← Chapters

ဒီစုန်းမကို သတ်ပစ်မယ်

Vol. 11 Ch. 149

ဒီစုန်းမကို သတ်ပစ်မယ်

Vol. 11 Ch. 149

ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်နေပြီး လောရှောင်ရှောင်း၏ ကြောက်လန့်တကြား အော်ဟစ်သံသာ ဆက်လက်ထွက်ပေါ်လာသည်။

အားလုံးမှာ ပါးစပ်အဟောင်းသားဖြင့် မှင်သက်ဆွံ့အနေကြ၏။

အကယ်၍ မူဖုန်းက လောရှောင်ရှောင်း၏ လက်ချက်ဖြင့် ပထမအကြိမ် နောက်သို့ လွင့်သွားကာ သွေးအန်လိုက်ရသည့်အကြောင်းအရင်းမှာ သူ ကြိုတင်မပြင်ဆင်ထားသောကြောင့် ဟု ဆိုလျှင်ပင် ..

ယခု ဒုတိယအကြိမ်၌ မျက်နှာချင်းဆိုင် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ပါသည်။

အားလုံးမှာ လောရှောင်ရှောင်းနောက်မှ ခေါင်းကိုးလုံး သားရဲကြီးကို ကြည့်ကာ အံ့သြတုန်လှုပ်နေကြ၏။

၎င်းက မည်သို့သော သားရဲပါနည်း။

ထိုင်ခုံတွင် ထိုင်နေသည့် စွန်းရှို့တစ်ယောက်မှာလည်း ထိုအချိန်တွင် အလွန်အံ့သြမှင်သက်နေသည်။

အခြားသူများက သိကြမည်မဟုတ်သော်လည်း သူ သိထားသည့် နောက်တစ်ချက် ရှိ၏။

၎င်းမှာ  ' တိမ်ပင်လယ် စားသောက်ဆိုင် ' ကို ကာကွယ်ထားသည့် အစီအမံသည် ကွေ့ရှအဆင့် ၉ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်၏ အားအပြည့်သုံးထားသည့် တိုက်ခိုက်မှုကိုပင် ခံနိုင်ရည် ရှိခြင်းဖြစ်သည်။

သို့သော် ... ထိုသို့ ကြောက်မက်ဖွယ်ကောင်းသည့် အကာအကွယ် အစီအမံက အမှန်တကယ် ပျက်စီးသွားခဲ့ရသည်လား။

၎င်းက မည်သို့သော အဓိပ္ပါယ်ပါနည်း ..

လောရှောင်ရှောင်း၏ သိုင်းကွက်က ကွေ့ရှအဆင့် ကျင့်ကြံသူတစ်ယောက်ထက်ပင် အစွမ်းထက်နေပြီ ဆိုသည့် အဓိပ္ပါယ်လား ။

၎င်းမှာ အသက် ၁၃ ၊ ၁၄ နှစ်ခန့်သာ ရှိဦးမည်ဖြစ်သည့် မိန်းမငယ်လေး တစ်ယောက်၏ တိုက်ခိုက်မှု အစွမ်း တဲ့လား ။

" အား ..တောင်းပန်ပါတယ်ရှင် ၊ တောင်းပန်ပါတယ်။ ကျွန်မ အရှုံးပေးပါတယ် ။ ထပ်ပြီး မတိုက်ခိုက်တော့ပါဘူး။ ကြောက်စရာ ကောင်းလွန်းလို့ပါ "

ထိုစဥ် လောရှောင်ရှောင်း၏ ကျယ်လောင်စွာ အော်ဟစ်သံ ထွက်ပေါ်လာ၏။

အားလုံးမှာ မည်သို့ ပြန်ပြောရမည်မသိ ဖြစ်သွားကြသည်။

သူမက ပြိုင်ဘက်ကို အပြတ်အသတ် အနိုင်ယူလိုက်နိုင်ခဲ့သည့်တိုင် အရှုံးပေးနေသည် တဲ့လား ။

" မူဖုန်း .."

