ ရှိလို့လဲ "

လောရုံက မျက်နှာသေဖြင့် ဆက်ပြောလိုက်သည်။

ရှောက်လုံသည်လည်း ခေတ္တမျှ စဥ်းစားနေပြီးနောက် အမြင်မှန် ရသွားဟန်ဖြင့် ဝမ်းသာအားရ ပြောလိုက်သည်။

" ဟုတ်တယ်ကွ ၊ စိတ်လှုပ်ရှားစရာ ဘာအကြောင်းမှ မရှိဘူး "

ထို့နောက် သူက လောထျန်းကို တစ်လှည့် ယင်ထျန်းလွေ့ကို တစ်လှည့် ကြည့်ကာ ထပ်ပြောလိုက်ပြန်၏။

" ညီလေးပြောတာ အမှန်ပဲ ။ ဘာဖြစ်လို့ စိတ်လှုပ်ရှားရမှာလဲ "

သူက ထိုသို့ ပြောလိုက်ပြီးနောက် ခေါင်းယမ်း၍ ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။

တစ်ဖက်တွင်မူ ယင်ထျန်းလွေ့၏ ဘေးမှ တောက်တောက်ပြောင်ပြောင် အဝတ်အစားများနှင့် လူငယ်က ယင်ထျန်းယွိအား ဆိုင်ခန်းမအတွင်းရှိ အထူးခြား ၊ အကောင်းမွန် ၊ အခမ်းနားဆုံးသော စားပွဲတစ်လုံး ဆီသို့ ခေါ်သွားကာ ထိုင်လိုက်ကြသည်။

ထို့နောက် သူက တစ်ချက် ဝေ့ဝဲ၍ အကဲခတ်ကြည့်လိုက်ရာ ယင်ထျန်းလွေ့ ပင်ပန်းဟန် ပေါက်နေသည်ကို သတိထားမိသွားပြီး မေး၏။

" အကိုယင် ၊ အဆင်ပြေရဲ့လားဗျ ။ နေကောင်းရဲ့လား "

ယင်ထျန်းလွေ့က ခေါင်းယမ်း၍ ပြန်ဖြေသည်။

" ငါ ညက သေချာမအိပ်လိုက်ရလို့ပါဗျာ "

ဝတ်ကောင်းစားလှနှင့် လူငယ်က အံ့သြသွားဟန်ဖြင့် ပြန်မေးသည်။

" ဟိုအိမ်မက်ဆိုးပဲ ထပ်မက်တုန်းလား "

ယင်ထျန်းလွေ့ တစ်ကိုယ်လုံး အနည်းငယ်တုန်သွားကာ ပြန်ဖြေ၏။

" ဟုတ်တယ်ကွ "

တစ်ဖက်မှ လူငယ်က စိုးရိမ်မကင်းဟန်ဖြင့် ဆက်မေးသည်။

" အကိုယင် .. အကို့တို့ရဲ့ စန်းလန်ဂိုဏ်း ဖျက်ဆီးခံလိုက်ရတဲ့ နေ့တုန်းက ဘာတွေ ဖြစ်သွားခဲ့တာလဲ။ အကို့လို ပါရမီရှင်တစ်ယောက်ကိုတောင် ခုလို ညတိုင်း အိမ်မက်ဆိုးမက်အောင် ဘာတွေက လုပ်လိုက်တာလဲဗျ "

စန်းလန်ဂိုဏ်းအကြောင်း တွေးလိုက်သည်နှင့် ယင်ထျန်းလွေ့၏ ခေါင်းထဲတွင် လူငယ်တစ်ယောက်၏ ပုံရိပ် ပေါ်လာသည်။

သူ့မျက်နှာ ချက်ချင်း ဖြူဖျော့သွားပြီး သူကိုယ်တိုင် သတိမထားမိလိုက်ဘဲ လက်ကို ဖျစ်ညှစ်မိသွား၏။

ခွမ်း ..

