အံ့ဖွယ် လောရှောင်ရှောင်း
Vol. 11 Ch. 148
" သုက ပြီးခဲ့တဲ့ ရက်အတွင်းမှာတောင် ခဏခဏ အထိုးကြိတ် ခံထားရ မဟုတ်ဘူးလား။ ဒါနဲ့များတောင် ထျန်းလန်နိုင်ငံက လူတွေကို ထပ်ပြီး ရန်စရဲဲတယ်ပေါ့ ။ ဒီကောင်က သေချင်နေတာလား မသိဘူး "
" အင်း .. ငါကတော့ ဒီကောင့်ကို တော်တော်သတ္တိကောင်းတဲ့ကောင်လို့ ထင်တယ် "
" ဒါပေမယ့် သတ္တိမကောင်းခင် အရင်ဆုံး အစွမ်းရှိထားဖို့ လိုတယ်လေ။ ဒီကောင်ရဲ့ အဆင့်က ဘယ်လောက်လဲ မင်း သိလား။ အခု မူဖုန်းဖြစ်နေတဲ့ မျက်နှာကို ကြည့်လိုက်ဦး ။ ငါ ထင်တာတော့ ဒီကောင်လေးက သိပ်မကြာခင် မူဖုန်းလက်ချက်နဲ့ သေရတော့မယ်နဲ့တူတယ် "
အားလုံးက သူတို့ထင်ရာကို တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။
ရှောက်လုံမှာ အားလုံး၏ အကြည့်အောက်တွင် ဇောချွေးများ ပြန်လာ၏။
သူ့လက်ရှိအစွမ်းဖြင့် ဆိုပါက မူဖုန်း၏ အကြည့်ဖြင့်ပင် ဒဏ်ရာရသွားနိုင်ပေသည်။
" လော .. ကယ်ပါ ... "
ထိုတခဏတွင် သူ စကားပင် သေချာမပြောနိုင်တော့ပါချေ။
" ဟင် .. ဘာဖြစ်နေတာလဲ "
ထိုစဥ် ဝက်လက်တစ်ချောင်းကို ကိုက်နေဆဲဖြစ်သည့် လောထျန်းက ပန်းကန်နောက်မှ မေးလာသည်။
" ကြည့်ရတာ အစောက ဆိုင်ဝမှာ တွေ့ခဲ့တဲ့တစ်ယောက်က ကျုပ်တို့ကို တိုက်ခိုက်ချင်နေတယ်နဲ့ တူတယ် "
လောရုံက ရှင်းပြ၏။
" အော် .. ဟို အမှိုက်ကောင် အကိုဆိုတဲ့တစ်ယောက်လား .. ငါ မှတ်မိပြီ ။ မင်းတို့ နှစ်ယောက်ထဲက တစ်ယောက်သွားပြီး သူ့ကို သင်ခန်းစာသွားပေးလိုက်ပါကွာ "
လောထျန်းက ပြန်ပြောလိုက်သည်။
" ဟင် ..ကျုပ်က ပုဇွန်ထုပ်စားလို့ မပြီးသေးဘူးဗျ ။ ရှောင်ရှောင်း .. နင်ပဲ သွားလိုက် "
လောရုံကလည်း ပြန်ပြော၏။
ထိုစကားကြောင့် လောရှောင်ရှောင်း အံ့အားသင့်သွားပြီး ပြန်ပြောသည်။
" ကျွန်မလား .. ဒါပေမယ့် ကျွန်မက တစ်ခါမှ အပြင်မှာ မတိုက်ခိုက်ဖူးဘူးလေ "
သူမသည် အသက်အလွန်ငယ်သေးပြီး တိုက်ခိုက်ရေးတွင်လည်း လုံးဝ အတွေ့အကြုံမရှိသေးပါချေ ။
သို့သော် လောထျန်းက ပြန်ပြော၏။
" ကိစ္စ မရှိပါဘူးကွာ ။ သူ့ဘက်က ပြန်လုပ်မယ့်ဟာကို စဥ်းစားမနေနဲ့ ။မင်းသုံးမယ့် သိုင်းကွက်တွေကိုသာ ဒီတိုင်း လေ့ကျင့်နေလိုက် "
လောရှောင်ရှောင်းက မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ထပ်မေးလိုက်သည်။
" အဲ့လိုလုပ်လို့ အဆင်ပြေပါ့မလား "
