← Chapters

မပြီးပြည့်စုံသောအနက်ရောင်ကားချပ်

Vol. 145 Ch. 2162

မပြီးပြည့်စုံသောအနက်ရောင်ကားချပ်

Vol. 145 Ch. 2162

ကျင့်ကြံသူများစွာသည် သွေးနီရောင်တောင်ကြား၏ အပြင်ဘက်မှာ စုစည်းရောက်ရှိလာပြီး တုန်လှုပ်နေသော အမူအရာများနှင့်အတူ အဝေးမှ ဧရာမမီးဖိုကိုကြည့်နေကြ၏။

“ကြည့်ရတာတော့ တောင်ကြားသခင်ကတော့ သွားရှာပြီထင်တယ်”

“အောက်ဘုံကလာတဲ့ အဲ့ဒီခရမ်းရောင်ဝတ်လူကအရမ်းကို ကြောက်ဖို့ကောင်းတယ်... တောင်ကြားသခင်က ပကတိမိစ္ဆာတစ်ဦးဖြစ်လာတာတောင် သူကရက်ရက်စက်စက် အသတ်ခံလိုက်ရသေးတယ်”

“အဲ့ဒီသူက ပကတိအင်မော်တယ်တစ်ပါး ဒါမှမဟုတ် ပကတိမိစ္ဆာတစ်ဦး ပြန်ဝင်စားတာဖြစ်လိမ့်မယ်လို့ ငါထင်တယ်”

တောင်ကြားထဲရှိကျင့်ကြံသူအများစုသည် လူစုခွဲထွက်ခွာသွားကြပြီး ကျန်ရှိနေသောလူများက မျှော်လင့်ချက်ပါးပါးကလေးကိုဆုပ်ကိုင်ကာ နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေကြ၏။

“တောင်ကြားသခင်က သေသွားပြီဆိုရင် အခုကစပြီး ငါတို့က ဘယ်နေရာကိုသွားနေရမှာလဲ”

“ပြိုင်စံရှားနန်းတော်ရဲ့ နန်းတော်အရှင်၊ အင်မော်တယ်သတ်ဖြတ်ခြင်းစံအိမ်ရဲ့ စံအိမ်သခင်၊ လေမီးဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ အခြားသူတွေကလည်း သေသွားလောက်ပြီ... အဲ့ဒီဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေက ဆက်ပြီးတော့ ရပ်တည်နိုင်မှာ မဟုတ်လောက်တော့ဘူး... အဲ့ဒီခရမ်းရောင်ဝတ်လူက အဖွဲ့အစည်းတစ်ခုခုကို တည်ထောင်မလား ငါသိချင်မိတယ်”

“သူသာအဲ့လိုလုပ်မယ်ဆိုရင် သူ့ဆီမှာ အညံ့ခံတာက ငါတို့ရဲ့ ထွက်ပေါက်တစ်ခုဖြစ်လာလိမ့်မယ်”

ထိုကျင့်ကြံသူများ၏ ရင်ထဲမှာ မည်သည့်သစ္စာတရား သို့မဟုတ် မည်သည့်တွယ်တာမှုမှမရှိပေ။

ပိုမိုသန်မာသောမည်သူ့မဆိုထံ သူတို့က အညံ့ခံကြပေလိမ့်မည်။

ထိုကဲ့သို့သောပုံစံသည် မိစ္ဆာမဟာနယ်မြေ၏ နေရာတိုင်းမှာ တူညီစွာဖြစ်ပျက်နေ၏။

အင်မော်တယ်ဧကရာဇ်များက စိုးစံပြီး အင်မော်တယ်ဘုရင်များစွာက နေရာဒေသများကို အုပ်ချုပ်သော မိုးကောင်းကင်ကိုးလွှာအင်မော်တယ်နယ်မြေနှင့် ဤနေရာက မတူပေ။

မိစ္ဆာမဟာနယ်မြေမှာ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းပေါင်းစုံက နေရာတိုင်းမှာ မကြာခဏဖြစ်ပွားနေတတ်၏။

ပညာရှင်တစ်ဦး၏ ကာကွယ်မှုမရှိဘဲ လူတစ်ယောက်က နောက်ခဏ၌ သတ်ဖြတ်ခံရနိုင်၏။

အချိန်ကြာလာသည်နှင့်အမျှ ဧရာမမီးဖိုက တဖြည်းဖြည်းပျက်ပြယ်သွားပြီး သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာကာ ဖြည်းဖြည်းချင်းဆင်းသက်လာ၏။

