← Chapters

အရှိန်အဟုန်မြင့်တက်လာသောအခြေအနေ

Vol. 145 Ch. 2170

အရှိန်အဟုန်မြင့်တက်လာသောအခြေအနေ

Vol. 145 Ch. 2170

ကောင်းကင်နှင့် မြေကြီးတက္ကသိုလ်ကို ဝင်ရောက်ပြီးနောက် သူသည် နှစ်တစ်ထောင်ကြာအောင် တံခါးပိတ်ကျင့်ကြံခဲ့ပြီးတာတောင် သူက ပစ်မှတ်ထားခံနေရဦးမည်ဟု ဆူဇီမိုက ထင်မှတ်မထားခဲ့ပေ။

သို့သော်လည်း ထိုရန်လိုစိတ်က ဘယ်နေရာကနေရောက်ရှိလာသည်ကို သူက စဥ်းစားမရပေ။

“ဘယ်အချက်ကို အခြေခံပြီးတော့လဲ”

မင်းသမီးသက်တံနီက ဆူဇီမိုအတွက် မကျေမချမ်း ခံစားနေရ၏။

“ဘဏ္ဍာစိုးချန်နဲ့ လူဝမ်ပင်းက တက္ကသိုလ်ရဲ့စည်းမျဥ်းစည်းကမ်းကို အရင်စပြီး ချိုးဖောက်ခဲ့တဲ့သူတွေပဲ... ဆူဇီမိုက ဘာများမှားခဲ့လို့လဲ”

“တက္ကသိုလ်ရဲ့ စည်းမျဥ်းစည်းကမ်းက တပည့်ဂိုဏ်းသားတွေကို ကိုယ့်သဘောနဲ့ကိုယ် တိုက်ခိုက်ခြင်းကနေ တားမြစ်ထားတယ်... အဲ့ဒီတစ်ချက်ကတင် သူ့ကိုနှစ်အနည်းငယ်ကြာအောင် အစေခံအဖြစ်ထားပြီး သင်ခန်းစာတစ်ခုပေးဖို့ လုံလောက်နေပြီ”

အကြီးအကဲထန်က သူ၏ လက်ကိုဝေ့ယမ်းပြီး အေးစက်စွာပြောလိုက်၏။

“ဆူဇီမို၊ ချန်ရှန်နဲ့ လူဝမ်ပင်းတို့ကို ခေါ်သွားလိုက်... သူတို့တွေကိုပြန်လာဖို့ခွင့်မပြုသေးသရွေ့ နှစ်အနည်းငယ်ကြာအောင် အစေခံဧရိယာမှာထားရမယ်”

မင်းသမီးသက်တံနီက စကားပြောမည်ပြုစဥ်မှာပင် အကြီးအကဲထန်က သူမကို စိုက်ကြည့်ပြီးပြောလိုက်၏။

“မင်းကမြင့်မြတ်တဲ့ အဆင့်အတန်းရှိပေမယ့် ဒါက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ပဲ... ယန်ယန်းအင်မော်တယ်နိုင်ငံမဟုတ်ဘူးဆိုတာကို မမေ့လိုက်နဲ့”

“မင်းက... တက္ကသိုလ်ရဲ့ စည်းကမ်းထိန်းသိမ်းရေးကို အနှောက်အယှက်ပေးမယ်ဆိုရင် မင်းလည်းအပြစ်ပေးခံရလိမ့်မယ်”

မင်းသမီးသက်တံနီက မျက်မှောင်ကြုတ်ပြီး ဒေါသထွက်နေ၏။ သူမ၏ လှပသောသွားများကိုကြိတ်ပြီး အကြီးအကဲထန်ကို ရန်လိုခက်ထန်စွာစိုက်ကြည့်လိုက်၏။

မင်းသမီးတစ်ပါးအနေဖြင့် သူမသည် လူတိုင်း၏ ရှေ့မှာ ဆူပူအော်ငေါက်ခံနေရ၏။ သူမသည် ဤကဲ့သို့သောနစ်နာမှုများကို တစ်ခါမှမခံစားခဲ့ရဖူးပေ။ သို့သော်လည်း တက္ကသိုလ်မှလူတိုင်းသည် မင်းသမီးတစ်ပါးအနေဖြင့် သူမ၏ အဆင့်အတန်းကို ဂရုစိုက်လိမ့်မည် မဟုတ်ဘူးဆိုတာကို သူမရင်ထဲမှာ သိရှိထား၏။

