တမလွန်လောကဆီသို့
Vol. 145 Ch. 2165
သိုင်းတာအိုပင်မခန္ဓာသည် ဗုဒ္ဓဝါဒမှာ ကျွမ်းကျင်ပိုင်နိုင်ပြီး ပိုရွှင်းဟူသော ဝေါဟာရနှင့် မစိမ်းသက်ပေ။
ထိုအမည်ကို ဗုဒ္ဓကျမ်းစာများ၏ ရှေးဟောင်းကျမ်းစာများထဲတွင် ဖော်ပြထားလေသည်။
ရှေးဟောင်းမိစ္ဆာပိုရွှင်းသည် ဗုဒ္ဓကျောင်းတော်များ၏ ကျမ်းစာများထဲမှာ သက်တမ်းအရင့်ဆုံး၊ အသန်မာဆုံးနှင့် ကြောက်စရာအကောင်းဆုံး မိစ္ဆာဖြစ်လေသည်။
သူသည် ဗုဒ္ဓနှင့်တူညီသောမျိုးဆက်မှာ တည်ရှိခဲ့လေသည်။
ဒဏ္ဍာရီအရဆို ဗုဒ္ဓမွေးဖွားလာသောအခါ ပိုရွှင်းကလည်း ဆင်းသက်လာခဲ့၏။
ဗုဒ္ဓနှင့်အတူတကွ ရှင်သန်နေထိုင်ခဲ့ခြင်း။
ဗုဒ္ဓသည် ဗောဓိပင်အောက်မှာ တာအိုကိုနားလည်ဆင်ခြင်ခဲ့စဥ်က ပိုရွှင်းသည် ဗုဒ္ဓ၏ ကျင့်ကြံမှုကို ဟန့်တားနှောက်ယှက်ဖို့အတွက် မိစ္ဆာကျင့်ကြံသူ ၈ဘီလီယံကို ဦးဆောင်လာခဲ့ကာ ဗုဒ္ဓနှင့်မိစ္ဆာများကြား စစ်ပွဲတစ်ခုကို ပေါ်ထွက်လာစေခဲ့သည်ဟု ဆိုလေသည်။
အဲ့ဒါသည် အထက်ဘုံလောကမှာပင်လျှင် လွန်ခဲ့သည့် အရေမတွက်နိုင်သော ခေတ်များစွာက ဖြစ်ပွားခဲ့သော အလွန်တရာရှေးကျသည့် စစ်ပွဲတစ်ခုဖြစ်လေသည်
အဲ့ဒါသည် အထက်ဘုံလောကကိုစတင်ဖွင့်လှစ်ပြီး သက်ရှိများအားလုံးမွေးဖွားပေါ်ထွက်လာကာ ခက်ခဲကြမ်းတမ်းစွာ ရှင်သန်နေထိုင်ခဲ့ရသည့်အချိန်ကာလတစ်ခု ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
ဤတိုက်ပွဲနှင့်ပတ်သက်သည့် အခြေအနေအတိအကျကို မည်သူကမှ မသိရှိကြပေ။ သို့သော်လည်း ရလဒ်သည် ဗုဒ္ဓက တာအိုကို အောင်မြင်ရရှိသွားပြီး ပိုရွှင်းက ဆိုးဆိုးဝါးဝါးရှုံးနိမ့်ခဲ့လေသည်။
ယခင်က သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ ထိုမှတ်တမ်းကိုတွေ့မြင်ရစဥ်က တွေဝေရှုပ်ထွေးခဲ့ဆဲဖြစ်၏။
ယခုအဲ့ဒါကို ပြန်စဥ်းစားကြည့်သောအခါ အရင်တုန်းက ဗုဒ္ဓနှင့် မိစ္ဆာကြားတိုက်ပွဲသည် အထွတ်အထိပ်ဧကရာဇ်နှစ်ပါးကြား တိုက်ပွဲဖြစ်ခဲ့ဖို့များလေသည်။
နောက်ဆုံးမှာတော့ဗုဒ္ဓသည် မဟာဧကရာဇ်တစ်ပါးဖြစ်လာခဲ့ပြီး ပိုရွှင်းက ရှုံးနိမ့်သွားခဲ့၏။
ဗုဒ္ဓသည် ဗုဒ္ဓကျောင်းတော်များ၏ အန္တိမရှေးဟောင်းဗုဒ္ဓဖြစ်မည်ဆိုလျှင် ပိုရွှင်းက သက်တမ်းအရင့်ဆုံး မိစ္ဆာဘိုးဘေးဖြစ်ပေလိမ့်မည်။
ကောင်းကင်ဘုံဝံပုလွေ၏ သခင်သည် သူ့ကိုယ်သူ ပိုရွှင်းဟုခေါ်ဆိုရဲပြီး သက်တမ်းရင့်ဆုံး ရှေးဟောင်းမိစ္ဆာဧကရာဇ်နှင့် တူညီသောနာမည်ကို ခံယူထားသည့်အချက်သည် သူကဘယ်လောက်တောင်ရည်မှန်းချက်ကြီးမားပြီး ရဲဝင့်သည်ကို ဖော်ပြပေးနေ၏။