သူ၏ ​ခြေဖဝါးအောက်မှ သွေးနီရောင်တောင်ကြား၏ ခန်းမသည် အပျက်အစီးပုံဘဝသို့ ကျရောက်သွားခဲ့လေပြီ။

တောင်ကြားသခင်သေဆုံးခဲ့သောနေရာမှာ ဘဲငန်းဥအရွယ် အနက်ရောင်အလုံးတစ်လုံးက လေထဲမှာလွင့်မျောနေပြီး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေ၏။

၎င်းကို ရစ်ပတ်ထားသော အနက်ရောင်မြူခိုးအလွှာပါးပါးတစ်ခုနှင့်အတူ အက်ကွဲကြောင်းများထဲကနေ ခပ်ဖျော့​ဖျော့ အလင်းရောင်တချို့ဖြာထွက်နေ၏။

အဲ့ဒါသည် သွေးနီရောင်တောင်ကြားသခင်၏ တာအိုသစ်သီးဖြစ်လေသည်။

တာအိုသစ်သီးကို မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင်အမြုတေ၏ ပေါင်းစည်းမှုကနေ စုဖွဲ့ထားလေသည်။ အဲ့ဒါက ဓမ္မတာအို၏ တစ်ဘဝစာစုဖွဲ့မှုဖြစ်ပြီး မနှိုင်းယှဥ်သာအောင်မာကြောလေသည်။

တကယ်တော့... တာအိုသစ်သီးဆိုသည်မှာ အင်မော်တယ်ဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းများကနေ ခေါ်ဆိုသောအမည်တစ်ခုသာဖြစ်၏။

သုခဘုံသန့်စင်ကုန်းမြေမှာ ဗုဒ္ဓဝါဒကျင့်ကြံသူများသည် အဲ့ဒါကို ဓာတ်တော်မွေတော်များဟု ခေါ်ဆိုလေသည်။

ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဒဏ္ဍာရီတစ်ခုရှိလေသည်။ အောင်မြင်ပေါက်မြောက်သော ကိုယ်တော်တချို့သည် သေဆုံး၍ လွတ်မြောက်ရာဘုံသို့ ဝင်ရောက်သွားပြီးနောက် သူတို့၏ အလောင်းများက ပုပ်သိုး၍ သူတို့၏ အသားများက ခြောက်ကပ်သွားပေလိမ့်မည်။ သို့သော်လည်း အဲ့ဒီမှာ ဘဲငန်းဥတစ်လုံးအရွယ်ရှိသော သလင်းလုံးတစ်ခုက ကျန်ရစ်ခဲ့ပေလိမ့်မည်။

တကယ်တော့... ထိုတာအိုအောင်မြင်ရရှိမှုကို ပကတိဧကနယ်ပယ်သို့ဝင်ရောက်ပြီး သူတော်စင်တစ်ပါးဖြစ်လာခြင်းဟု ခေါ်ဆိုကြလေသည်။ အဲ့ဒါသည် အင်မော်တယ်ဂိုဏ်းများ၏ ပကတိအင်မော်တယ်များနှင့် မိစ္ဆာဂိုဏ်းများ၏ ပကတိမိစ္ဆာများနှင့် တူညီလေသည်။

တာအိုသစ်သီးကနေကျန်ရစ်ခဲ့သော မာကြောသည့်သလင်းလုံးကို ဗုဒ္ဓဂိုဏ်းများက ဓာတ်တော်မွေတော်များဟု ခေါ်ဆိုလေသည်။

တောင်ကြားသခင်၏ အသားနှင့်အလောင်းက ကောင်းကင်နှင့်မြေကြီးမီးဖို၏ သန့်စင်ခံထားရသော်လည်း တာအိုသစ်သီးက အကောင်းတိုင်းကျန်ရှိနေ၏။

သိုင်းတာအိုပင်မခန္ဓာက တာအိုသစ်သီးကို သူ၏ လက်ထဲမှာဆုပ်ကိုင်ပြီး အဲ့ဒါကို ဂရုတစိုက်အာရုံခံကြည့်နေ၏။

တာအိုသစ်သီးမှာ ကြွယ်ဝသော အစစ်အမှန်အမြုတေချီပါဝင်နေရုံသာမက အဲ့ဒါသည် တောင်ကြားသခင်၏ ဓမ္မတာအိုကို သိပ်သည်းစုဖွဲ့ထားခြင်းလည်း ဖြစ်ပြီး သူ့အတွက်အသုံးဝင်မှုတချို့ရှိနေသည်။