သူမက အလျှော့မပေးဘူးဆိုလျှင် အကြီးအကဲထန်က သူမကို အပြင်ဂိုဏ်းကနေ သေချာပေါက်မောင်းထုတ်ပြီး အစေခံတန်းလျားသို့ ပို့ဆောင်ပေလိမ့်မည်။

ဤသတင်းက ယန်ယန်းအင်မော်တယ်နိုင်ငံမှာ ပျံ့နှံ့သွားမည်ဆိုလျှင် သူမသည် တော်ဝင်မိသားစု၏ လှောင်ရယ်စရာဟာသတစ်ခုဖြစ်လာပေလိမ့်မည်။

မင်းသမီးသက်တံနီ၏ မျက်နှာက အစိမ်းရောင်နှင့် အဖြူရောင်ကြား တစ်လှည့်စီပြောင်းလဲသွား၏။

သူမက ဆူဇီမိုအတွက် ပြောပေးချင်သော်လည်း သူမမှာ နောက်ဆံတင်းစရာတချို့ရှိနေ၏။

ထိုစဥ်မှာပင် ဘေးဘက်ကနေ ညင်သာသောအသံတစ်သံက ထွက်ပေါ်လာ၏။

“အခုလိုပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်မင်းသမီး... ဒီကိစ္စကို ကျုပ်ကိုင်တွယ်လိုက်ပါ့မယ်”

မင်းသမီးသက်တံနီက ဆူဇီမို၏ တည်​ငြိမ်ညင်သာသောလေသံနှင့် အကြည့်ကိုတွေ့မြင်လိုက်ရ၏။ ဘာကြောင့်ရယ်မသိ သူမ၏ စိတ်က တဖြည်းဖြည်းတည်ငြိမ်လာခဲ့၏။

ဆူဇီမို၏ စကားလုံးများက သူမ၏ စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်လာစေ၏။

မည်သည့်စကားမှ ထပ်မဆိုတော့ဘဲ သူမက နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ခေါင်းညိတ်ပြလိုက်၏။ ဆူဇီမိုက အကြီးအကဲထန်ဘက်ကိုလှည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“အကြီးအကဲထန်... ကျုပ်ကအခုချိန်မှာ ခင်ဗျားကိုတိုက်ခိုက်လိုက်လို့ ခင်ဗျားက ပြန်ပြီးခုခံတိုက်ခိုက်မယ်ဆိုရင် အဲ့ဒါက ကိုယ့်သဘောနဲ့ကိုယ် တိုက်ခိုက်ကြတာဖြစ်လို့ တက္ကသိုလ်ရဲ့စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်တယ်လို့ ဆိုနိုင်မှာလား”

ထိုစကားကို ကြားသောအခါ ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြ၏။

အဲ့ဒါသည် စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲတစ်ယောက်၏ အမိန့်အာဏာကို တိုက်ရိုက်စိန်ခေါ်နေခြင်းဖြစ်၏။

ဆူဇီမိုက ဤကိစ္စမှာအပြစ်ကင်းစင်သည်ကို လူတိုင်းက သိရှိထားသော်လည်း သူသည် မကြာသေးခင်ကမှ ဂိုဏ်းသို့ဝင်ရောက်လာပြီး အပြင်ဂိုဏ်းတပည့်သာရှိသေး၏။

ဒါ့အပြင် ဆူဇီမိုသည် အောက်ဘုံလောကများမှ လာခဲ့သည်ကို ကျင့်ကြံသူများစွာက ကြားသိထားရ၏။ သူ၏ အဆင့်အတန်းနှင့် စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲကို စိန်ခေါ်ခြင်းက သက်သက်ပြဿနာရှာနေခြင်းပင်။

“ဟီးဟီး”

ရုတ်တရက်အကြီးအကဲထန်က ရယ်မော၍ ဆူဇီမိုကို အထင်အမြင်သေးစွာကြည့်လိုက်၏။ သူက ဝင့်ကြွားစွာပြောလိုက်လေသည်။

“ဆူဇီမို.. စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲတစ်ယောက်က ဘာလဲဆိုတာမင်းသိလား”