ကံဆိုးစွာနှင့်ပင် ဤဧကရာဇ်သည် မဟာဧကရာဇ်တစ်ပါးဖြစ်လာဖို့ ခြေလှမ်းဝက်သာလိုတော့သည့်အချိန်မှာ ကျရှုံး၍ သုခဘုံသန့်စင်ကုန်းမြေမှာ သေဆုံးခဲ့ရ၏။
သိုင်းတာအိုပင်မခန္ဓာသည် တိတ်တဆိတ်စဥ်းစားတွေးတောပြီး ကောင်းကင်ဘုံဝံပုလွေပြောခဲ့သည့်အရာကို ပြန်လည်ပုံဖော်ကြည့်နေ၏။
ကောင်းကင်ဘုံဝံပုလွေသည် မာရ်နတ်မျက်နှာဖုံး၏ လက်နက်စိတ်ဝိညာဥ်ဖြစ်လေသည်။
မာရ်နတ်မျက်နှာဖုံးကတော့ အဲ့ဒါကို စိတ်ခံစားချက်၇ မျိုး ကိုယ်ပွားကနေ ဖန်တီးယူထား၏။
စွဲလမ်းမှုဥပါဒါန်ကသာလျှင် စိတ်ခံစားချက်၇ မျိုးကို ဖြတ်တောက်နိုင်လေသည်။
ထို့ကြောင့်ပင်လျှင် ကောင်းကင်ဘုံဝံပုလွေသည် ဧကရာဇ်ပိုရွှင်းဖန်တီးခဲ့သည့် မိစ္ဆာဥပါဒါန်အပိုင်းကို နားလည်နေခြင်းဖြစ်လေသည်။
အဲ့ဒါသည် မာရ်နတ်မျက်နှာဖုံးကို ထိန်းချုပ်ဖို့အတွက်သာ ရည်ရွယ်ထားခဲ့လေသည်။
အရာရာတိုင်းက ယခုအချိန်မှာ အဓိပ္ပါယ်ရှိလာခဲ့၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံဝံပုလွေမှာ စွမ်းအားကြီးမားသော နောက်ခံတစ်ခုရှိနိုင်သည်ကို အာရုံခံမိခဲ့ပြီးသားဖြစ်၏။
ငွေရောင်မျက်နှာဖုံးက အကြောင်းပြချက်များထဲမှ တစ်ခုသာဖြစ်၏။
ပို၍အရေးကြီးသည်မှာ ကောင်းကင်ဘုံဝံပုလွေသည် အလွန်တရာခေါင်းမာပြီး သူ၏ မီးတောက်လေးခုဖြင့် နှစ်ပေါင်းထောင်ချီကြာအောင် လောင်ကျွမ်းအကျဥ်းချခံရပြီးမှသာ အညံ့ခံခဲ့လေသည်။
ယခုအဲ့ဒါကိုပြန်တွေးကြည့်သောအခါ အဲ့ဒါက နားလည်လက်ခံ၍ရနိုင်လေသည်။
သူ၏ ယခင်ဘဝမှာ သူသည် ဧကရာဇ်ပိုရွှင်း၏ စိတ်ခံစားချက်၇မျိုး ကိုယ်ပွား မိစ္ဆာဘုရင်တစ်ပါးဖြစ်ခဲ့လေသည်။
သူသည် နောက်ပိုင်းမှာ လက်နက်စိတ်ဝိညာဥ်တစ်ခုအဖြစ် ပြန်လည်မွေးဖွားလာခဲ့သည်ဆိုလျှင်တောင် သူကဧကရာဇ်လက်နက်တစ်ခုဖြစ်ခဲ့လေသည်။
ထို့ကြောင့်ပင်လျှင် သူ့မှာမာန်မာနရှိပြီး တခြားသူများထံအညံ့မခံလိုသည်မှာ သဘာဝကျလေသည်။
သူ၏ ယခင်သခင်နှင့်နှိုင်းယှဥ်လျှင် သိုင်းတာအိုပင်မခန္ဓာသည် တကယ့်ကိုကွာခြားနေဆဲဖြစ်၏။
“အစ်ကိုယန်... ခင်ဗျားလည်း အဲ့ဒါကိုကြားပြီးပြီပဲ... ကိစ္စတွေက ဒီအခြေအနေထိရောက်လာပြီဆိုမှတော့... ခင်ဗျားက မိစ္ဆာဥပါဒါန်အပိုင်းကို ကျင့်ကြံပြီးမှပဲ အသက်ရှင်နိုင်လိမ့်မယ်”
သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာဥပါဒါန်အပိုင်း၏ မူလဇာစ်မြစ်ကိုသိရှိသွားသောအခါ သူက စိတ်သက်သာရာရသွားပြီး ယန်ပေးချန်ကို ဖျောင်းဖျလိုက်၏။
ယန်ပေးချန်က အသံတိတ်နေ၏။
သေခြင်းအော်ရာက သူ့ကိုလွှမ်းခြုံထားပြီး သူ့မှာ မျှော်လင့်ချက်ကင်းမဲ့နေ၏။
သူ့နှလုံးသား၏ အနက်ပိုင်းထဲမှာ သူသည် အသက်ရှင်ဖို့အတွက် မည်သည့်စိတ်ဆန္ဒမှမရှိတော့ပေ။
သိုင်းတာအိုပင်မခန္ဓာက သက်ပြင်းချပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အထက်ဘုံလောကမှာ တမလွန်လောကတစ်ခုတကယ်ပဲရှိတယ်လို့ ကောင်းကင်ဘုံဝံပုလွေက ကျုပ်ကို ပြောပြထားတယ်... အဲ့ဒါက ခင်ဗျားတစ်ယောက်တည်းတင် မဟုတ်ဘူး.. ကျုပ်လည်း ကျုပ်ရဲ့ကိစ္စတချို့ကို ဖြေရှင်းဖို့အတွက် တမလွန်လောကကို သွားရဦးမယ်”
သူသည် ကျိယောင်ရွှယ်အကြောင်းကို စဥ်းစားတွေးတောနေဆဲ ဖြစ်၏။
“မင်းတကယ်ပြောနေတာလား”
ယန်ပေးချန်၏ မျက်လုံးက ဝင်းလက်သွားပြီး သူက ခွန်အားတချို့ကိုပြန်လည်ရရှိလာပုံရ၏။ သူသည် ကြိုးစား၍မတ်တတ်ထရပ်ပြီးမေးလိုက်၏။
“အထက်ဘုံမှာ တမလွန်လောကတစ်ခု တကယ်ပဲရှိတယ်ဆိုရင် အဲ့ဒါက ဘယ်နေရာမှာလဲ... ငါအဲ့ဒီကို ဘယ်လိုရောက်အောင် သွားနိုင်မလဲ”
“ဟီးဟီး..”
မာရ်နတ်မျက်နှာဖုံးထဲမှာ ကောင်းကင်ဘုံဝံပုလွေက ရုတ်တရက်လှောင်ရယ်လိုက်လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံဝံပုလွေကို ပါးစပ်ပိတ်နေဖို့ သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် သတင်းစကားတစ်ခုကို ခပ်မြန်မြန်ပို့လွှတ်လိုက်၏။
ခဏမျှရပ်တန့်ပြီးနောက် သူက ရှင်းပြဖို့ကြိုးစားလိုက်၏။
“အဲ့ဒါတော့ ကျုပ်လည်းသေချာမသိဘူး... ဘာပဲဖြစ်ဖြစ် ကျုပ်တို့အသက်ရှင်နေသရွေ့ အခွင့်အရေးတစ်ခုက အမြဲတမ်းရှိနေလိမ့်မယ်”
“ဟုတ်တာပေါ့... အဲ့ဒါအမှန်ပဲ”
ယန်ပေးချန်က သူ၏ မျက်လုံးထဲရှိ အလင်းရောင်တစ်ခုနှင့်အတူ ခေါင်းညိတ်ပြီး သူ့ဘာသာသူပြောလိုက်၏။
“တမလွန်လောကလို နေရာတစ်ခုကို လူတိုင်းက ဘယ်ဝင်ရောက်နိုင်ပါ့မလဲ.... အဲ့ဒီမှာလူတစ်ယောက်ရဲ့ ကျင့်ကြံမှုနယ်ပယ်အပေါ် ကန့်သတ်ချက်တစ်ခုရှိနေလိမ့်မယ်”
“ငါ... ကျင့်ကြံချင်တယ်... မိစ္ဆာဘုရင်တစ်ပါးက အဲ့ဒါကိုမလုပ်နိုင်ဘူးဆိုရင် ငါကမိစ္ဆာဧကရာဇ်တစ်ပါးဖြစ်လာတဲ့အထိ ကျင့်ကြံရမယ်... မိစ္ဆာဧကရာဇ်တစ်ပါးက အဲ့ဒါကိုမလုပ်နိုင်ဘူးဆိုရင် ငါက မဟာဧကရာဇ်တစ်ပါးဖြစ်လာတဲ့အထိကျင့်ကြံမယ်... တစ်နေ့မှာ ငါက တမလွန်လောကကိုဝင်ရောက်ပြီး ချင်ဖျန်ရန်ကိုသွားရှာမယ်”
