ထျန်းရှန့်သိုင်းပြိုင်ပွဲက အမှတ်ပေးစနစ်က ထူးဆန်းလှချည်လား
Vol. 11 Ch. 146
" မင်းကများ ငါတို့ ထျန်းလန်နိုင်ငံကို စော်ကားရဲတယ်ပေါ့လေ။ ငါ မင်းနဲ့ တိုက်ခိုက်မယ် "
ထိုစဥ်မှာပင် ခန်းမအလယ်သို့ လူရိပ်တစ်ခု ဝုန်းခနဲ ရောက်လာ၏။
" အဲ့ဒါ ထျန်းလန်နိုင်ငံက ချူးမင်ဟဲ့ ပဲ "
" ချူးမင်ဟဲ့ လား .. သူက ပြီးခဲ့တဲ့ ရက်အတွင်းမှာ ထျန်းရှန့်သိုင်းပြိုင်ပွဲက လူတော်တော်များများကို အနိုင်ယူခဲ့တာ မဟူတ်လား။ သူ့ရဲ့ မှတ်တမ်းကတော့ တော်တော်ကောင်းတယ်ကွ ။ အခုရော သူ ဘယ်လောက်ထိ ကောင်းမလဲ ကြည့်ရမှာပေါ့ "
အားလုံး ကြည့်နေစဥ်မှာပင် ချူးမင်ဟဲ့ နှင့် ယွိဝမ်ရှို့တို့ တိုက်ခိုက်လိုက်ကြသည်။
သို့သော် .. သိုင်းကွက် ၃ ကွက်သာ တိုက်ခိုက်ပြီးနောက် ...
ဘုန်း ...
ချူးမင်ဟဲ့တစ်ယောက် နောက်သို့ လွင့်စင်သွားရပြန်တော့သည်။
ယွိဝမ်ရှို့အတွက် နိုင်ပွဲတစ်ပွဲ ထပ်တိုးသွားလေပြီ ။
" ထျန်းလန်နိုင်ငံက ဘယ်သူ လာချင်သေးလဲ "
ယွိဝမ်ရှို့က ခန်းမအလယ်တွင် လက်နောက်ပစ်လျက် ရပ်ကာ မောက်မာစွာ အော်ပြောလိုက်သည်။
ထျန်းရှန့်သိုင်းပြိုင်ပွဲမှ လူများက အော်ဟစ်အားပေးလိုက်ကြပြန်၏။
" ထျန်းလန်နိုင်ငံက လူတွေ ..အခုတော့ တွေ့ပြီလား ။ ဘယ်သူက အရှုံးသမားလဲ ပြန်ပြောပါဦး "
" ဟမ့် .. မင်းတို့တွေက ပြီးခဲ့တဲ့ ရက်တွေမှာ ထျန်းရှန့်သိုင်းပြိုင်ပွဲက အစွမ်းထက်တဲ့သူ ရောက်မလာသေးတော့ ငါတို့ကို အနိုင်ကျင့်ချင်တိုင်း ကျင့်ခဲ့ကြတာ။ ကိုယ့်ကိုကိုယ်ဘယ်လောက်မောက်မာလဲ ပြန်ကြည့်လိုက်ပါဦး။သတ္တိရှိရင် လာခဲ့ "
ထျန်းရှန့်သိုင်းပြိုင်ပွဲမှ လူများမှာ ထိုအချိန်မှသာ ခါးမတ်မတ် ရပ်နိုင်သွားကြ၏။
" တော်တော်မောက်မာတဲ့ ကောင်ပါလားကွ ။ ငါ မင်းနဲ့ တိုက်ခိုက်မယ် "
ထိုအချိန်တွင် အခြားသူတစ်ယောက် ရောက်လာကာ ယွိဝမ်ရှို့ဆီသို့ ပြေးဝင်သွားလိုက်သည်။
သို့သော် .. သိုင်းကွက်ငါးကွက် တိုက်ခိုက်ပြီးနောက်တွင်မူ ..
ဝုန်း ...
ထျန်းလန်နိုင်ငံမှ သုံးယောက်မြှောက် လူမှာလည်း နောက်သို့ လွင့်ထွက်သွားပြန်တော့သည်။
တိုက်ပွဲ ၃ ပွဲ ..နိုင်ပွဲ ၃ ခု ..
