လက်သီးချင်း အတူတူကို ဘာလို့ အဲ့လောက်ကွာနေရတာလဲ
Vol. 11 Ch. 147
ဝှစ် ..
ယွိဝမ်ရှို့သည် အောက်သို့ ပြန်မကျခင် လေထဲမှာပင် တစ်ပတ်လည်သွားပြီး သူ့ခန္ဓာကိုယ်ကို သေချာ ထိန်းချုပ်လိုက်နိုင်၏။
ကြမ်းပြင်ပေါ်သို့ ဆင်းသက်ပြီးနောက်တွင်မူ သူ နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားရသည်။ သူ့မျက်နှာမှာ ဖြူရော်နေပြီး သူ့နှုတ်ခမ်းထောင့်တွင်လည်း သွေးစက်အချို့ ရှိနေ၏။
ပြိုင်ဘက်၏ လက်သီးချက် ၁၇ ချက်ကို ခံထားရသည့်အတွက် သူ အတွင်းဒဏ်ရာများ ပြင်းပြင်းထန်ထန် ရသွားခဲ့သည်မှာ သိသာပါသည်။
" မင်းက ငါ့ရဲ့ လက်သီး ၁၇ ချက်ကိုတောင် ခံနိုင်ခဲ့တာဆိုတော့ မဆိုးဘူးပဲကွ "
မူဖုန်းက ယွိဝမ်ရှို့ကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် ဆိုလိုက်သည်။
" မင်း .."
ယွိဝမ်ရှို့သည် တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း သူ့ရင်ဘတ်ထဲမှ စူးအောင့်အာင့် ဝေဒနာကို ရုတ်တရက် ခံစားလိုက်ရသဖြင့် မည်သို့မှ ဆက်မပြောတော့ဘဲ တိတ်သွားသည်။
ထိုစဥ် အဓိကခုံပေါ်တွင် ထိုင်နေသည့် စွန်းရှို့မှာလည်း အံ့သြတကြီး ဖြစ်နေ၏။ ထို့နောက် သူက ယင်ထျန်းလွေ့ဘက် လှည့်ကာ ပြောလိုက်သည်။
" အကိုယင် .. မူဖုန်းရဲ့ အစွမ်းကိုရောဘယ်လို ထင်လဲဗျ "
ယင်ထျန်းလွေ့က ခေါင်းညိတ်ကာ ပြန်ပြော၏။
" တော်တော်အစွမ်းထက်တယ်ကွ ။ တကယ်လို့ သူသာ ငါတို့ရဲ့ စန်းလန်ဂိုဏ်းထဲကဆိုရင် .. ထိပ်ဆုံး အဆင့် ငါး အတွင်း ဝင်မှာ သေချာတယ်။ ဆိုတော့ ယွိဝမ်ရှို့က သူ့ကို ရှုံးသွားတာ ဖြစ်သင့်တယ် "
စွန်းရှို့က ခေါင်းညိတ်လိုက်ပြီး မတ်တပ်ထကာ အပြုံးဖြင့် ဆိုလိုက်သည်။
" သိပ်ကောင်းတယ်ဗျာ။ ပွဲက တကယ်ကို ကြည့်လို့ကောင်းတယ်။ အကိုမူဖုန်းက အင်မတန် အစွမ်းထက်သလို အကို ယွိဝမ်ကလဲ သိပ်နောက်ကျ မကျန်ခဲ့ဘူးဗျ ။ သိုင်းလောကမှာ အနိုင် နဲ့ အရှုံးဆိုတာ အမြဲ ဒွန်တွဲပြီးတော့ ရှိနေတာပဲလေ ။ အကိုယွိဝမ်က ဒီပွဲမှာ ရှုံးသွားခဲ့ပေမယ့် ဂုဏ်ယူစရာ ကောင်းတဲ့ သူတစ်ယောက်ပဲ ။ ဒီမှာ အကိုယွိဝမ်အတွက် ဒဏ်ရာသက်သာစေတဲ့ ဆေး၊ မြန်မြန်ယူလိုက်ပါ "