လောထျန်းက ခေါင်းညိတ်ကာ ပြော၏။
" စိတ်မပူပါနဲ့ကွာ ။ ငါ့ကိုသာ ယုံလိုက် "
လောရှောင်ရှောင်းသည် လောထျန်းအား အပြည့်အဝ ယုံကြည်ထားပြီးသား ဖြစ်သည့်အတွက် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။
" ကောင်းပါပြီ ၊ ဒါဆို ကျွန်မ သွားလိုက်မယ် "
သူမက စကားဆုံးသည်နှင့် ချက်ချင်း ထရပ်ကာ ခန်းမအလယ်သို့ လျှောက်သွားလိုက်သည်။
" ဟင် ...ဘာဖြစ်လို့ ဒီနေရာမျိုးမှာ ကလေးမလေးတစ်ယောက် ရောက်နေတာလဲ ။ သူက အခုမှ အသက်ဘယ်လောက်ပဲ ရှိမှာလဲ ၊ ၁၂ နှစ်လား .. ၁၃ နှစ်လား "
" ဒီကလေးမလေးက အသက်ဘယ်လောက်ပဲ ရှိမှာလဲကွာ ။ သူက မူဖုန်းကို ဘယ်လို ရန်စမိလိုက်တာလဲ "
" ကြည့်ရတာ ပန်းကန်နောက်က လူတွေက အခုမှ ကြောက်ပြီးတော့ မိန်းကလေးကို အပြစ်တင်ခံဖို့ လွှတ်လိုက်တာနဲ့ တူတယ်။ ဒီလိုဆို မူဖုန်းလဲ တိုက်ခိုက်ဖို့ ခက်သွားပြီလေ "
" အဲ့လောင်ကြီး မရိုးစမ်းပါနဲ့ကွာ ။ ထျန်းလန်နိုင်ငံက လူတွေက နူးညံ့တယ်ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်ကို ဘာမှန်းတောင် သိတာမဟုတ်ဘူး။ ပြီးတော့ အမျိုးသမီးတွေကို စာနာဖို့ ညှာတာဖို့တွေလဲ သူတို့က စိတ်မဝင်စားဘူးရယ်။ ဒီတော့ ကလေးဖြစ်နေလဲ ဘာမှ မထူးဘူးကွ ။ သူတို့က်ု စော်ကားမိရင်တော့ သူတို့က ရက်ရက်စက်စက် ပြန်သတ်မှာပဲ "
" ဒါနဲ့ ဒီကောင်မလေးကရော ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့ သူပဲလား ။ သူ့အဆင့်က ဘယ်လောက်ရှိလဲ "
" ငါတော့ သူ့ကို တစ်ခါမှ မမြင်ဖူးဘူးကွ "
လူများက သူတို့ထင်ရာကို တစ်ယောက်တစ်ခွန်း ပြောလိုက်ကြသည်။
ထိုအချိန်မှာပင် လောရှောင်ရှောင်းက မူဖုန်းရှေ့သို့ ရောက်နေလေပြီ။
" အမ် ..ရှင်က တိုက်ခိုက်ချင်လို့လား "
လောရှောင်ရှောင်းက သူမထက် များစွာ အရပ်ပိုရှည်သည့် မူဖုန်းကို ကြည့်ကာ တုန်ယင်နေသည့် အသံလေးဖြင့် ပြောလိုက်သည်။
မူဖုန်းက ခေါင်းငုံ့၍ လောရှောင်ရှောင်းအား ကြည့်လိုက်သည်။ သု့မျက်လုံးထဲတွင်လည်း ဒေါသငွေ့များဖြင့် ပြည့်သွား၏။
ထိုလူစုက အဘယ့်ကြောင့် မိန်းမငယ်လေးတစ်ယောက်ကို သူ့ရှေ့သို့ လွှတ်လိုက်ရပါသနည်း။ ထိုလူများက သူ့ကို အရှက်ခွဲချင်နေကြသည်လား။
လောရှောင်ရှောင်းကမူ တစ်ဖက်လူက မည်သို့မှ ပြန်မပြောသဖြင့် စကားဆက်လိုက်၏။
" ရှင်က ဘာမှ ပြန်မပြောဘူးဆိုတော့ .. ကျွန်မပဲ အရင်စလိုက်တော့မယ် "