“မင်းက ငါ့ကိုတိုက်ခိုက်ရဲမယ်ဆိုရင် အဲ့ဒါက တက္ကသိုလ်ရဲ့ စည်းမျဥ်းစည်းကမ်းကို စိန်ခေါ်တာနဲ့အတူတူပဲ... ငါမင်းကိုနေရာမှာတင် သတ်ဖြတ်လိုက်ဖို့အတွက် ငါ့မှာ လုံလောက်တဲ့အကြောင်းပြချက်ရှိတယ်”

“မင်းက အစေခံတစ်ယောက်ဖြစ်ဖို့တောင်မှ အခွင့်အရေးရမှာမဟုတ်တော့ဘူး”

“အဲ့လိုလား”

ဆူဇီမိုကလည်းပြုံး၍ အေးစက်စွာပြောလိုက်၏။

“ကျုပ်ခင်ဗျားကို တိုက်ခိုက်မယ်ဆိုရင် ခင်ဗျားက ပြန်ပြီးခုခံဖို့တောင် အခွင့်အရေးရမှာမဟုတ်ဘူး”

“အို...”

ဘေးပတ်ဝန်းကျင်လူအုပ်ကြားထဲမှ အသံတချို့ထွက်ပေါ်လာ၏။

“အဲ့ဒီလူက အရမ်းကိုမောက်မာလွန်းနေတာမဟုတ်ဘူးလား”

“သူက မောက်မာတာလို့ငါမထင်ဘူး... သူ့ရဲ့ခေါင်းထဲမှာ တစ်ခုခုမှားနေတာဖြစ်မယ်”

“အောက်ဘုံကနေတက်လှမ်းလာတဲ့ အပြင်ဂိုဏ်း တပည့်တစ်ယောက်က ​စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲတစ်ယောက်ကို စိန်ခေါ်ဖို့ ဘယ်လိုလုပ်ပြီးအဆင့်မီနိုင်မှာလဲ... နောက်ပြီး အကြီးအကဲထန်က ကောင်းကင်အင်မော်တစ်ဦးပဲ... သူ့လိုမျိုးကမ္ဘာမြေအင်မော်တယ်က ဘာလို့အဲ့လောက်ထိမောက်မာနေရတာလဲ... သူက ကောင်းမှန်းဆိုးမှန်း တကယ်ကိုနားမလည်ဘူးပဲ”

ကျင့်ကြံသူများစွာသည် သေလူတစ်ယောက်ကို ကြည့်ရှုနေရသည့်အလား ဆူဇီမိုကိုကြည့်နေကြ၏။

အပြင်ဂိုဏ်းမှ တပည့်အများစုသည် ဆူဇီမို၏ အမည်ကိုသာ ကြားဖူးထားပြီး ယခုမှသူ့ကိုပထမဆုံးအကြိမ် တွေ့ဖူးကြခြင်းဖြစ်၏။ သူတို့သည် သူနှင့် မည်သည့်ပတ်သက်ဆက်နွယ်မှုမှ မရှိကြပေ။

ဆူဇီမိုက ပစ်မှတ်ထားခြင်းခံနေရသည်ကို သူတို့သိရှိထားသော်လည်း မည်သူကမှသူ့ကို သနားဂရုဏာသက်မနေကြပေ။

“ဟားဟားဟား...”

အကြီးအကဲထန်က ဒေါသထွက်နေသော်လည်း သူကရယ်မော၍ ကြမ်းကြုတ်ခက်ထန်စွာပြောလိုက်၏။

“သူ့ကိုဖမ်းပြီး တက္ကသိုလ်ရဲ့အပြင်ဘက်ကိုကန်ထုတ်လိုက်... ငါသူ့ကိုသတ်ပြီး ငါ့လက်ကို အညစ်ပေမခံနိုင်ဘူး”

“မင်းက... မဟာ​ကျင်းအင်မော်တယ်နိုင်ငံကို ဆန့်ကျင်ခဲ့ပြီးပြီ... ငါက ဘာမှလုပ်စရာတောင် မလိုတော့ဘူး”

“ဆူဇီမိုက ခုခံငြင်းဆန်နေမယ်ဆိုရင် သူ့ကိုနေရာမှာတင် သတ်ဖြတ်ပစ်လိုက်”

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး မှင်သေသေဖြင့်ပြောလိုက်၏။

“အကြီးအကဲထန်... ကျုပ်ကို အပြင်ဂိုဏ်းကနေကန်ထုတ်ဖို့အတွက် ခင်ဗျားဆုံးဖြတ်ချက်မချနိုင်မှာကို ကျုပ်စိုးရိမ်မိတယ်”