၎င်းမှာ ယွိဝမ်ရှို့နှင့် မိတ်ဆွေဖွဲ့ရန် အလွန်ကောင်းမွန်သော နည်းလမ်းတစ်ခုပင် ။
သူက ပြောပြောဆိုဆိုပင် ဆေးလုံးတစ်လုံးကို ယွိဝမ်ရှို့ ဆီသိူ့ ယူလာပေး၏။ ထိုဆေးလုံးကို မြင်သည်နှင့် ယွိဝမ်ရှို့ အနည်းငယ်ပင် အံ့အားသင့်သွားရသည်။
၎င်းမှာ အဆင့် ခြောက် ဒဏ်ရာပျောက်ကင်းစေသည့် ဆေးပင် ။
ထိုဆေးလုံးမှာ အလွန်အဖိုးတန်သော ပစ္စည်းတစ်ခု ဖြစ်ပါသည်။
ချမ်းသာကြွယ်ဝသော သူတို့ ယွိဝမ်မိသားစုသည်ပင် ထိုသို့ အဖိုးတန် ဆေးမျိုးကို ယခုလို အလွယ်တကူ မထုတ်ပေးနိုင်ပါချေ။
သူသည် စွန်းရှို့ကို ကြည့်လိုက်ပြီးနောက် လက်နှစ်ဖက်ဖြန့်၍ ဆေးကို လက်ခံယူလိုက်၏။ ထို့နောက် ချက်ချင်း ပါးစပ်ထဲထည့်ကာ မြိုချလိုက်သည်။
ထိုအဆင့်ခြောက် ဒဏ်ရာပျောက်ကင်းစေသည့် ဆေးလုံး၏ အစွမ်းမှာ အလွန်အံ့သြဖွယ်ရာ ကောင်းလှပေသည်။
ဆေးကို မြိုချပြီးသည်နှင့် အချိန်တိုအတွင်းမှာပင် သူ့ကိုယ်ထဲမှ ဒဏ်ရာများ တဖြည်းဖြည်း သက်သာပျောက်ကင်းလာကြသည်ကို ယွိဝမ်ရှို့ ခံစားလိုက်ရ၏။
သို့သော် .. ထိုအချိန်မှာပင် ခန်းမတစ်ခုလုံး ဆူဆူညံညံ ဖြစ်သွားကြသည်။
အစောပိုင်းက ဖိနှိပ်ခံခဲ့ကြရသည့် ထျန်းလန်နိုင်ငံမှ လူများမှာ ယခု ကျယ်လောင်စွာ အော်ဟစ်နေကြလေပြီ ။
" ထျန်းရှန့်နိုင်ငံက လူတွေ .. အသံ ထပ်ထွက်လာကြဦးလေ "
" ဟား ဟား .. ထျန်းရှန့်သိုင်းပြိုင်ပွဲက ငါတို့ ထျန်းလန်နိုင်ငံလောက်တောင် မကောင်းပါဘူးကွာ ။ မကျေနပ်ရင်လဲ ငြိမ်ပြီးတော့သာခံကြဟေ့ "
ထျန်းလန်နိုင်ငံမှ လူများ အော်ဟစ်ဆဲဆိုနေကြစဥ်တွင် ထျန်းရှန့်သိုင်းပြိုင်ပွဲမှ လူများမှာ ခေါင်းများ ငုံ့၍သာ နေနေကြရ၏။
" ချီးပဲ .. ဒေါသထွက်စရာ ကောင်းလိုက်တာကွာ။ လောထျန်း ၊ ရွှယ်လင်းလုံ ၊ ဖုန့်ဖေးရန် နဲ့ မိုရှတို့ လေးယောက်ထဲက တစ်ယောက်ယောက် ဒီမှာ ရှိမယ်ဆိုရင် ဒီကောင်တွေ ခုလို မောက်မာနိုင်ကြမှာ မဟုတ်ဘူး "
ထျန်းရှန့်သိုင်းပြိုင်ပွဲမှ လူငယ်တစ်ယောက်က မကျေမနပ်ဖြင့် တီတိုးပြောလိုက်သည်။
သူ့ဘေးမှ တစ်ယောက်ကလည်း သက်ပြင်းချ၍ ပြော၏။
