← Chapters

ထျန်ဟွမ်ဂိုဏ်း

Vol. 145 Ch. 2167

ထျန်ဟွမ်ဂိုဏ်း

Vol. 145 Ch. 2167

“အဲ့ဒီအဖွဲ့အစည်းရဲ့နာမည်က ဘာဖြစ်မလဲ”

ကောင်းကင်ဘုံဝံပုလွေက မေးလိုက်၏။

“ထျန်ဟွမ်ဂိုဏ်း”

သိုင်းတာအိုပင်မခန္ဓာ ခဏမျှစဥ်းစားတွေးတောပြီးနောက် အမည်တစ်ခုကိုပြောလိုက်၏။

“သခင်... ထျန်ဟွမ်ဂိုဏ်းကို ကျုပ်နဲ့လွှဲထားလိုက်... ဘာမှမပူနဲ့... စိတ်ချလက်ချသာ တံခါးပိတ်ကျင့်ကြံ... တစ်နေ့... ကျုပ်က မိစ္ဆာမဟာနယ်မြေမှာ အဲ့ဒါကို ကြောက်စရာအကောင်းဆုံးနဲ့ စွမ်းအားအကြီးမားဆုံး ဂိုဏ်းဖြစ်လာအောင်လုပ်ပေးမယ်”

ကောင်းကင်ဘုံဝံပုလွေက အလွန်တရာယုံကြည်မှုရှိနေ၏။

သူသည် အဓိပ္ပါယ်မရှိစကားများကို ပြောဆိုနေခြင်းမဟုတ်ပေ။

သူ့မှာ ထိုကဲ့သို့သော အရည်အသွေးနှင့် ယုံကြည်မှုရှိလေသည်။

အရင်တုန်းက သူသည် နယ်မြေဒေသတစ်ခုကိုအုပ်စိုးသော စိတ်ခံစားချက်၇မျိုး မိစ္ဆာဘုရင်ဖြစ်ခဲ့ပြီး သူ၏ ပိုင်နက််နယ်မြေကို ဘယ်လိုချဲ့ထွင်ရမလဲ... ဘယ်လိုသိမ်းပိုက်ရမလဲ... ဘယ်လိုစိုးမိုးရမလဲ ကောင်းကောင်းနားလည်လေသည်။

သူသည် တစ်ခါတုန်းက အထွတ်အထိပ်ကိုရောက်ရှိခဲ့ဖူးသည်။

ယခုအချိန်မှာ သူသည် တူညီသောလမ်းကြောင်းကို နောက်တစ်ဖန်ပြန်လျှောက်ရရုံသာဖြစ်၏။

ပိုင်နက်နယ်မြေက ပိုမိုကြီးမားလေလေ ​ကျင့်ကြံရေးအရင်းအမြစ်များက ပိုမိုများပြားလာလေဖြစ်ပြီး ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကိုရရှိဖို့ အခွင့်အရေးကလည်း ပိုမိုကြီးမားလာပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာတစ်ယောက်တည်းသာလျှင် မဟုတ်ပေ။ ကောင်းကင်ဘုံဝံပုလွေနှင့် ယန်ပေးချန်သည်လည်း သူတို့၏ ကျင့်ကြံမှုများကိုမြှင့်တင်ဖို့အတွက် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများစွာကို လိုအပ်လေသည်။

ကျင့်ကြံရေးအရင်းအမြစ်များအပြင် သိုင်းတာအိုပင်မခန္ဓာသည် ထျန်ဟွမ်ဂိုဏ်းကို တိုးတက်မြင့်မားလာအောင်လုပ်ရန် ကောင်းကင်ဘုံဝံပုလွေ၏ လက်ထဲသို့ လွှဲပေးခဲ့သည်မှာ အခြားသောရည်ရွယ်ချက်ရှိလေသည်။

အဲ့ဒါသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ တက်လှမ်းလာမည့် သူ၏ မိတ်ဆွေဟောင်းများအတွက်ဖြစ်၏။

