ထောင်ချောက်
Vol. 145 Ch. 2168
နှစ်တစ်ထောင်မှာ သူသည် အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကနေ အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက် ဖြစ်သည်အထိ ကျင့်ကြံနိုင်ခဲ့ပြီး ထိုကျင့်ကြံမှု အလျင်အဟုန်က အတော်လေးကြောက်စရာကောင်းလေသည်။
အကန့်အသတ်မဲ့လုနီးပါး ကျင့်ကြံရေး အရင်းအမြစ်များကို ရရှိထားသည့် မင်းသမီး သက်တံနီကဲ့သို့ လူပင်လျှင် ထိုသို့ မပြုလုပ်နိုင်ပေ။
ပြီးခဲ့သည့် နှစ်တစ်သိန်းမှာ ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေတွင် ယွင်ထင်တစ်ယောက်တည်းကသာ ဤကဲ့သို့ ကြောက်စရာကောင်းသော အလျင်အဟုန်ဖြင့် ကျင့်ကြံနိုင်ခဲ့လေသည်။
မင်းသမီး သက်တံနီက တုန်လှုပ်သွားပြီးနောက် သူမကိုယ်သူမ အလျင်အမြန် ဣန္ဒြေဆည်လိုက်၏။
“သွားကြရအောင်.. ငါတို့ အမြုတေစိတ်ဝိညာဉ် ဌာနကို အရင်ဆုံးသွားကြမယ်.. အဲဒီမှာ ဒီနှစ်တွေထဲ နင်စုဆောင်းထားတဲ့ အမြုတေစိတ်ဝိညာဉ်ကျောက်တုံးတွေကို တောင်းဆိုရမယ်”
မင်းသမီး သက်တံနီက အကြံပြုလိုက်၏။
တက္ကသိုလ်၏ အပြင်ဂိုဏ်းတပည့်များက တာဝန်တစ်စုံတစ်ရာကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ခြင်း မရှိလျှင်တောင် သူတို့သည် နှစ်စဉ်နှစ်တိုင်း အမြုတေစိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို လက်ခံရရှိပေလိမ့်မည်။
လူတစ်ယောက်သည် နှစ်တစ်ထောင်အတွင်း ကောင်းကင်အမြုတေနယ်ပယ်သို့ တက်လှမ်းပြီး အတွင်းဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့မည်ဆိုလျှင် သူတို့သည် အတွင်းဂိုဏ်းတပည့်များ၏ ခံစားခွင့်များကို တောင်းဆိုနိုင်မည်ဖြစ်၏။
သူတို့သည် နှစ်တစ်ထောင်အတွင်း အဆင့်ချိုးဖျက်တက်လှမ်းနိုင်ခဲ့ခြင်း မရှိလျှင် သူတို့သည် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများကို လက်ခံရယူလိုပါက ဂိုဏ်းကနေ စီစဉ်ပေးထားသည့် တာဝန်တချို့ကို ပြီးမြောက်အောင် ဆောင်ရွက်ရပေလိမ့်မည်။
လွန်ခဲ့သည့် နှစ်တစ်ထောင်အတွင်း ဆူဇီမိုက တံခါးပိတ်ကျင့်ကြံနေခဲ့၏။ နှစ်စဉ်နှစ်တိုင်း သူ၏ အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများကို အမြုတေစိတ်ဝိညာဉ်ဌာနမှာ သိမ်းဆည်းထားလေသည်။