" အဲ့လို ပြောနေလို့လဲ ဘာထူးမှာလဲကွာ ။ ဆုမီတောင်ကို ဝင်နိုင်တဲ့ ဝင်ပေါက်က ကိုးခုတောင် ရှိတာကွ ။ သူတို့တွေက တခြားမြို့က ဝင်ပေါက်တွေမှာ စောင့်နေကြတာပဲ နေမှာပေါ့ "
အားလုံး သက်ပြင်းချလိုက်ကြသည်။
ထိုစဥ် မူဖုန်းက ယွိဝမ်ရှို့ကို အနိုင်ယူပြီးနောက် လောထျန်းတို့လူစု ထိုင်နေသည့် ထောင့်သို့ လှမ်းကြည့်လိုက်သည်။သို့သော် သူ ခေတ္တမျှ တုန့်ဆိုင်းနေပြီးနောက် ယင်ထျန်းလွေ့ဘက်သို့သာ လှည့်လိုက်၏။
" သခင်လေးစွန်း ၊ ကျုပ် အကို ယင်ထျန်းလွေ့နဲ့ တိုက်ခိုက်ချင်ပါတယ် "
မူဖုန်းက ပြောလိုက်သည်။
စားသောက်ဆိုင် ခန်းမတစ်ခုလုံး ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
" မူဖုန်းက ယင်ထျန်းလွေနဲ့ တိုက်ခိုက်မယ်တဲ့ ၊ ဒီ ပါရမီရှင်နှစ်ယောက်က တကယ်ကြီး တိုက်ခိုက်ကြတော့မှာလား "
" သူတို့နှစ်ယောက်ထဲမှာ ဘယ်သူက ပိုအစွမ်းထက်လဲ မသိဘူး "
" ဘယ်သူပို အစွမ်းထက်မှန်း မေးနေစရာ လိုသေးလို့လားကွာ ။ မူဖုန်းက ထျန်းလန်နိုင်ငံထဲမှာတောင် နံပါတ် ၁ မဟုတ်တာ ဘယ်လိုလုပ်ပြီး ယင်ထျန်းလွေ့နဲ့ ယှဥ်နိုင်မှာလဲ "
" မင်းကတော့ ခက်ပြီကွာ ။ ယင်ထျန်းလွေ့က သေချာပေါက် ပိုအစွမ်းထက်တယ်လို့ မင်းကို ဘယ်သူက ပြောလို့လဲ။ မယှဥ်ကြည့်ရသေးဘဲနဲ့ဘယ်လိုလုပ် သိမှာလဲကွ "
အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။
ထိုစဥ် ခုံပေါ်တွင် ထိုင်နေသည့် ယင်ထျန်းလွေ့မှာလည်း မျက်မှောင်အနည်းငယ် ကြုံ့သွားပြီး ပြောလိုက်သည်။
" မင်းက ကျုပ်အတွက် ပြိုင်ဘက်မဟုတ်ဘူးကွ "
သူ မူဖုန်းနှင့် အမှန်တကယ် မတိုက်ခိုက်လိုပါ ။
သိူ့သော် မူဖုန်းက လက်မခံဘဲ ခေါင်းယမ်း၍ ပြောလာသည်။
" မကြိုးစားကြည့်ရသေးဘဲနဲ့တော့ ကျုပ် အရှုံးမပေးနိုင်ဘူးဗျ ။ ပြီးတော့ ထျန်းယွမ်အင်ပါယာက အစွမ်းအထက်ဆုံး လူငယ် ၁၀ ယောက်ထဲမှာ ပါတဲ့ သူက ဘယ်လောက်အစွမ်းထက်လဲဆိုတာ ကျုပ် တကယ် သိချင်တယ် "
ယင်ထျန်းလွေ့သည် ဆက်ငြင်းချင်သေးသော်လည်း ထိုအချိန်မှာပင် စွန်းရှို့က သူ့နားကပ်၍ တစ်စုံတစ်ခု တီးတိုးပြောလိုက်၏။
ယင်ထျန်းလွေ့မှာ စွန်းရှို့အား ကူကယ်ရာမဲ့စွာ ကြည့်၍သာ ခေါင်းညိတ်လိုက်ရသည်။