ထိုတိုက်ပွဲ သုံးခုလုံးကိုလည်း လက်ရည် အပြတ်အသတ်ဖြင့် အနိုင်ယူလိုက်နိုင်သဖြင့် ခန်းမတစ်ခုလုံး စိတ်လှုပ်ရှားကာ ရုတ်ရုတ်သဲသဲ ဖြစ်နေတော့၏။
ထိုစဥ် အဓိက ထိုင်ခုံပေါ်တွင် ထိုင်နေသည့် စွန်းရှို့၏ မျက်လုံးများကလည်း အရောက်တလက်လက် တောက်နေသည်။ သူက သူ့ဘေးမှ ယင်ထျန်းလွေ့ဘက် လှည့်ကြည့်ကာ ပြောလိုက်သည်။
" အကိုယင် ..ယွိဝမ်ရှို့ကို ဘယ်လိုမြင်လဲဗျ "
ယင်ထျန်းလွေ့က ယွိဝမ်ရှို့ဘက် လှမ်းကြည့်ကာ ခေါင်းညိတ်၍ ဖြေသည်။
" အင်း .. သူ့ ခန္ဓာကိုယ်က သန်မာပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်းကလဲ မဆိုးဘူး။ သူ့အစွမ်းနဲ့သာဆို ထျန်းယွမ်အင်ပါယာက ထိပ်တန်းအဆင့် အဖွဲ့တွေမှာတောင် အဓိက တပည့်အဖြစ်သတ်မှတ်ခံရမှာ သေချာတယ် "
ထိုကားကြောင့် စွန်းရှို့၏ မျက်လုံးများ ယခင်ကထက်ပင် ပို၍ အရောင်လက်သွား၏။
" အကိုကတောင် အဲ့လိုပြောတာဆိုတော့ ဒါ အမှန်ပဲ ဖြစ်ရမယ်။ ကျုပ် ဒီလူနဲ့ မိတ်ဆွေ ဖြစ်ချင်တယ်ဗျာ "
ယင်ထျန်းလွေ့က သူ့ကို လှည့်ကြည့်ကာ မျက်မှောင်ကြုံ့လိုက်၏။
" ညီလေးစွန်း .. လူတွေအဲ့လောက်အများကြီးနဲ့ မိတ်ဆွေဖွဲ့ဖို့ လိုလို့လားကွာ "
စွန်းရှို့က ရယ်မော၍ ပြန်ပြောသည်။
" အကိုယင် မသိသေးဘူးဗျ ။ ကျုပ်တို့ စွန်းမိသားစုက ကျင့်ကြံခြင်းမှာ သာမာန်လောက်ပဲ ပါရမီပါကြပေမယ့် စီးပွားရေးနဲ့ ပတ်သက်ရင်တော့ ပါရမီက အပြည့်ပဲဗျ။ ဆိုတော့ အစွမ်းထက်တဲ့ သူတွေ အများကြီးနဲ့ မိတ်ဆွေမဖြစ်ထားရင် ကျုပ်တို့က အားလုံး ပစ်မှတ်ထားချစ်စရာ သိုးဖြူကြီး ဖြစ်နေတော့မှာပေါ့ဗျာ။ ကျုပ်တို့ စွန်းမိသားစုရဲ့ ဘိုးဘေး အစဥ်အဆက်ကလဲ အဲ့လို အရေးပါတဲ့သူတွေကို မိတ်ဆွေဖွဲ့ထားနိုင်ခဲ့လို့ ကျုပ်တို့က ထျန်းယွမ်အင်ပါယာမှာ နေရာရတာပေါ့ဗျာ "
ယင်ထျန်းလွေ့ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ယွီဝမ်ရှို့ဆီသို့ အကြည့်လွှဲကာ တစ်ယောက်တည်း တွေးလိုက်၏။
" ဒါပေမယ့် သူ့လိုအစွမ်းမျိုးနဲ့ ဘယ်လိုဖြစ်လို့ အဆင့် ၈၈ ပဲ ရသွားရတာလဲ "
အမှန်တွင်မူ ထိုအတွေးမျိုး ရှိနေသူမှာ သူတစ်ယောက်တည်း မဟုတ်ပါ။
ခန်းမထဲရှိ လူများအားလုံးပင် အလားတူ အတွေးမျိုး တွေးမိနေကြ၏။
