ဆုမီတောင်အကြောင်း
Vol. 11 Ch. 152
" စိတ်စွမ်းအင်က နည်းတယ် ... "
စွန်းရရှို့မှာ ရင်ဝကို ဓားနှင့် ထပ်ခါထပ်ခါ အထိုးခံရသကဲ့သို့ပင် ခံစားလိုက်ရသည်။
ထိုစဥ် လောထျန်းကလည်း ဘေးဘီဝဲယာသို့ ဝေ့ဝဲကြည့်ကာ ပြော၏။
" အင်း .. တကယ်လဲ ဒီက စိတ်စွမ်းအင်က မင်းတို့ နှစ်ယောက်ရဲ့ ကျင့်ကြံခြင်းအတွက် သိပ်အကျိုးရှိမှာ မဟုတ်ဘူး "
" အကျိုးရှိမှာ မဟုတ်ဘူး ... "
စွန်းရှို့မှာ တစ်ကိုယ်လုံးကို ဓားနှင့် အထိုးခံထားရသကဲ့သို့ပင် ခံစားလိုက်ရတော့သည်။
လောထျန်းက စကားဆက်၏။
" ဒါပေမယ့် ဒါက လွယ်ပါတယ်။ ကမ္ဘာမြေကြီးထဲက စိတ်စွမ်းအင်သွေးကြောကို ရှာလိုက်ရုံပဲပေါ့ "
" မြေကြီးထဲက စိတ်စွမ်းအင်သွေးကြော .. "
စွန်းရှို့တစ်ယောက် အံ့သြမှင်သက်ကာ မည်သို့ ပြန်ပြောရမည်မသိ ဖြစ်သွားသည်။
ထိုသို့သော အရာမျိုးက အလွယ်တကူ ရှာ၍ ရနိုင်ပါမည်လား ။
ထိုအချိန်မှာပင် လောထျန်းက လက်တစ်ဖက်ဖြင့် အစီအမံအချို့ ပြုလုပ်လိုက်သည်။
ဝီ ...
ထူးခြားသည့် လှိုင်းလုံးတစ်ခုက အရပ်မျက်နှာ အနှံ့သို့ ပြန့်သွား၏။
" သူ ဘာလုပ်နေတာလဲဟင် "
စွန်းရီု့က လောရုံအား စိတ်ဝင်တစား မေးလိုက်သည်။
" စောင့်ကြည့်လိုက်ပါဗျာ "
လောရုံက ပြန်ဖြေသည်။
ခဏအကြာတွင်မူ ခြံဝင်းထောင့်၌ ခန္ဓာကိုယ်မှ အဖြူရောင်အလင်းတန်းများ တိုးထွက်နေသည့် သမင်ငယ်လေးတစ်ကောင် ပေါ်လာ၏။
ထိုသမင်ငယ်လေးက လောထျန်းဘေးသို့ ချက်ချင်းရောက်လာကာ လောထျန်းခြေထောက်အား ခေါင်းဖြင့် တိုးဝှေ့နေလိုက်သည်။
ထိုသမင်ငယ်ကို မြင်သောအခါ စွန်းရှို့တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွား၏။
သူ့အိမ် ခြံဝင်းထဲတွင် သမင် မွေးထားသည်ဟု သူ လုံးဝ မမှတ်မိပါချေ။
ထိုအချိန်မှာပင် လောထျန်းက အစီအမံများ ပြုလုပ်ခြင်းကို ရပ်လိုက်ပြီး သမင်ငယ်လေး၏ ခေါင်းကို ပွတ်ကာ ပြောလိုက်သည်။
" လောလောဆယ် မင်း ဒီမှာ နေလို့ရတယ် ။ နောက်ကျရင်တော့ ဒီမှာပဲ ဆက်နေမလား ၊ ထွက်သွားမလားဆိုတာ မင်းစိတ်ကြိုက် လုပ်လို့ရတယ် "