" ကောင်းပါပြီ ၊ သခင်လေးစွန်းရဲ့ မျက်နှာကို ထောက်ပြီး မင်းကို အခွင့်အရေး တစ်ကြိမ် ပေးပါ့မယ် "
သူသည် စွန်းရှို့အပေါ် ကျေးဇူးကြွေး ကျန်နေသည့်အတွက် ထိုသို့ ခွင့်ပြုပေးလိုက်ခြင်းပင် ဖြစ်ပါသည်။
မူဖုန်းကလည်း အလိုက် တသိဖြင့် စွန်းရှို့အား ဦးညွှတ်အရိုအသေပေးကာ ကျေးဇူးတင်ကြောင်း ပြလိုက်သည်။
ထိုစဥ်မှာပင် ယင်ထျန်းလွေ့က ခြေထောက်ကို လက်ညိုးဖြင့် ထိုးကာ လေထဲသို့ ပျံတက်လိုက်ပြီး ခန်းမအလယ်သို့ တဖြည်းဖြည်း မျောလွင့်သွားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသူများအားလုံး အံ့သြတုန်လှုပ်သွားကြ၏။
" လေထဲမှာ ပျံနေတာပါလား ။ ယင်ထျန်းလွေ့က ကောင်းကင်ထိန်းချုပ်အဆင့်ကို ရောက်သွားပြီလား "
ခန်းမထောင့်တွင် ရှိနေသော ရှောက်လုံ၏ မျက်နှာတွင်လည်း အံ့သြမှုက အထင်းသား ပေါ်လာသည်။
" သူက အခုမှ အသက် ၂၀ ကျော်လေးပဲ ရှိသေးတာတောင် ကောင်းကင်ထိန်းချုပ်အဆင့်ကို ရောက်သွားပြီပဲ ။ ကြောက်စရာ ကောင်းလိုက်တာ ။ အကိုရော အဲ့လိုမထင်ဘူးလား "
သူက ထိုသို့ပြောပြီးနောင် သူ့ဘေးတွင် ထိုင်ကာ စားသောက်နေသည့် လောရုံအား လှည့်ကြည့်လိုက်သည်။
လောရုံက သူ့ကို မျက်ခုံးပင့်၍ ပြန်ကြည့်ကာ ပြော၏။
" ဘာတွေ အဲ့လောက် အံ့သြနေရတာလဲကွာ ။ ကျုပ်ဆိုလဲ အခုမှ အသက် ၂၀ တောင် မရှိသေးဘူး။ ကောင်းကင်ထိန်းချုပ်အဆင့်ကို ရောက်နေပြီလေ "
သူက ထိုသို့ ပြောပြီးသည်နှင့် သူ့ရှေ့မှ ပုဇွန်ထုပ်များကိုသာ ဆက်စားနေလိုက်သည်။
" ဟင် .."
ရှောက်လုံမှာ မျှော်လင့်မထားသော စကားကြောင့် ရုတ်တရက် အံ့သြမှင်သက်သွား၏။ ထို့နောက် သူ လောရုံအား သေသေချာချာ ကြည့်လိုက်သည်။
အစောပိုင်းတွင် သူသည် လောထျန်းတစ်ယောက်တည်းကိုသာ အာရုံစိုက်ထားသဖြင့် လောရုံအား လုံးဝ ဂရုမစိုက်မိခဲ့ပေ ။
ယခု စကားကို ကြားမှသာ သူ လောရုံ၏ ကျင့်ကြံခြင်းအဆင့်အား စစ်ဆေးကြည့်မိသွား၏။
စစ်ဆေးပြီးသွားချိန်တွင်မူ လောရုံသည် အမှန်တကယ်ပင် ကောင်းကင်ထိန်းချုပ်အဆင့်သို့ ရောက်ထားပြီဖြစ်ကြောင်း သူ သိလိုက်ရတော့သည်။
အသက် ၂၀ ပင် မပြည့်သေးသူတစ်ယောက်က ကောင်းကင်ထိန်းချုပ်အဆင့်သို့ ရောက်နေပြီတဲ့လား ...