သူ့လက်ထဲမှ အရက်ထည့်သည့် ဖန်ခွက်က သူ့ကြောင့် ကွဲသွားရလေပြီ။

" အကိုယင် .. "

ဝတ်ကောင်းစားလှနှင့် လူငယ်က ဖြူဖျော့နေသည့် သူ့မျက်နှာကိုကြည့်ကာ စိုးရိမ်တကြီး ခေါ်လိုက်၏။

ယင်ထျန်းလွေ့ တစ်ကိုယ်လုံး တုန်သွားသည်။ ထို့နောက်မှသာ သူ အသိပြန်ဝင်လာပြီး ပြော၏။

" စိတ်မရှိပါနဲ့ကွာ .. ကျုပ် နည်းနည်း အစိုးရိမ်လွန်နေလို့ပါ "

သူ ထိုမေးခွန်းကို မေးလိုက်ရုံမျှဖြင့် ယင်ထျန်းလွေ့က ယခုကဲ့သို့ ဖြစ်သွားရသည်လား  .. ။

တစ်ဖက်မှ လူငယ်မှာ အလွန်အံ့အားသင့်သွားကာ မေးလိုက်သည်။

" အကိုယင် ၊ စန်းလန်ဂိုဏ်းမှာ ဖြစ်သွားတာက အပြင်ကသူတွေ ပြောကြသလို ပိုင်နက်နယ်မြေအပြင်ဘက် နယ်ကျော်ပြီး ရောက်လာတဲ့ မိစ္ဆာနတ်ဆိုးကြောင့်လားဗျ "

ယင်ထျန်းလွေ့က အောင့်သက်သက် ပြုံးလိုက်သည်။

" အဲ့ဒီအကြောင်းကို ထပ်မမေးပါနဲ့တော့ စွန်းရှို့ရာ"

အဖိုးတန် အဝတ်စားများ ဝတ်ဆင်ထားသော စွန်းရှို့ ဆိုသည့် လူငယ်မှာ  စိတ်ပျက်လက်ပျက် ဖြစ်သွားဟန်ဖြင့် နေရာတွင်သာ ငြိမ်ငြိမ် ပြန်နေလိုက်သည်။ သို့သော် .. သူ့စိတ်ထဲတွင်မူ အံ့သြတုန်လှုပ်နေဆဲပင်။

ယင်ထျန်းလွေ့ကဲ့သို့ လူမျိုးကိုပင် ယခုကဲ့သို့ ဖြစ်သွားအောင် ခြောက်လှန့်ထားနိုင်ပေရာ ၎င်းက အလွန်ထူးခြားသည့် အရာတစ်ခုသာ ဖြစ်ရပေမည်။

" သခင်လေး ၊ စားသောက်ပွဲကို စလိုက်ရတော့မလား "

ထိုစဥ်က အစောက ပိန်ပိန်ပါးပါး အဘိုးအိုက စွန်းရှို့အနားသို့ ရောက်လာကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

" အင်း .. စလိုက်ကြတာပေါ့ "

စွန်းရှို့က ခေါင်းညိတ်လိုက်ပြီးနောက် မတ်တပ်ထ၍ အားလုံးကို ကြိူဆိုနှုတ်ဆက်ကြောင်း စကားလံး လှလှသုံး၍ ပြောလိုက်သည်။ သူ့စကားဆုံးသောအခါ အားလုံးဆီမှ လက်ခုပ်သံ ထွက်ပေါ်လာ၏။

နှုတ်ဆက်မိန့်ခွန်း ပြောပြီးသွားသည်နှင့် စွန်းရှက ခုံတွင် ပြန်ထိုင်လိုက်သည်။ ထို့နောက်တွင်မူ စားပွဲထိုးလေးများက အစားအသောက်များ စတင် တည်ခင်းလိုက်ကြသည်။

ထိုစဥ် လောထျန်းနှင့် ကျန်နှစ်ယောက်၏ မျက်လုံးများက အရောင်များ တလက်လက် တောက်နေကြ၏။

" ဟား ဟား .. နောက်ဆုံးတော့ အစားအသောက်တွေ ရောက်လာပြီပေါ့ကွာ "

လောရုံက ဝမ်းသာအားရ ပြောလိုက်သည်။

" စားလိုက်ကြစို့ "

လောရှောင်ရှောင်း၏ မျက်နှာမှာလည်း စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေ၏။

သူတို့ အစာ မစားရသည်မှာ နှစ်ရက်နီးပါးပင် ကြာသွားခဲ့ပြီ မဟုတ်ပါလား။

လောထျန်းသည်လည်း ဝက်လက်တစ်ချောင်းကို ယူကာ အားပါးတရ စားလိုက်၏။

သူတို့သုံးယောက် စားနေပုံကြောင့် သူတို့အနီးမှ လူများအားလုံးပင် အံ့အားသင့်သွားကြကုန်သည်။

