အပြတ်အသတ် အနိုင်ယူခြင်း
Vol. 11 Ch. 151
စားသောက်ဆိုင် ခန်းမတစ်ခုလုံး အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်သွားသည်။
ခြေထောက်ကြားထဲမှ အရည်များ ကျသံတချို့သာ တစ်ခါတရံ ထွက်ပေါ်လာ၏။
သခင်ကြီးယွမ်မှာ တုကျဲ့အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပါသည်။
ထျန်းဟွမ်အင်ပါယာတွင်ပင် ထိုသို့သော လူကို အစွမ်းထက်သူအဖြစ် သတ်မှတ်ကာ အများက လေးစားကြောက်ရွံ့ကြရသည်ချည်း ဖြစ်သည်။
သို့သော် .. သူက လောထျန်းရှေ့တွင် တစ်ချက်တည်းဖြင့် အသေ ရိုက်သတ်ခံခဲ့ရသည်လား ။
ထိုမြင်ကွင်းကို မျက်မြင် ကြုံတွေ့ခဲ့ရသည့် မည်သူက မကြောက်ဘဲ နေနိုင်ပါမည်နည်း။
လောထျန်းသည် သခင်ကြီးယွမ်ကို အသေရိုက်သတ်ပြီးနောက် မျက်မှောင်ကြုံ့လိုက်၏။
ထို့နောက် သူက လက်တစ်ဖက်မြှောက်၍ လက်သီးဆုပ်လိုက်ရာ သူ့လက်ချောင်းထိပ်များမှ စွမ်းအင်အလင်းတန်းများ ထွက်လာပြီး အရပ်မျက်နှာ အနှံ့သို့ ထွက်သွားကြသည်။
မကြာမီတွင်မူ .. ခန်းမအတွင်း နေရာအနှံ့မှ အော်သံများ ထွက်လာတော့၏။ လောထျန်း၏ စွမ်းအင်အလင်းတန်းများက ခန်းမတွင်း ရှိနေကြသည့် အဘိုးအို ၇ ယောက်အား ဖမ်းဆုပ်ထားလိုက်ကြသည်။
ထိုအဘိုးအို ၇ ယောက်ကို မြင်လိုက်ရသည်နှင့် အခန်းတွင်း ရှိနေသည့် လူများထံမှ တအံ့တသြ ရေရွတ်သံများ ထွက်လာကြ၏။
" မြို့စားကြီး .. "
" သခင်ကြီး .. "
" ဘိုးဘေး .. "
ထိုလူများ အားလုံးမှာ တုကျဲ့အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်များပင် ။
သို့သော် .. ထိုအစွမ်းထက် ကျင့်ကြံသူများက လောထျန်း၏ စွမ်းအင်အလင်းတန်းအောက်တွင် အဖမ်းခံခဲ့ကြရလေပြီ ။
အဘိုးအို ၇ ယောက်မှာလည်း ထိုအချ်န်တွင် အလွန်ကြောက်လန့် တုန်လှုပ်နေကြ၏။
သူတို့သည် ဆုမီတောင်သို့ ဝင်ရန် ဟဲ့ဒုံမြို့သို့ လာခဲ့ကြခြင်းဖြစ်ပြီး ...