ယန်ပေးချန်အပြင် ထျန်ဟွမ်ကုန်းမြေတိုက်ရှိ သူ၏ မိတ်ဆွေဟောင်းများကြားမှာ တခြားဘယ်သူက ကောင်းကင်ဘုံကမ္ဘာသို့ သို့မဟုတ် မိစ္ဆာမဟာနယ်မြေသို့ တက်လှမ်းလာမည်ကို သူမသိပေ။

သို့သော်လည်း သူအုပ်စိုးသောပိုင်နက်နယ်မြေက ပိုမိုကြီးမားလေလေ သူ၏ မိတ်ဆွေဟောင်းများကို ပြန်လည်စုစည်းဖို့က အခွင့်အရေးပိုရလေလေ ဖြစ်ပေလိမ့်မည်။

ဤအဖွဲ့အစည်းကို ထျန်ဟွမ်ဂိုဏ်းဟုခေါ်ဆိုစေသည့်အကြောင်းမှာလည်း သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ သူ၏ မိတ်ဆွေဟောင်းများကို ဆွဲဆောင်ဖို့ဖြစ်၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်းတစ်ယောက်ယောက်က ဤဂိုဏ်း၏ နာမည်ကိုကြားမည်ဆိုလျှင် သူတို့က ဤနေရာသို့ သေချာပေါက် ရောက်ရှိလာပေလိမ့်မည်။

တကယ်တော့... အထက်ဘုံကမ္ဘာကအရမ်းကိုကြီးမားလေသည်။ ယန်ပေးချန်ကလွဲလျှင် တခြားမည်သူကမျှ ဤနေရာသို့ တက်လှမ်းမလာသည်လည်းဖြစ်နိုင်လေသည်။

“နောက်ထပ်တစ်ခုရှိသေးတယ်”

သိုင်းတာအိုပင်မခန္ဓာက ဆက်ပြောလိုက်၏။

“ထျန်ဟွမ်ဂိုဏ်းမှာ အထက်ဘုံကသက်ရှိတွေပဲဖြစ်ဖြစ်... အောက်ဘုံလောကက သက်ရှိတွေပဲဖြစ်ဖြစ် သူတို့ကို... ညီတူမျှတူဆက်ဆံရမယ်”

“ဒါကတော့...”

ကောင်းကင်ဘုံဝံပုလွေက တုံ့ဆိုင်းသွား၏။

သူ၏ မျက်လုံးထဲမှာ အောက်ဘုံလောကမှ သက်ရှိများကိုမပြောနှင့် အထက်ဘုံလောကမှ သက်ရှိများပင်လျှင် ပုရွက်ဆိတ်များဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်ဘုံဝံပုလွေ၏ ခုခံငြင်းဆန်လိုမှုကို လျစ်လျူရှုပြီးဆက်ပြောလိုက်၏။

“အမြုတေစိတ်ဝိညာဥ်သတ္တုတွင်းတွေကို တူးဖော်တာတွေ... စိတ်ဝိညာဥ်ဆေးပင်တွေကို စိုက်ပျိုးတာတွေက ဂိုဏ်းရဲ့လုပ်ဆောင်ရမဲ့တာဝန်တွေဖြစ်လာလိမ့်မယ်... အောက်ဘုံလောကက တက်လှမ်းလာသူတွေက အဲ့ဒီတာဝန်တွေကို ပြီးမြောက်အောင်ထမ်းဆောင်နိုင်တာနဲ့ သူတို့က လုံလောက်တဲ့ဆုလာဘ်တွေကို ရရှိနိုင်ရမယ်”

သိုင်းတာအိုပင်မခန္ဓာ၏ ပြတ်သားသောစိတ်သဘောထားကို တွေ့မြင်သောအခါ ကောင်းကင်ဘုံဝံပုလွေက သဘောတူလိုက်ရ၏။

အဲ့ဒါကအနည်းငယ် ဒုက္ခများမည်ဖြစ်သော်လည်း အဲ့ဒါကိုဆောင်ရွက်ဖို့က မဖြစ်နိုင်တာမဟုတ်ပေ။