တစ်ချိန်တည်းမှာပင် အထင်သေးစိတ်လည်း ဝင်သွားကြ၏။

ဤနေရာသို့ ရောက်နေသူများမှာ သာမာန်လူများ မဟုတ်ကြပေ။ ထိုသုံးယောက်က အစွမ်းထက် ကျင့်ကြံသူ ပါရမီရှင်များကြား၌ အဘယ့်ကြောင့် ယခုကဲ့သို့ အငမ်းမရ စားနေရပါသနည်း။

ထိုအချိန်မှာပင် လူတစ်ယောက်က ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်သည်။

" သခင်လေးစွန်း ၊ စာသောက်ပွဲတောင် စနေပြီကို ဘာလို့ ပျော်စရာလေးတွေ မဖန်တီးသေးတာလဲဗျ ။ ကျုပ်တို့ရဲ့ သိုင်းပညာ ဓလေ့ထုံးတမ်းတွေ ကို အနှောင့်ယှက်ခံလို့ မဖြစ်ဘူးလေ ၊ ဟုတ်တယ်မလား "

အဓိက ထိုင်ခုံတွင် ထိုင်နေသည့် စွန်းရှို့က အပြုံးဖြင့် ပြန်ပြောသည်။

" ဒါပေါ့ "

တစ်ဖက်လူက စကားဆက်သည်။

" ဒီနေ့ မျက်နှာသစ်လေးတွေ ကျုပ် အများကြီး တွေ့တယ်ဗျာ။ ကြည့်ရတာ နိုင်ငံပေါင်းစုံက ပါရမီရှင်တွေက ဟဲ့ဒုံမြို့ကို လာခဲ့ကြတဲ့ပုံပဲ။ ကျုပ်က ပါရမီရှင် မဟုတ်ပေမယ့် ပါရမီရှင်တွေကိုတော့ ကြည့်ချင်တယ်ဗျ "

သူက ထိုသို့ပြောကာ ခန်းမအလယ်သို့ ခုန်ဝင်လိုက်သည်။

" အရင်ဆုံး ကျုပ်ကိုကျုပ် မိတ်ဆက်ပေးပါရစေ ။ ကျုပ်က ထျန်းလန်နိုင်ငံက ဝူလျို့ချီ လို့ ခေါ်ပါတယ်။ ကျုပ်က ကံကောင်းထောက်မပြီး ဆုမီတောင်ကို ဝင်ခွင့်ရခဲ့ပေမယ့် ထျန်းလန်နိုင်ငံရဲ့ လူငယ်မျိုးဆက်သစ်တွေနဲ့ ယှဥ်လိုက်ရင် ကျုပ်ရဲ့အစွမ်းက အမှိုက်နဲ့ မခြားပါဘူးဗျာ။ ခုလို ထိပ်တန်းအဆင့်လို့ သတ်မှတ်ခံရဖို့တောင် မထိုက်တန်ပါဘူး "

" ဒါပေမယ့် .. ကျုပ်က တခြားသူတွေနဲ့ တိုက်ခိုက်ရတာကို ကြိုက်တယ်ဗျ ။ အဲ့လိုတခြားသူတွေနဲ့ တိုက်ခိုက်ပြန်ရင်လဲ ကျုပ်ပဲ အထိုးကြိတ် ခံရတာ ခပ်များများပါဗျာ။ ဒါ့ကြောင့်မို့ ကျုပ် အကြံကောင်းတစ်ခု တွေးမိထားတယ်ဗျ "

" ထျန်းရှန့်သိုင်းပြိုင်ပွဲက လူတွေအားလုံးကို ဒီကိုလာပြီး ကျုပ်နဲ့တိုက်ခိုက်ကြဖို့ ဖိတ်ခေါ်ချင်တယ်။ ကျုပ်က ထျန်းလန်နိုင်ငံမှာ အရှုံးသမားတစ်ယောက် ဆိုပေမယ့် ထျန်းရှန့်သိုင်းပြိုင်ပွဲက လူတွေထက်တော့ ပိုပြီး အစွမ်းထက်တယ်လေ။ ဒီထဲမှာ .. ထျန်းရှန့်သိုင်းပြိုင်ပွဲက ကျုပ်နဲ့ လာတိုက်ခိုက်ရဲတဲ့သူ ဘယ်သူရှိလဲ "

ထိုလူသည် သူ့ကိုယ်သူ အမှိုက်ဟု တသွင်သွင် ပြောနေသည့်တိုင် ....

