အကန့်အသတ်မဲ့ အင်မော်တယ်လမ်းစဉ်
Vol. 103 Ch. 1580
မြစ်လေက တအင့်အင့်ညည်းသံနှင့်အတူ တိုက်ခတ်နေစဉ် နတ်ဘုရားသွေးမြစ်က တအိအိလှိုင်းထသွားသည်။
အနက်ရောင်ကူးတို့လှေက နှေးကွေးစွာ ရွေ့လျားနေဟန် ထင်ရသော်လည်း ကြမ်းတမ်းသော လေနှင့် လှိုင်းလုံးများက လှေပေါ် သက်ရောက်မှုမရှိပေ။ လှေသည် အနည်းငယ်ပင် ယိမ်းယိုင်သွားခြင်း မရှိပေ။
လှေရောက်လာသည့်အခါ လှိုင်းများက ချက်ချင်း ငြိမ်သက်သွားကြသည်။
သွေးမိုးသည်လည်း ထို့အတူပင်။
ဤသည်မှာ ကူးတို့လှေက နတ်ဘုရားသွေးမြစ်၏ အထွတ်အမြတ်ရတနာတစ်ခု ဖြစ်သည့်အလားပင်။ ကူးတို့လှေသမားသည်တော့ အဆုံးမဲ့သော နတ်ဘုရားသွေးမြစ်၏ အရှင်သခင်ဖြစ်သည်။
သို့သော်လည်း ကျယ်ပြောလှသော လောကကြီးနှင့် နှိုင်းယှဉ်လျှင် ဤနေရာက အကျဉ်းထောင်နှင့် မခြားပေ။
ကူးတို့လှေသမားများသည် အပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် မရကြသလို ဤနေရာမှလည်း မထွက်သွားနိုင်ကြပေ။
မည်သို့ဖြစ်ပါစေ သူတို့က အင်မော်တယ်မြို့တော်ထဲမှာ ကြီးမားသော ရာဇဝတ်မှုကို ကျူးလွန်ခဲ့သူများ ဖြစ်ကြသည်။ သူတို့က အပြစ်ဒဏ်ပေးဆပ်ရန် ဤနေရာသို့ စေလွှတ်ခံထားကြရသည်။
သို့သော်လည်း အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးတွင် လူအနည်းစုသာ သူတို့ကို ရာဇဝတ်သားများအဖြစ် ရှုမြင်ကြသည်။ ကလန်အများစုနှင့် ဂိုဏ်းအများစုသည် သူတို့ကို စိန်မခေါ်ဝံ့ကြချေ။
ယေဘုယျအားဖြင့် ကူးတို့လှေသည် အလွန်တန်ဖိုးကြီးမားသည်။ မြစ်ကို ဖြတ်သန်းသော ကူးတို့ခက ထူးခြားသော်လည်း မြစ်ကို ဖြတ်သန်းနေစဉ်အတွင်း လုံးဝ ဘေးကင်းလုံခြုံသောကြောင့် ယင်းက ကျင့်ကြံသူများအတွက် အသက်ကယ်ကြိုးတစ်မျှင်ဖြစ်သည်။
ဥပမာ အစောနက ရွှီချင်း၏ အခြေအနေမျိုး ဖြစ်သည်။
ရွှီချင်းသည် လှေ၏ အနောက်ပိုင်းမှာ တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ ပါးစပ်ထဲမှ ပစ္စည်းသည် လပူဇော်ဒေသကြီးထဲမှ သူမထွက်လာခင် အဖွားငါး သူ့ကို ပေးခဲ့သော ပွင့်ချပ်ဖြစ်သည်။
ထိုပွင့်ချပ်က သူ၏ ဒဏ်ရာအားလုံးကို ချက်ချင်း ပြန်ကောင်းမွန်စေနိုင်သည်။
ယင်းကို တစ်ကြိမ်သာ အသုံးပြုနိုင်သည်။ ထိုအတွက် တန်ကြေးအနေနှင့် အဖွားငါး၏ အသက်ဓာတ်က ကုန်ဆုံးသွားလိမ့်မည်။
ယင်းက အကြီးအကဲ၏ ကောင်းချီးပေးမှုဖြစ်သည်။
သို့ဖြစ်၍ မဖြစ်မနေလိုအပ်သည့် အခြေအနေမျိုးမဟုတ်လျှင် ရွှီချင်းက ထိုပွင့်ချပ်ကို အသုံးပြုလိမ့်မည် မဟုတ်ချေ။
‘ အမှတ်ငါးကြယ်တာရာစက်ဝန်းက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်… ငါ့ရဲ့ လက်ရှိကျင့်ကြံခြင်းနဲ့ တိုက်ပွဲစွမ်းအားအရ ငါသတိထားရမယ် ’
ရွှီချင်းက တိတ်တဆိတ် တရားထိုင်လိုက်သည်။ ခရမ်းသလင်းကျောက်၏ ကုသခြင်းစွမ်းအားကြောင့် ဆုံးရှုံးသွားသော သူ၏ အရေပြားက တဖြည်းဖြည်း ပြန်ပေါ်လာသည်။