တကယ်တော့ ဤတာအိုသစ်သီးသည် ဘုရင်ယွင်ရိုကိုယ်ပွား၏ တာအိုသစ်သီးထက် များစွာနိမ့်ကျနေ၏။

သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာမဟာနယ်မြေသို့ တက်လှမ်းလာစဥ်ကတည်းက သူသည် အဖွဲ့အစည်းများကို စိုးမိုးဗိုလ်ကျပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းများကို လုယူခဲ့လေသည်။ သူသည် အထက်ဘုံလောက၏ ကျင့်ကြံရေးနည်းစနစ်များစွာကိုလည်း စုဆောင်းထားခဲ့၏။

ထိုကျင့်ကြံရေးနည်းစနစ်နှင့် လျှို့ဝှက်အတတ်အများစုသည် သာမန်သာဖြစ်ပြီး သူ၏ စိတ်အာရုံကိုရရှိဖို့ မထိုက်တန်ပေ။

သို့သော်လည်း သူသည် ပကတိဧကနယ်ပယ်နှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသေးပေ။

ပကတိဧကနယ်ပယ်ကို အဆင့်လေးဆင့်ခွဲခြားထားပြီး သူတို့က ပေါင်းစည်းခြင်း၊ အာကာသသက်ရှိ၊ ဗလာနယ်ဝိညာဥ်နှင့် သုခဘုံလေဟာနယ်တို့ဖြစ်လေသည်။

ပေါင်းစည်းခြင်းမှာ အဓိပ္ပါယ်နှစ်မျိုးရှိလေသည်။

ပထမတစ်ခုက မဟူရာ၊ ကမ္ဘာ​မြေနှင့် ကောင်းကင်အမြုတေများကို အစစ်အမှန်အမြုတေထဲသို့ ထည့်သွင်းပေါင်းစည်းခြင်းဖြစ်လေသည်။

ဒုတိယတစ်ခုက အဲ့ဒါသည် အရင်တုန်းက တာအိုနှင့် ဓမ္မပညာရပ်များကို နောက်ဆုံးတာအိုသစ်သီးဖြစ်လာဖို့ ပေါင်းစည်းစုဖွဲ့ရခြင်းကို ရည်ညွှန်းလေသည်။

သွေးနီရောင်​တောင်ကြားသခင်သည် ပကတိဧကနယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်ပြီး သူ့ကို ပေါင်းစည်းခြင်း ပကတိမိစ္ဆာတစ်ဦးဟုသာ သတ်မှတ်နိုင်လေသည်။

တျဲယွဲ့၏ လက်ထဲမှာ သေဆုံးခဲ့ရသော ဘုရင်ယွင်ရို၏ ကိုယ်ပွားကတော့ သူသည် အနည်းဆုံး ဗလာနယ်ဝိညာဥ်အဆင့်မှာရှိနေပြီး သူက သုခဘုံလေဟာနယ်အဆင့်မှာရှိသော ပကတိအင်မော်တယ်တစ်ဦးပင် ဖြစ်ကောင်းဖြစ်နိုင်၏။

သိုင်းတာအိုပင်မခန္ဓာသည် အထက်ဘုံမှာ ပြန်လည်မွေးဖွားချင်သည်ဆိုလျှင် သူသည် ပကတိဧကနယ်ပယ်၏ အဆင့်သုံး ဗလာနယ်ဝိညာဥ်နယ်ပယ်ထိ ကျင့်ကြံရမည်ဟု ကောင်းကင်ဘုံဝံပုလွေက သူ့ကိုပြောခဲ့ဖူး၏။

“ဗလာနယ်ဝိညာဥ်...ဗလာနယ်ဝိညာဥ်”

သိုင်းတာအိုပင်မခန္ဓာက တီးတိုးရေရွတ်လိုက်ပြီး သူကတစ်စုံတစ်ရာကို နားလည်သဘောပေါက်လာခဲ့၏။

“ဝိညာဥ်ဆိုတာ တမလွန်လောကနဲ့ ဆက်စပ်နေရမယ်”

“ဒါပေမဲ့... ဗလာနယ်ဆိုတာက ဘာအဓိပ္ပါယ်လဲ”

ရုတ်တရက်ဆိုသလို...