ထို့နောက် သူမ၏ မျက်နှာတည်သွားပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
" အသင့်ပြင် ၊ စ .. ။ ၁ ..၂.. ၃ ... ၄
၁ ... ၂ ... ၃ .... ၄ "
လောရှောင်ရှောင်းသည် လူအုပ်၏ အာရုံစိုက် ကြည့်နေသည့်ကြားတွင် သူမတစ်ယောက်တည်း ရှိနေသည့်အလား လက်ဝါးသိုင်းတစ်ခုကို လေ့ကျင့်လိုက်၏။
ထိုမြင်ကွင်းမှာ ထူးဆန်းလွန်းလှသဖြင့် လူအုပ်တစ်ခုလုံး အံ့သြမှင်သက်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
သို့သော် ... လောရှောင်ရှောင်း လေ့ကျင့်နေသည့် လက်ဝါးသိုင်းကွက်က မည်မျှ အစွမ်းထက်သည်ကိုမူ မည်သူမှ သတိမထားမိလိုက်ကြပေ။
" မင်း ..ဒီကောင်မလေး .. "
ထိုမြင်ကွင်းကို ကြည့်နေသည့် မူဖုန်း၏ မျက်နှာတစ်ပြင်လုံး ဒေါကြောင့် နီရဲလာ၏။
သူ ငယ်စဥ် ကလေးဘဝမှ စ၍ ယခုအသက်အရွယ်ရောက်သည်အထိ တစ်ကြိမ်တစ်ခါမှ ထိုသို့ အရှက်ခွဲ မခံခဲ့ရဖူးပါ ။
" ထွက်သွားစမ်း "
မူဖုန်းက ဒေါသတကြီးအော်ကာ လောရှောင်ရှောင်း၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။
ထိုစဥ် .. လောရှောင်ရှောင်းမှာ လက်ဝါးသိုင်းကို ပါးစပ်မှ တတွတ်တွတ်ရွတ်၍ အလေးနက် လေ့ကျင့်နေချိန် ဖြစ်သည်။
" ဘယ်ခြေကို ထုတ်ပြီး ခြေတစ်လှမ်းတိုး ၊ ပြီးရင် ညာလက်ကို အားနဲ့ လွှဲ "
ထိုအချိန်မှာပင် မူဖုန်းက သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ခြင်းဖြစ်၏။
မူဖူန်းသည် လောရှောင်ရှောင်းအား လက်ကောက်ဝတ်မှ ဆွဲကာ အဝေးသို့ လွှဲပြီး ပစ်လိုက်မည်ဟုသာ တွေးထားခဲ့၏။
သို့သော် .. သူ မျှော်လင့်မထားသည့် အချိန်မှာပင် လောရှောင်ရှောင်း၏ လက်ကောက်ဝတ်မှ ကြောက်မက်ဖွယ် အစွမ်းတစ်ခု တိုးထွက်လာသည်။
" ဟင် .. "
မူဖုန်း သည် သူမ၏ လက်ကောက်ဝတ်ကို ကိုင်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံး အထိန်းအချုပ် မဲ့စွာ လည်နေသကဲ့သို့ ခံစားလိုက်ရ၏။
ဘုန်း ...
ထို့နောက်တွင်မူ မူဖုန်း၏ ခန္ဓာကိုယ်ကို တစ်ပတ်လည်ပြီး လေထဲတွင် စက်ဝိုင်းပုံ လည်သွားပြီးနောက် ကြမ်းပြင်သို့ အရှိန်ပြင်းပြင်း ကျသွားတော့သည်။
ဝီ ...
ကြမ်းပြင်ကို မပျက်စီးအောင် ကာကွယ်ထားသည့် ဘေးပတ်လည်မှ အစီအမံ အလင်းတန်းများ ရုတ်ချည်း လင်းလက်လာ၏။
မူဖုန်း အလွန် အံ့သြတုန်လှုပ်သွားရသည်။
အု ..
