← Chapters

အစွမ်းထက် အစီအမံ

Vol. 11 Ch. 154

အစွမ်းထက် အစီအမံ

Vol. 11 Ch. 154

" အင်း .. တခြားလုပ်စရာလဲ ဘာမှရှိတာမှ မဟုတ်တာ။ အကာအကွယ် အစီအမံတစ်ခုလောက် အပျော် လုပ်ကြည့်လိုက်မယ် "

" စာအုပ်ထဲမှာ ​ပြောထားတာတော့ အစီအမံက မအောင်မြင်ရင် ပေါက်ကွဲနိုင်ခြေ ရှိတယ်တဲ့။ ဆိုတော့ ..မြို့ထဲမှာတော့ စမ်းလုပ်ကြည့်လို့ မရဘူး။ မြို့ပြင်မှာ နေရာရှာရမယ် "

လောထျန်း ထိုသို့ တွေးလိုက်သည်။ ထို့နောက် သူက လောရုံနှင့် လောရှောင်ရှောင်းတို့အား အကျိုးအကြောင်းပြောကာ နှုတ်ဆက်ပြီး စားဖိုဆောင်အား အစားအသောက်များ ပြင်ဆင်ချက်ပြုတ်ထားရန် မှာထားကာ ဟဲ့ဒုံမြို့ပြင်သို့ ထွက်လာခဲ့လိုက်၏။

...

ဟဲ့ဒုံမြို့မြောက်ပိုင်း မိုင်တစ်ရာခန့်အကွာရှိ လူသူကင်းမဲ့သော တောင်ကြားတစ်ခု၌ ..

" အင်း ဒီနားပတ်ပတ်လည် ဆယ်မိုင်ကျော်လောက်အတွင်းမှာ ဘယ်သူမှ မရှိဘူးဆိုတော့ အန္တရာယ်ကင်းတယ်။ တခြားဘယ်သူ့ကိုမှ ထိခိုက်နိုင်မှာ မဟုတ်ဘူး။ ဒီမှာပဲ နေလိုက်မယ် "

လောထျန်းက ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် သူ့လက်ထဲမှ စားလက်စ ဝက်လက်ပေါင်းကို အပြာရောင် ကျောက်တုံးတစ်တုံးပေါ်သို့ တင်ကာ အစီအမံတစ်ခု စတင်ပြုလုပ်လိုက်သည်။

" ပထမဆုံးအနေနဲ့ အရိုးရှင်းဆုံး အကာအကွယ် အစီအမံတစ်ခု လုပ်လိုက်မယ်။  ပထမအဆင့် အလင်းတန်းဖြူ အစီအမံ လုပ်ကြည့်မယ်ကွာ "

လောထျန်းက တစ်ယောက်တည်း ရေရွတ်ကာ စာအုပ်ထဲတွင် ရေးထားသည့် နည်းလမ်းအတိုင်း စိတ်စွမ်းအင်ကျောက်တုံးအချို့ကို အခြေခံအုတ်မြစ်အဖြစ် ထားလိုက်သည်။ ထို့နောက် သူ၏ စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီး ကျောက်တုံးပေါ်တွင် အစီအမံများ ရေးလိုက်၏။

ဝီ ...

ဤသို့ဖြင့် စက္ကန့်အနည်းငယ် အကြာတွင်မူ အလင်းတန်းဖြူ အစီအမံက စတင်လင်းလက်လာတော့သည်။

လောထျန်းသည် ၎င်းကိုကြည့်ကာ ခေတ္တမျှ အံ့သြမှင်သက်သွားပြီး ပြော၏။

" ရိုးရှင်းလှပါလား ။ ဒါပေမယ့် စာအုပ်ထဲမှာ ပြောထားတာတော့ အလင်းတန်းဖြူအစီအမံကို လုပ်ဖို့ဆိုရင် အစီအမံပညာရပ်မှာ ကျွမ်းကျင်တဲ့ ဆရာကြီးတွေတောင် အနည်းဆုံး အချိန် ဆယ်မိနစ်လောက် ကြာတယ်ဆို ။ အခု ငါက ဘာလို့အဲ့လောက် မြန်နေတာလဲ "