“ဆက်လုပ်”

သိုင်းတာအိုပင်မခန္ဓာ၏ စိ​တ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး အလင်းလုံးတစ်လုံးက မာရ်နတ်မျက်နှာဖုံးထဲကနေ ပျံသန်းထွက်ပေါ်လာ၏။

အလင်းလုံးက လေဟာနယ်ကိုဆုတ်ဖြဲပြီး လမင်းဝါးမျိုကောင်းကင်ဘုံဝံပုလွေ၏ နှာရောင်ထဲသို့ ဝင်ရောက်သွား၏။

ခဏကြာပြီးနောက်...။

ဝံပုလွေ၏ မျက်လုံးက ရုတ်တရက်ပွင့်လာပြီး ဝမ်းသားပျော်ရွှင်မှု၊ တက်ကြွမှုနှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေ၏။

ကောင်းကင်ဘုံဝံပုလွေက မိစ္ဆာသုတ္တန်ကို လှည့်ပတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး အမြုတေချီများက သူ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာတိုးဝင်လာကာ သူ၏ ဒဏ်ရာများကို ကုသပေးနေ၏။

သိပ်မကြာခင် ကောင်းကင်ဘုံဝံပုလွေက မတ်တတ်ထရပ်လာနိုင်ပြီး စိတ်ခံစားချက်အပြည့်ဖြင့် ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။

ယန်ပေးချန်နှင့် ကောင်းကင်ဘုံဝံပုလွေသည် ဆက်လက်၍ကုသကာ ကျင့်ကြံနေခဲ့ကြ၏။

လူနှင့် ဝံပုလွေဘေးမှာ ရစ်သိုင်းနေသော ချီများက အကန့်အသတ် တစ်ခုအထိရောက်ရှိလာပြီး အချိန်မရွေး အဆင့်ချိုးဖျက်တက်လှမ်းလာနိုင်မည့်ပုံပင်။

သိုင်းတာအို ပင်မခန္ဓာသည် တိတ်တဆိတ်ဖြင့် ဘေးမှာမတ်တတ်ရပ်နေ၏။ တကယ်တော့ ကောင်းကင်ဘုံဝံပုလွေ၏ အတွေးများက သူ့ထံကနေ ဖုံးကွယ်မထားနိုင်ပေ။

ယခုအချိန်မှာ ကောင်းကင်ဘုံဝံပုလွေသည် သူ၏ အချုပ်အနှောင်ကနေ ရုန်းမထွက်နိုင်ပေ။

သူ၏ အဖွဲ့အစည်းကို ချဲ့ထွင်ဖို့အတွက် သူကလည်း ကောင်းကင်ဘုံဝံပုလွေကို အသုံးချနိုင်မည်ဖြစ်၏။

ဒါ့အပြင် သူ၏ ကျင့်ကြံမှုနယ်ပယ်က ကောင်းကင်ဘုံဝံပုလွေထက် ပိုမိုမြင့်မားနေသည်နှင့်အမျှ ထိုသူသည် သူ၏ ထိန်းချုပ်မှုကနေ စေချာပေါက်ရုန်းထွက်နိုင်မည် မဟုတ်ပေ။

ယန်ပေးချန်နှင့် ကောင်းကင်ဘုံဝံပုလွေသည် အဆင့်ချိုးဖျက်တက်လှမ်းသွားပြီးနောက် သူတို့နှစ်ယောက်သည် ထျန်ဟွမ်ဂိုဏ်းကိုအတူတကွ အုပ်စိုးနိုင်ကြမည်ဖြစ်၏။

ကောင်းကင်ဘုံဝံပုလွေက ဂိုဏ်းချုပ်ဖြစ်လာပြီး ယန်ပေးချန်က လက်ထောက်ဂိုဏ်းချုပ်ဖြစ်လာပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူက ဇာတ်မြှုပ်နေထိုင်ပြီး တာအိုကို အေးအေးဆေးဆေး နားလည်ဆင်ခြင်နိုင်မည်ဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာအတွက်တော့.. အရေးကြီးဆုံး အရာမှာ နောက်ပိုင်းဓမ္မအစီအရင်များကို ကောက်ချက်ချဖို့ဖြစ်၏။