ယနေ့စားသောက်ပွဲကိုလည်း လူငယ်အချင်းချင်းကြား ယှဥ်ပြိုင်မှုကို ကြည့်ပြီး ပျော်ရန် လာခဲ့ကြခြင်းဖြစ်ပါသည်။
သို့သော် .. မထင်မှတ်ထားဘဲ သူတို့က ပြဿနာ၏ အရင်းအမြစ် ဖြစ်လာခဲ့ရလေပြီ ။
" သိုင်းသမားလေး ၊ ကျုပ်က ထျန်းလန်နိုင်ငံက မဟုတ်ပါဘူး "
အဘိုးအိုတစ်ယောက်က ဦးစွာ အော်ပြောလိုက်သည်။
လောထျန်းက သူ့ကို တစ်ချက်ကြည့်ကာ အသာတကြည်ပင် အောက်သို့ ပြန်ချပေးလိုက်သည်။အဘိုးအိုမှာ ထိုအချိန်မှသာ အသက်ဘေးမှ ကင်းလွတ်ခွင့် ရလိုက်သလို ခံစားလိုက်ရ၏။
အခြားသူအချို့ကလဲ ပြောကာ သူတို့၏ အထောက်အထား အမှန်များများကို ပြောပြလိုက်ကြသည်။ ထိုအဘိုးအို ၇ ယောက်ထဲမှ တစ်ဝက်ကျော်မှာ ထျန်းယွမ်အင်ပါယာမှ လူများဖြစ်သဖြင့် လောထျန်းက သူတို့အား သွားခွင့်ပေးလိုက်၏။
နောက်ဆုံး မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်သာ မျက်နှာ ဖြူဖျော့လျက် ကျန်နေခဲ့သည်။
" သိုင်းသမားလေး ၊ ကျုပ် ထျန်းလန်နိုင်ငံကဆိုတာ မှန်ပေမယ့် မူမိသားစုနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူးကွာ။ ကျုပ် နဲ့ .. မူမိသားစုက ရန်သူတွေပါ "
အဘိုးအိုက ကြောက်ကြောက်လန့်လန့် ပြောလိုက်သည်။
လောထျန်းက သူ့အား မည်သို့မှ ပြန်မပြောဘဲ သေချာ စိုက်ကြည့်နေ၏။
အဘိုးအိုမှာ လောထျန်း၏အကြည့်ကြောင့် ပြိုလဲကျလုမတတ်ပင် ဖြစ်သွားသည်။
လောထျန်းက အချိန်အတန်ကြာ ငြိမ်သက်နေပြီးနောက်မှ အေးစက်စက် ပြောလိုက်သည်။
" ခင်ဗျားကို ကျုပ် ပြောလိုက်မယ် ။ ဒီနှစ်မှာ ထျန်းလန်နိုင်ငံက ဘယ်သူကမှ ဆုမီတောင်ကို ဝင်ခွင့်မရှိဘူး။ ဒါကိုမှ ဂရုမစိုက်ဘဲ ဝင်လို့ကတော့ ကျုပ်က အားလုံးကို အသေသတ်ပစ်မှာ။ ဒီတစ်ခါတော့ ကျုပ် ခင်ဗျားကို လွှတ်ပေးလိုက်မယ်။ ဒါပေမယ့် .. ဆုမီတောင်မှာ ထပ်တွေ့လို့ကတော့ ကျုပ်က ရက်စက်ပါတယ်ဆိုပြီး အပြစ်မတင်နဲ့ "
လောထျန်းက ထိုသို့ပြောပြီးနောက် လက်အသာယမ်း၍ အဘိုးအိုအား ကြမ်းပေါ် ပစ်ချလိုက်သည်။
" ကောင်းပါပြီ ၊ ကျုပ် သေချာမှတ်ထားပါ့မယ် "
အဘိုးအိုက ပြောပြီးသည်နှင့် ချက်ချင်း နောက်လှည့်ကာ အပြင်သို့ ပြေးထွက်ပြီး အလင်းတန်းတစ်ခုအတွင်း ဝင်ရောက်ပျောက်ကွယ်သွားတော့၏။
" ကျုပ်တို့လဲ ထွက်သွားပါ့မယ် "
ကျန်အဘိုးအိုများကလည်း ဦးညွှတ်အရိုအသေကော အလျှိုလျှို ထွက်သွားလိုက်ကြသည်။