သမင်ငယ်လေးက သူ့စကားကို နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြ၏။ ထို့နောက်တွင်မူ ၎င်းက အလင်းတန်းလေးတစ်ခုအဖြစ် ပြောင်းလဲသွားကာ အားလုံး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။
ထိုသမင်ငယ် ပျောက်ကွယ်သွားသည်နှင့် ခြံဝင်းထဲရှိ စိတ်စွမ်းအင်က အလျင်အမြန်ပင် တိုးတက်လာ၏။
ဤသို့ဖြင့် အချိန်တိုအတွင်း၌ ယခင် ရှိထားသည့် စိတ်စွမ်းအင်များထက် အဆပေါင်း
များစွာပင် တိုးလာတော့သည်။
" ဒါ .. သားရဲအသွင်ယူထားတဲ့ စိတ်စွမ်းအင်သွေးကြောလား "
စွန်းရှို့ဘေးတွင် ရှိနေသည့် ယင်ထျန်းလွေ့က တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
" ဘယ်လို ..စိတ်စွမ်းအင်သွေးကြောက သားရဲအသွင်ယူထားတာ ..တကယ်ကြီးလား "
စွန်းရှို့မှာလည်း အံ့သြတုန်လှုပ်သွားသည်။
ထိုအခြင်းအရာမျိုးကို သူ အခြားသူများဆီမှ တဆင့်သာ ကြားဖူးပြီး ယခုမှသာ ပထမဆုံးအကြိမ် မျက်စိဖြင့် မြင်တွေ့ဖူးခြင်းပင် ။
သူ ချက်ချင်းပင် လောထျန်းအား တအံ့တသြ လှမ်းကြည့်လိုက်၏။
လောထျန်းသည် တုကျဲ့အဆင့် ကျင့်ကြံသူများအား ဆန္ဒအလျောက် ထိန်းချုပ်နိုင်ရုံမက ယခု စိတ်စွမ်းအင်သွေးကြောကဲ့သို့ အရာမျိုးကိုပင် ခေါ်ယူနိုင်သည်တဲ့လား။
" သခင်လေးစွန်း ၊ ကျုပ် ခင်ဗျားတို့အိမ်မှာ ဒီတိုင်း အလကားတော့ မနေပါဘူးဗျာ။ ဒီ စိတ်စွမ်းအင်သွေးကြောက အခု ဒီအိမ်မှာ နေနေပြီဆိုတော့ ခုချိန်ကစပြီး ဒီနေရာက မြင့်မြတ်တဲ့ နေရာ ဖြစ်သွားပြီ။ ဒီစိတ်စွမ်းအင်သွေးကြောကို ဒီအိမ်မှာပဲ ဆက်ထား မထားဆိုတာလဲ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ် "
လောထျန်းက ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် သခင်လေးရယ် "
စွန်းရှို့က ချက်ချင်း ဦးညွှတ်အရိုအသေပေးကာ အလေးအနက် ပြန်ပြော၏။
အစပိုင်းတွင် သူသည် လောထျန်းကို အကူအညီပေးပြီး မျက်နှာသာရအောင် လုပ်မည်ဟုသာ တွေးထားခဲ့သော်လည်း ....