လူအုပ်ထဲတွင် ရှိနေသော ထျန်းယွမ်အင်ပါယာမှ လူငယ်လေးတစ်ယောက်က သူ့ဘေးမှ လူ၏ ပုခုံးကို ပုတ်ကာ မေးလိုက်သည်။
" အကို .. အကိုရော ထျန်းရှန့်ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တာ မဟုတ်လား "
တစ်ဖက်မှ လူငယ်က ခေါင်းညိတ်ကာ ပြန်ဖြေ၏။
" ဟုတ်တယ်လေ ၊ ဘာဖြစ်လို့လဲ "
ထျန်းယွမ်အင်ပါယာမှ လူငယ်က ဆက်မေးလိုက်သည်။
" ကျုပ် မေးချင်တာ တစ်ခု ရှိလို့ဗျ ။ ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ အဆင့် ၈၈ ပဲ ရထားတဲ့သူက ဘာဖြစ်လို့ အဲ့လောက် အစွမ်းထက်နေရတာလဲဆိုတာ ကျုပ် နားမလည်ဘူးဗျာ "
တစ်ဖက်လူငယ်က ပြုံး၍ ပြန်ပြောသည်။
" အဲ့အကြောင်းက ပြောရရင် အရှည်ကြီးပဲကွာ။ ထျန်းရှန့်သိုင်းပြိုင်ပွဲက လူတွေကို အဆင့်တစ်ခုတည်းကိုပဲ မကြည့်နဲ့ကွ ။ အခု ယွိဝမ်ရှို့ကလဲ အဆင့် ၈၈ ပဲ ရထားတယ် ဆိုပေမယ့် အစွမ်းတစ်ခုတည်းနဲ့ပဲ ပြောမယ်ဆိုရင် သူ့ အဆင့်က ၅ မဟုတ်ရင် ၆ လောက် ရှိလိမ့်မယ် "
ထိုစကားကို ကြားသောအခါ ထျန်းယွမ်အင်ပါယာမှ လူငယ် အလွန်အံ့အားသင့်သွားသည်။
" အဲ့လောက် အစွမ်းထက်တာလား ။ ဒါဆို ဟိုနေ့က သူများတွေ ထိုးကြိတ်တာ ခံလိုက်ရတဲ့ အဆင့် ငါး နေရာက ရှောက်လုံရဲ့ တကယ့်အဆင့်က ဘယ်လောက်ဖြစ်မလဲ "
တစ်ဖက်လူငယ်၏ မျက်နှာတွင် အထင်သေးသည့် အကြည့် ပေါ်လာပြီး ပြန်ဖြေ၏။
" ရှောက်လုံ လား .. အဲ့ကောင်က အောက်ဆုံးမှာပဲ ရှိသင့်တာ "
ထျန်းယွမ်အင်ပါယာမှ လူငယ် အံ့သြမှင်သက်သွားရပြန်သည်။
အစွမ်း အခြင်းအရာတွင် အောက်ဆုံးအဆင့်တွင်သာ ရှိသည့် ရှောက်လုံက ထျန်းရှန့်သိုင်းပြိုင်ပွဲတွင် အဆင့် ၅ မည်သို့ ရခဲ့ပါသနည်း။
" ဒါဆို အကိုတို့ထဲမှာ ဘယ်သူက နံပါတ် ၁ နေရာ ရထားလဲဗျ ။ အဲ့လူက အစွမ်းအထက်ဆုံး ဖြစ်မှာပေါ့ ..ဟုတ်လား "
သူ ဆက်မေးလိုက်သည်။
တစ်ဖက်လူငယ်က အပြုံးဖြင့် ပြန်ပြော၏။
" ပြီးခဲ့တဲ့ ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ ပထမ ရသွားတဲ့သူက ရွှယ်လင်းလုံပဲကွ။ မိန်းကလေးက တကယ်လဲ အစွမ်းထက်တာ မှန်ပါတယ်။ ဒါပေမယ့် အစွမ်းကိုပဲ ပြောရမယ်ဆိုရင်တော့ သူက အဆင့် ၄ လောက်ပဲ ရှိမယ်ထင်တယ် "
