← Chapters

လျှို့ဝှက်အကြံအစည်

Vol. 11 Ch. 153

လျှို့ဝှက်အကြံအစည်

Vol. 11 Ch. 153

စွန်းရှို့၏ စကားကို ကြားသောအခါ လောရုံ အံ့အားသင့်သွားပြီး မေးလိုက်သည်။

" ဘယ်လိုဗျ ..လက်ရှိ ဧကရာဇ်က သူ့ရဲ့ တော်ဝင်မိသားစုကို သတ်လိုက်တယ် ..ဟုတ်လား "

ယင်ထျန်းလွေ့က ခေါင်းညိတ်၍ ဝင်ဖြေသည်။

" ညီလေးစွန်းပြောတာ အမှန်ပဲ ။ အခုလက်ရှိ ဧကရာဇ်က အင်မတန် ရက်စက်ပြီး သွေးဆာတဲ့ လူပဲကွ ။ သူသတ်ခဲ့တဲ့ လူအများစုက တော်ဝင်မိသားစုဝင်တွေပဲ "

" ဒါဆို ဘယ်သူကမှ သူ့ကို မခုခံကြဘူးလား "

လောရှောင်ရှောင်းက မေးလိုက်သည်။

စွန်းရှို့က အောင့်သက်သက်ပြုံး၍ ပြန်ဖြေ၏။

" ခုခံတဲ့သူတွေ ရှိတာပေါ့ဗျာ ။ ဒါပေမယ့် ကျုပ်တို့ ဧကရာဇ်က ထျန်းယွမ်အင်ပါယာတစ်ခုလုံးမှာ အစွမ်းအထက်ဆုံး လူတစ်ယောက်ပဲ။ ပြီးတော့ သူ့လက်အောက်မှာ အင်အားကြီးတဲ့ ထျန်းယွမ်တပ်ဖွဲ့လဲ ရှိနေတယ်လေ။ ဒီတပ်ဖွဲ့က အင်ပါယာထဲက ထိပ်တန်းအဆင့် ဘယ်အဖွဲ့ကိုမဆို ဖျက်ဆီးပစ်နိုင်တဲ့ အစွမ်း ရှိတယ်ဗျ။ ဒီ့ထက်ပိုဆိုးတာက မိုးကြိုးဂိုဏ်း  တို့ ၊ အပူအပင်မဲ့ မသေမျိုးနန်းတော် တို့လို ပထမတန်းအဆင့် အဖွဲ့တွေက သူ့ရဲ့ လက်ပါးစေ ဖြစ်နေတာပဲ ။ အဲ့တော့ သူ့ကို ဘယ်သူကမှ မခုခံရဲကြတော့ဘူးပေါ့ဗျာ "

ထို့နောက် စွန်းရှို့သည် ပြောလက်စကို ခနရပ်ကာ ချောင်း၍ ခိုးနားထောင်နေသူ ရှိမရှိ ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်၏။ ထို့နောက်မှသာ သူက တီးတိုးဆက်ပြောလိုက်သည်။

" ပြီးခဲ့တဲ့ နှစ်တွေက အင်ပါယာအတွင်းမှာ ဖြစ်သွားခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုတွေ ၊ တစ်မြို့လုံး ပျောက်သွားတဲ့ ယဇ်ပူဇော်မှုတွေက တကယ်တော့ ဧကရာဇ်ကြီးကိုယ်တိုင်ရဲ့ လက်ချက်ကြောင့်လို့တောင်  ကောလဟာလ ကြားထားသေးတယ် "

" ဒါ့ကြောင့်လဲ သူက အဲ့လို လူတွေအများကြီး တစ်ခါသေပြီးတိုင်း ဟန်ဆောင်ပန်ဆောင်ပဲ စုံစမ်းစစ်ဆေးပြပြီးတော့  ဘာမှ အရေးမယူဘဲ ဒီတိုင်း ထားထားတာတဲ့ "