အကြမ်းဖျင်း ရေတွက်ကြည့်လျှင် အမြုတေစိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းဖြစ်ပြီး အဲဒါက သေးငယ်သောပမာဏ မဟုတ်ပေ။
ဆူဇီမိုနှင့် မင်းသမီး သက်တံနီက အမြုတေစိတ်ဝိညာဉ်ဌာန ရှိရာသို့ လေထဲကနေ ပျံသန်းလာခဲ့၏။
လမ်းတစ်လျှောက်မှာ မင်းသမီး သက်တံနီက ပြုံးရွှင်နေ၏။
“နင်က အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက် ဖြစ်လာပြီဆိုတော့ နင်က အပြင်ဂိုဏ်းပြိုင်ပွဲမှာ ဝင်မပါလည်း ကိစ္စမရှိတော့ဘူး”
“အဲဒါက ဘာအဓိပ္ပာယ်လဲ”
ဆူဇီမိုက မေးလိုက်၏။
မင်းသမီး သက်တံနီက ပြောလိုက်လေသည်။
“အပြင်ဂိုဏ်းပြိုင်ပွဲက ဘာမှ စိတ်ဝင်စားစရာ မရှိဘူး.. အဲဒါက လာမယ့် နှစ်တစ်သောင်း တွေ့ဆုံပွဲအတွက် ပြင်ဆင်ဖို့ အပြင်ဂိုဏ်းတပည့်တွေကြားက တိုက်ပွဲတစ်ခုပဲ”
“အပြင်ဂိုဏ်းပြိုင်ပွဲတိုင်းမှာ ကမ္ဘာမြေအဆင့် သတ်မှတ်ချက်ပေါ်က နေရာတစ်နေရာအတွက် တိုက်ခိုက်ဖို့ နှစ်တစ်သောင်း တွေ့ဆုံပွဲမှာ ဝင်ပါရမယ့် အပြင်ဂိုဏ်းသား နှစ်ဆယ်ကို ရွေးချယ်လိမ့်မယ်”
“နင်က အပြင်ဂိုဏ်းပြိုင်ပွဲမှာ ဝင်မပါဘဲ အဆင့် ၂၀ထဲမှာ ရှိမနေဘူးဆိုပေမဲ့ နင့်ရဲ့ အစွမ်းအစနဲ့ဆို တက္ကသိုလ်က နင့်ကို သူတို့နဲ့အတူ သေချာပေါက် ခေါ်သွားလိမ့်မယ်”
လွန်ခဲ့သည့် နှစ်တစ်ထောင်က ရစ်ခွေနဂါးတောင်ကြောရိုး၏ အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲတွင်…
အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာ ဖြစ်ခဲ့သော ဆူဇီမိုသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ အာဏာပါးကွက်သား အစောင့်တပ်သား တစ်ရာကျော်ကို တစ်ယောက်တည်း သုတ်သင်ရှင်းလင်းခဲ့ပြီး သူက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲ၏ နံပါတ်တစ် ဖြစ်လာခဲ့၏။
ထိုတိုက်ပွဲမှာ ဆူဇီမို ပြသခဲ့သည့် ကြောက်စရာကောင်းသော စွမ်းအားနှင့် နည်းလမ်းများသည် မင်းသမီး သက်တံနီ၏ မှတ်ဉာဏ်ထဲမှာ သစ်လွင်နေဆဲဖြစ်၏။
သူက အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်တစ်ယောက် ဖြစ်ခဲ့စဉ်ကပင် ထိုသို့ဆိုပါက ဆူဇီမိုသည် ယခု အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက် ဖြစ်လာသည့်အခါ ဘယ်အပြင်ဂိုဏ်းတပည့်က သူ့ကို ယှဉ်နိုင်ဦးမှာလဲ။