လူသတ်နတ်ဘုရားတစ်ဦး၏ ရှေ့တွင် သူတို့ တစ်စက္ကန့်မျှပင် ထပ်မနေချင်ပါချေ။
ထိုအဘိုးအိုများ ထွက်သွားပြီးသည်နှင့် ခန်းမအတွင်း ရှိနေကြသည့် လူငယ်အများစုလည်း ထွက်ခွာသွားကြ၏။
ဤသို့ဖြင့် မကြာမီအချိန်တွင် ခန်းမအတွင်း၌ ထျန်းရှန့်သိုင်းပြိုင်ပွဲမှ လူများနှင့် စွန်းရှို့တို့ လူအုပ်သာ ကျန်နေခဲ့တော့သည်။
" သခင်ကြီး လောထျန်း "
အားလုံးပင် လောထျန်းကို ကြည့်ကာ ဦးညွှတ်အရိုအသေ ပေးလိုက်ကြသည်။
အစောက လောထျန်း လုပ်သွားသည့်အကွက်မှာ အလွန်ကြောက်စရာ ကောင်းလှသည့်အတွက် သူတို့အားလုံး တုန်လှုပ်သွားခဲ့ကြရ၏။
ထို့ကြောင့် သူတို့က လောထျန်းအား 'သခင်ကြီး' ဟု ခေါ်ကာ လူကြီးသဖွယ် ဆက်ဆံလိုက်ကြခြင်း ဖြစ်သည်။
လောထျန်းက အားလုံးကို ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်၏။
ထို့နောက်တွင်မူ ခန်းမထဲမှ လူများအားလုံးပင် နောက်ဆုတ်ကာ အပြင်သို့ အလျှိုလျှိူ ထွက်သွားလိုက်ကြသည်။
ခန်းမအပြင်ဘက်ရှိ ..ယွိဝမ်ရှို့၏ မျက်နှာတွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ခု ရှိနေ၏။
" အကို ယွိဝမ် ၊ဘာဖြစ်လို့လဲ ဗျ "
လူတစ်ယောက်က မေးလိုက်သည်။
ယွိဝမ်ရှို့က သက်ပြင်းချကာ ပြန်ပြော၏။
" ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ တုန်းက ငါ လောထျန်းရဲ့အပြတ်အသတ် အနိုင်ယူတာကို ခံခဲ့ရတယ်ကွ ။ ဒါပေမယ့် ငါက အစောကအထိကို ဒီအရှုံးကို သိပ်လက်မခံနိုင်ဘူး ဖြစ်နေတာ။ ငါ သေချာကြိုးစားကျင့်ကြံပြီးသွားရင် ငါ့အရှုံးအတွက် လောထျန်းကို ပြန်ပြီး လက်တုန့်ပြန်မယ်ဆိုပြီးတော့ပဲ တွေးထားခဲ့တာကွ။ ဒါပေမယ့် ငါ့စိတ်ကူးက ဘယ်လောက် တုံးမှန်း ခုမှပဲ သိလိုက်ရတော့တယ် "
လောထျန်းမှာ အစွန်းထက်လွန်းလှသည့် ဘီလူးတစ်ကောင် ဖြစ်နေလေပြီ။
သူ့ယခင် အရှုံးအတွက် လက်တုန့်ပြန်မည်တဲ့လား ...
၎င်းက အိမ်မက်ထဲတွင်သာ ဖြစ်နိုင်ပေလိမ့်မည်။
ထိုအခြင်းအရာကို မြင်ရသည့် သူ့ဘေးမှ လူများမှာ မည်သို့ ပြော၍ နှစ်သိမ့်ပေးရမည်မှန်း မသိဘဲ သူ့ပုခုံးကိုသာ အသာအယာ ပုတ်လိုက်ကြသည်။
ထိုစဥ် ..ခန်းမထဲတွင် ရှိနေသည့် လောထျန်းသည် သူ့စားလက်စ စားပွဲကို ကြည့်ကာ ဆက်စားရန် ပျင်းသွား၏။
မည်သူမဆို စားနေစဥ်တွင် တစ်ဝက်တပျက် ရပ်လိုက်ပါက ဆက်စားရန် သိပ်စိတ်မပါတော့ဘဲ ဖြစ်သွားတတ်ကြသည် မဟုတ်ပါလား။