" ဟင် .. "

လောရုံနှင့် လောရှောင်ရှောင်းတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် အံ့သြတုန်လှုပ်စွာ လှမ်းကြည့်လိုက်ကြသည်။

ထိုစဥ် စွန်းရှို့က အပြုံးဖြင့် လက်ယမ်းပြကာ ပြော၏။

" အဲ့ကိစ္စကို မေ့ထားလိုက်ပါဗျာ ။ အရင်က အဲ့လို ယဇ်ပူဇော်ခံခဲ့ကြရတဲ့ မြို့တွေမှာက တုကျဲ့အဆင့် ကျင့်ကြံသူတွေ တစ်ယောက်မှ မရှိဘူးဗျ။ အခု ကျုပ်တို့ ဟဲ့ဒုံမြို့မှာက တုကျဲ့အဆင့်ရှိတဲ့ အစွမ်းထက်ကျင့်ကြံသူတွေ အများကြီး ရှိတာဆိုတော့ တော်တော်လေး လုံခြုံပါတယ် "

" သခင်လေးလောထျန်း ၊ ညီလေး လောရုံ နဲ့ ညီမလေး ရှောင်ရှောင်း ၊ ကျုပ် တွက်ချက်ထားတဲ့အတိုင်းဆိုရင် ဆူမီတောင်ဖွင့်ဖို့က နောက် ၇ ရက်လောက် လိုသေးတယ်ဗျ။ ဒီကြားထဲမှာ ဒီမှာပဲ အေးအေးဆေးဆေး အနားယူကြပါ။ တစ်ခုခုလိုအပ်တာ ရှိရင်လဲ အစေခံတွေကို အားမနာတမ်း ပြောပါ။ ကဲ ..ဒါဆို ကျုပ်ကို အရင်သွားခွင့် ပြုပါဦး "

စွန်းရှို့က နှုတ်ဆက်စကား ပြောပြီးသည်နှင့် သူနှင့် ယင်ထျန်းလွေ့တို့ နှစ်ယောက်လုံး အိမ်တော်မှ ထွက်လာခဲ့လိုက်ကြသည်။

အပြင်သို့ ရောက်သောအခါ စွန်းရှို့က ယင်ထျန်းလွေ့ဘက် လှည့်ပြီး မေးလိုက်သည်။

" အကိုယင် ..ဒီ သခင်လေးလောထျန်းကို ဘယ်လိုထင်လဲဗျ "

ယင်ထျန်းလွေ့က သက်ပြင်းချ၍ ပြန်ပြော၏။

" အစွမ်းထက်လွန်းလို့ ငါတောင် နားမလည်နိုင်ပါဘူးကွာ "

လက်ရှိတွင် ကမ္ဘာကြီးအပေါ် မြင်သည့် သူ့အမြင်က ပြိုကွဲသွားတော့မည်ကဲ့သို့ ယင်ထျန်းလွေ့ ခံစားနေရသည်။

လောထျန်းသည် စန်းလန်ဂိုဏ်း၏ အကာအကွယ်အစီအမံကို လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်ခဲ့ရုံမက ထိုလက်သီးချက်ဖြင့်ပင် သူတို့ဂိုဏ်းချုပ်နှင့် အခြား အကြီးအကဲများစွာကိုပါ တစ်ပါတည်း သတ်ပစ်နိုင်ခဲ့သည် မဟုတ်ပါလား။

ထိုမျှမက .. ယနေ့တွင် သူသည် မြေကြီးထဲမှ စိတ်စွမ်းအင်သွေးကြောကိုပင် ခေါ်ယူခဲ့သေး၏။

၎င်းက လူသားတစ်ယောက်၏ လုပ်နိုင်စွမ်း ဟုတ်ပါသေးရဲ့လား။

" အကိုယင် ..အကိုသူ့ကို ပြန်ပြီးလက်တုန့်ပြန်ဖို့ ဆက်စဥ်းစားနေတာတော့ မဟုတ်ဘူးမလား "