အဆင့်-၉ ကံကြမ္မာစက်ကွင်းနယ်ပယ်ကနေ ထုတ်ဖော်လိုက်သော ကောင်းကင်နှင့်မြေကြီးမီးဖို မျိုးဆက်သွေးနယ်မြေသည် ပေါင်းစည်းခြင်းနယ်ပယ် ပကတိမိစ္ဆာတစ်ဦးကို တကယ်ပင် အရည်ဖျော်ချသတ်ဖြတ်နိုင်ခဲ့၏။

သို့သော်လည်း ပကတိဧကနယ်ပယ်မှာ အဆင့် ၄ဆင့် ရှိလေသည်။ ပေါင်းစည်းခြင်း၊ အာကာသသက်ရှိ၊ ဗလာနယ်ဝိညာဥ်နှင့် သုခဘုံလေဟာနယ်တို့ဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာက အာကာသသက်ရှိ သို့မဟုတ် ဗလာနယ်ဝိညာဥ် ပကတိမိစ္တာတစ်ဦးနှင့် ကြုံတွေရမည်ဆိုလျှင် သူက အနိုင်ရချင်မှရပေလိမ့်မည်။

နောက်ထပ်နယ်ပယ်တစ်ခုသို့ ဝင်ရောက်ပြီးမှသာ လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေး၏ စွမ်းအားက နောက်ထပ်တစ်ဆင့်သို့ တိုးတက်လာပေလိမ့်မည်။

ထိုအခါ ကောင်းကင်နှင့်မြေကြီးမီးဖို၏ စွမ်းအားသည် ဆပွားတိုးလာပြီး အနှိုင်းမဲ့နတ်ဘုရားစွမ်းအား သို့မဟုတ် ထိုထက်ပင်ကျော်လွန်သော စွမ်းအားတစ်ခု၏ အဆင့်ထိ ရောက်ရှိလာပေလိမ့်မည်။

..........

ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၊ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်တွင်...။

အပြင်ဂိုဏ်းတောင်ထွတ် ရေတံခွန်၏ အောက်ခြေရှိ ရေကန်ဘေး ခြံဝန်းတစ်ခုထဲမှာ... ။

ဆူဇီမိုသည် တံခါးပိတ်ကျင့်ကြံနေခဲ့သည်မှာ နှစ်တစ်ထောင်နီးပါးရှိသွားခဲ့လေပြီ။

ဤနှစ်များအားလုံးမှာ ဆူဇီမိုသည် ဂိုဏ်း၏ ပြုမူလှုပ်ရှားမှုများ သို့မဟုတ် တာဝန်တစ်ခုခုမှာ ပါဝင်လာခဲ့ခြင်းမရှိပေ။

လွန်ခဲ့သည့်တစ်နှစ်က တက္ကသိုလ်ကနေ ကျင်းပသော အပြင်ဂိုဏ်းပြိုင်ပွဲမှာပင် သူကဝင်မပါခဲ့ပေ။

သူ၏ သိုလှောင်အိတ်ထဲမှာ လုံလောက်သည့် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများရှိနေပြီး သူအနေဖြင့် နှစ်သုံးထောင်လောက်ကျင့်ကြံဖို့ လုံလောက်လေသည်။

ဤအချိန်အတောအတွင်းမှာ မင်းသမီးသက်တံနီက ဆူဇီမိုကို မကြာခဏလာရှာတတ်သော်လည်း သူ့ကိုမတွေ့မြင်ခဲ့ရပေ။

ပြီးခဲ့သည့်နှစ်တစ်ထောင်အတွင်းမှာ ဂေဟာက များစွာပြောင်းလဲသွားခြင်းမရှိသည့်ပုံပင်။ သို့သော်လည်း ဘာကြောင့်ရယ်မသိ ခြံဝန်း၏ ဘေးပတ်လည်မှာ ​ဒေသပေါက်ပင်များနှင့် ဆေးပင်များက အတော်လေးကောင်းမွန်စွာကြီးထွားလာ၏။