ပါရမီရှင်အစစ်က သူ့ဘေးသို့ ရောက်နေခြင်းပင် ။
ထိုစဥ် တစ်ဖက် ခန်းမအလယ်တွင် ရှိနေသည့် မူဖုန်းတစ်ယောက် ချက်ချင်း မျက်လုံးပြုးသွား၏။
ယင်ထျန်းလွေ့က ဤမျှ အစွမ်းထက်နေလိမ့်မည်ဟု သူ ထင်မထားမိခဲ့ပါ ။
" ကျုပ် မင်းကို အခွင့်အရေး တစ်ခါပဲ ပေးမှာနော် ။ မင်းရဲ့ အစွမ်းအထက်ဆုံး သိုင်းကွက်နဲ့ တိုက်ခိုက်လိုက်ပါ "
ယင်ထျန်းလွေ့က ပြောလိုက်သည်။
ထို့နောက် မူဖုန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ စိတ်စွမ်းအင်များ စုစည်းလာပြီး သူ့လက်သီးပေါ်တွင် ကောင်းကင်ဘုံ ဝံပုလွေအရိပ်တစ်ခု ပေါ်လာ၏။
" ဒါက ..ကောင်းကင်ဘုံ ဝံပုလွေ လက်သီးပဲ ။ ဒီလက်သီးက ထျန်းလန်တစ်နိုင်ငံလုံးမှာ အစွမ်းအထက်ဆုံး လက်သီးသိုင်းပညာရပ်ထဲက တစ်ခုပဲကွ ။ သူက ဒီလက်သီးသိုင်းကို တကယ် သင်ယူနိုင်ခဲ့တာပဲ။ သူ အရမ်း အစွမ်းထက်နေတာ မဆန်းတော့ပါဘူး "
လူတစ်ယောက်က အံ့သြတကြီး ရေရွတ်လိုက်သည်။
" ဝံပုလွေလက်သီး ၊ ချိုးဖျက်စေ "
မူဖုန်းက အော်ကာ ရှေ့သို့ လက်သီးဖြင့် ထိုးလိုက်သည်။
သို့သော် .. ထိုအချိန်မှာပင် ..
ယင်ထျန်းလွေ့က လက်တစ်ဖက် ဆန့်ထုတ်ကာ ငြင်ငြင်သာသာ ယမ်းလိုက်၏။
ဝုန်း ..
သူ့လက်သီးချက်မှာ ပင်လယ်ထဲသို့ ကျသွားသည့် ရေစက် တစ်စက်ပမာ သာ မူဖုန်း ခံစားရလိုက်သည်။ သူ့လက်သီးမှာလည်း ရုတ်ချည်း ပျောက်ကွယ်သွား၏။
သူ၏ အစွမ်းအထက်ဆုံး လက်သီးက အလွယ်တကူပင် ချေဖျက် ခံလိုက်ရလေပြီ ။
မူဖုန်းတစ်ယောက် အလွန်အံ့သြတုန်လှုပ်သွားသည်။ ထိုအချိန်မှသာ တစ်ဖက်လူက သူ ထင်ထားသည်ထက် များစွာပို၍ အစွမ်းထက်နေကြောင်းကို မူဖုန်း သိလိုက်ရတော့၏။
ယင်ထျန်းလွေ့ကမူ ထိုအချိန်တွင် အတိတ်မှ အဖြစ်အပျက်အချို့ကို ပြန်အမှတ်ရသွားဟန်ဖြင့် မျက်နှာညိုသွားသည် ။
" လက်သီးချင်းက အတူတူပဲကို ၊ ကြားထဲက အစွမ်းက ဘာဖြစ်လို့ ဒီလောက်ကွာဟနေရတာလဲ "
သူတစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်၏။
" အကို ... ဘာပြောလိုက်တာလဲဗျ "
မူဖုန်းက သူ့ကို ကြည့်ကာ အံ့သြတကြီး မေးလိုက်သည်။
ယင်ထျန်းလွေ့မှာ ထိုအချိန်မှသာ အသိပြန်ဝင်လာဟန်ဖြင့် မူဖုန်းအား အားနာစွာ ကြည့်လိုက်၏။