ထိုစဥ် မိုရှက သူ့ကို စိုးရိမ်တကြီးကြည့်ကာ မေးလိုက်သည်။

ယင်ထျန်းလွေ့က သူ့ကို ဒေါသတကြီး ပြန်ရန်တွေ့၏။

" ငါ့ကို မှတ်ဉာဏ်မကောင်းတဲ့ အဘိုးကြီးတစ်ယောက်လို့ ထင်လို့လား ။ ဘယ်လိုလုပ် လက်တုန့်ပြန်မှာလဲကွ "

ထို့နောက် သူက ခနရပ်ကာ စကားဆက်သည်။

" တကယ်တော့ ငါ သူ့ကို အစောက ပြောခဲ့တာတွေက အမှန်တွေပဲ။ ပြီးတော့ စန်းလန်ဂိုဏ်းက ဖျက်ဆီးခံလိုက်ရပြီဆိုပေမယ့် သေသွားရတဲ့လူက နည်းနည်းပဲ ရှိတာ။ ငါ့ကို တစ်ကြိမ် သနားညှာတာပြီး လွှတ်ပေးခဲ့တဲ့သူကို ငါက ကျေးဇူးပြန်ကန်းမဲ့ ကိစ္စမျိုး မလုပ်ပါဘူးကွာ "

စွန်းရှို့မှာ ထိုအချိန်မှသာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချနိုင်သွား၏။ ယင်ထျန်းလွေ့က လောထျန်းအပေါ် လက်တုန့်ပြန်လိုစိတ် အလျဥ်းမရှိမှန်း သူ အထင်းသား မြင်နေရပေသည်။

" ကောင်းပါပြီဗျာ ၊ ဒါဆို သွားကြစို့လေ "

စွန်းရှို့က ပြော၏။

ထို့နောက် သူတို့နှစ်ဦးသား ထွက်ခွာသွားလိုက်ကြသည်။

ထိုအချိန်မှာပင် .. ထျန်းယွမ်အင်ပါယာ မြို့တော်အတွင်းရှိ ၊ တော်ဝင်နန်းတော်ထဲ၌ ...

ထျန်းယွမ်အင်ပါယာ၏ လက်ရှိ ဧကရာဇ်ကြီး လုချန်ကျိုး က ရေခဲ ခေါင်းတလားတစ်ခုကို ကြည့်ကာ ပြုံးနေသည်။

ထိုခေါင်းတလားအထဲတွင် ‌ေအးခဲနေသည့် လူတစ်ယောက် ရှိနေ၏။

သို့သော် ထိုလူမှာ အမည်းရောင်မြူမှုန်များဖြင့် ရစ်ပတ်ခြင်း ခံထားရသဖြင့် သူ့ရုပ်သွင်ကို သေချာ မမြင်နိုင်ပါချေ။ထိုလူမှာ အမျိုးသမီးတစ်ယောက် ဖြစ်ကြောင်းကိုပင် ပြောရန် ခက်ခဲပေသည်။

" အရှင်မင်းမြတ် "

လုချန်ကျိုး၏ နောက်မှ အသံတစ်သံ ထွက်လာ၏။

လုချန်ကျိုး၏ မျက်နှာပေါ်မှ အပြုံးက ချက်ချင်းပျောက်ကွယ်သွားကာ ပြောလိုက်သည်။

" ရခဲ့ပြီလား "

" ဟုတ်ကဲ့ ရခဲ့ပါပြီ အရှင်မင်းမြတ် "

သူ့နောက်မှ လူက ပြန်ဖြေသည်။

" ဒါဆို မြန်မြန်လုပ်လေ၊ဘာကို စောင့်နေတာလဲ "

လုချန်ကျိုးက ပြောလိုက်၏။

သူ့နောက်မှ လူက အင်္ကျီလက်ထဲမှ အမည်းရောင် အလင်းလုံးတစ်ခုကို ထုတ်ကာ ရေခဲခေါင်းတလားဆီသို့ ပစ်လိုက်သည်။