ဆူဇီမိုသည် ဤကဲ့သို့တည်ငြိမ်နေသည်မှာ အကြောင်းပြချက်ရှိလေသည်။

နှစ်တစ်သောင်းတွေ့ဆုံပွဲက စတင်တော့မည်ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကို အရမ်းတန်ဖိုးထားလေသည်။ သူသည် ဆိုးရွားသည့်ပစ်မှုတစ်ခုကို မကျူးလွန်သရွေ့ သူတို့သည် သူ့ကို ယခုအချိန်မှာ တက္ကသိုလ်ကနေ သေချာပေါက်မောင်းထုတ်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် ဤကိစ္စက ပေါက်ကွဲထွက်ပေါ်လာမည်ကို စိုးရိမ်မနေပေ။

တကယ်ဆို... ဤပြဿနာ၏ သတင်းက အတွင်းဂိုဏ်းမှာ ပျံ့နှံ့သွားဖို့ကိုပင် သူကမျှော်လင့်ထား၏။

အစကတော့ သူ့ကိုအခက်တွေ့အောင်ပြုလုပ်ခဲ့သူများက ဘဏ္ဍာစိုးချန်နှင့် လူဝမ်ပင်းဖြစ်လေသည်။ အကြီးအကဲထန်၏ မမျှတသောဆုံးဖြတ်ချက်က ကြီးမားစွာရုတ်ရုတ်သဲသဲဖြစ်လာခဲ့မည်ဆိုလျှင် သူသည် ရန်လိုစိတ်၏ အရင်းအမြစ်ကို ရှာဖွေပြီး ဤကိစ္စကိုဖြေရှင်းနိုင်မည်ဖြစ်၏။

ဆူဇီမိုက တည်ငြိမ်နေသည်ကိုတွေ့ရသောအခါ အကြီးအကဲထန်က လှောင်ရယ်လိုက်၏။

“မင်းလိုမျိုးနိမ့်ကျသက်ရှိက... အကြောက်အလန့်ကင်းမဲ့နေတာမထူးဆန်းတော့ဘူး... လက်စသတ်တော့ မင်းမှာ နောက်ခံပေးထားတဲ့တစ်ယောက်ယောက်ရှိနေတာကိုး”

“ငါမင်းကိုပြောလိုက်မယ်... ယန်လောရှုက ဒီနေ့ရောက်လာခဲ့မယ်ဆိုရင်တောင် သူမင်းကိုကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”

“တိုက်ခိုက်ကြတော့”

အကြီးအကဲထန်က ဟိန်းဟောက်လိုက်၏။

သူ၏ နောက်ဘက်မှာရှိသော ဘဏ္ဍာစိုးတချို့က ရှေ့သို့ တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာ၏။

တိုက်ပွဲက စတင်တော့မည့်ဆဲဆဲမှာပင် သိပ်သည်းပြင်းထန်သော အမြုတေစိတ်ဝိညာဥ်ဖိအားတစ်ရပ်က လေထဲကနေဆင်းသက်လာပြီး ဘဏ္ဍာစိုးများကို နေရာမှာပင် အေးခဲတောင့်တင်းသွားစေ၏။

“အကြီးအကဲထန်... မင်းဘာလို့ဒီလောက်ထိဒေါသထွက်နေတာလဲ”

အသံတစ်သံက ဖြည်းဖြည်းချင်းထွက်ပေါ်လာ၏။

နောက်ခဏ၌ ယန်လောရှုသည် လေထဲကနေပျံသန်းလာပြီး အမြုတေစိတ်ဝိညာဥ်ဌာန၏ ရှေ့မှာ ဆင်းသက်လိုက်၏။

“နှုတ်ဆက်ပါတယ် စီနီယာအစ်ကိုယန်”

အပြင်ဂိုဏ်းတပည့်များစွာနှင့် စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက ဦးညွှတ်လိုက၏။

အကြီးအကဲထန်၏ မျက်လုံးထဲမှာပင် ကြောက်ရွံ့မှုအရိပ်အယောင်ကးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာပြီး သူကကြိုးစား၍ပြုံးလိုက်၏။

သူသည် စည်းကမ်းထိန်းသိမ်းရေးအးကြီအကဲတစ်ယောက်ဖြစ်သော်လည်း သူက အပြင်ဂိုဏ်းစည်းကမ်းထိန်းသိမ်းရေး အကြီးအကဲတစ်ဦးသာဖြစ်ပြီး ယန်လောရှုကို လုံးဝမထိန်းချုပ်နိုင်ပေ။