ယခု တစ်ဖက်လူက စိတ်စွမ်းအင်သွေးကြောကို ခေါ်ယူပေးခဲ့သည်ဖြစ်ရာ လောထျန်းအပေါ် သူ ကျေးဇူးကြွေး တင်သွားခဲ့လေပြီ။
" သခင်လေးစွန်း ၊ ကျုပ်တို့ကို အိမ်ထဲ နည်းနည်းလိုက်ပြပေးလို့ ရမလား "
လောထျန်းက ပြောလိုက်သည်။
" ဒါပေါ့ဗျာ ၊ ဝင်ကြပါ "
စွန်းရှို့က ချက်ချင်းပြန်ပြောကာ လောထျန်းတို့ လူစုအား အိမ်တော်အတွင်းရှိ နေရာစုံကို လှည့်လည်ပြပေးလိုက်သည်။
အိမ်ရှေ့ဧည့်ခန်းမဆောင်မှ စ၍ အိမ်နောက်ဘက် ဥယာဥ်ထဲအထိ ရှိနေသော လှပစွာ ထွင်းထုထားသည့် တိုင်လုံးကြီးများနှင့် ပန်းချီကားချပ်များက သူတို့၏ ချမ်းသာကြွယ်ဝမှုကို လှစ်ဟပြနေသယောင်ပင် ။
နောက်ဆုံးတွင်မူ စွန်းရှို့က သူတို့အား ခြံထဲမှ အဆောင်ငယ်လေး တစ်ခုဆီသို့ ခေါ်သွားလိုက်သည်။
" သခင်လေး ၊ ဒီဟာက စာကြည့်တိုက်ပဲ။ အထဲမှာ သိုင်းပညာရပ် ကျင့်စဥ်စာအုပ်တွေနဲ့ အစီအမံ ပညာရပ်နဲ့ ဆိုင်တဲ့ စာအုပ်တွေ အများကြီး ရှိတယ်ဗျ ။ သခင်လေး ဆန္ဒရှိရင် ကြိုက်တဲ့စာအုပ်ကို ယူကြည့်လို့ရပါတယ် "
စွန်းရှို့က ပြောလိုက်သည်။
လောထျန်းက ခေါင်းညိတ်၍ မထူးခြားဟန်ဖြင့်သာ ပြန်ပြော၏။
" ကေျးဇူးအများကြီး တင်ပါတယ် "
သိုင်းပညာရပ်ဆိုင်ရာ စာအုပ်များမှာ သူ့အတွက် အသုံးမဝင်လှပါ။
လောထျန်း၏ မထူးခြားဟန်ကို ကြည့်ကာ စွန်းရှို့မှာ ကူကယ်ရာမဲ့စွာသာ ပြုံးလိုက်ရသည်။
လူတစ်ယောက်အတွက် မျက်နှာသာ ရနိုင်သည့် ကိစ္စမျိုး လုပ်ပေးရန် မည်သည့်အတွက် ဤမျှ ခက်ခဲနေရပါသနည်း။
ထိုစဥ် လောရုံက ရုတ်တရက် ပြောလာသည်။
" ဒါနဲ့ .. သခင်လေးစွန်းရှို့၊ ကျုပ်တို့ကို ဆုမီတောင်အကြောင်း နည်းနည်းလောက် ပြောပြပေးလို့ ရမလား "
လောရုံမှာ ယခုချိန်အထိ ဆုမီတောင်အကြောင်း မဆိုစလောက်သာ သိသေး၏။
ထိုမေးခွန်းကို ကြားသည်နှင့် စွန်းရှို့က ချက်ချင်း ပြန်ပြောသည်။
" ညီလေး လောရုံ ဒီမေးခွန်းကို မေးဖို့ လူရွေးတာ မှန်သွားပြီ။ ကျုပ်က ဆုမီတောင်အကြောင်းကို အများကြီး သိတယ်ဗျ "
ထို့နောက် သူက ချောင်းဟန့်ကာ လည်ချောင်းရှင်းလိုက်ပြီး ပြောပြသည်။