" အကို မူဖုန်း .. "

" သခင်လေး မူ .. "

ထျန်းလန်နိုင်ငံမှ လူများအားလုံးက မူဖုန်းဆီသို့ အပြေးအလွှား သွားလိုက်ကြသည်။

ထိုအချိန်တွင် မူဖုန်း၏ ကိုယ်ပေါ်၌ ဆိုဆိုးရွားရွား ဒဏ်ရာကြီး ၉ ခု ရှိနေပြီး ထိုဒဏ်ရာများက ပြင်းထန်လှသည့်အတွက် သူ သတိလစ် မေ့မျောနေ၏။

အားလုံးပင် တုန်လှုပ်ခြင်းကြီးစွာ ဖြစ်သွားကြသည်။

မူဖုန်း ကဲ့သို့ အစွမ်းထက်သော လူတစ်ယောက်ကို ထိုအတိုင်းအတာအထိ ဒဏ်ရာရသွားအောင် မည်သို့ လုပ်လိုက်နိုင်ပါသနည်း။

အားလုံးပင် လောရှောင်ရှောင်းအား အံ့သြတကြီး လှည့်ကြည့်လိုက်ကြသည်။

" ဟင် "

ထိုအချိန်တွင် လောရှောင်ရှောင်းသည်လည်း တစ်စုံတစ်ခု ပုံမှန် မဟုတ်သည်ကို မသိထားမိသွားကာ ခေါင်းမော့ကြည့်လာ၏။

မူဖုန်းက ကြမ်းပြင်တွင် လဲနေသည်ကို မြင်သောအခါတွင်မူ သူမ အံ့သြတကြီးဖြင့် မေးလိုက်သည်။

" ဟင် ..ရှင် ဘယ်လိုဖြစ်သွားတာလဲ။ အဲ့လိုဖြစ်သွားအောင် ဘယ်သူက လုပ်လိုက်တာလဲ "

အားလုံးမှာ စကားမပြောနိုင်ဘဲ ဆွံ့အသွားကြပြန်၏။

" အကိုယင် .. "

စွန်းရှို့က ယင်ထျန်းလွေ့ဘက်သို့ မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်သည်။

ယင်ထျန်းလွေ့၏ မျက်လုံးများမှာလည်း အံ့သြမှုအပြည့် ဖြစ်နေ၏။

အစောပိုင်းကအထိ လောရှောင်ရှောင်းအား အလွန်ပါရမီထူးချွန်သူ အဖြစ်သာ သူ တွေးထားခဲ့သော်လည်း သူမ၏ လက်ရှိအစွမ်းက သူ့လောက် ကောင်းနေလိမ့်မည်ဟု  မထင်ထားခဲ့ပါ။

ယခုတွင်မူ ..သူ့အတွေးက လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။

အကယ်၍ လောရှောင်ရှောင်း၏ တိုက်ခိုက်မှုကသာ သူ့ကို ဦးတည်ထားခဲ့သည် ဆိုပါက သူ ၎င်းကို မည်သို့ ခုခံချိုးဖျက်ရမည်ကိုပင် မသိပါချေ။

ထို မိန်းကလေးငယ်လေးက မည်သူပါနည်း။

ထိုသို့သော အစွမ်းမျိုး ရှိသူကို သူ အဘယ့်ကြောင့် ရင်းနှီးနေသလို ခံစားနေရပါသနည်း။

အားလုံး အံ့သြတုန်လှုပ်နေကြစဥ်မှာပင် ...

ဘုန်း ..

ခန်းမအပြင်ဘက်၌ အလွန်အစွမ်းထက်ပြီး ကြမ်းကြုတ်ရက်စက်သည့် အရောင်အဝါတစ်ခု ထွက်ပေါ်လာ၏။

ထို့နောက်တွင်မူ ခန်းမတွင်းသို့ ဝင်သည့် တံခါးက ဖြည်းဖြည်းချင်း ပွင့်သွားပြီး မီးခိုးရောင် ဆံပင်များနှင့် လူတစ်ယောက် ဝင်လာသည်။

" ဘယ် အကန်းက မူဟဲ့ ရဲ့ ခြေထောက်တွေကို ချိုးလိုက်တာလဲ။ ထွက်လာခဲ့စမ်း "

ထိုလူက အခန်းထဲ ဝင်လာနေရင်းပင် မာမာထန်ထန် အော်လိုက်သည်။

" ဦးလေး မူကျိုး ၊ အကို မူဖုန်းကို လာကြည့်ပါဦး "

ထျန်းလန်နိုင်ငံမှ လူငယ်တစ်ယောက်က ထိုလူကြီးကို မြင်သည်နှင့် မြန်မြန်အော်လိုက်၏။

ဦးလေးမူဖုန်းမှာ ဒဏ်ရာဆိုးဆိုးရွားရွား ရထားသည့် မူဖုန်းကို မြင်သည်နှင့် မျက်လုံးပြုးသွားသည်။

ဝုန်း ..