သူတို့နှစ်ယောက်သည် စကားပြောရင်း အမြုတေစိတ်ဝိညာဉ်ဌာနရှေ့သို့ ရောက်ရှိလာခဲ့၏။
အမြုတေစိတ်ဝိညာဉ် ဌာန၏ ဝင်ပေါက်ဝတွင် အပြင်ဂိုဏ်း၏ ဘဏ္ဍာစိုးချန်က အနီးအနားမှာ ကင်းလှည့်နေ၏။ သူက ဆူဇီမိုနှင့် မင်းသမီး သက်တံနီကို တွေ့မြင်သောအခါ သူ၏ အမူအရာက တည်တံ့သွားပြီး သူ၏ မျက်လုံးထဲတွင် အလိုမကျသော အကြည့်တစ်ခု ပေါ်ထွက်လာ၏။
“အဲဒီမှာ အခုပဲ ရပ်လိုက်ကြ”
ဘဏ္ဍာစိုးချန်က ရှေ့သို့ တက်လှမ်းလာပြီး ဆူဇီမိုကို တားဆီးလိုက်၏။
ဆူဇီမိုသည် ဘဏ္ဍာစိုးချန်အပေါ် ထင်မြင်ချက်တချို့ ရှိခဲ့လေသည်။
သူတို့သည် အပြင်ဂိုဏ်းသို့ ဝင်ရောက်ပြီး ဤနေရာသို့ ရောက်ရှိလာခဲ့စဉ်က သူတို့ကို ကြိုဆိုလက်ခံခဲ့သောသူက ဤဘဏ္ဍာစိုးချန် ဖြစ်လေသည်။ ထိုသူသည် စကားကို ထေ့ငေါ့၍ ပြောဆိုတတ်သော လူတစ်ယောက်လည်းဖြစ်၏။
မင်းသမီး သက်တံနီ ပြောပုံအရ ဘဏ္ဍာစိုးချန်သည်လည်း အရင်တုန်းက အပြင်ဂိုဏ်းတပည့်တစ်ဦးသာ ဖြစ်ခဲ့၏။ သူသည် အတွင်းဂိုဏ်းသို့ ဝင်ရောက်ဖို့ မျှော်လင့်ချက် မရှိသည့်အခါ ဂိုဏ်းဘဏ္ဍာစိုးတစ်ယောက်အဖြစ် ကူးပြောင်းခဲ့လေသည်။
သူတို့သည် ဤအလုပ်အတွက် အမြုတေစိတ်ဝိညာဉ်ကျောက်တုံးများကို ဆုလာဘ်အဖြစ် ရရှိနိုင်၏။
“ဘဏ္ဍာစိုးချန်.. ကျုပ် ခင်ဗျားကို ဘာလုပ်ပေးရမလဲ”
ဆူဇီမိုက မှင်သေသေဖြင့် မေးလိုက်၏။
ဘဏ္ဍာစိုးချန်က ဆူဇီမိုကို ကြည့်လိုက်၏။
“မင်းတို့တွေက အမြုတေစိတ်ဝိညာဉ် ဌာနကို ဘာလို့ ရောက်လာတာလဲ”
“ပြီးခဲ့တဲ့နှစ်တွေထဲ အမြုတေစိတ်ဝိညာဉ် ဌာနမှာ ကျုပ် စုဆောင်းထားတဲ့ အမြုတေစိတ်ဝိညာဉ်ကျောက်တုံးတွေကို ထုတ်ယူဖို့ပေါ့”
ဆူဇီမိုက သူ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ထားခြင်း မရှိပေ။
“ဒါကို ယူလိုက်”
ဘဏ္ဍာစိုးချန်က သိုလှောင်အိတ်တစ်အိတ်ကို ထုတ်ယူပြီး ဆူဇီမိုထံသို့ ပစ်ပေးလိုက်၏။
ဆူဇီမိုက သိုလှောင်အိတ်ကို ဖွင့်ပြီး တစ်ချက်ကြည့်လိုက်၏။
သူက မှင်သေသေဖြင့် ပြောလိုက်လေသည်။
“အရေအတွက်က လွဲနေတယ်.. ဒီသိုလှောင်အိတ်ထဲမှာ အမြုတေစိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းတောင် မရှိဘူး.. ကျုပ် ရရမှာက တစ်သန်းလောက်ပဲ”
“တစ်သန်းလား”
ဘဏ္ဍာစိုးချန်က လှောင်ရယ်လိုက်၏။