" ဆုမီတောင်ဆိုတာ လွန်ခဲ့တဲ့ နှစ် ၇၊၈ ထောင်ကျော်လောက်တုန်းက ထျန်းယွမ်အင်ပါယာမှာ ရုတ်တရက် ပေါ်လာခဲ့တဲ့ လျှို့ဝှက်ဒေသတစ်ခုပဲဗျ ။ ဒီ လျှို့ဝှက်ဒေသရဲ့ နောက်ခံရာဇဝင်ကို ဘယ်သူမှ မသိကြဘူး။ တချို့တွေက ခန့်မှန်းကြတာတော့ အဲ့ဒီနေရာက နတ်သမီးနယ်မြေရဲ့ ထောင့်တစ်ခုပဲတဲ့ ။ အစွမ်းထက်တဲ့ သူတစ်ယောက်က အားနဲ့ ဖြတ်လိုက်လို့ ပြတ်လာပြီးတော့ ကျုပ်တို့ဆီကို တဖြည်းဖြည်း ရွေ့လာတာလို့ ပြောကြတယ်။ ဒါပေမယ့် ဘာသက်သေမှတော့ မရှိဘူး "
" ဆုမီတောင် စပြီးပေါ်လာတဲ့အချိန်ကဆိုရင် တစ်နယ်လုံး ရုတ်ရုတ်သဲသဲကို ဖြစ်သွားခဲ့သေးတယ်ဗျ။ ကျုပ်တို့ ထျန်းယွမ်အင်ပါယာတင် မကဘူး ၊ မြောက်ပိုင်းနယ် တစ်နယ်လုံးက လူတွေရော ၊၊ ကျုံ့ကျိုးနယ်ဘက်က လူတွေပါ ဆုမီတောင်ကို လာပြီး ဘာတွေဖြစ်နေလဲဆိုတာ လာကြည့်ခဲ့ကြတယ်တဲ့ "
" ပြီးတော့ ဆုမီတောင်ကနေလဲ အဖိုးတန်တဲ့ ရတနာတွေ အများကြီး ရသွားခဲ့ကြတယ်။ ဥပမာပြောရရင် တစ်ကမ္ဘာလုံးမှာ နာမည်အကြီးဆုံး ဓားဆယ်လက်ထဲက တစ်လက်ဖြစ်တဲ့ ဆုမီဓား ဆိုတာ ဆုမီတောင်ကနေ ရခဲ့တာဗျ။ ဒီဓားက နတ်ဘုရားအဆင့် လက်နက်တစ်ခုပဲ "
" ဒါပေမယ့် .. ပြီးခဲ့တဲ့ နှစ်ထောင်ချီ အချိန်အတွင်းမှာ ကမ္ဘာတစ်ဝှမ်းက အင်အကြီးအဖွဲ့တွေက အဲ့လိုမျိုး ရတနာတွေကို လာယူသွားကြတော့ ဆုမီတောင်က အဖိုးတန်ပစ္စည်းတွေလဲ နည်းသထက် နည်းလာတာပေါ့ဗျာ။ ပြီးခဲ့တဲ့ နှစ်တစ်ထောင်အတွင်းမှာဆိုရင် ဆုမီတောင်က ထိပ်တန်းအဆင့် လျှို့ဝှက်ဒေသ တစ်ခုအဖြစ်ကနေ သာမာန် လျှို့ဝှက်ဒေသ တစ်ခုအဖြစ်ကိုတောင် ရောက်သွားခဲ့ရတယ်။
" ဒါပေမယ့် ကျုပ်ပြောခဲ့တဲ့ သာမာန်လျှို့ဝှက်ဒေသဆိုတာက တစ်ကမ္ဘာလုံးနဲ့ ယှဥ်ရင် ပြောတာနော်။ ကျုပ်တို့ ထျန်းယွမ်အင်ပါယာ .. မဟုတ်သေးဘူး ၊ ဖုန့်လင်းဒေသတစ်ခုလုံးအတွက်တော့ ဆုမီတောင်က ပထမတန်းအဆင့် လျှို့ဝှက်ဒေသအဖြစ် ဆက်ရှိနေဆဲပဲ "
လောရုံက ခေါင်းညိတ်ကာ ဆက်မေးလိုက်သည်။
" ဒါဆို ဆုမီတောင်ထဲမှာရော အခြေအနေက ဘယ်လိုရှိလဲဗျ "
စွန်းရှို့က ပြန်ဖြေ၏။