" ဟင် .. အဆင့် ၁ ရတဲ့သူက အဆင့် ၄ လောက်ပဲ ရှိတာ.. ... ဒါဆို အစွမ်းမှာ နံပါတ် ၂ နဲ့ ၃ ရထားတဲ့ သူကရောဗျာ "
ထျန်းယွမ်အင်ပါယာမှ လူငယ်က ထပ်မေးလိုက်ပြန်သည်။
တစ်ဖက်လူငယ်က အချိန်အတန်ငယ်ကြာ စဥ်းစားနေပြီး နောက်မှသာ ပြန်ဖြေ၏။
" နံပါတ် ၂ နဲ့ ၃ အစွမ်း ရှိထားတဲ့ သူတွေကတော့ အဆင့် ၂၀ ကျော် ၊ ၃၀ လောက်ပဲ ရထားကြတာကွ ။ ငါ သေချာတော့ မမှတ်မိဘူး။ ဒါပေမယ့် .. ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ အစွမ်းအထက်ဆုံးက အဆင့် ၇ ရထားတဲ့သူပဲ "
ထျန်းယွမ်အင်ပါယာမှ လူငယ်မှာ အံ့သြမှင်သက်သွားရသည်။
" ခဏလေး .. ခဏလေး ၊ ကျုပ် ပြန်ပြောကြည့်မယ်။ အစွမ်းချင်းယှဥ်ရင် နံပါတ် ငါး လောက်ရှိတဲ့ ယွိဝမ်ရှို့က အဆင့် ၈၈ ရထားပြီးတော့ အစွမ်းချင်းမှာ နံပါတ် ၄ လောက်ရှိတဲ့သူက အဆင့် ၁ ရထားတယ်ပေါ့ ။ ပြီးတော့ နံပါတ် ၂ နဲ့ ၃ နေရာ ရှိသင့်တဲ့ သူတွေက အဆင့် ၂၀ ကျော် ၊ ၃၀ ကျော်တွေ ရထားကြတယ်။ ပြီးတော့ အဆင့် ၇ ရထားတဲ့သူကမှ တကယ့်အစွမ်းအထက်ဆုံး နံပါတ် ၁ .. ။ ဘာလို့ ဒီလောက် စိတ်ရှုပ်စရာ ကောင်းနေရတာလဲဗျာ "
" ဒါနဲ့ ကျုပ် တစ်ခု သိချင်လို့ ။ ဒီပြိုင်ပွဲကို အဆင့်သတ်မှတ်တဲ့ ပုံစံက တသမှတ်တည်း ရှိထားလား။ အကိုတို့ ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ အမှတ်တွက်တဲ့ပုံစံက ဘာလို့ ကျုပ်တို့နဲ့ အဲ့လောက် ကွာရတာလဲဗျာ။ အကိုတို့ဆီက အဆင့် ၁ ရသင့်တဲ့သူက အဆင့် ၇ ပဲရထားပြီးတော့ ၊ အဆင့် ၁ ရထားတဲ့သူကျ ၄ ပဲ ရသင့်တယ်တဲ့။ ပြီးတော့ နံပါတ် ၅ ရသင့်တဲ့ သူကလဲ အဆင့် ၈၈ ရထားပြန်ရော "
သူ့ရှေ့မှ လူငယ်မှာလည်း စိတ်ရှုပ်နေဟန်ဖြင့် ပြန်ပြောသည်။
" မင်း အတွေးလွန်နေပါပြီကွာ ။ငါတို့တွက်တဲ့ အမှတ်ကလဲ မင်းတို့တွက်တဲ့ အမှတ်နဲ့ အတူတူပါပဲကွာ "
" ဒါဆို ဘာဖြစ်လို့ ခုလိုတွေ ဖြစ်နေရတာလဲဗျ "
ထျန်းယွမ်အင်ပါယာမှ လူငယ်က အဖြေကို မကျေနပ်ဟန်ဖြင့် ထပ်ပြော၏။
ထိုမေးခွန်းကို ကြားသောအခါ တင်ဖက်မှ လူငယ်မှာ မေးစေ့ကို လက်ထောက်၍ သူ့မှတ်ဉာဏ်ထဲမှ ထျန်းရှန့်သိုင်းပြိုင်ပွဲ၏ နောက်ဆုံး မြင်ကွင်းအကြောင်း ပြန်တွေးမိလိုက်သည်။
၎င်းမှာ လောထျန်းက သူ့ကို ပါးရိုက်လိုက်သည့် မြင်ကွင်းပင် ...