အပြင်ဂိုဏ်းမှာ မွေးမြူထားသော စိတ်ဝိညာဥ်တောကောင်များစွာကပင်လျှင် ဤနေရာသို့ရောက်ရှိလာခဲ့၏။

ဤနေ့မှာ ခြံဝန်းထဲရှိ ကျင့်ကြံရေးတံခါးက ဖြည်းဖြည်းချင်းပွင့်သွားပြီး ပုံရိပ်တစ်ခုက လျှောက်လှမ်းထွက်လာ၏။ သူကငယ်ရွယ်ပြီး အစိမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားလေသည်။ သူ့မှာ ကြော့ရှင်းသန့်ပြန့်သောသွင်ပြင်များရှိပြီး တည်​ငြိမ်သောအမူအရာတစ်ခုနှင့်အတူ စာပေသမားတစ်ယောက်၏ ပုံစံကို ထုတ်ဖော်ထား၏။

ဆူဇီမိုက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့လေပြီ။

အစကတော့ သူသည် အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကနေ အဆင့်-၇ ကမ္ဘာမြေတစ်ယောက်၏ အထွတ်အထိပ်သို့ နှစ်တစ်ထောင်နီးပါးမှာ ချိုးဖျက်တက်လှမ်းနိုင်မည်ဆိုလျှင် အဲ့ဒါက သူ၏ အကန့်အသတ်ဖြစ်နေမည်ဟု သူကတွေးထင်ခဲ့၏။

သို့သော်လည်း သူသည် အဆင့်မြင့်ဂမ္ဘီရစိတ်ဝိညာဥ်ခုနှစ်စင်ကြယ်အစစ်အမှန်သုတ္တန်ကို အမွေဆက်ခံရရှိခဲ့သောအခါ သူ၏ ခန္ဓာကိုယ်ထဲမှာ စုဆောင်းထားခဲ့သော ကြယ်တာရာအမြုတေချီများက အရမ်းကိုသိပ်သည်းများပြားနေခဲ့၏။

ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်၏ ကျင့်ကြံရေးပတ်ဝန်းကျင်ကလည်း ဆူဇီမိုတွေးထင်ထားသည်ထက် များစွာပိုမိုကောင်းမွန်နေ၏။

တဗူးဂမ္ဘီရကျင့်စဥ်၏ အကူအညီနှင့်အတူ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် အားထုတ်မှုတစ်ဝက်သက်သာစွာဖြင့် ဤနေရာမှာကျင့်ကြံနေခဲ့၏။

လွန်ခဲ့သည့်နှစ်တစ်ထောင်မှာ ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

သူသည် အဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ အခွင့်အလမ်းတစ်ခုကိုသာလျှင် လိုအပ်နေ၏။

ဆူဇီမိုသည် ဤတစ်ခေါက် တံခါးပိတ်ကျင့်ကြံရာကနေထွက်လာခဲ့သည့် အကြောင်းအရင်းမှာ သူသည် ထိုအခွင့်အလမ်းကိုချိန်ဆပြီး ရှာဖွေလိုသောကြောင့်ဖြစ်၏။

ဒုတိယတစ်ချက် နှစ်တစ်သောင်းတွေ့ဆုံပွဲက နီးကပ်လာခဲ့ပြီဖြစ်ပြီး သူသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် ထိုတိုက်ပွဲကို လက်လွှတ်မခံချင်ပေ။

သူ့အတွက်တော့... ကမ္ဘာမြေအဆင့်သတ်မှတ်ချက်က ပြီးပြည့်စုံသော အခွင့်အလမ်းတစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်၏။

တတိယတစ်ချက် သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာမဟာနယ်မြေသို့ တက်လှမ်းလာခဲ့ပြီဖြစ်၏။

ဆူဇီမိုတံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာသည့်ခဏမှာပင် သူက သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်ခဲ့လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအိုကို ကောက်ချက်ချချင်နေ၏။