ထို့နောက် သူက နောက်လှည့်၍ စွန်းရှို့နှင့် ယင်ထျန်းလွေ့တို့ကို ကြည့်ကာ ပြောလိုက်သည်။
" ကျုပ် ညီမလေးကို ကာကွယ်ပေးခဲ့တဲ့အတွက် ခင်ဗျားတို့နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ် "
အစောက ဦးလေးမူကျိုးက လောရှောင်ရှောင်အား တိုက်ခိုက်ရန် ပြင်နေစဥ်တွင် သူတို့နှစ်ယောက်လုံး ရှေ့ထွက်လာကာ တားခဲ့ကြပေသည်။
လောထျန်း ထိုအခြင်းအရာကို မြင်တွေ့ခဲ့ရ၏။
" ကျေးဇူးတင်ဖို့ မလိုပါဘူး သခင်ကြီးရယ် ။ ဒါ ကျုပ်တို့လို အငယ်တွေ လုပ်ရမယ့် တာဝန်ပါ "
စွန်းရှို့သည် လောထျန်းက ယဥ်ယဥ်ကျေးကျေးဖြင့် လေးလေးစားစား ပြောလာသည့်အတွက် လန့်သွားပြီး ခပ်မြန်မြန် ဦးညွှတ်အရိုအသေပေးကာ ပြောလိုက်သည်။
လောထျန်းက သူ့ကို မျက်လုံးပင့်ကြည့်ကာ မေးလိုက်၏။
" ခင်ဗျားက အသက်ဘယ်လောက် ရှိပြီလဲ "
စွန်းရှို့မှာ ခေတ္တမျှ အံ့သြမှင်သက်နေပြီးမှ ပြန်ဖြေသည်။
" ၂၅ နှစ်ပါ "
လောထျန်း မျက်မှောင်ကြုံ့သွားပြီး ပြန်ပြော၏။
" ဒါဆို ကျုပ်ထက် အသက်ပိုကြီးတာပဲ။ ကျုပ်ကို သခင်ကြီးလို့ မခေါ်ပါနဲ့ "
" ဘယ်လို .. ကျုပ်က .. "
စွန်းရှို့တစ်ယောက် စကားမပြောနိုင်ပဲ မှင်သက်ဆွံ့အသွားရသည်။
လောထျန်းက သူ့ထက် အသက်ပိုငယ်သည်တဲ့လား ။
သို့သော် .. လောထျန်းက မည်သည့်အတွက် ယခုကဲ့သို့ အစွမ်းထက်နေရပါသနည်း။
သူ ကြောင်နေစဥ်မှာပင် လောထျန်းက ယင်ထျန်းလွေ့ဘက် လှည့်ကြည့်လိုက်သည်။
ထိုအချိန်တွင် ယင်ထျန်းလွေ့မှာ တစ်ကိုယ်လုံး တုန်နေဆဲဖြစ်၏။
" ဟင် .. ခင်ဗျား ဘာဖြစ်သွားတာလဲ ။ ဒဏ်ရာ ရထားလို့လား "
လောထျန်းက မေးလိုက်သည် ။
ယင်ထျန်းလွေ့က တုန်တုန်ယင်ယင် ပြန်ဖြေ၏။
"အခု မဟုတ် ...အစောက ... "
သူသည် သခင်ကြီး ဟု ခေါ်ရန်ပြင်လိုက်သေးသော်လည်း အစောက လောထျန်း ပြောသည်ကို အမှတ်ရသွားကာ ထိုစကားလုံးကို အမြန်မြိုချလိုက်ရ၏။
" သခင်လေး .. ကျုပ် .. ကျုပ်က စန်းလန်ဂိုဏ်းကပါ "
လောထျန်းရှေ့တွင် ထိုအကြောင်းအရာများကို ဖုံးကွယ်ထား၍လည်း ဘာမှ ထူးမည်မဟုတ်ဟု ယင်ထျန်းလွေ့ တွေးလိုက်သည်။
နောင် အနာဂါတ်တွင် ဖြစ်လာနိုင်သည့် ပြဿနာများကို ရှောင်ရှားရန် ယခုကတည်းက ရှင်းရှင်းလင်းလင်း ပြောထားဖို့ လိုပေသည်။
လောထျန်းက ချက်ချင်း အမှတ်ရသွားဟန်ဖြင့် ပြော၏။