" စိတ်မရှိပါနဲ့ကွာ .. ငါ တချို့ ကိစ္စလေးတွေ ပြန်သတိရသွားလို့ပါ "
မူဖုန်းက လက်နှစ်ဖက်ဆုပ်ကုာ အရိုအသေပေးပြီး ပြောလိုက်သည်။
" ထျန်းယွမ်အင်ပါယာက ထိပ်သီး ပါရမီရှင်တစ်ယောက်ဆိုတဲ့ ဂုဏ်နဲ့ ညီပါပေတယ်ဗျာ။ ကျုပ် အရှုံးကို ကျေကျေနပ်နပ် လက်ခံပါတယ် "
ယင်ထျန်းလွေ့က လက်ယမ်း၍ ပြန်ပြော၏။
" ပါရမီရှင်လို့ မခေါ်ပါနဲ့ဗျာ။တကယ် အစွမ်းထက်တဲ့ သူတစ်ယောက်နဲ့ ယှဥ်ရင် ကျုပ်အစွမ်းက ဘာမှ မပြောပလောက်ပါဘူး "
သူက ထိုသို့ ပြောပြီးသည်နှင့် သူ့နေရာသူ ပြန်သွားကာ ထိုင်နေလိုက်သည်။
ခန်းမထဲမှ လူများကမူ ထိုစကားကြောင့် သူ့အား ချီးကျူးစကား ပိုဆိုလိုက်ကြ၏။
" ယင်ထျန်းလွေ့က အစွမ်းထက်ရုံတင်မကဘူး ၊ ကိုယ့်ကိုကိုယ်လဲ နှိမ့်ချတတ်တာပဲကွ ။ ဒီလူရဲ့ နှလုံးသားကတော့ အံ့သြစရာပါပဲ "
" အမှန်ပဲ "
ထိုအချ်န်တွင် မူဖုန်းကမူ ထိုင်ခုံသို့ ပြန်မသွားသေးဘဲ ခန်းမအလယ်တွင်သာ ဆက် ရှိနေသည်။
ထို့နောက် .. သူက ခန်းမထောင့်တစ်ခုဆီသို့ အကြည့်လွှဲလိုက်၏။
" ဟိုနားလေးကကောင်တွေ ၊ မင်းတို့က ခုနတုန်းက ငါ့ညီကို ခြေထောက်ကျိုးအောင် လုပ်ခဲ့ကြတာ ။ အဲ့တုန်းက သခင်လေးစွန်းရဲ့ မျက်နှာကြောင့်မို့ ငါက မင်းတို့ကို ဘာမှ ပြန်မလုပ်ပဲ နေခဲ့တာကွ ။ အခုရော မင်းတို့တွေ ငါ့ဆီလာပြီး တိုက်ခိုက်ရဲလား "
မူဖုန်းက စူးရှသောအကြည့် ၊ အေးစက်စက် လေသံ ဖြင့် ပြောလိုက်သည်။
အားလုံးမှာလည်း မူဖုန်း ကြည့်နေသည့်ဘက်သို့ လိုက်ကြည့်လိုက်ကြရာ ...
ထောင့်တစ်ခုရှိ စားပွဲတစ်လုံးတွင် ထိုင်နေသည့် လူယောက်ကို တွေ့လိုက်ရသည်။
ထိုလေးယောက်ထဲမှ သုံးယောက်၏ ရှေ့တွင် အစားအသောက် ပန်းကန်လွတ်များက နှစ်ပေခန့်ပင် မြင့်နေပြီးသူတို့၏ မျက်နှာများကိုပင် ဖုံးထားသလို ဖြစ်နေ၏။
ထိုသုံးယောက်ဘေးတွင်မူ သူတို့ ရင်းနှီးသည့် မျက်နှာပိုင်ရှင်တစ်ယောက် ရှိနေသည်။
" ရှောက်လုံပါလား ၊ သူက ဟိုနေ့ကမှ အထိုးကြိတ် ခံထားရတဲ့ ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ အဆင့် ၅ ရထားတဲ့သူ မဟုတ်လား။ ဒါတောင် သူက အမှတ်မရှိဘဲ ထျန်းလန်နိုင်ငံက သူတွေကို စော်ကားလိုက်ပြန်ပြီလား "
အားလုံး အံ့အားသင့်သွားကြသည်။