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက ပြောင်းလဲသွားပြီး မလှမ်းမကမ်းမှာရှိသော ပြာပုံတစ်ပုံကို ကြည့်လိုက်၏။ သူကထူးဆန်းသောအမူအရာတစ်ခုနှင့်အတူ မျက်မှောင်ကြုတ်လိုက်၏။

အဲ့ဒါသည် သွေးနီရောင်တောင်ကြားသခင် လောင်ကျွမ်းပြာချခံရပြီးနောက် ကျန်ရစ်ခဲ့သော အသွေးအသားများ၏ ပြာပုံဖြစ်လေသည်။

ကောင်းကင်နှင့်မြေကြီးမီးဖို၏ သန့်စင်မှုအောက်မှာ သူ၏ သိုလှောင်အိတ်က လောင်ကျွမ်းပြာကျသွားခဲ့ပြီဖြစ်ပြီး အထဲမှာရှိသော အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကပင်လျှင် လောင်ကျွမ်းသန့်စင်ခံထားရ၏။

သို့သော်လည်း ထိုပြာပုံပေါ်မှာ ပုစဥ်းတောင်ပံများကဲ့သို့ ပါးလွှာသော အနက်ရောင်စာရွက်တစ်ရွက်ရှိနေပုံရ၏။

သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့လျှောက်လှမ်းသွားပြီး ထိုအနက်ရောင်စာရွက်ကိုကောက်ယူကာ လေ့လာကြည့်လိုက်၏။ အနက်ရောင်စာရွက်က အလွန်တရာရှေးကျပြီး သက်ရှိတချို့၏ တောကောင်သားရေတစ်ခုဖြစ်ပုံရလေသည်။ အဲ့ဒါက ပြီးပြည့်စုံမှုမရှိဘဲ ၎င်း၏ အနားစွန်းများအရ အဲ့ဒါသည် ပြင်ပအားတစ်ခုဖြင့် အတင်းအကျပ်ဆုတ်ဖြဲခံထားရပုံရလေသည်။

အဲ့ဒါက ပြီးပြည့်စုံမှုမရှိသော ကားချပ်တစ်ခုဖြစ်၏။

သွေးနီရောင်တောင်ကြားသခင်၏ သိုလှောင်အိတ်ထဲရှိ ဓမ္မလက်နက်များနှင့် ဓမ္မရတနာများပင်လျှင် ကောင်းကင်နှင့်မြေကြီးမီးဖို၏ ချော်ရည်ပူများဖြင့် လောင်ကျွမ်းသန့်စင်ခံထားရ၏။ သို့သော်လည်း မပြီးပြည့်စုံသောကားချပ်က အကောင်းတိုင်းကျန်ရှိနေ၏။

ဒါ့အပြင် အရင်တုန်းက ဤကားချပ်ကို ဆုတ်ဖြဲခဲ့သောသူသည် သိုင်းတာအိုပင်မခန္ဓာထက် များစွာပိုမိုသန်မာသည်မှာ သေချာလေသည်။

မပြီးပြည့်စုံသောကားချပ်ပေါ်တွင် ရုပ်ပုံတစ်ခုကိုရေးဆွဲထားပုံရလေသည်။

သို့သော်လည်း ထိုရုပ်ပုံက ပြီးပြည့်စုံမှုမရှိဘဲ လူတစ်ယောက်၏ ခန္ဓာကိုယ်တစ်ပိုင်းကိုသာလျှင် တွေ့မြင်ရလေသည်။

ထိုပုံရိပ်က နက်မှောင်နေသော ချပ်ဝတ်တန်ဆာတစ်ခုကိုဝတ်ဆင်ထားပုံရပြီး သူ၏ လက်ထဲရှိလက်နက်က ပြီးပြည့်စုံမှုမရှိပေ။ အဲ့ဒါက သံတုတ်တစ်ချောင်းလား သို့မဟုတ် လှံတစ်လက်လား မသိရပေ။

သိုင်းတာအိုပင်မခန္ဓာသည် မပြီးပြည့်စုံသောကားချပ်ကို တစ်ချက်မျှသာကြည့်ပြီးနောက် သူ၏ စိတ်နှင့် အကြည့်က မမြင်ရသောအားတစ်ခုဖြင့် ဆွဲယူခြင်းခံရကာ အထဲသို့ နစ်မြုပ်သွားသည်ကို ရုတ်တရက်ခံစားလိုက်ရ၏။