သူ့ကိုယ်မှ လူသတ်အရိပ်အငွေ့များလည်း ရုတ်ချည်း ထွက်ပေါ်လာပြန်၏။

" ဘယ်ကောင် လုပ်တာလဲကွ ၊ ဘယ်သူလဲ "

သူ ဒေါသတကြီး အော်လိုက်သည်။

ထိုဦးလေး မူကျိုးမှာ မူဖုန်းနှင့် မူဟဲ့တို့ မျိုးနွယ်စုမှ ဦးလေး ဖြစ်ပါသည်။

ထျန်းယွမ်အင်ပါယာသို့ လာခဲ့သည့် ဤခရီးတွင် သူ၏ အဓိကတာဝန်မှာ မူဟဲ့ နှင့် မူဖုန်းတို့နှစ်ယောက်ကို ကာကွယ်ပေးရန်ဖြစ်၏။

သို့သော် သူသည် ယနေ့ တိမ်ပင်လယ်စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်သည့် ပါရမီရှင်များ တွေ့ဆုံပွဲကို မတက်မိဘဲ နားနေဆောင်တွင်သာ အနားယူပြီး နေရစ်ခဲ့မိသည်။

သို့သော် .. မကြာသေးခင်ကပင် လူတစ်စုက ခြေထောက်များ ကျိုးနေသည့် မူဟဲ့ကို သယ်ကာ ပြန်ရောက်လာခဲ့ကြ၏။

ဦးလေးမူကျိုးမှာ ထိုအခြင်းအရာကို မြင်သည်နှင့် ချက်ချင်း ဒေါသထွက်သွားခဲ့ရသည်။

ထျန်းလန်နိုင်ငံမှ သူတို့ မူ မိသားစုသည် အခြားသူများကိုသာ အမြဲ အနိုင်ကျင့်ခဲ့ကြသူဖြစ်ပြီး အခြားသူ၏ အနိုင်ကျင့်မှုကို လုံးဝ ခံခဲ့ဖူးကြသူ မဟုတ်ပါ။

သို့ဖြစ်ရာ သူသည် မူဟဲ့အတွက် လက်တုန့်ပြန်မည်ဟု တွေးပြီး စားသောက်ဆိုင်သို့ ထွက်လာခဲ့၏။

သို့သော် .. ဆိုင်အတွင်းသို့ ဝင်လိုက်သည်နှင့် မူဖုန်းအား ယခုလို အခြေအနေဖြင့် တွေ့ရလိမ့်မည်ဟု သူ မည်သို့ ထင်ထားပါမည်နည်း။

သူ့အနီးရှိ ကမ္ဘာကြီးမှာ ချာချာလည်နေသကဲ့သို့ သူ ခံစားလိုက်ရတော့သည်။

အစောက မူဟဲ့ ဒဏ်ရာရထားစဥ်တွင် သူ ဒေါသထွက်ခဲ့သည် မှန်သော်လည်း ဤမျှလောက် မဟုတ်ပေ။

မူမိသားစုအတွင်း မူဟဲ့၏ ရာထူးဂုဏ်ပုဒ်က အမြင့်ပိုင်း မဟုတ်ထားသည့်အတွက်လည်း ပါ၏။

သို့ဖြစ်ရာ သူတို့ ပြန်ရောက်လျှင်ပင် အနည်းငယ် အဆူခံရရုံသာ ဖြစ်သည်။

သို့သော် .. မူဖုန်းကမူ ထိုသို့ မဟုတ်ပါ ...

မူဖုန်းသည် မူမိသားစု၏ လူငယ်မျိုးဆက်ထဲတွင် အကြီးဆုံးဖြစ်ပြီး မူမိသားစု၏ အနာဂါတ်ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်၏။

ယခု မူဖုန်းက ဆိုးဆိုးရွားရွား ဒဏ်ရာ ရထားခဲ့သည်ဖြစ်ရာ သူတို့ အိမ်ပြန်ရောက်လျှင် မူဖုန်း၏ အစောင့်ဖြစ်သော သူက ပြင်းပြင်းထန်ထန် အပြစ်ပေး ခံရတော့ပေမည်။

ထိုအကြောင်းကို တွေးမိကာ သူ ပို၍ ဒေါသထွက်သွားရသည်။

" ဦးလေး မူကျိုး ၊ အကိုမူဖုန်းကို ဒဏ်ရာရအောင် လုပ်လိုက်တာ ဟို မိစ္ဆာမပဲဗျ "

ထိုစဥ် ထျန်းလန်နိုင်ငံမှ လူငယ်တစ်ယောက်က အော်လိုက်သည်။

ဦးလေး မူကျိုးက လောရှောင်ရှောင်အား အေးစက်စက် မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်၏။

" ဒီလိုအသက် ငယ်ငယ်လေးနဲ့တောင် အင်မတန် ယုတ်မာရက်စက်တဲ့ စုန်းမဖြစ်နေပါလား။ မင်းသာ အသက်ကြီးလာရင် ဘယ်လိုဖြစ်သွားမလဲ ။ ဒီနေ့တော့ ငါ မင်းကို သတ်ပြီး ကမ္ဘာကြီးကို သန့်စင်အောင် လုပ်ပေးရလိမ့်မယ် "

ဝုန်း ..