ထိုသို့အတွေးဖြင့် ယန်ပေးချန်က သိုင်းတာအိုပင်မခန္ဓာကိုကြည့်လိုက်၏။
“ငါအဲ့ဒါကိုသင်ယူမယ်”
“ကောင်းပြီလေ”
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး သူက မိစ္ဆာဥပါဒါန်အပိုင်းကို သင်ကြားပေးဖို့ ကောင်းကင်ဘုံဝံပုလွေကို ညွှန်ကြားလိုက်၏။
ယန်ပေးချန်မှာ အခြေခံအုတ်မြစ်အဖြစ် အမုန်းသုတ္တန်ရှိထားပြီး သူ၏ အမုန်းက သန်မာလေသည်။
သူသည် မိစ္ဆာဥပါဒါန်အပိုင်းကို ကျင့်ကြံသည့်အခါ ဈာန်ဝင်စားခြင်းအခြေအနေတစ်ရပ်သို့ ဝင်ရောက်သွားလေသည်။
အပျက်အစီးနယ်မြေမှာ သူက မြေပြင်ပေါ်မှာထိုင်ချလိုက်၏။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိအမုန်းတရားနှင့် ဥပါဒါန်က အနက်ရောင်မိစ္ဆာချီမျှင်များအဖြစ် အသွင်ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ပတ်လည်မှာ ရစ်ပတ်လာခဲ့၏။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ထိခိုက်ဒဏ်ရာများကလည်း မြင်နိုင်သောနှုန်းထားဖြင့် သက်သာပျောက်ကင်းလာနေ၏။
သူ၏ အမြုတေစိတ်ဝိညာဉ်ပေါ်ရှိ အက်ကွဲကြောင်းများကပင်လျှင် အနက်ရောင်ချီမျှင်များဖြင့် ရစ်ပတ်ခံလာရပြီး သူတို့က ပြုပြင်ပေးနေသည့်အလားပင်။
ဖျံဖြူလေးကလည်း ယန်ပေးချန်က မသေတော့ဘူးဆိုတာကို နားလည်သဘောပေါက်သွားပုံရလေသည်။ သူ့ကျင့်ကြံမှု၏ သေရေးရှင်ရေးအခိုက်အတန့်မှာ ၎င်းက အလွန်တရာတိတ်ဆိတ်ငြိမ်သက်သွားပြီး ယန်ပေးချန်၏ ဘေးမှာ နာခံစွာလှဲလျောင်းနေလေသည်။ သိုင်းတာအိုပင်မခန္ဓာက နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကိုပို့လွှတ်လိုက်၏။
“စောစောက မင်းဘာလို့ရယ်နေတာလဲ”
“ကျုပ်က သူ့ရဲ့မိုက်မဲမှုကို ရယ်နေတာ”
ကောင်းကင်ဘုံဝံပုလွေ၏ လေသံက လှောင်ပြောင်သရော်လိုနေခြင်းဖြစ်၏။
“သမိုင်းတစ်လျှောက်မှာ တမလွန်လောကရှိတဲ့နေရာကို ရှာဖွေနိုင်တဲ့သူ ဒါမှမဟုတ် အဲ့ဒီနေရာကိုဝင်နိုင်ပြီး အသက်ရှင်လျက်ပြန်ထွက်လာနိုင်တဲ့သူ တစ်ယောက်ယောက်ကို ကျုပ်တစ်ခါမှမကြားဖူးဘူး”
သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“အဲ့ဒီမှာ တမလွန်လောကကို ဝင်ရောက်ဖို့အတွက် နည်းလမ်းတစ်ခုပဲရှိတယ်
ကောင်းကင်ဘုံဝံပုလွေက ခဏမျှရပ်တန့်ပြီး ရယ်မောလိုက်၏။
“အဲ့ဒါကသေခြင်းတရားပဲ”