သူ့ပါးစပ်ထဲမှ သွေးအချို့လည်း အန်ကျလာ၏။
" ဟင် .. ရှင်က ဘာလို့ သွေးအန်နေတာလဲ။ ကျွန်မ ရှင့်ကို မရိုက်ရသေးဘူးလေ။ ရှင်က တမင်သက်သက် လိမ်ဖို့ကြိုးစားနေတာလား "
လောရှောင်ရှောင်းမှာ ရုတ်တရက် ထိတ်လန့်သွားပြီး လေ့ကျင့်မှုကို ချက်ချင်း ရပ်လိုက်သည်။
ထိုအချိန်တွင် ခန်းမဆောင်တစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် တိတ်ဆိတ်နေ၏။
ဘာတွေ ဖြစ်နေပါသနည်း။
အလောကလေးတင် အလွန်အစွမ်းထက်နေပြီး ယွိဝမ်ရှို့ကိုပင် လက်သီးချက် ၁၇ ချက်ဖြင့် အနိုင်ယူခဲ့သည့် မူဖုန်းက ယခု ကလးမလေးတစ်ယောက်၏ ရိုက်ချက်ကြောင့် နောက်သို့ လွင့်သွားကာ သွေးအန် နေသည်တဲ့လား ။
ထိုမျှမက .. သူသည် မျက်နှာချင်းဆိုင် တိုက်နေရင်း ရှုံးနိမ့်သွားခဲ့သည် ဆိုလျှင်ပင် သူတို့ နားလည်၍ ရဦးမည်ဖြစ်သည်။
ယခု ..ဘာတွေ ဖြစ်နေပါသနည်း။
" အကိုယင် ..ဘာတွေ ဖြစ်နေတာလဲဗျ "
စွန်းရှို့က ယင်ထျန်းလွေ့ဘက် ဦးဆုံးလှည့်ကြည့်ကာ အံ့သြတကြီး မေးလိုက်သည်။
အခြေအနေကို သူ လုံးဝ နားမလည်နိုင်တော့ပါချေ။
သို့သော် ထိုအချိန်တွင် .. ယင်ထျန်းယွိတစ်ယောက်မှာလည်း ဖြစ်ပျက်သွားသည်ကို နားမလည်နိုင်ဘဲ အလွန်စိတ်ရှုပ်နေ၏။
" ငါလဲ သေချာမမြင်လိုက်ရဘူးကွ ။ ဒါပေမယ့် ကြည့်ရတာတော့ ဒီကောင်မလေးက သာမာန်မဟုတ်ဘူးနဲ့တူတယ် "
ယင်ထျန်းလွေ့က ပြောလိုက်သည်။
" ဟင် ..ဘာဖြစ်လို့လဲဗျ "
စွန်းရှို့က ဆက်မေး၏။
" သူ့ကျင့်ကြံခြင်းအဆင့်ကို ကြည့်လိုက်ဦး "
ယင်ထျန်းလွေ့က ပြန်ပြောသည်။
စန်းရှို့ မျက်မှောင်အနည်းငယ် ကြုံ့၍ လောရှောင်ရှောင်းအား သေချာစိုက်ကြည့်လိုက်သည်။ အ ချိန်အတန်ငယ် ကြာသွားပြီးနောက်တွင်မူ သူ ရုတ်တရက် ထခုန်မိသွား၏။
" စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့် ကိုတောင် ရောက်နေပြီ ။ မဖြစ်နိုင်တာ ... "
အသက် ၁၂ နှစ် ၊ ၁၃ နှစ်အရွယ် ကလေးမလေး တစ်ယောက်က စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့်သို့ ရောက်နေပြီတဲ့လား။
ထိုဖြစ်ရပ်မျိုးမှာ ထျန်းယွမ်အင်ပါယာ သမိုင်းတလျှောက်တွင်ပင် ၁ ယောက် ၊ ၂ ယောက်ထက် ပိုမရှိခဲ့ဖူးပါချေ။
သူသည် ထိုကလေးမလေးအား သာမာန် မိန်းကလေးငယ်တစ်ယောက်ဟုသာ ထင်ထားခဲ့သော်လည်း ယခု သူမက သမိုင်းတွင်နိုင်သည့် ပါရမီရှင်တစ်ဦး ဖြစ်နေသည်တဲ့လား ။
" ငါ ဒီတစ်ယောက်ကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ မိတ်ဆွေလုပ်ထားမှ ရမယ် "
စန်းရှို့တစ်ယောက် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ထိုစဥ် ..မူဖုန်းက ကြမ်းပြင်ပေါ်မှ ထလာပြီး သူ့နှုတ်ခမ်းတွင် ပေနေသည့် သွေးများကို သုတ်လိုက်သည်။ ထို့နောက် လောရှောင်ရှောင်အား ဒေါသတကြီး ကြည့်လိုက်၏။