ထို့နောက်တွင်မူ သူ ၇ ရက်တိုင်တိုင် သတိမေ့သွားခဲ့ရ၏။
" ဘာဖြစ်လို့လဲဆိုတော့ ထျန်းရှန့်သိုင်းပြိုင်ပွဲကို အင်မတန်ကြောက်စရာကောင်းတဲ့ သူတစ်ယောက် ရောက်လာခဲ့လို့ပဲကွ "
သူ ပြောလိုက်သည်။
ထိုစဥ်မှာပင် ပြိုင်ဘက်များကို ဆက်တိုက် အနိုင်ယူနေခဲ့သည့် ယွိဝမ်ရှို့က မောက်မာစွာ ပြောလိုက်၏။
" ထျန်းလန်နိုင်ငံက ဘယ်သူမှ မရှိကြတော့ဘူးလား "
ထိုစကားကို ကြားသည်နှင့် ထျန်းလန်နိုင်ငံမှ လူများအားလုံး ဒေါသတကြီး အံကြိတ်လိုက်ကြသည်။ ယွိဝမ်ရှို့ကိုလည်း သူတို့ အလွန်မုန်းတီးနေ၏။ သို့သော် သူတို့ရှေ့တွင် ယွိဝမ်ရှို့လက်ချက်ဖြင့် တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်သွားခဲ့ကြသည်ကို မြင်ထားရသည့်အတွက် သာမာန်လူများမှာ မည်သို့မှ မတုန့်ပြန်ဝံ့ကြပါချေ။
ဝှစ် ..
ထိုတခဏတွင် အားလုံး၏ အကြည့်က မူဖုန်းဆီသို့ ရောက်သွားကြသည်။
ဝံပုလွေအစောင့် လေးယောက်ထဲတွင် ယနေ့ သူ တစ်ယောက်တည်း လာခဲ့သည် မဟုတ်ပါလား။
သို့ဖြစ်ရာ သူ့အား ထျန်းလန်နိုင်ငံမှ လူငယ်များက ခေါင်းဆောင်သဖွယ် အားကိုးတကြီး ကြည့်လိုက်ကြခြင်း ဖြစ်သည်။
ထိုစဥ် မူဖုန်းက မျက်နှာသုန်မှုန်စွာဖြင့် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်၏။
" ငါက ထျန်းရှန့်သိုင်းပြိုင်ပွဲကို အမှိုက်လို့ပဲ ထင်ထားခဲ့တာ။ ခုလိုဆိုတော့လဲ မဆိုးဘူးပဲ။ မင်းက ငါနဲ့တိုက်ခိုက်ဖို့ ထိုက်တန်တယ်လို့ ပြောရမယ် "
သူက ထိုသို့ပြောပြီးနောက် ခန်းမအလယ်သို့ ဘုန်းခနဲ ခုန်ဆင်းလိုက်သည်။
သူ ထွက်လာသည်နှင့် ထျန်းလန်နိုင်ငံမှ လူများက ဝမ်းသာအားရ ဟေးခနဲ အော်ဟစ်အားပေးလိုက်ကြသည်။
ထျန်းရှန့်သိုင်းပြိုင်ပွဲ၌ ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည့် လူများကမူ ဇောချွေးပြနါသွားကြ၏။
" မူဖုန်း ပါလား ..ဒီလူက ထပ်ပြီးတိုက်ခိုက်ဦးမှာလား "
" ဟိုနေ့က သူ တိုက်ခိုက်တာကို ငါ တွေ့ခဲ့သေးတယ်ကွ ။ သူ့အစွမ်းက တော်တော်ကြောက်စရာကောင်းတာ ။ ယွိဝမ်ရှို့တော့ ခံနိုင်ပါ့မလား မသိဘူး "
ထိုစဥ် ခန်းမထောင့်တွင် ရှိနေသည့် ရှောက်လုံမှာလည်း စိုးရိမ်သွားဟန်ဖြင့် ပြောသည်။
" ဒီလူက နောက်ဆုံးတော့ ဝင်ပြီး တိုက်ခိုက်ပြီပဲ။ သခင်လေး လောထျန်း သွားပြီးတော့ ..."