" ငါ လုပ်တာ တစ်ခုခုများ မှားနေလို့လား။ ဟုတ်သားပဲ .. စာအုပ်ထဲမှာ အစီအမံမှာ ချို့ယွင်းချက်တစ်ခုခု ရှိနေရင် စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီး စစ်ဆေးကြည့်ပြီးတော့ လိုတာ ပြင်လို့ရတယ်လို့ ရေးထားတာ။ စစ်ကြ ည့်လိုက်ပါဦးမယ်လေ "

လောထျန်း စဥ်းစားကာ သူ့စိတ်ဝိဥာဥ်အစွမ်းဖြင့် အစီအမံအား စစ်ဆေးကြည့်လိုက်သည်။

အချိန်အတန်ငယ်ကြာ စစ်ဆေးကြည့်ပြီး နောက်တွင်မူ သူ သက်ပြင်းချလိုက်၏။

" ချီးကွာ .. ငါက ကိုယ့်ကိုကိုယ် အစီအမံပညာရပ်မှာ ပါရမီပါတယ် ထင်နေတာ။ လက်စသတ်တော့ ငါ့အစီအမံမှာ ချို့ယွင်းချက်တွေ အများကြီး ရှိနေတာပဲ။ ကဲ .. ပြင်ကြတာပေါ့ကွာ "

သူ တစ်ကိုယ်တည်းတွေးကာ စိတ်ဝိဥာဥ်အစွမ်းကို သုံး၍ အစီအမံအား နည်းနည်းချင်းစီ ပြင်ဆင်လိုက်သည်။

နောက်ဆုံး အစီအမံက ပြစ်ချက်ကင်းသွားမှသာ ရပ်လ်ုက်၏။

" အင်း ..ဒီတစ်ခါတော့ ဘာပြဿနာမှ မရှိလောက်တော့ပါဘူး။ နောက်ထပ် ဘာစမ်းလုပ်ကြည့်ရင် ကောင်းမလဲ ။ ဟုတ်ပြီ .. စိတ်ဝိဥာဥ်မီးတောက် အစီအမံကို လုပ်ကြည့်ရမယ် "

စိတ်ဝိဥာဥ်မီးတောက် အစီအမံသည် အဆင့် ၂ အစီအမံ တစ်ခုဖြစ်ပြီး ၎င်းကို အသက်သွင်းလိုက်သည်နှင့် ရန်သူအား မီးလုံးများဖြင့် တိုက်ခိုက်သည့် သဘောရှိ၏။

၎င်းမှာ တိုက်ခိုက်ရေး လူသတ် အစီအမံတစ်ခုပင် ။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ...

" ဟင် .. ဒီတစ်ခါလဲ မြန်လိုက်တာ။ တစ်ခုခု အမှားအယွင်း ရှိနေတာပဲ ဖြစ်ရမယ် "

လောထျန်း တစ်ကိုယ်တည်း ရေရွတ်ကာ စိတ်ဝိဥာဥ်အစွမ်းကို သုံး၍ အစီအမံအား စစ်ဆေးကြည့်လိုက်သည်။

စစ်​ဆေးပြီးနောက်တွင်မူ သူ သက်ပြင်းချလိုက်ရပြန်သည်။

" ချီး .. ထင်ထားတဲ့အတိုင်းပါပဲလား။ ဒီတစ်ခုက အရင်တစ်ခုထက်တောင် ပြဿနာတွေ ပိုများနေသေးတယ်။ ငါလဲ စာအုပ်ထဲမှာ ရေးထားတဲ့နည်းလမ်းအတိုင်း တစ်ဆင့်ချင်း လုပ်တာပဲလေကွာ။ ဘာလို့ ချို့ယွင်းချက်တွေ အဲ့လောက်များနေရတာလဲ။ ဘယ်တတ်နိုင်မလဲလေ .. ပြန်ပြင်ပြီး အတွေ့အကြုံကနေပဲ သင်ခန်းစာ ယူရုံပေါ့ "