အမည်းရောင် အလင်းလုံးအတွင်းမှ အဆုံးမဲ့သော ငိုကြွေးသံများနှင့် ကြိမ်ဆဲသံများ ရုတ်ချည်း ထွက်ပေါ်လာ၏။

သို့သော် .. ခဏအကြာတွင်မူ ရေခဲခေါင်းတလားထဲမှ အမည်းရောင်လေထုက အလင်းလုံးအား မြန်မြန်ရစ်ပတ်လာကာ ဝါးမြိုလိုက်လိုက်တော့သည်။

ငိုကြွေးသံများ ချက်ချင်း ရပ်သွား၏။

ရေခဲခေါင်းတလားအတွင်းမှ အမည်းရောင် မြူမှုန်များက ပိုပို၍ သိပ်သည်းလာသည်။

လုချန်ကျိုးကမူ ထိုမြင်ကွင်းအား အသားကျနေဟန်ဖြင့် မတုန်မလှုပ် ကြည့်နေသည်။

" သခင်ကြီးပြောသလို .. ဒီဟာက တကယ်အောင်မြင်နိုင်ပါ့မလား "

လုချန်ကျိုးက အနည်းငယ် စိတ်ရှုပ်နေဟန်ဖြင့် မေးလိုက်သည်။

သူ့နောက်မှလူက ပြန်ပြော၏။

" အရှင်မင်းမြတ် .. စိတ်ပမူပါနဲ့ဗျာ ။ ကျုပ် ဒီဟာကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ကို တွက်ချက်ပြီးပြီဗျ ။ ဒီဟာက သေချာပေါက် အလုပ်ဖြစ်လိမ့်မယ် "

လုချန်ကျိုး သက်ပြင်းချလိုက်သည်။

" ကျုပ်က ပြစ်မှုကြီးတဲ့ လူသတ်မှုတွေကို ကျူးလွန်ထားပြီးမှ နောင်ဆုံးမှာ.. ကြိုးစားသမျှ အရာမထင် ဖြစ်သွားမှာ စိုးရိမ်လို့ပါ "

သူ့နောက်မှ လူက ပြော၏။

" စိတ်သာချထားပါ အရှင်မင်းမြတ် ။ အစီအစဥ်အတိုင်းဆိုရင် ကျုပ်တို့တွေ ဆုမီတောင်မှာ နောက်ဆုံး ယဇ်ပူဇော်လိုက်ဖို့ပဲ လိုတော့တယ်။ အဲ့ကျရင် အားလုံး ပြီးသွားမှာပါ "

ထိုစကားကို ကြားသောအခါ လုချန်ကျိုး၏ မျက်နှာထား ပြန်တင်းသွားသည်။ ထို့နောက် သူက ရေခဲခေါင်းတလားအား လက်ဖြင့် ငြင်ငြင်သာသာ ပွတ်သပ်ကာ ပြော၏။

" ကောင်းပါပြီ ၊ ဒါ သတင်းကောင်းပဲ "

" ဒါဆို ကျုပ်ကို သွားခွင့်ပြုပါဦး အရှင်မင်းမြတ် "

သူ့နောက်မှ လူက ပြောလိုက်သည်။

ဤတစ်ကြိမ်တွင်မူ လုချန်ကျိုးက မည်သို့မှ ပြန်မဖြေတော့ချေ။

မကြာမီအချိန်တွင် သူ့နောက်မှ အသံပိုင်ရှင်က နောက်ဆုတ်သွားပြီး လျှို့ဝှက်အခန်း အပြင်ဘက်သို့ ထွက်သွားသည်။

အပြင်သို့ ရောက်သောအခါ သူ့အပေါ်သို့ နေရောင်ခြည် ဖြာကျလာ၏။ သို့သော် .. ထိုနေရောင်က သူဝတ်ထားသည့် အမည်းရောင်ဝတ်ရုံကို မထိုးဖောက်နိုင်ပေ။