“သူသေသွားမယ်ဆိုရင် သူကတမလွန်လောကကို ဝင်ရောက်နိုင်လိမ့်မယ်... သက်ရှိလူတစ်ယောက်ကတော့ တမလွန်လောကကို ဝင်ရောက်ဖို့မစဉ်းစားလိုက်နဲ့ အဲ့ဒါက ကျင့်ကြံမှုနယ်ပယ်နဲ့ ဘာမှမဆိုင်ဘူး”
“မင်းစကားက ဘာ်လောက်ထိသေချာလို့လဲ”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
ကောင်းကင်ဘုံဝံပုလွေက ပြောလိုက်လေသည်။
“သမိုင်းတစ်လျှောက်မှာ မဟာဧကရာဇ်တွေက သန်မာကြတယ်မဟုတ်ဘူးလား... သူတို့မှာ မြင့်မားတဲ့ကျင့်ကြံမှုနယ်ပယ်တွေရှိကြတယ် မဟုတ်ဘူးလား... ကျုပ်က ရှင်သန်နေထိုင်လာခဲ့တာ အရမ်းကိုကြာမြင့်ခဲ့ပြီ”
ဒါပေမဲ့... သူတို့အသက်ရှင်နေစဉ်မှာ တမလွန်လောကကို ဝင်ရောက်နိုင်တဲ့ မဟာဧကရာဇ်တစ်ပါးပါးကို ကျုပ်တစ်ခါမှမကြားဖူးဘူး”
သိုင်းတာအိုပင်မခန္ဓာက အသံတိတ်သွား၏။
ကောင်းကင်ဘုံဝံပုလွေပြောပုံအရ တမလွန်လောကက တည်ရှိသည်ဆိုလျှင်တောင် ယန်ပေးချန်နှင့် ချင်ဖျန်ရန်က ပြန်လည်ဆုံစည်းနိုင်တော့မည်မဟုတ်ပေ။
ချင်ဖျန်ရန်သည် ပြန်ဝင်စားခြင်းသို့ ဝင်ရောက်သွားလောက်ပြီဖြစ်ပြီး သူတို့နှစ်ယောက်ကို ယင်နှင့်ယန်က ပိုင်းခြားထားလေသည်။
သူသည် ထိုကဲ့သို့သောစကားများကို ယန်ပေးချန်အား ပြန်ပြောပြလိမ့်မည် မဟုတ်ပေ။
ဘာပဲပြောပြော အဲ့ဒါသည် ယန်ပေးချန်ရှင်သန်ဖို့အတွက် မျှော်လင့်ချက်တစ်ခုဖြစ်လေသည်။ သိုင်းတာအိုပင်မခန္ဓာသည် ထိုမျှော်လင့်ချက်ပါးပါးကလေးကို ဖျက်ဆီးပစ်လိုစိတ်မရှိပေ။
ယန်ပေးချန်က အန္တရာယ်ကနေယာယီအားဖြင့် လွတ်မြောက်လာခဲ့၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ အနာဂတ်နှင့်ပတ်သက်၍ စတင်စဉ်းစားတွေးတောလာရပြီဖြစ်လေသည်။
သူ့အတွက်တော့ ယခုအချိန်မှာ အရေးကြီးဆုံး အရာသည် အရင်းအမြစ်များကို ဆက်လက်ရှာဖွေဖို့မဟုတ်တော့ဘဲ နောက်ပိုင်းသိုင်းတာအိုဓမ္မအစီအရင်များကို ထပ်မံဖန်တီးဖို့ဖြစ်လေသည်။
သူသည် တာအိုကိုနားလည်ဆင်ခြင်ဖို့အတွက် တံခါးပိတ်ကျင့်ကြံဖို့လိုနေလေပြီ။
အဲ့ဒါက အလွန်တရာရှည်လျားသော ဖြစ်စဉ်တစ်ခုဖြစ်လာပေလိမ့်မည်။
အဲ့ဒါကနှစ်ပေါင်းထောင်ချီ... နှစ်ပေါင်းသိန်းချီ သို့မဟုတ် အမြဲတမ်းပင်ဖြစ်သွားနိုင်လေသည်။
သို့သော်လည်း မည်သို့ပင်ဆိုစေ သိုင်းတာအိုပင်မခန္ဓာက အဲ့ဒါကိုဆက်လက်၍သာပြုလုပ်ရမည်ဖြစ်၏။ သူကဤလမ်းကြောင်းပေါ်သို့ ခြေချလိုက်သည့်ခဏမှာပင် သူက နောက်ပြန်လှည့်လို့ မရနိုင်တော့ပေ။
သူကရှေ့သို့ ဆက်တက်ရတော့မည်သာဖြစ်၏။