" တော်တော် ဉာဏ်နီ ဉာဏ်နက်များတဲ့ မိန်းကလေးပါလား။ ကျားကို စားဖို့ ဝက်တစ်ကောင်လိုတောင် ယောင်ဆောင်လိုက်သေးတယ်ပေါ့လေ "
" ဟင် .. ရှင် ဘာတွေ ပြောနေတာလဲ "
လောရှောင်ရှောင် အံ့အားသင့်သွားရသည်။
" ခုထိတောင် ဟန်ဆောင်နေတုန်းပါလား ။ ငါ စောနက သတိလက်လွတ်ဖြစ်သွားလို့ မင်း အသာစီးရသွားတယ်မှတ်ပါ ။ အခုတော့ ငါ့အစွမ်းကို ချန်မထားတော့ဘူး "
မူဖုန်းက ဒေါသတကြီး အော်လိုက်ရာ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းမှ အဝတ်စားများ ဗျိခနဲ ပြဲထွက်သွားပြီး သံမဏိကဲ့သို့ မာကျောသော ကြွက်သားများ ပေါ်လာ၏။
သူ့အနောက်ဘက်တွင်လည်း ဝံပုလွေအရိပ်တစ်ခု ပေါ်လာပြီး လူသတ်အရိပ်အငွေ့များ တမဟုတ်ချင်း လွင့်ပျံလာသည်။
ထိုအခြင်းအရာကို မြင်သောအခါ ခုံပေါ်တွင် ထိုင်နေသည့် စွန်းရှို့တစ်ယောက် အလွန်ကြောက်လန့်သွားပြီး အော်လိုက်၏။
" အကိုမူဖုန်း .. မလုပ်နဲ့ .. "
သူသည် လောရှောရှောင်းနှင့် မိတ်ဆွေများ ဖြစ်လိုရာ သူမသာ ယခုကဲ့သို့ သေသွားရပါက သူ့အတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သွားပေလိမ့်မည်။
သို့သော် .. မူဖုန်းမှာ ထိုအချိန်တွင် မည်သူ့စကားကိုမှ နားမထောင်နိုင်တော့ပါ ။ သူ ဒေါသတကြီး အော်ကာ လောရှောင်ရှောင်အား ထိုးလိုက်တော့သည်။
" အား .. "
လောရှောင်ရှောင်းမှာ ထိုသို့သော မြင်ကွင်းမျိုးကို ယခင်က တစ်ခါမှ မကြုံဖူးသဖြင့် အလွန်ကြောက်လန့်သွားပြီး နောက်ဆုတ်ကာ ရှောင်လိုက်သည်။
သို့သော် .. ထိုအချိန်မှာပင် ...
ဝီ ..
သူမ အနောက်ဘက်၌ ခေါင်းကိုးလုံး သားရဲ၏ အရိပ် ရုတ်တရက် ထွက်ပေါ်လာ၏။
သူမ၏ ထူးဆန်းသော စိတ်စွမ်းအင်ပင်လယ်က အလိုအလျောက် အသက်ဝင်လာခဲ့လေပြီ ။
ထို့နောက်တွင်မူ သားရဲကြီးက ပါးစပ်ဟကာ မူဖုန်းဆီသို့ စွမ်းအင်အလင်းတန်းကိုးခုကို တစ်ပြိုင်နက်တည်း ထွေးထုတ်လိုက်သည်။
ထို သားရဲ၏ ခေါင်းကြီး ကိုးလုံးသည် မတူညီသော စွမ်းရည်များ ပိုင်ဆိုင်ထားပြီး ..
၎င်းတို့၏ ကိုယ်အရောင်အဝါ စွမ်းအင်များကလည်း အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။
" ဟင် .. "
မူဖုန်းသည် မည်သို့ ဖြစ်ပျက်နေသည်ကို နားလည်ရန် အချိန်မရလိုက်ခင်မှာပင် စွမ်းအင်အလင်းတန်းများ၏ တိုက်ခိုက်မှုကို ခံလိုက်ရတော့၏။
ဘုန်း ..
ထို့နောက်တွင်မူ သူ့ခန္ဓာကိုယ် နောက်သို့ လွင့်စင်သွားကာ ကျောက်တိုင်ကြီးတစ်ခုနှင့် ပြင်းထန်စွာ တိုက်မိသွားတော့သည်။
အစောက အကာအကွယ် အစီအမံက နောက်တစ်ကြိမ် ပြန်လင်းလာပြီး ကျောက်တိုင် ပျက်စီးမသွားအောင် ကာကွယ်ထားလိုက်ပြန်သည်။
သို့သော် ... စွမ်းအင်အလင်းတန်း ကိုးခုလုံးဖြင့် တိုက်ခိုက်ခံပြီး နောက်တွင်မူ အက်ကွဲရာများ ပေါ်လာ၏။
ဝုန်း ..
ကျောက်တိုင်ကြီး ပြိုကျသွားကာ မူဖုန်းမှာလည်း ၎င်းနှင့်အတူ လွင့်ထွက်သွားတော့သည်။