လောထျန်းမှာ မည်သို့မှ မတတ်နိုင်ဘဲ အစီအမံအား ပြင်ဆင်လိုက်ရပြန်၏။

မကြာမီ အချိန်တွင်မူ စိတ်ဝိဥာဥ်မီးတောက် အစီအမံက အသင့်ဖြစ်သွားသည်။

" ဟားဟား ..ယုံတောင် မယုံနိုင်ဘူး။ အစီအမံ ပညာရပ်မှာ ငါ့ရဲ့ ပါရမီက တော်တော်ကို ဆိုးဝါးတာပဲ။ လုပ်လိုက်တဲ့ အစီအမံတိုင်းက အဲ့လို ချို့ယွင်းချက်တွေ အများကြီး ရှိနေရင် ဘယ်လိုလုပ်ရပါ့  ။ ကဲ .. နောက်တစ်ခု ၊ မိုးကြိုးငါးသွယ် အစီအမံ "

လောထျန်းသည် ယခင်အစီအမံများတွင် အမှားများစွာ ပါနေသဖြင့် အနည်းငယ် ဒေါသထွက်လာပြီး သုံးခုမြှောက် အစီအမံကို စိတ်ဆိုးဆိုးဖြင့်ပင် စလိုက်သည်။

မိုးကြိုးငါးသွယ် အစီအမွသည်လည်း တိုက်ခိုက်ရေး အစီအမံတစ်ခု ဖြစ်ပါသည်။

ဤတစ်ကြိမ်တွင်မူ လောထျန်းသည် အစီအမံ ပြင်ဆင်သည့်အချိန်ကို တမင်နှေးပစ်ကာ တစ်ခုချင်း အသေးစိတ်ကျကျ လုပ်လိုက်၏။

မိနစ်အနည်းငယ် အကြာတွင်မူ အစီအမံကို ပြင်ဆင်၍ ပြီးသွားတော့သည်။

" ဒီတစ်ခေါက်ရော ဘယ်လောက် အဆင်ပြေလဲ ကြည့်ရမယ် "

ထို့နောက် သူ့စိတ်ဝိဥာဥ်အစွမ်းကို သုံးကာ စစ်ဆေးကြည့်လိုက်ပြန်၏။

အစီအမံအား စစ်ဆေးပြီးနောက်တွင်မူ လောထျန်းမျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

" ဟားဟား ..ဖြည်းဖြည်းချင်း လုပ်တာက ပိုပြီး ရလဒ်ကောင်းတာပဲ။ ပြင်တဲ့အချိန်ကို နှေးပစ်လိုက်တော့ အပြစ်အနာအဆာတွေလဲ တော်တော်နည်းသွားပြီ။ ဒါပေမယ့် .. တချို့ဟာလေးတွေတော့ လ်ိုအပ်ချက် ရှိနေတုန်းပဲ "

လောထျန်းက ပြောပြောဆိုဆိုပင် လိုအပ်ချက်များကို ချရေးကာ အစီအမံအား ပြင်ဆင်လိုက်သည်။

ဤသို့ဖြင့် တစ်ဝက်ကျော်ခန့် ပြင်ဆင်ပြီးသွားသည့် အချိန်တွင်မူ သူ မျက်မှောင်ကြုံ့သွား၏။

" အင်း .. ဒီအစီအမံရဲ့ တည်ဆောက်ပုံက သိပ်မကောင်းဘူးလို့ ခံစားနေရတယ်။ အဲ့ဒါကို ပြောင်းပစ်လိုက်ရင်ရော ဘာဖြစ်သွားမလဲ "