" အော် .. ဒါ့ကြောင့်ကိုး ။ စန်းလန်ဂိုဏ်းကပဲ .. ။ ဆိုတော့ .. အခု လက်တုန်န့်ပြန်ချင်လို့လား "
ထိုစကားတစ်ခွန်းတည်းဖြင့် ယင်ထျန်းလွေ့တစ်ယောက် ယိုင်ပင် ယိုင်သွားသည်။
" မဟုတ်ပါဘူးဗျာ ၊ မဟုတ်ပါဘူး ။ တကယ်တော့ ကျုပ် ငယ်ငယ်ကတည်းက စန်းလန်ဂိုဏ်းက ကျုပ်ကို ဖမ်းခေါ်သွားပြီး တောင်ပေါ်မှာ ထားထားခဲ့တာပါ။ ကျုပ်က စန်းလန်ဂိုဏ်းရဲ့ တပည့်တစ်ယောက် ဆိုပေမယ့် ဂိုဏ်းနဲ့ အဲ့လောက် မရင်းနှီးပါဘူး။ ပြီးတော့ သခင်လေးနဲ့ စန်းလန်ဂိုဏ်းကြားမှာ ရှိထားတဲ့ ရန်ငြိုးတွေကိုလဲ ကျုပ် သိထားပြီးသားပါ။ စန်းလန်ဂိုဏ်းက ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကသာ လောဘတက်ပြီး ပြဿနာကို သူတို့ကိုယ်တိုင် မီးထွန်းရှာခဲ့ကြတာ။ သခင်လေးရဲ့အပြစ် မဟုတ်ပါဘူး "
ယင်ထျန်းလွေ့က မြန်မြန်ရှင်းပြကာ သူ့ကိုယ်သူ စန်းလန်ဂိုဏ်းနှင့် ဝေးနိုင်သမျှ ဝေးဝေး ထားလိုက်သည်။
လောထျန်းကမူ သူ့စကား မှန်သည် မှားသည်ကို သိပ်ဂရုမစိုက်လှချေ။ သူက မည်သည့်မေးခွန်းမှ ထပ်မေး မနေဘဲ အေးအေးဆေးဆေးသာ ဆက်နေလိုက်၏။
ထို့နောက် သူက လောရုံနှင့် လောရှောင်ရှောင်တို့ဘက် လှည့်ကြည့်ကာ ပြောလိုက်သည်။
" မင်းတို့နှစ်ယောက် စားလို့ ဝပြီလား ။ ဝပြီဆို သွားကြမယ်လေ။ အရင်ဆုံး နားဖို့ နေရာတစ်ခု ရှာပြီးမှ ဆုမီတောင် ဖွင့်တာကို စောင့်ကြတာပေါ့ "
ထိုစကားကို ကြားသောအခါ စွန်းရှို့၏ မျက်လုံးများ အရောင်လက်သွားပြီး ပြော၏။
" သခင်လေးတို့ အခုထိ နေစရာ မရှာရသေးဘူး မဟုတ်လား "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
စွန်းရှို့က ခပ်မြန်မြန်ပင် စကားဆက်၏။
" ကျုပ်တို့ မိသားစုမှာ ဘယ်သူမှ မနေတဲ့ အိမ်တစ်လုံး ရှိတယ်ဗျ ။ သခင်လေးတို့ သုံးယောက် အဲ့မှာ စိတ်ကြိုက်နေလို့ရတယ်။ အဲ့နေရာက ဟဲ့ဒုံတစ်မြို့လုံးက နေရာတွေအားလုံးထက် ပိုသာတယ်ဆိုတာ ကျုပ် ပြောရဲတယ်ဗျာ "
လောထျန်းက သူ့ကို ကြည့်ကာ အားနာဟန်ဖြင့် ဆိုသည်။
" ဒါ .. နည်းနည်း အနှောင့်ယှက် ပေးရာများ ကျသွားမလား။ ကျုပ်က ခင်ဗျားတို့ရဲ့ အစားအသောက်ကို အများကြီးစားထားတာ။ အခု အိမ်မှာလဲ ဆက်နေမှာဆိုတော့ .. "
စွန်းရှို့က အပြုံးဖြင့် ပြန်ပြောလိုက်သည်။