ထို့နောက် ချက်ချင်းပင် သူ့အရောင်အဝါက ပေါက်ကွဲထွက်သွားပြီး လောရှောင်ရှောင်းအား တိုက်ခိုက်ရန် ပြင်လိုက်သည်။

ထိုအခြင်းအရာကို မြင်သောအခါ ထိုင်ခုံတွင် ထိုင်နေသည့် စွန်းရှို့ထံမှ အော်သံ ရုတ်တရက် ထွက်လာသည်။

" သခင်ကြီး မူ ၊ အခုချက်ချင်း ရပ်လိုက်ပါ "

သူက ထိုသို့ပြောကာ မူကျိုးအနားသို့ အပြေးအလွှားရောက်သွား၏။

" သခင်ကြီးမူ ၊ ဒီနေ့က ပါရမီရှင်တွေ တွေ့ဆုံပွဲလေ ။ ပြီးတော့ ဒီပွဲမှာ အားလုံးက သိုင်းပညာယှဥ်ပြိုင်ကြတာ ခင်ဗျားလဲ မသိပဲ။ ဒီတော့ ဒဏ်ရာကတော့ ရမှာပဲဗျ "

စွန်းရှို့က ကျယ်လောင်စွာ အော်လိုက်သည်။

ယနေ့ ပါရမီရှင်များ တွေ့ဆုံပွဲကို သူကိုယ်တိုင် ဦးစီး၍ အိမ်ရှင်အနေဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

အကယ်၍ ယခု စားသောက်ပွဲတွင်သာ တစ်ယောက်ယောက် အသတ်ခံခဲ့ရပါက သူတို့ စွန်းမိသားစု၏ ဂုဏ်သိက္ခာ ထိခိုက်သွားပေလိမ့်မည်။

ထို့အပြင် သူသည် လောရှောင်ရှောင်း၏ အစွမ်းကို မြင်ပြီးသည်နှင့် သူမနှင့် မိတ်ဆွေဖြစ်ရန် ဆုံးဖြတ်ထားသည် မဟုတ်ပါလား။

ထိုအခွင့်ကောင်းမျိုးကို သူ လက်လွတ် မခံနိုင်ပါ ။

သို့သော် ...

" ငါ့ရှေ့က ဖယ်စမ်း "

မူကျိုး၏ ဒေါသတကြီး အော်သံနှင့်အတူ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး စွန်းရှို့နှင့် သူ့ဘေးမှ အစောင့်အကြပ်များအားလုံး နောက်သို့ လွင့်စင်သွားကြ၏။

" ကွေ့ရှအဆင့် ၉ မှာပဲ "

နောက်သို့ လွင့်သွားသော စွန့်ရှို့၏ မျက်နှာထား ချက်ချင်းပြောင်းသွားသည်။

သူတို့ စွန်းမိသားစုတွင် တုကျဲ့အဆင့် ကျင့်ကြံသူ တစ်ယောက်မှ မရှိပေရာ သခင်ကြီး မူကျိုးအား  မည်သူမှ မတားနိုင်ပါချေ။

" စုန်းမ "

ဦးလေးမူကျိုးက လောရှောင်ရှောင်းအား ဒေါသတကြီး ကြည့်လိုက်သည်။

ချွင် ...

ထိုအချိန်မှာပင် ယင်ထျန်းလွေ့က သူ့ရှေ့တွင် ပေါ်လာပြီး မားမားရပ်၍ ဓားကို ဆွဲထုတ်လိုက်သည်။

" သခင်ကြီး မူ ၊ ကျေးဇူးပြုပြီး ပြန်စဥ်းစားပါဦး "

ယင်ထျန်းလွေ့က ပြော၏။

" ကောင်လေး .. မင်းက ငါ့ကိုတားဖို့ အရည်အချင်း ပြည့်မှီတယ် ထင်လို့လား။ ငါ ဒီစုန်းမကို သတ်ပစ်ဖို့ ဆုံးဖြတ်ပြီးသွားပြီ ။ ဆိုတော့ နတ်ဘုရားက ဆင်းလာပြီး တားရင်တောင် ရမှာမဟုတ်ဘူး "

မူကျိုးက ထိုသို့ပြောကာ လူသတ်အရိပ်အငွေ့ကို ထုတ်လွှတ်၍ ယင်ထျန်းလွေ့ ​ထွက်သွားအောင် ခြောက်လိုက်သည်။