ထိုစကားများက ထျန်းရှန့်သိုင်းပြိုင်ပွဲမှ လူများကို စော်ကားလို၍သာ တမင်သက်သက် လှောင်ပြောင် ပြောနေခြင်းဖြစ်ကြောင်း အားလုံး သိကြပါသည်။

ခန်းမတစ်ခုလုံး ရယ်သံများ ရုတ်ချည်း ဖုံးလွှမ်းသွား၏။

ထျန်းရှန့်သိုင်းပြိုင်ပွဲမှ လာခဲ့ကြသည့် သူများသာ မျက်နှာပျက်သွားကြသည်။

" ဟေ့ .. ကျုပ် မင်းနဲ့ တိုက်ခိုက်မယ် "

ထိုစဥ် ဒေါသတကြီး အော်သံနှင့်အတူ လူငယ်တစ်ယောက်က ခန်းမအလယ်သို့ ခုန်ဝင်လာသည်။

" အင်း .. မင်းက ဘယ်သူလဲ "

ဝူလျို့ချီက မေးလိုက်သည်။

တစ်ဖက်လူငယ်က ဂုဏ်ယူစွာ ပြန်ဖြေ၏။

" ကျုပ်နာမည်က ကျန်းလောရန် ၊ ကျုပ်က ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ အဆင့် ၃၆ ရထားတာ "

ဝူလျို့ချီက အပြုံးဖြင့် ပြနပြောလိုက်သည်။

" ကောင်းပြီလေ "

စကားဆုံးသည်နှင့် သူတို့နှစ်ဦး တိုက်ခိုက်လိုက်ကြသည်။

သို့သော် .. သိုင်းကွက်ဆယ်ကွက်ကျော် တိုက်ခိုက်ပြီးသွားသည့် အချိန်တွင်မူ ...

" ဝုန်း ... "

ကျန်းလောရန်မှာ လက်ဝါးချက်တစ်ခုကြောင့် နောက်သို့ လွင့်ထွက်သွားရတော့သည်။

ဝူလျို့ချီက လက်နှစ်ဖက်ကို ခါကာ အပြုံးဖြင့် ပြော၏။

" အင်း ..ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ အဆင့် ၃၆ ရတဲ့သူက ဘယ်လိုလုပ်ပြီး ကျုပ်လို အမှိုက်လောက်တောင် အသုံးမကျရတာလဲကွာ။ ဒါဆို ကျုပ်က အမှိုက်မဟုတ်ဘူး ဆိုတဲ့ အဓိပ္ပါယ်လား ။ ဒါမှမဟုတ် ..မင်းတို့အားလုံးက အမှိုက်တွေ ဆိုတဲ့ အဓိပ္ပါယ်လား "

ထိုစကားကို ပြောပြီးသွားသည်နှင့် ထျန်းလန်နိုင်ငံမှ လူများအားလုံး တဟားဟား အော်ရယ်လိုက်ကြပြန်သည်။

သို့သော် .. ထိုအချိန်မှာပင် ..

" ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့ သူတွေအားလုံးက အမှိုက်တွေလို့ ဘယ်သူက ပြောတာလဲ "

ဒေါသတကြီး အော်သံတစ်သံနှင့်အတူ လူရိပ်တစ်ခု ခန်းမအလယ်သို့ ပျံသန်းလာ၏။

ထိုလူကို မြင်လိုက်သည်နှင့် ထျန်းရှန့်သိုင်းပြိုင်ပွဲတွင် ဝင်ပြိုင်ခဲ့ကြသည့် လူများအားလုံး ဟေးခနဲ အံ့သြတကြီး အော်လိုက်ကြသည်။

" ဟင် ..  မင်းကရော ထျန်းရှန့်သိုင်းပြိုင်ပွဲက လူလား။ ငါ မင်းကို အရင်က မတွေ့ဖူးပါဘူး ။ ကြည့်ရတာ မင်းက ဒီနေ့မှ ရောက်တာထင်တယ် ၊ ဟုတ်လား .. ။ မင်းအဆင့်ရော ဘယ်လောက်လဲ ပြောစမ်းပါဦးကွ "

" ယွိဝမ်ရှို့ ၊ အဆင့်က ၈၈ "

ထိုလူက ပြန်ဖြေသည်။

ဝူလျို့ချီသည် အစပိုင်းတွင် အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်နှင့် ရင်နိုင်နေရသည့်ပုံ ဖြစ်သွားသော်လည်း ယွိဝမ်ရှို့၏ အဆင့်ကို ကြားပြီးနောက် ချက်ချင်း ရယ်လိုက်၏။