ဆူဇီမိုသည် ဤနှစ်များမှာ သူကျင့်ကြံထားခဲ့သည့် ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များအားလုံးကို သိုင်းတာအိုပင်မခန္ဓာအား သင်ကြားပေးခဲ့လေသည်။

သူသည် ငရဲဖိနှိမ်မီးဖိုမှာ မှတ်တမ်းတင်ထားသော တဗူးဂမ္ဘီရကျင့်စဥ် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကိုပင် ထိန်ချန်မထားခဲ့ပေ။

ကျင့်ကြံရေးနည်းစနစ်များက ပိုမိုသန်မာပြီး ပိုမိုရှားပါးလေလေ အထဲမှာပါဝင်သော ခက်ခဲနက်နဲမှုများက ပိုမိုအဖိုးတန်လေဖြစ်ပြီး သိုင်းတာအိုပင်မခန္ဓာအတွက် ကြီးမားစွာအထောက်အကူပေးနိုင်ပေလိမ့်မည်။

ပြီးခဲ့သည့်နှစ်တစ်ထောင်မှာ ဆူဇီမိုသည် သူ၏ ကျင့်ကြံမှုကို လျင်မြန်စွာကျင့်ကြံနိုင်ခဲ့ရုံသာမက သူသည် သူတတ်ကျွမ်းထားသော လျှို့ဝှက်အတတ်များစွာအပေါ်မှာလည်း နက်ရှိုင်းသော နားလည်သဘောပေါက်မှု ရှိလာခဲ့၏။

သူ၏ ပတ်ပတ်လည်မှာ ရူးသွပ်စွာကြီးထွားနေသော အပင်များကိုကြည့်ပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ သူ၏ အတွေးတစ်ချက်နှင့်အတူ သူ၏ ဓားလက်ညှိုးကိုလှုပ်ရှားကာ သာမန်ကာလျှံကာ ပစ်ထုတ်လိုက်၏။

ဘေးပတ်ဝန်းကျင်မှာရှိသော သစ်ပင်ဝါးပင်များက ခါးလယ်ကနေ တူညီစွာဖြတ်ချခံလိုက်ရ၏။

အပင်များက အရမ်းကိုစိမ်းလန်းစိုပြေနေလျှင် အဲ့ဒါက စိတ်အာရုံများကို ဆွဲဆောင်မိပေလိမ့်မည်။

“တာအိုရောင်းရင်းဆူ... ရှင်နောက်ဆုံးတော့ တံခါးပိတ်ကျင့်ကြံရာကနေထွက်လာပြီပဲ”

သွေးနီရောင်အလင်းတစ်ခုက ပျံသန်းလာပြီး လေထဲမှာရပ်တန့်သွား၏။

အဲ့ဒါသည် မလှမ်းမကမ်းမှာရှိသော ဆူဇီမိုကိုကြည့်ပြီး ဝမ်းသာအားရအော်ပြောလိုက်၏။

“မင်းသမီးသက်တံနီက ရောက်ရှိလာခဲ့လေပြီ။

“မင်္ဂလာပါမင်းသမီး”

ဆူဇီမိုက ခေါင်းအနည်းငယ်ညိတ်၍ လက်သီးနှစ်ဖက်ကိုယှက်ကာပြုံးပြလိုက်၏။

ပြီးခဲ့သည့်နှစ်တစ်ထောင်မှာ မင်းသမီးသက်တံနီ၏ ကျင့်ကြံမှုနယ်ပယ်က များစွာပြောင်းလဲသွားခြင်းမရှိဘဲ သူမကအဆင့်-၉ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်နေဆဲပင်။

“ဝါး... ရှင်က အဆင့်-၈ ကမ္ဘာ​မြေအင်မော်တယ်တစ်ယောက်ဖြစ်လာပြီပဲ”

ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်ကိုအာရုံခံမိသွားပြီး မင်းသမီးသက်တံနီက မျက်လုံးပြူး၍ အံ့အားတသင့်ပြောဆိုလိုက်၏။

All Chapters