ထိုလူက ခေါင်းတဖြည်းဖြည်း မော့လိုက်သည်။ သွေးကဲ့သိူ့ နီရဲနေသော မျက်လုံးများက အမည်းရောင်ဝတ်ရုံအောက်တွင် မထင်မရှား ပေါ်လာ၏။

" ဟမ့် .. ဒီတစ်ကြိမ်တော့ ငါတို့တွေ နေရာချင်း ပြောင်းပြန်ဖြစ်သွားပြီပေါ့ လောထျန်းရာ။ မင်းက ငါ့အစီအစဥ်တွေကို ထပ်ခါထပ်ခါ ဖျက်ဆီးခဲ့တာ။ ဒီတစ်ခါတော့ မင်း သေရပြီပေါ့ "

သူက ထိုသို့ပြောပြီးနောက် အမည်းရောင် မြူမှုန်များအဖြစ် ပြောင်းသွားကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။

.....

" ဟတ် ချိုး ... "

ဟဲ့ဒုံမြို့ထဲတွင် ပျင်းရိနေသော လောထျန်းတစ်ယောက် နှာချေလိုက်သည်။

" အင် ..အကိုထျန်း ..အအေးမိထားလို့လား "

သိုင်းပညာ ကျင့်ကြံနေသည့် လောရှောင်ရှောင်းက လောထျန်းအား စိုးရိမ်တကြီး လှည့်ကြည့်လာကာ မေး၏။

သို့သော် ..လောထျန်းက ပြန်မဖြေနိုင်ခင်မှာပင် လောရုံက အထွန့်တက်လိုက်သည်။

" ရှောင်ရှောင်း .. မင်း နောက်နေတာလား။ အကိုထျန်းရဲ့ အစွမ်းနဲ့ ဘယ်လိုလုပ် အအေးမိမှာလဲကွ "

လောရှောင်ရှောင်းမှာ ထိုအချိန်မှသာ ပြုံးပြီး ပြောလိုက်သည်။

" ဟုတ်သားပဲ ... "

ထို့နောက် လောရုံက လောထျန်းဘက် လှည့်ကြည့်ကာ မေး၏။

" ဒါနဲ့ .. အကိုထျန်း ၊ အကိုက မကျင့်ကြံဘူးလား "

လောထျန်းက သူ့ကို မျက်စောင်းထိုးကြည့်ကာ ပြန်ပြောလိုက်သည်။

" ငါက ကျင့်စဥ်တွေအားလုံးကို  ကန့်သတ်ချက် ရောက်သွားတဲ့အထိ ကျင့်ကြံပြီးပြီကွ။ ဆက်ပြီးကျင့်ကြံနေလဲ မထူးတော့ဘူး "

" ဟင် .. "

လောရုံ၏ မျက်နှာတွင် မနာလို အားကျမှုများဖြင့် ပြည့်သွား၏။ သူ လောထျန်းကို အမြင်လည်း အနည်းငယ်ကတ်သွားသည်။

လောရုံသည် ပါရမီထူးချွန်သူ တစ်ယောက်ဖြစ်ပြီး သူ့လက်ရှိအစွမ်းကပင် အလွန်အစွမ်းထက်နေပြီဖြစ်သည်။

သို့သော် လောထျန်းနှင့် ယှဥ်လိုက်လျှင်မူ သူ့အစွမ်းက ပမွှားမျှသာ ရှိသေးပေသည်။

လောရုံသည် ယခုချိန်ထိတိုင် လောထျန်းပေးထားသည့် ‌ေကာင်းကင်ဘုံ ခန္ဒာကိုယ်သန့်စင်ခြင်းကျင့်စဥ်ထဲမှ သိုင်းကွက် ၆ ကွက်ကိုသာ လေ့ကျင့်နိုင်သေး၏။