" ဆုမီတောင် အတွင်းပိုင်းမှာက သီးသန့်ကမ္ဘာငယ်လေး တစ်ခုလိုပဲဗျ။ အထဲမှာ အဓိကဆုမီတောင်အပြင် ၊ နတ်ဆိုးတစ်သောင်း လွင်ပြင် နဲ့ အဝါရောင်ရေပူစမ်း ဆိုတဲ့ နေရာနှစ်ခုလဲ ရှိသေးတယ် "
" အရင်ကတော့ ဆုမီတောင်မှာ သုခဘုံတွေ အများကြီး ရှိခဲ့ဖုးတယ်ဗျ။ ဒါပေမယ့် အခုတော့ လူတွေရဲ့ အတင်းအဓမ္မ လုယူတာကို ခံထားရတာမို့ သွားကြည့်သင့်တဲ့ နေရာက တစ်ခုပဲ ကျန်တော့တယ်။ အဲ့ဒါကတော့ ကံတရားမျှော်စင်ပဲ "
" နတ်ဆိုးတစ်သောင်းလွင်ပြင်ကတော့ နတ်ဆိုးသားရဲတွေရဲ့ ပိုင်နက်ထဲမှာ ရှိပြီးတော့ လေ့ကျင့်ဖို့အတွက် နေရာကောင်းတစ်ခုပဲဗျ။ အဝါရောင် ရေပူစမ်းနဲ့ ပတ်သက်ပြီး ပြောရရင်တော့ အဲ့မှာ အဖိုးတန်ပစ္စည်းကောင်းတွေ အများကြီး ရှိပေမယ့် အန္တရာယ်အရှိဆုံး နေရာတစ်ခုလို့လဲ ပြောလို့ရတယ်။ လုံလောက်အောင်သာ အစွမ်းမထက်ထားဘူးဆိုရင် အဲ့မှာ လွယ်လွယ်နဲ့ အသက်ဆုံးသွားနိုင်တယ် "
ထို့နောက် စွန်းရှို့က ပြောလက်စ ခဏရပ်ပြီး ရေတစ်ငုံသောက်ကာ စကားဆက်သည်။
" ဆုမီတောင်ကို ဝင်နိုင်တဲ့ ဝင်ပေါက်က ကိုးခုတောင် ရှိတယ်ဗျ ။ ဟဲ့ဒုံမြို့က အဲ့ဝင်ပေါက်တွေထဲက တစ်ခုပေါ့ဗျာ "
ထိုစဥ် လောထျန်းက တစ်စုံတစခုကို စဥ်းစားမိသွားဟန်ဖြင့် မေးလိုက်သည်။
" ကွေ့ယွမ်မြို့ကလဲ အဲ့ဝင်ပေါက်တွေထဲက တစ်ခု မဟုတ်လား "
စွန်းရှို့က ခေတ္တမျှ အံ့အားသင့်နေပြီး နောက်မှသာ ခေါင်းညိတ်၍ ပြန်ဖြေသည်။
" ဟုတ်တယ်ဗျ ၊ ဒါပေမယ့် ကျုပ်ကြားတာတော့ ကွေ့ယွမ်မြို့မှာ ဆိုးရွားတဲ့ ကိစ္စတစ်ခု ဖြစ်သွာခဲ့တယ်တဲ့ "
လောထျန်း သက်ပြင်းချလိုက်သည်။
" ဟုတ်တယ် ၊ ကျုပ်တို့က အစကတော့ ကွေ့ယွမ်မြို့ ဝင်ပေါက်နေ ဝင်ဖို့ စီစဥ်ထားခဲ့ကြတာ ။ ဒါပေမယ့် အခုတော့ ကွေ့ယွမ်မြို့က ဖျက်ဆီးခံလိုက်ရပြီ "
ထိုစကားကို ကြားသောအခါ စွန်းရှို့ မျက်မှောင်ကြုံ့သွား၏။
" တကယ်ကြီးလား .. ဒါဆို ကွေ့ယွမ်မြို့အထိတောင် ပျံ့လာပြီပေါ့။ ကြည့်ရတာ ကျုပ်အဖေပြောတဲ့စကားက အမှန်ပဲနဲ့တူတယ်။ ထျန်းယွမ်အင်ပါယာက လူတွေနေဖို့ မသင့်တော့ဘူးဗျ ။ ခုလိုတွေ ဖြစ်နေတာတောင် ကျိုတိုက လူတွေက သူတို့ချင်း တိုက်ခိုက်ဖို့လောက်ပဲ စိတ်ဝင်စားနေကြတာ "