သို့သော် .. သူ့ အရောင်အဝါနှင့် ရင်ဆိုင်နေသည့်တိုင် ယင်ထျန်းလွေ့က နေရာမှ မရွှေ့ဘဲ မားမားမတ်မတ်သာ ဆက်ရပ်နေ၏။

ထိုအဖြစ်အပျက်ကို မြင်နေရသည့် လူများမှာ ယင်ထျန်းလွေ့အား အံ့သြတကြီး ကြည့်လိုက်ကြသည်။

" ထျန်းယွမ်အင်ပါယာရဲ့ ထိပ်သီးပါရမီရှင်တစ်ယောက်ဆိုတဲ့ အတိုင်းပဲ ၊ သူက ကွေ့ရှအဆင့် ကျင့်ကြံသူနဲ့ ရင်ဆိုင်နေရတာတောင် ကြောက်တဲ့ပုံ နည်းနည်းလေးမှ မပြဘူးကွ "

" သူ့အစွမ်းကို ခဏထားလိုက်ဦး ၊ သူ့ရဲ့ရဲစွမ်းသတ္တိ တစ်ခုတည်းကတောင် တော်တော်ထူးခြားနေပြီ "

" ဟုတ်တယ် ၊ ငါသာဆို ကွေ့ရှအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အရောင်အဝါနဲ့သာ ရင်ဆိုင်ရရင် ချက်ချင်း ဒူးထောက်မိမှာပဲ "

အားလုံးက တီးတိုး ချီးကျူးလိုက်ကြသည်။

" ခွေးမ .. မင်း သေစမ်း "

ဦးလေး မူကျိုးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဝုန်း ..

သူ့ကိုယ်မှ ​အလွန်အစွမ်းထက်သော ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ပေါက်ထွက်လာပြီး လောရှောင်ရှောင်းဆီသို့ တိုးဝင်သွား၏။

အားလုံး၏ စိတ်ထဲတွင် လောရှောင်ရှောင်းတစ်ယောက် သေရတော့မည်ဟုသာ ထင်လိုက်ကြသည်။

သို့သော် .. ထိုအချိန်မှာပင် ..

ဦးလေးမူကျိုးဆီသို့ အလင်းတန်းတစ်ခု တိုးဝင်လာ၏။

" ဟင် .. ငါ့ကို တိတ်တိတ်လေး တိုက်ခိုက်တယ်ပေါ့လေ "

ဦးလေးမူကျိုးက အလင်းတန်းကို လှည့်ကြည့်လိုက်ပြီးနောက် အထင်သေးစက်ဆုပ်နေသည့် မျက်နှာဖြင့် အလင်းတန်းအား ဖမ်းဆုပ်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။

ထို့နောက်တွင်မူ ...

ဝုန်း ..

အလင်းတန်းကြောင့် သူ့လက်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၏။

" အား .. "

ဦးလေးမူကျိုးထံမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။ ထို့နောက်သူက အလင်းတန်းအား ကိုယ်ကို လိမ့်၍ ရှောင်လိုက်နိုင်ပြီး အသက်ဘေးမှ သီသီလေး လွတ်သွား၏။

" ဘယ်ကောင်လဲကွ မှော်လက်နက်သုံးပြီး ငါ့ကို တိုက်ခိုက်ရဲတာ ။ ထွက်လာခဲ့စမ်း "

ဦးလေးမူကျိုးက ဒေါသတကြီး အော်လိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် လူများမှာမူ ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။

တစ်ချက်တည်းဖြင့် ကွေ့ရှ အဆင့် ၉ ရှိသော ကျင့်ကြံသူတစ်ယောက်၏ လက်မောင်းကို အပိုင်းပိုင်းဖြစ်သွားအောင် လုပ်လိုက်နိုင်သည်တဲ့လား ။ အဆင့် ၆ မှော်လက်နက်မျိုးပင် ထိုသို့ စွမ်းဆောင်နိုင်မည် မဟုတ်ပါ ။

၎င်းက အဆင့် ၇ မှော်လက်နက် တစ်ခုပေလား ။

ထိုစဥ် .. ဦးလေးမူကျိုးကို တိုက်ခိုက်ခဲ့သည့် မှော်လက်နက်က အားလုံး၏ အ​ကြည့်အောက်တွင် အခန်းထောင့်တစ်ခုမှ လိမ့်လာသည်။

ထိုမှော်လက်နက်ကို မြင်သည်နှင့် အားလုံး အံ့သြမှင်သက်သွားတော့၏။

All Chapters