သို့သော် .. လောထျန်းကမူ ကြီးကျယ်သော အောင်မြင်မှုကို ရနေခဲ့လေပြီ။

သူတို့နှစ်ယောက်သည် တူညီသော သိုင်းပညာရပ် တစ်ခုတည်းကို လေ့ကျင့်နေကြသည့်တိုင် သူတို့ကြားမှ ကွာဟချက်က ကြီးမားလှသည်ကို မြင်နိုင်ပါသည်။

" ဟင်း..ပျင်းစရာကောင်းလိုက်တာကွာ ။ မင်းတို့ ၂ ယောက်က ကျင့်ကြံပြီး နေခဲ့ကြဦး။ ငါ ခြံထဲ လမ်းဆင်းလျှောက်လိုက်ဦးမယ် "

လောထျန်းက ထိုသို့ပြောလိုက်ပြီး သူ့ညီ၊ညီမ နှစ်ယောက်ကို ချန်ထားကာ တစ်ယောက်တည်း ထွက်လာခဲ့လိုက်သည်။

လောထျန်းသည် တစ်ယောက်တည်း လျှောက်လာရင်း စာကြည့်တိုက်ရှေ့သို့ မမျှော်လင့်ဘဲ ရောက်လာ၏။

" ဟင် .. စာကြည့်တိုက်ပဲ။ စွန်းရှို့ပြောတာတော့ အထဲမှာ သိုင်းပညာရပ်တွေရော အစီအမံပညာရပ်တွေရော အများကြီးရှိတယ်တဲ့။ သိုင်းပညာကျင့်စဥ်တွေက ငါ့အတွက် အသုံးမဝင်ပေမယ့် အစီအမံတွေကိုတော့ တစ်ချက်ကြည့်လိုက်မယ် "

" ဆုမီတောင် ဖွင့်ဖို့ကလဲ ၇ ရက်တောင် လိုသေးတာဆိုတော့ ငါလဲ အားနေတာပဲ ။ အဲ့တော့ စာအုပ်ဖတ်ရင်းပဲ အချိန်ဖြုန်းကြတာပေါ့ "

လောထျန်းသည် ထိုသို့တွေးကာ စာကြည့်တိုက်ထဲသို့ ဝင်ပြီး အစီအမံပညာရပ်နှင့် ဆိုင်သည့် စာအုပ်များ သိမ်းထားသော အထပ်သို့ သွားလိုက်သည်။

" အစီအမံပညာရပ်နှင့် မိတ်ဆက်ခြင်း .. တဲ့ ။ အင်း ဒီစာအုပ်နဲ့ စလိုက်ကြတာပေါ့ "

လောထျန်း တွေးလိုက်ပြီး ပထမစာအုပ်ကို ဖွင့်လိုက်သည်။

တစ်နာရီခန့် ကြာပြီးနောက်တွင်မူ ...

" ဟ .. စိတ်ဝိဥာဥ်အစွမ်းတွေ အများကြီးရှိထားတာ မကောင်းပါလား။ ငါ စာအုပ်ပေါင်း တစ်သောင်းကျော်လောက်ကို ခနလေးနဲ့ ဖတ်လို့ ပြီးသွားတာပဲ "

လောထျန်းက မျက်နှာကြီး ရှုံ့မဲ့ကာ ပြောလိုက်သည်။

သူ၏ အစွမ်းထက်သော စိတ်ဝိဥာဥ်အစွမ်းကြောင့် စာအုပ်တစ်အုပ်ကို အနည်းငယ် လှန်လှောလိုက်ရုံဖြင့်ပင် စာအုပ်ထဲတွင် ပါဝင်သည့် အကြောင်းအရာများ အားလုံးကို သူ သိသွားခဲ့ရ၏။

" အင်း .. ဒါဆို အစီအမံတွေ အပျော်စမ်းလုပ်ကြည့်မယ်ကွာ "

သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

All Chapters