" အင်းလေ .. ခုဟာက အစမ်းလုပ်ကြည့်တာပဲဟာ။ မအောင်မြင်လဲ ဘာပြဿနာမှ မရှိဘူး။ အဲ့တော့ စမ်းလုပ်ကြည့်လိုက်မယ်ကွာ "

သူ ထိုသို့တွေးကာ အစီအမံ တည်ဆောက်ပုံအား သူ နားလည်ထားသလို ပြောင်းလဲ၍ အစမှ ပြန်လုပ်လိုက်သည်။

ဆယ်မိနစ်ကျော်ခန့် ကြာပြီးနောက်တွင်မူ အစီအမံကို ပြုလုပ်၍ ပြီးသွားတော့၏။

" ကောင်းတယ် .. ပြီးသွားတာတောင် အစီအမံက ပြိုကွဲမသွားဘူးဆိုတော့ ကြည့်ရတာ ငါ့အကြံက မဆိုးတဲ့ပုံပဲ "

လောထျန်း ပြုံးလိုက်သည်။

" အခု မိုးကြိုးငါးသွယ် အစီအမံကို ရသွားပြီဆိုတော့ နောက်ထပ် ဓားအစီအမံကို လုပ်ကြည့်ရမယ် "

သူက ပြောပြောဆိုဆိုပင် အစီအမံနောက်တစ်ခုအား စတင်လိုက်ပြန်သည်။

မကြာမီတွင်ပင် ဓားအစီအမံကလည်း ပြီးသွားတော့၏။

ထို့နောက်တွင်မူ လောထျန်းသည် ရှုပ်ထွေးသော အစီအမံများကို တစ်ခုပြီးတစ်ခု ဆက်လုပ်နေလိုက်သည်။

နောက်ဆုံး နေဝင်သွားမှသာ သူ ရပ်လိုက်တော့၏။

" နောက်တောင် ကျနေပြီပဲ။ ခုတော့ အိမ်ပြန်ပြီး သွားအိပ်တော့မယ်။ နောက်နေ့မှပဲ ဆက်လုပ်ကြတာပေါ့ "

သူ ထိုသို့တွေးကာ တောင်ကြားမှ ထွက်လာခဲ့လိုက်သည်။

သို့သော် .. သူ ထွက်သွားပြီးသည့်တိုင် အစီအမံများက တိတ်တဆိတ် အသက်ဝင်လျက် ကျန်နေခဲ့ကြ၏။

ထိုစဥ် ... မြို့နှင့် မိုင် ရာကျော် ကွာဝေးသော နေရာတစ်ခု၌ ..

မူစန်းထုံသည် သုန်မှုန်နေသော မျက်နှာ ၊အလွန်လျင်မြန်သော အရှိန်ဖြင့် ဟဲ့ဒုံမြို့သို့ ပျံသန်းလာနေသည်။

" တော်တော်အသုံးမကျတဲ့ မူကျိုး ။ သူတစ်ယောက်တည်း သေတာက သိပ်ကိစ္စမရှိပေမယ့် ဒီကောင်က ဟိုကလေး ၊ မူဖုန်းကိုပါ သေအောင် လုပ်သွားသေးတယ်။ ငါတို့ မူမိသားစုရဲ့ ပါရမီရှင် လူငယ်လေးကိုမှကွာ ... "

" တစ်ဖက်က ပြိုင်ဘက်က ဘယ်သူပဲဖြစ်ဖြစ် ငါ့လက်နဲ့  ကိုယ်တိုင် သတ်ပစ်ရမှ ကျေနပ်မယ် "

မူစန်းထုံက တစ်ကိုယ်တည်း ဒေါသတကြီး ရေရွတ်လိုက်သည်။ သူ့မျက်လုံးများတွင်လည်း ကြောက်မက်ဖွယ် အနီရောင် အလင်းတန်းတစ်ခု လင်းလက်နေ၏။