သူ့စကားနောက်ကွယ်တွင် အဓိပ္ပါယ်အချို့ ပါနေသည်ကို လောထျန်း ရိပ်မိသွားသဖြင့် မေးလိုက်သည်။
" သခင်လေးစွန်း ဆိုလိုတာက ထျန်းယွမ်အင်ပါယာထဲမှာ ပြည်တွင်းစစ် ဖြစ်နေကြတယ်ဆိုတဲ့ အဓိပ္ပါယ်လား "
စွန်းရှို့က သူ့ကို လှည့်ကြည့်ကာ ဆိုလိုက်သည်။
" ဒီမှာ အပြင်လူတွေလဲ မရှိဘူးဆိုတော့ ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်။ ထျန်းယွမ်အင်ပါယာရဲ့ ဧကရာဇ်က လုံးဝကို ယုတ်မာတဲ့ မျိုးမစစ်ကောင်ပဲဗျ "
ထိုစကားကြောင့် လောထျန်းနှင့် အခြားသူများ အံ့အားသင့်သွားကြ၏။
" ဟင် . ကျုပ်ကို သေချာရှင်းပြပေးလို့ ရမလား "
လောထျန်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
စွန်းရှို့က ရှင်းပြသည်။
" ကျုပ်တို့ ထျန်းယွမ်အင်ပါယာရဲ့ ဧကရာဇ်က နန်းတက်စကတော့ တကယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ပဲဗျ ။ အင်ပါယာကို ကောင်းကောင်းကြိုးစားပြီး သေချာအုပ်ချုပ်တယ်၊ လူတွေကိုလဲ ကြင်နာပြီး ချစ်ခင်တယ်။ ဒါပေမယ့် နှစ်လဲ နည်းနည်းကြာလာရော လုံးဝ တခြားသူတစ်ယောက်လို ပြောင်းလဲသွားတာပဲ။ အခွန်တွေ တိုးပြီးကောက်တယ် ၊ တိုင်းသူပြည်သားတွေကို ရက်ရက်စက်စက် ဆက်ဆံတယ် ။ ပြီးတော့ သွေးဆာပြီး သတ်လိုက်တဲ့သူတွေလဲ နည်းတာမဟုတ်ဘူး "
" ကျုပ်တို့ စွန်းမိသားစုက ထျန်းယွမ်အင်ပါယာမှာရှိတဲ့ အကြီးဆုံး ကုန်သည်တွေထဲက တစ်စုပဲဗျ ။ ပြီးခဲ့တဲ့ နှစ်တွေမှာ ဧကရာဇ်က ကျုပ်တို့ကို မသိအောင်တမျိုး ၊ ပေါ်တင်တမျိုး ဓားပြတိုက်လာတာဗျာ ။ ခုဆို ကျုပ်တို့ မိသားစုရဲ့ ပိုင်ဆိုင်မှုတွေ တော်တော်များများတောင် မရှိတော့ဘူး "
" ဒါပေမယ့် ကျုပ်တို့က အဆိုးဆုံးတော့ မဟုတ်သေးပါဘူးဗျာ ။ အဆိုးဆုံးကတော့ တော်ဝင်မိသားစုပဲ ။ ဒီဧကရာဇ်က သူ့မိသားစုကို သူ ပြန်တိုက်ခိုက်ရတဲ့အထိ ဘာတွေ ဖြစ်သွားတယ်ဆိုတာတော့ ကျုပ်လဲ မသိတော့ပါဘူး။ နှစ်ပေါင်း ၇၀ ၊ ၈၀ လောက်ကို အင်အားအကြီးဆုံး ဖြစ်ခဲ့တဲ့ တော်ဝင်မိသားစုက ခုတော့ မျိုးတုံးလုနီးပါးအထိကို အသတ်ခံလိုက်ကြရတာ "