ဤနှစ်များမှာ ယန်လောရှုသည် အလွန်တရာလျင်မြန်စွာ ကျင့်ကြံခဲ့ပြီး အတွင်းဂိုဏ်းမှာ သူ၏ အဆင့်အတန်းက လျင်မြန်စွာမြင့်တက်လာခဲ့၏။

ယန်လောရှုသည် နေရာအနှံ့မှာ ပြိုင်စံရှားတပည့်များကို ခေါ်ယူစုဆောင်းဖို့အတွက် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲအတော်များများသို့ပင် စေလွှတ်ခြင်းခံခဲ့ရ၏။ ဂိုဏ်းက သူ့ကို ဘယ်လောက်ထိ တန်ဖိုးထားလာသလဲသိသာနေ၏။

တကယ်ဆို ယန်လောရှု၏ တိုက်ခိုက်ရည်ခွန်အားက အတွင်းဂိုဏ်းမှာ ထိပ်ဆုံးတွင်ရှိမနေဘဲ သူက ထိပ်ဆုံးဆယ်ယောက်လောက်မှာသာ ရပ်တည်နိုင်လေသည်။

ပုံမှန်အ​ခြေအနေအောက်မှာဆိုလျှင် သူသည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကဲ့သို့ ကြီးမားသည့်ပွဲတော်တစ်ခုကို ဧည့်ခံကျင်းပပေးဖို့ အဆင့်မမီပေ။

ယန်လောရှုက ဘာ့ကြောင့်ဤမျှထိ မြင့်မြင့်မားမားသတ်မှတ်ခံလာရသလဲ ကျင့်ကြံသူများစွာက မသိရှိခဲ့ကြပေ။

လွန်ခဲ့သည့်နှစ်တစ်ထောင်က အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ယန်လောရှုကို ကာကွယ်ဖို့အတွက် နတ်မိမယ်မိုချင်က ပေါ်ထွက်လာခဲ့ပြီး ဒုံမင်းအင်မော်တယ်မုန့်ယောင်နှင့် တိုက်ခိုက်လုနီးပါးဖြစ်သွားခဲ့သည့်အချိန်မှသာလျှင် လူတချို့သည် ဖြစ်ပျက်နေသည့်အရာများကို နားလည်သဘောပေါက်လာခဲ့၏။

အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲအ​ပြီး၌ နတ်မိမယ်မိုချင်နှင့် ယန်လောရှုနှင့်ပတ်သက်သည့် ကောလာဟလများစွာက ပျံ့နှံ့သွားပြီး သူတို့က အမှန်တကယ်ဟုတ်မဟုတ်ကို ပြောဖို့ခက်လေသည်။ သို့သော်လည်း ယန်လောရှုမှာ ပန်းချီအင်မော်တယ်မိုချင်၏ နောက်ခံတကယ်ပဲရှိနေမည်ဆိုလျှင် သူက အတွင်းဂိုဏ်းမှာ မြင့်မြင့်မားမားသတ်မှတ်ခံလာရသည့်အကြောင်းက အဓိပ္ပါယ်ရှိလာပေလိမ့်မည်။

နတ်မိမယ်မိုချင်နှင့် ယန်လောရှု၏ ကိစ္စသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ပျံ့နှံ့သွားရုံသာ မကပေ။ မိုးကောင်းကင်ကိုးလွှာတစ်ခုလုံးကပင် လှုပ်ခတ်သွားပြီး ကောလာဟလများက ပို၍ပင်ချဲ့ကားလာခဲ့၏။

တက္ကသိုလ်ထဲမှာပင်လျှင် ကျင့်ကြံသူများစွာသည် ဤကိစ္စကို ပေါ်ပေါ်ထင်ထင်မပြောဆိုရဲသော်လည်း တိုးတိုးတိတ်တိတ် ခန့်မှန်းမှုများစွာရှိလာခဲ့၏။

ဒုံမင်းအင်မော်တယ်မုန့်ယောင်သည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကနေ အချည်းနှီးပြန်သွားခဲ့ရသော်လည်း ကောလာဟလက တကယ်ပင်ပျံ့နှံ့သွားခဲ့၏။

သူမသည် သူမလိုရာပန်းတိုင်ကို ရရှိသွားခဲ့လေပြီ။

All Chapters