“မင်းက တက္ကသိုလ်ကို ဝင်ရောက်ပြီးကတည်းက မင်းကိုယ်မင်း လူလုံးတောင်မှ ထွက်မပြခဲ့ဘူး.. ဂိုဏ်းတာဝန်တစ်ခုခုကိုလည်း ထမ်းဆောင်ခဲ့တာ မရှိဘူး.. မင်းက အမြုတေစိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းကို စုဆောင်းဖို့အတွက် ဘာရနိုင်ခွင့် ရှိလို့လဲ”
“ငါ မင်းကို ပြောလိုက်မယ်.. အခုလို အမြုတေစိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်း မင်းကိုပေးတယ်ဆိုတာ ကြီးမားတဲ့ လက်ဆောင်တစ်ခု ဖြစ်နေပြီ”
“အဓိပ္ပာယ် မရှိတာ”
မင်းသမီး သက်တံနီက ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်၏။
“တက္ကသိုလ်ကို ဝင်ရောက်ပြီး နှစ်တစ်သောင်းအတွင်းမှာ အမြုတေစိတ်ဝိညာဉ်ကျောက်တုံးတွေအတွက် တာဝန်တစ်ခုခုကို ထမ်းဆောင်စရာ မလိုဘူးလို့ ဂိုဏ်းမှာ စည်းမျဉ်းထုတ်ထားတာ ရှိတယ်”
“မင်းသမီး.. ဒါက ခင်ဗျားကိစ္စ မဟုတ်ဘူး.. ခင်ဗျား ဝင်မပါတာ ပိုကောင်းလိမ့်မယ်”
ဘဏ္ဍာစိုးချန်က မင်းသမီး သက်တံနီကို စိုးရိမ်ပူပန်နေပုံရပြီး ပြောလိုက်၏။
ဆူဇီမိုက ဒွိဟဖြစ်သွား၏။
သူသည် အရင်က ဘဏ္ဍာစိုးချန်နှင့် ထိတွေ့ဆက်ဆံခဲ့ဖူးခြင်း မရှိဘဲ ထိုသူနှင့် ရန်ငြိုးရန်စ မရှိပေ။ ထိုသူက သူ့ကို ဘာကြောင့် ရုတ်တရက် ပစ်မှတ်ထားလာရတာလဲ။
သူသည် တက္ကသိုလ်မှာ ရန်သူတစ်ယောက်ယောက် ရှိမည်ဆိုလျှင် အဲဒါက ဓားအင်မော်တယ် ယွဲ့ဟွား ဖြစ်ရပေမည်။
သို့သော်လည်း နဂါးအသူတစ်ရာချောက်နက်ကြယ်မှာတုန်းက နတ်နဂါးသည် သူဖြစ်သည်ဆိုတာကို ဓားအင်မော်တယ် ယွဲ့ဟွားက သိရှိစရာ အကြောင်းမရှိပေ။
သူတို့နှစ်ယောက်က တစ်ဖန်တွေ့ဆုံမည်ဆိုလျှင်တောင် ဓားအင်မော်တယ် ယွဲ့ဟွားက သူ့ကို မှတ်မိချင်မှ မှတ်မိပေလိမ့်မည်။
“ကျုပ်ရဲ့ ကျန်တဲ့ အမြုတေစိတ်ဝိညာဉ်ကျောက်တုံး ရှစ်သိန်းကို ခင်ဗျား ဖြောင်ထားတာ ဟုတ်တယ်မလား”
ဆူဇီမိုက ဘဏ္ဍာစိုးချန်ကို စိုက်ကြည့်ပြီး ရုတ်တရက် ပြောလိုက်၏။
“မင်း ဘာစကားပြောတာလဲ”
သူက ဒေါသအိုး ပေါက်ကွဲသွားသည့်အလား ဘဏ္ဍာစိုးချန်က သူ၏ လေသံကို မြှင့်ပြီး ဆူဇီမိုကို စိမ်းသက်သော အမူအရာဖြင့် စိုက်ကြည့်လိုက်၏။
ဤနေရာမှာ ဖြစ်ပွားသော ပဋိပက္ခက တဖြည်းဖြည်း ဘေးပတ်ဝန်းကျင်မှာ ရှိသော ကျင့်ကြံသူများကို ဆွဲဆောင်မိလာပြီး ဤနေရာမှာ စုစည်းရောက်ရှိလာသော လူများက ပို၍များပြားလာခဲ့၏။