သို့သော် .. ထိုအချိန်မှာပင် .. ထူးခြားသည့် အရောင်အဝါတစ်ခုကြောင့် သူ့စိတ်ထဲ တစ်မျိုး တမည် ခံစားလိုက်ရသည်။

" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "

သူ ချက်ချင်း ရပ်ကာ အရောင်အဝါ ထွက်လာသည့်ဘက် လှည့်ကြည့်လိုက်သည်။

" စိတ်စွမ်းအင်တွေ တော်တော်လေး ပေါကြွယ်ဝတာပါလား။ ဒါ လူတစ်ယောက်တော့ မဟုတ်ဘူး .. သားရဲတစ်ကောင်လဲ မဟုတ်ပြန်ဘူး။ မဟုတ်မှလွဲရော .. မြင့်မြတ်တဲ့ နေရာအသစ် ပေါ်လာတာများလား "

" တော်တော် အစွမ်းထက်ပြီး သန့်စင်တဲ့ စိတ်စွမ်းအင်ပဲ။ တကယ်ကြီးသာ မြင့်မြတ်နေရာတစ်ခု ဆိုလို့ကတော့ ပွတာပဲ "

မူစန်းထုံ စိတ်လှုပ်ရှားသွားပြီး ရင်ခုန်သံပင် မြန်သွားသည်။ ထို့နောက်သူက ဟဲ့ဒုံမြို့ဘက်သို့ တစ်ချက်လှမ်းကြည့်ကာ အံကြိတ်၍ ပြောလိုက်၏။

" ဟမ့် .. ငါ မင်းကို နည်းနည်းပိုပြီး အသက်ဆက်ရှင်ခွင့် ပေးလိုက်မယ်။ ဒီအခွင့်အရေးကို အရယူပြီးတာနဲ့ ငါ မင်းကို လာသတ်မှာ "

သူက ထိုသို့ ပြောပြီးသည်နှင့် ချက်ချင်း ဦးတည်ချက် ပြောင်း၍ စိတ်စွမ်းအင်များ ပေါ်လာသည့် နေရာသို့ အလွန်လျင်မြန်သော နှုန်းဖြင့် ပျံသန်းသွားလိုက်သည်။

မကြာမီ အချိန်မှာပင် .. သူ တောင်ကြားတစ်ခုရှေ့သို့ ရောက်လာ၏။

ထိုနေရာသို့ ရောက်သည်နှင့် သူ့ ရင်ခုန်သံများ မြန်သွားရပြန်သည်။

" တောက် .. ငါ စောနက အဝေးကနေ သေချာ အာရုံစိုက်ပြီး မကြည့်လိုက်မိဘူး။ ခု အနားကို နောက်မှ စိတ်စွမ်းအင် တိုးနေတဲ့ ပုံကြီးက တော်တော် ကြောက်စရာကောင်းမှန်း သိလိုက်ရတော့တယ်။ ဒါ .. မသေမျိုးတစ်ယောက်ရဲ့ သင်္ချိုင်းဂူများ ဖြစ်နေမလား "

မူစန်းထုံမှာ ပိုပို၍ စိတ်လှုပ်ရှားသွား၏။

အကယ်၍သာ ၎င်းက မသေမျိုးတစ်ယောက်၏ သင်္ချိုင်းဂူ  အမှန်တကယ် ဖြစ်နေပါက သူ ထောသွားလေပြီ ။

သူ ထိုသို့ တွေးကာ တောင်ကြားအတွင်းထဲသို့ တစထက်တစ တိုးဝင်သွားလိုက်သည်။

သို့သော် ..ထိုအချိန်မှာပင် ..