မပြီးပြည့်စုံသောကားချပ်ပေါ်ရှိ စုတ်ချက်များအားလုံးက ကွာကျသွားပုံရလေသည်။ သူတို့က လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းစာလုံးများအဖြစ် ပြောင်းလဲသွားပြီး သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲသို့ တလိပ်လိပ်တိုးဝင်လာသည့်ပုံပင်။

နောက်ခဏ၌ သတ်ဖြတ်ခြင်းနှင့် ​ဖျက်ဆီးခြင်း စိတ်ခံစားချက်များက သိုင်းတာအိုပင်မခန္ဓာ၏ နှလုံးသားအနက်ပိုင်းထဲသို့ တိုးဝင်လာခဲ့၏။

သူသည် နေရာမှာပင် မလှုပ်မယှက် မတ်တတ်ရပ်နေပြီး ဘေးပတ်ဝန်းကျင်မှာရှိသော ကောင်းကင်နှင့်မြေကြီး အမြုတေချီများက သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ်တလိပ်လိပ်တိုးဝင်လာခဲ့၏။

သူ၏ အမြုတေစိတ်ဝိညာဥ်ကို အသက်သွင်းရခြင်းမရှိဘဲနှင့်တောင် သူသည် ဧရာမဝဲကတော့တစ်ခုကဲ့သို့ဖြစ်လာပြီး ကောင်းကင်နှင့်မြေကြီး အမြုတေချီများကို ရူးသွပ်စွာ စုပ်ယူနေ၏။

သိုင်းတာအိုပင်မခန္ဓာ၏ မျက်နှာနှင့် အရေပြားပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သောပုံစံဖြင့် ထူးဆန်းသော အနက်ရောင်အင်းကွက်များက ပေါ်ထွက်လာ၏။

အနက်ရောင်မိစ္ဆာချီက သူ၏ ဘေးပတ်လည်မှာ စတင်လှည့်ပတ်လာခဲ့၏။ သူ၏ မျက်လုံးများက ပိန်းပိတ်အောင်နက်မှောင်လာပြီး နတ်ဆိုးဆန်ဆန်အလင်းတစ်ခုဖြင့် ပြည့်နှက်လာ၏။ သူသည် သတ်လိုဖြတ်လိုသောအော်ကာတစ်ခုနှင့်အတူ ရူးသွပ်၍ ထိန်းချုပ်မရသော အ​ခြေအနေတစ်ခုသို့ ကျဆင်းသွားပုံရလေသည်။

သိုင်းတာအိုပင်မခန္ဓာသည် ငွေရောင်မျက်နှာဖုံးကို တပ်ဆင်ထားပြီး အဆူရာကို ကျောပေးထားလေသည်။ ထိုသူက သူ၏ မျက်နှာပေါ်ရှိ တစ်မူထူး​ခြားမှုကို သတိမထားမိနိုင်ပေ။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ အ​ခြေအနေက တစ်နည်းတစ်ဖုံ လွဲမှားလာသည်ကို အဆူရာက အာရုံခံမိလိုက်ဆဲဖြစ်၏။

သူက စကားပြောမည့်ဆဲဆဲမှာပင် သိုင်းတာအိုပင်မခန္ဓာက ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်၏။

သူ၏ ဘေးပတ်လည်မှာရှိသောမိစ္ဆာချီကလည်း တဖြည်းဖြည်းပျက်ပြယ်လာ၏။

သူ၏ မျက်လုံးထဲရှိ အနက်ရောင်အလင်းကလည်း ဖျော့တော့သွားလေသည်။

သို့သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်အင်းကွက်များက ပျောက်ကွယ်မသွားပေ။ သူတို့က သူ၏ အရေပြားပေါ်မှာ ခိုင်မာစွာခတ်နှိပ်ထားပုံရပြီး ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီအပေါ် သန်မာစောစုပ်ယူအားတစ်ခုကို ဖန်တီးပေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။ သိုင်းတာအိုမီးဖို၏ မီးတောက်များက လောင်ကျွမ်းလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်အင်းကွက်များကို သိပ်မကြာခင် ဖယ်ရှားပေးလိုက်၏။

'စိတ်ဝင်စားစရာပဲ'

သိုင်းတာအိုပင်မခန္ဓာက သရော်ပြုံးပြုံး၍ တီးတိုးရေရွတ်လိုက်၏။

သူက ပြီးပြည့်စုံမှုမရှိသောကားချပ်ကို ထပ်မံ၍မကြည့်တော့ဘဲ သူ၏ သိုလှောင်အိတ်ထဲသို့ ခေါက်သိမ်းလိုက်လေသည်။

All Chapters