သို့သော် ..သူလှည့်ကြည့်လိုက်သည့် အချိန်တွင်မူ ...ဘယ်ဘက်လက်ထဲတွင် ဝက်လက် သုံးချောင်း နှင့် ညာလက်ထဲတွင် ဝက်လက် လေးချောင်းကိုင်ထားကာ ပါးစပ်ထဲတွင်လည်း ဝက်လက်တစ်ချောင်းကို ကိုက်ပြီး စားနေသည့် လောထျန်းအား မြင်လိုက်ရ၏။ လောထျန်း၏ အသွင်မှာ ခန်းမအလယ်မှ သိုင်းပြိုင်ပွဲကို စိတ်ဝင်စားဟန်ပင် လုံးဝ ရှိမနေပေ ။
ရှောက်လုံ စကားဆက်မပြောနိုင်ဘဲ ဖြစ်သွားတော့သည်။
ခန်းမအလယ်မှ ယွိဝမ်ရှို့ကမူ မျက်မှောင်အနည်းငယ် ကြုံ့သွား၏။
" ဝံပုလွေအစောင့် ၄ ယောက်ထဲက တစ်ယောက်ပါလား။ ကောင်းတာပေါ့ .. ကျုပ်ကလဲ ထျန်းလန်နိုင်ငံက လူငယ်မျိုးဆက်ရဲ့ ထိပ်ဆုံးကလူက ဘယ်လောက်အစွမ်းထက်လဲ သိချင်နေတာ "
သူက ထိုသို့ပြောကာ စတင်တိုက်ခိုက်လိုက်သည်။
ထိုစဥ် မူဖုန်းကမူ မည်သည့်သိုင်းကွက်မှ လုပ်မနေဘဲ လက်သီးဖြင့်သာ ထိုးလိုက်၏။
" ဟင် .. "
ယွိဝမ်ရှို့ ရုတ်တရက် လန့်သွားကာ ချက်ချင်း နည်းလမ်းပြောင်းပြီး လက်နှစ်ဖက်ကို မြှောက်၍ ခုခံလိုက်သည်။
ဘုန်း ...
လက်သီးတစ်ချက်တည်းဖြင့်ပင် ယွိဝမ်ရှို့၏ လက်နှစ်ဖက်လုံး ထုံကျင်သွားပြီး နောက်သို့ ခြေလှမ်းတစ်ဝက်စာမျှ ဆုတ်သွား၏။
" တော်တော်အားပြင်းတဲ့ လက်သီးပါလား "
ယွိဝမ်ရှို့ အံ့သြတုန်လှုပ်သွားရသည်။
ထိုစဥ်မှာပင် မူဖုန်းက အသက်ရှူရန်ပင် အချိန်မပေးဘဲ နောက်ထပ် လက်သီးချက်တစ်ခု ပစ်လွှတ်လိုက်ပြန်၏။
ဘုန်း ..
ယွိဝမ်ရှို့တစ်ယောက် နောက်သို့ ခြေနှစ်လှမ်းစာ ဆုတ်သွားပြန်သည်။
ထိုအချိန်မှာပင် မူဖုန်းက တတိယလက်သီးချက်ကို ပစ်လွှတ်လိုက်ပြန်သည်။
ဘုန်း ...
ယွီဝမ်ရှို့မှာ နောက်သို့ ခြေသုံးလှမ်း ဆုတ်သွားပြန်၏။
မူဖုန်းက လုံးဝ အနားမပေးဘဲ လက်သီးဖြင့် တစ်ချက်ပြီးတစ်ချက် ဆက်တိုက် ထိုးလိုက်သည်။
နောက်ဆုံးတွင်မူ ..ဆယ့် ခုနစ်ချက်မြှောက် လက်သီးဖြင့် အထိုးခံရသည့်အချိန်တွင် ..ယွီဝမ်ရှို့ အဝေးသို့ လွင့်ထွက်သွားတော့သည်။