သူသည် ယန်ပေးချန်နှင့် ကြုံတွေ့ရပြီးနောက် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်အခြေအနေက ပြောင်းလဲလာခဲ့၏။
အစကတော့ သူသည် အဖွဲ့အစည်းတစ်ခုခုကိုတည်ထောင်ဖို့ စိတ်ကူးမရှိခဲ့ပေ။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူသည် မိစ္ဆာမဟာနယ်မြေမှာ အဖွဲ့အစည်းတစ်ခုတည်ထောင်ဖို့ တွေးတောလာခဲ့ပြီဖြစ်၏။
ထိုသို့ဖြင့် သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှတက်လှမ်းလာသော သူ၏ မိတ်ဆွေဟောင်းများကို ရှာဖွေဖို့နှင့် သူတို့နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကိုရယူဖို့ အခွင့်အရေးပိုများလာမည်ဖြစ်၏။
ဒါ့အပြင် အဖွဲ့အစည်းကပိုမိုသန်မာပြီး သူ့မှာလူအင်အားပိုမိုများပြားလာလေ သူတို့စုဆောင်းနိုင်သည့် ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များက ပိုများလာလေဖြစ်ပေမည်။
အဲ့ဒါသည် နောက်ပိုင်းသိုင်းတာအိုဓမ္မအစီအရင်ကို ဖန်တီးဖို့အတွက် သူ့အတွက်အလွန်တရာအရေးပါလေသည်။
သို့သော် ယခုအချိန်မှာ သူသည် တာအိုကိုနားလည်ဖို့အတွက် တံခါးပိတ်ကျင့်ကြံမှုသို့ ဝင်ရောက်ရမည်ဖြစ်ပြီး အဲ့ဒါကို သူ့ဘာသာသူ မလုပ်နိုင်တော့ပေ။
အဖွဲ့အစည်းတစ်ခုတည်ထောင်ပြီး ပိုင်နက်နယ်မြေကို ချဲ့ထွင်ဖို့ကိစ္စကို ယုံကြည့်စိတ်ချရပြီး မိစ္ဆာမဟာနယ်မြေမှာ သူလိုချင်သောအရာကို ပြုလုပ်ပေးနိုင်မည့် စွမ်းအားကြီးမားသော လူတစ်ယောက်ကို လက်လွှဲပေးရမည်ဖြစ်၏။
တကယ်တော့... ယန်ပေးချန်သည် လုံးဝကို ယုံကြည်စိတ်ချရသောလူတစ်ယောက်ဖြစ်၏။ မိစ္ဆာဥပါဒါန်အပိုင်းကို ကျင့်ကြံပြီးနောက် သူ၏ ကျင့်ကြံမှုနယ်ပယ်နှင့် တိုက်ခိုက်ရည်ခွန်အားကလည်း လျင်မြန်စွာတိုးတက်လာပေလိမ့်မည်။
သူသည် တိုက်ပွဲနယ်မြေမှာ မဟာစစ်သူကြီးတစ်ဦးဖြစ်လာပြီး သွေးသံရဲရဲတိုက်ပွဲများကို အောင်နိုင်ဖို့ လုံးဝကိုအဆင့်မီလေသည်။
သို့သော်လည်း သူ့အနေဖြင့် အဖွဲ့အစည်းတစ်ခုကိုဦးဆောင်ဖို့က မသင့်တော်ပေ။
ယန်ပေးချန်သည် အမုန်းတရားနှင့် စွဲလမ်းမှုများဖြင့် ငြိစွန်းနေပြီး အချိန်အများစုမှာ ကျိုးကြောင်းဆီလျော်သောဆုံးဖြတ်ချက်တစ်ခုကို ချနိုင်လိမ့်မည်မဟုတ်ပေ။
“အဲ့ဒီအတွက် လူကတော့...”
သိုင်းတာအိုပင်မခန္ဓာက တစ်စုံတစ်ရာကိုတွေးမိသွားကာ ရင်တစ်ချက်ထိတ်သွားပြီး ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။