ဘဏ္ဍာစိုးချန်၏ မျက်နှာက နီမြန်းသွားပြီး ဆူဇီမို၏ မျက်နှာကို လက်ညှိုးထိုးကာ အံကိုကြိတ်၍ ပြောလိုက်၏။
“ငါ မင်းကိုပြောလိုက်မယ်.. မင်း စောစောက ငါ့ကို အသရေဖျက် စွပ်စွဲပြောဆိုခဲ့တဲ့အတွက် ငါ မင်းကို အပြင်ဂိုဏ်းကနေ မောင်းထုတ်ပြီး တက္ကသိုလ်ရဲ့ အစေခံတစ်ယောက်ဖြစ်လာအောင် လုပ်လို့ရတယ်”
“ဆူဇီမို.. အပြင်ဂိုဏ်းတပည့်တစ်ယောက်အနေနဲ့ မင်းက ဘယ်လိုတောင် ပေါက်တတ်ကရစကားတွေ ပြောပြီး အပြင်ဂိုဏ်း ဘဏ္ဍာစိုးတစ်ယောက်ကို စွပ်စွဲပုတ်ခတ်ရဲတာလဲ… ဒီအပြုအမူရဲ့ ကြီးလေးမှုကို မင်းနားလည်လား”
ထိုစဉ်မှာပင် လူအုပ်ကြားထဲကနေ လူတစ်ယောက်က ရှေ့သို့ထွက်လာပြီး ဖြောင့်မတ်မှန်ကန်စွာဖြင့် အော်ငေါက်လိုက်၏။
“လူဝမ်ပင်း”
ဆူဇီမိုသည် သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်၏။
လွန်ခဲ့သည့် နှစ်တစ်ထောင်က သူသည် အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာ ဤလူကို တွေ့ဆုံခဲ့ဖူးပြီး သူနှင့်ပင် တိုက်ခိုက်ခဲ့ဖူးလေသည်။
ထိုအချိန်တုန်းက လူဝမ်ပင်းသည် ဆူဇီမိုကို အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းထံသို့ ချဉ်းကပ်မလာနိုင်စေရန် တားဆီးတိုက်ခိုက်ခဲ့လေသည်။
သို့သော်လည်း သူက ဆက်တိုက်မအောင်မြင်ခဲ့ဘဲ မျက်နှာပျက်ခဲ့ရ၏။
လူဝမ်ပင်းသည် အဲဒါကြောင့် ရန်ငြိုးရန်စတစ်ခုကို ဆုပ်ကိုင်ထားတာလား။
ရုတ်တရက်ဆိုသလို…
ဆူဇီမို၏ စိတ်ထဲသို့ အတွေးတစ်ခု ဖျတ်ခနဲ ဝင်ရောက်လာပြီး သူက ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွား၏။
“အပြင်ဂိုဏ်းပြိုင်ပွဲမှာ လူဝမ်ပင်းက အဆင့်ဘယ်လောက်လဲ”
ဆူဇီမိုက စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“၂၀ လေ ဘာလို့လဲ”
မင်းသမီး သက်တံနီက ပြန်ဖြေလိုက်၏။
ထိုစကားကို ကြားသောအခါ ဆူဇီမိုက စိတ်ထဲကနေ လှောင်ရယ်လိုက်၏။
သူသည် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးနောက် နှစ်တစ်သောင်းတွေ့ဆုံပွဲမှာ ဝင်ပါဖို့အတွက် သူ၏ နေရာကို လုယူမည်ကို လူဝမ်ပင်းက စိုးရိမ်ပူပန်နေခြင်း ဖြစ်ရပေမည်။ ထို့ကြောင့်ပင်လျှင် သူသည် ဘဏ္ဍာစိုးချန်နှင့် ပူးပေါင်းပြီး ဤကဲ့သို့သော ယနေ့မြင်ကွင်းက ပေါ်ထွက်လာခြင်းပင်။