" ကောင်လေး .. မင်း ဦးနှောက်ရော ကောင်းသေးရဲ့လား ။ အစောက အဆင့် ၃၆ ရတဲ့သူတောင် ငါ့အတွက် ပြိုင်ဘက်မဟုတ်တာ မင်းလို အဆင့် ၈၈ ပဲ ရတဲ့သူက ငါနဲ့ တိုက်ခိုက်ရဲတယ်ပေါ့ "

သူက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

ယွိဝမ်ရှို့၏ နှုတ်ခမ်းများ လှုပ်သွားကာ ပြန်ပြော၏။

" ထျန်းရှန့်သိုင်းပြိုင်ပွဲက အဆင့်တွေက အစွမ်းကို ကိုယ်စားမပြုဘူးကွ "

ထျန်းရှန့်သိုန်းပြိုင်ပွဲမှ လာခဲ့ကြသည့် လူများ အားလုံးမှာ ယွ်ဝမ်ရှို့က အမှန်ပြောနေခြင်းဖြစ်ကြောင်း သိကြပေသည်။

ယွိဝမ်ရှို့သည် သိုင်းပြိုင်ပွဲ မစခင်အချိန်က ပြိုင်ပွဲ၏ ချန်ပီယံနေရာကို လုနိုင်မည့်သူ တစ်ယောက်အဖြစ် ထင်ကြေးပေး ခံထားရသူ မဟုတ်ပါလား ။

သို့သော် .. သူ ကံဆိုးစွာပင် သားရဲ လောထျန်းနှင့် စောစောစီးစီး ရင်ဆိုင်တွေ့သွားခဲ့ရ၏။

မည်သို့ပင်ဆိုစေ .. အပြင်လူများအတွက်မှာ ထိုစကားက လိမ်လုံးသက်သက်ဟုသာ ထင်စရာ ဖြစ်ပါသည်။

" ဟားဟား .. ကောင်းပြီလေ ။ မင်းက အထိုးအကြိတ် ခံချင်တယ် ဆိုတော့လဲ နောက်မှ ငါ့ကို အပြစ်မတင်နဲ့နော် "

ဝူလျို့ချီက ကျယ်လောင်စွာ အော်သံပေး၍ ယွိဝမ်ရှို့အား တိုက်ခိုက်လိုက်သည်။

သို့သော် .. ထို့နောက်တွင်မူ ...

ဘုန်း ..

ကျယ်လောင်သော အသံတစ်သံနှင့်အတူ ဝူလျို့ချီ၏ ခန္ဓာကိုယ်က နောက်သို့ လွင့်ထွက်သွားတော့သည်။

ထိုတခဏတွင် ခန်းမကြီးတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွား၏။

တစ်ချက်တည်းနှင့် နောက်သို့ လွင့်သွားခဲ့ရသည်လား ...

ယွိဝမ်ရှို့က လဲကျနေသည့် ဝူလျို့ချီကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုကါသည်။

" ကြည့်ရတာ မင်းက လိမ်ပြောနေတာ မဟုတ်ဘူးပဲ ။ ထျန်းလန်နိုင်ငံက တကယ်လဲ အမှိုက်တွေ ဖြစ်နေတာပဲကွ '

ထိုစကားကို ကြားသည်နှင့် ထျန်းရှန့်သိုင်းပြိုင်ပွဲမှ လူငယ်များအားလုံးက ချက်ချင်း ဝမ်းသာအားရ အော်ဟစ် အားပေးလိုက်ကြသည်။

လွန်ခဲ့သည့် ရက်များအတွင်း သူတို့ ဆိုးဆိုးရွားရွားပင် ဖိနှိပ်လှောင်ပြောင် ခံခဲ့ကြရသည် မဟုတ်ပါလား။

နောက်ဆုံးတွင်မူ သူတို့၏ နာမည်ကို အဖတ်ဆယ်ပေးနိုင်သည့် လူတစ်ယောက် ပေါ်လာခဲ့လေပြီ။

ထျန်းရှန့်သိုင်းပြိုင်ပွဲမှ လူများမှလွဲ၍ ကျန်လူများအားလုံးမှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့သြမှင်သက်နေကြ၏။

အခြေအနေကို သူတို့ နားမလည်နိုင်တော့ပါ ။

ပြိုင်ပွဲတွင် အဆင့် ၈၈ သာ ရခဲ့သည့် သူက အဘယ့်ကြောင့် အဆင့် ၃၆ ထက် ပိုအစွမ်းထက်နေရပါသနည်း။

All Chapters