" သိုင်းသမားကြီး ၊ ခဏ နေပါဦး "

အသံတစ်သံထွက်လာပြီး လူရိပ်နှစ်ခုက သူ့နောက်သို့ ဆင်းသက်လိုက်ကြသည်။

" ဟင် .. တုကျဲ့အဆင့် လူနှစ်ယောက်ပါလား "

ထိုလူများကို မြင်သည်နှင့် မူစန်းထုံ မျက်မှောင်ကြုံ့သွား၏။

သူ့နောက်တွင် ရောက်နေကြသည့် လူနှစ်ယောက်မှာ အမှန်လည်း တုကျဲ့အဆင့်ရှိသည့် ကျင့်ကြံသူများ ဖြစ်ကြပြီး တစ်ဖွဲ့တည်းမှန်း သိသာပေသည်။

အခွင့်ကောင်းက သူ့ရှေ့သိူ့ ရောက်လာချိန်တွင် ထိုနှစ်ယောက်နှင့် တွေ့ရခြင်းက ကောင်းသော အရာတစ်ခု မဟုတ်ပါ ။

ထိုအချိန်မှာပင် နှစ်ယောက်ထဲမှ အဘိုးအိုတစ်ယောက်က နှတ်ခမ်းမွေးကို ကိုင်ကာ စကားစလိုက်၏။

" ဒီနေရာက ရှို့ယွမ်ဂိုဏ်းရဲ့ တားမြစ်နယ်မြေတစ်ခုဆိုတာ သခင်ကြီး သိရဲ့လား။ ဆိုတော့ နောက်လှည့်ပြီး ပြန်သွားတာ ကောင်းလိမ့်မယ် "

" ရှို့ယွမ်ဂိုဏ်း ..ဟုတ်လား "

မူစန်းထုံသည် စစချင်းတွင် အံ့သြမှင်သက်သွားရသော်လည်း လှောင်ပြုံးဖြင့် ပြန်ပြောလိုက်သည်။

" ရှို့ယွမ်ဂိုဏ်းဆိုတာ စန်းယွိနိုင်ငံက ဂိုဏ်းတစ်ခုပဲ။ အခု ရှို့ယွမ်ဂိုဏ်းရဲ့ တားမြစ်နယ်မြေက ဘယ်လိုလုပ်ပြီး ထျန်းယွမ်အင်ပါယာထဲမှာ ရောက်နေရတာလဲ ပြောစမ်းပါဦး။ ကျုပ်ကို အရူးလို့ ထင်နေတာလားဗျ "

သူတို့၏ လိမ်လုံးကို တစ်ဖက်လူက မိသွားသဖြင့် အဘိုးအိုမှာ ကြောင်အအ ပြုံးလိုက်သည်။

" ဒါနဲ့ .. သိုင်းသမားကြီးက ဘယ်သူလဲဆိုတာ ပြောပြလို့ ရမလား "

" ကျုပ်က ထျန်းလန်နိုင်ငံ ၊ မူ မိသားစုက မူစန်းထုံပဲ "

မူစန်းထုံက ပြန်ဖြေ၏။

" အိုး ..မူစန်းထုံလား။ မူ မိသားစုထဲက တုကျဲ့အဆင့် ကျင့်ကြံသူ သုံးယောက်ထဲက တစ်ယောက်ပဲ။ ကျုပ် မင်းအကြောင်းကို အများကြီး ကြားဖူးတယ်။ ကျုပ်နဲ့ ကျုပ်ညီငယ်လေးက ညဘက် ဟိုဟိုဒီဒီ လျှောက်ကြည့်ဖို့ ထွက်လာကြရင်းနဲ့ ဒီနေရာမှာ စိတ်စွမ်းအင်တွေ ပုံမှန်မဟုတ်တာ သတိထားမိသွားလို့ လာကြည့်ကြတာ။ ဒီနေရာမှာ သခင်ကြီးမူနဲ့ လာတွေ့ရလိမ့်မယ်လို့ ဘယ်ထင်ထားပါ့မလဲ ။ ဒါနဲ့ .. သခင်ကြီးမူ ၊ ကျုပ်တို့ကို တစ်ခုလောက် ကူညီပေးလို့ရမလား "

သိုင်းသမား အဘိုးအိုက အပြုံးဖြင့် ဆိုလိုက်သည်။

စာစဉ်ပြီး၏

All Chapters