" အဲ့ဒါကို စိတ်မပူပါနဲ့ဗျာ။ သခင်လေးတို့ လာနေရင် ကျုပ်အတွက်ရော ၊ ကျုပ်တို့ စွန်းမိသားစုအတွက်ပါ ဂုဏ်ယူစရာတောင် ဖြစ်သွားဦးမှာ "
လောထျန်းက ခေတ္တမျှ စဥ်းစားနေပြီးနောက်မှသာ ပြန်ပြော ၏။
" ကောင်းပါပြီ ၊ အနှောင့်အယှက် ဖြစ်သွားရင်လဲ စိတ်မရှိပါနဲ့ဗျာ "
သူလိုချင်သည့် အဖြေကို ကြားလိုက်ရသဖြင့် စွန်းရှို့တစ်ယောက် အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားတော့သည်။
သူ လောထျန်းနှင့်သာ မိတ်ဆွေဖွဲ့ထားနိုင်ပါက အကျိုးအမြတ် များစွာ ရသွားနိုင်ပေသည်။
မကြာမီမှာပင် .. စွန်းရှို့၏ ဦးဆောင် လမ်းပြမှုဖြင့် လောထျန်းတို့လူစုမှာ ဟဲ့ဒုံမြို့လယ်ခေါင်ရှိ ကြီးကျယ်ခမ်းနားသော အဖိုးတန် အိမ်ကြီးတစ်လုံးဆီသို့ ရောက်သွားကြသည်။
" အားလုံး .. ကျေးဇူးပြုပြီး ဝင်ကြပါ "
စွန်းရှို့သည် သူ့မိသားအပိုင် အိမ်သို့ ရောက်သွားသည့်အတွက် မိမိကိုယ်ကို ယုံကြည်မှု အပြည့် ရှိနေ၏။
ဤအိမ်ကြီးကို သူတို့ စွန်းမိသားစုက များစွာ အကုန်အကျခံ၍ ဆောက်လုပ်ထားခဲ့ခြင်း ဖြစ်ပါသည်။
အိမ်ထဲမှ စိတ်စွမ်းအင်များကို စုစည်းနိုင်သည့် စိတ်စွမ်းအင် စုဆောင်းခြင်း အစီအမံ တစ်ခုတည်းအတွက်ပင် သူတို့ များစွာ ငွေကြေးအကုန်အကျ ခံခဲ့ရ၏။
သို့ဖြစ်ရာ လောထျန်းနှင့် သူ့လူများက အိမ်ထဲသို့ ဝင်သည်နှင့် ကျေနပ်သွားကြလိမ့်မည်ဟုသာ သူ တွေးထားခဲ့သည်။
သူသည် ဤအခွင့်အရေးကို အသုံးချပြီး ပိုင်ဆိုင်မှုကို ချပြကာ လောထျန်းတို့လူစုအား စိတ်ကျေနပ်မှုရအောင် လုပ်ပေးမည်ဟုလည်း တွေးထားသေး၏။
သို့သော် ... တံခါးဖွင့်လိုက်သည်နှင့် လောရှောင်ရှောင်းက မျက်မှောင်ကြံု့လိုက်သည်။
" စိတ်စွမ်းအင်က တော်တော်နည်းတာပဲ "
သူမက ဆိုလိုက်သည်။
ထိုစကားတစ်ခွန်းတည်းဖြင့်ပင် စွန်းရှို့နှင့် ယင်ထျန်းလွေ့တို့ နှစ်ယာက်လုံး ကြက်သေ သေသွားကြ၏။
စိတ်စွမ်းအင် နည်းသည် တဲ့လား ...
အမှန်တွင်မူ ..ဤခြံဝင်းထဲရှိ စိတ်စွမ်းအင် စုစည်းမှုမှာ အခြားသာမာန် ကျင့်ကြံခြင်းအခန်းများထက်ပင် ပို၍ သိပ်သည်းပါသေးသည်။
ယခု သူမက စိတ်စွမ်းအင် နည်းသည်ဟု အမှန်တကယ် ဆိုလိုက်သည်လား။
ထိုအချိန်တွင် လောရုံက ပြောလာ၏။
" ရှောင်ရှောင်း ..အပြင်မှာကတော့ အိမ်မှာလို ဘယ်ဟုတ်မလဲကွာ ။ ဒီက စိတ်စွမ်းအင်က အိမ်မှာထက် နည်းတယ်ဆိုပေမယ့် ဒီလိုပဲ အဆင်ပြေအောင် နေရမှာပေါ့ "