“ဘဏ္ဍာစိုးချန်… ခင်ဗျားက အပြင်ဂိုဏ်းမှာ တရားစီရင်ဆုံးဖြတ်ပေးဖို့အတွက် အဆင့်မမီဘူး”
ဆူဇီမိုက ဘဏ္ဍာစိုးချန်ထံသို့ အေးစက်နေသော အကြည့်တစ်ခုနှင့်အတူ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။ သူသည် မွန်းကျပ်ဖွယ်ရာကောင်းသော ချောက်ချားစရာ အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။
“ကျုပ်ရဲ့ အမြုတေစိတ်ဝိညာဉ်ကျောက်တုံးတွေကို ထုတ်ပေးစမ်း”
ဆူဇီမိုက ရှေ့သို့တက်လှမ်းပြီး သူ၏ လက်ကို ဆန့်ပေးလိုက်၏။
ဒေါသူပုန်ထနေသော ဗြဟ္မာတစ်ဦးကဲ့သို့ သူက ဘဏ္ဍာစိုးချန်ကို စိုက်ကြည့်ပြီး ခေါင်းလောင်းထိုးသံကဲ့သို့ ကျယ်လောင်စွာ အော်ပြောလိုက်၏။
ထိုသည်ကို တွေ့မြင်သောအခါ လူဝမ်ပင်း၏ မျက်လုံးအနက်ပိုင်းထဲတွင် အေးစက်စက် အလင်းတစ်ချက်က ပေါ်ထွက်လာ၏။
သူ၏ ဤအပြုအမူသည် ဟာကွက်များဖြင့် ပြည့်နှက်နေပုံ ရလေသည်။
သို့သော်လည်း သူက ဆူဇီမို၏ စိတ်နေစရိုက်နှင့် နည်းလမ်းများကို အင်မော်တယ်ဂိုဏ်းပြိုင်ပွဲမှာ တွေ့မြင်ထားလေသည်။
သူ၏ ထင်မြင်ချက်အရ ဆူဇီမိုသည် ဤကဲ့သို့သော နစ်နာချက်ကို သည်းခံနိုင်လိမ့်မည် မဟုတ်ချေ။
ဆူဇီမို၏ သတ်ဖြတ်ရာမှာ ပြတ်သားသော စိတ်နေစရိုက်အရ သူသည် ဤကဲ့သို့ ပစ်မှတ်ထားခံရပြီးနောက် သေချာပေါက် တိုက်ခိုက်လာပေလိမ့်မည်။
ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှာ ကိုယ့်သဘောနှင့်ကိုယ် တိုက်ခိုက်မှုများကို ခွင့်ပြုမထားပေ။
တစ်ယောက်ယောက်က တိုက်ခိုက်လိုသည်ဆိုလျှင် သူတို့သည် တက္ကသိုလ်၏ ဓားဆွေးနွေးပြိုင်ပွဲကွင်းသို့ သွားရောက်ရပေလိမ့်မည်။
တက္ကသိုလ်မှာ ကိုယ့်သဘောနှင့်ကိုယ် တိုက်ခိုက်မှုများ ရှိလာခဲ့လျှင် အပေါ့ပါးဆုံး ရလဒ်သည် တပည့်ဂိုဏ်းသား ဟူသော အဆင့်အတန်းကနေ ဖြုတ်ချခံရခြင်းဖြစ်ပြီး အဆိုးဝါးဆုံး ရလဒ်မှာ သူတို့သည် တက္ကသိုလ်ကနေ ကန်ထုတ်ခံရခြင်း ဖြစ်၏။
ဆူဇီမိုက တိုက်ခိုက်လိုက်သည်နှင့်အမျှ သူက အနိုင်ရပေလိမ့်မည်။
ဆူဇီမိုက ဒေါသထွက်၍ သူ၏ ထောင်ချောက်ထဲသို့ တစ်လှမ်းချင်း လျှောက်လှမ်းဝင်လာသည်ကို တွေ့မြင်ရသောအခါ လူဝမ်ပင်း၏ စိတ်နှလုံးက ထိန်းချုပ်မရသော စိတ်လှုပ်ရှားမှုနှင့်အတူ တောက်လောင်ပြင်းပြလာခဲ့၏။