သူ၏ အလုံးစုံဒဏ်ရာများနှင့် နှိုင်းယှဉ်လျှင် အရေပြားဆုံးရှုံးသွားခြင်းက အသေးအမွှားသာ ဖြစ်သည်။ ထို့ကြောင့် တစ်ရက်မပြည့်မီ အတောအတွင်းမှာ ရွှီချင်းက ကြောက်စရာကောင်းသော ပုံသဏ္ဍာန်မှ သူ၏ မူလပုံသဏ္ဍာန်ကို ပြန်ရရှိသွားသည်။
အနည်းဆုံးတော့ သူက စုတ်စုတ်ပြတ်ပြတ်ပုံ မပေါ်တော့ချေ။
သို့သော်လည်း သွေးလောင်ကျွမ်းခြင်းအတတ်ပညာ၏ ဆိုးကျိုးများနှင့် ဆံပင်နီနှင့် လူငယ်၏ လက်သီးချက်ထံမှ ဒဏ်ရာများကိုတော့ အချိန်တိုအတွင်း သူမကုသနိုင်ပေ။
‘ အချိန်တစ်လ ငါလိုအပ်တယ်… ’
ရွှီချင်းက နှလုံးတုန်သွားသည်။
အကယ်၍ သူသာ ဝမ်ကူးကုန်းမြေထဲမှာ ရှိနေပြီး သူ၏ ဒဏ်ရာများကို ပြန်ကုသရန် အချိန်တစ်လကြာလိုအပ်မည်ဆိုလျှင် ယင်းက အန္တရာယ်များသော်လည်း ရွှီချင်းဆီမှာ ဖြေရှင်းနိုင်သော နည်းလမ်းများစွာ ရှိနေဆဲပင်။
သို့သော်လည်း သူမရင်းနှီးသော အမှတ်ငါးကြယ်တာရာစက်ဝန်းထဲတွင် မရေမတွက်နိုင်သော ဖြစ်နိုင်ခြေများနှင့် အန္တရာယ်များက ထိုတစ်လအတွင်းမှာ ထွက်ပေါ်လာနိုင်သည်။
သို့ဖြစ်၍ လှေပေါ်တွင် ရွှီချင်းက ဤခြောက်ရက်အတွင်းမှာ ဒဏ်ရာများကို ပြန်ကုသရန် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားလိုက်သည်။
မည်သို့ဖြစ်ပါစေ ဤခြောက်ရက်အတွင်းမှာ သူက လုံးဝ ဘေးကင်းလုံခြုံလိမ့်မည်။
ခြောက်ရက်ကျော်သွားလျှင် သူက ထိုသို့ဘေးကင်းလုံခြုံမှုကို ဆက်ပြီး ရရှိနိုင်တော့မည် မဟုတ်ချေ။
ထိုသို့ဖြင့် အချိန်သုံးရက်ကုန်ဆုံးသွားသည်။
ဤအတောအတွင်းမှာ ရွှီချင်းက ဒဏ်ရာများကို ကုသနေသည်။ ကူးတို့လှေသမားသည်တော့ လှေလှော်နေသည့်အချိန်မှလွဲ၍ ကျန်သည့်အချိန်များတွင် လှေဝမ်းဗိုက်ပေါ်မှာ ထိုင်ပြီး ဆေးတံဖွာလျက် အနားယူလေ့ ရှိသည်။
သူတို့နှစ်ယောက်က မည်သည့်စကားမှ မပြောကြပေ။
သို့သော်လည်း ကူးတို့လှေသမားက ရံဖန်ရံခါ အဝေးမှ ကောင်းကင်ကို စိုက်ကြည့်လေ့ ရှိသည်။
သူက ကောင်းကင်ပေါ်မှ မိုးသောက်အလင်းကို ကြည့်နေခြင်းလော သို့မဟုတ် မိုးသောက်အလင်းထဲမှ တည်ရှိမှုကို ကြည့်နေခြင်းလော သို့မဟုတ် မိုးသောက်အလင်း၏ အပြင်ဘက်မှ ဟင်းလင်းပြင်ကို ကြည့်နေခြင်းလော မသိရပေ။
ယင်းက ကူးတို့လှေပေါ်သို့ ရွှီချင်းတတ်သွားပြီးနောက် ကောင်းကင်ပေါ်တွင် စတုတ္ထမြောက် ဝဲကတော့ငယ် ထွက်ပေါ်လာသည်အထိ ကြာမြင့်ခဲ့သည်။
လေးရက်မြောက်နေ့သို့ ရောက်ရှိသွားသည်။
ကူးတို့လှေသမားက ဆေးမီးခိုးကို မှုတ်ထုတ်လိုက်ပြီး အဝေးရှိ ကောင်းကင်ထံမှ အကြည့်ပြန်ရုပ်လိုက်သည်။ သူက ခေါင်းငုံ့လိုက်ပြီး နတ်ဘုရားသွေးမြစ်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ရုတ်တရက် ပြောသည်။
“ ကောင်လေး… မင်းနာမည် ဘယ်လိုခေါ်လဲ ”
ယင်းကို ရွှီချင်းကြားသောအခါ သူက မျက်လုံးဖွင့်လိုက်ပြီး ရွှမ်မီးလျှံဟု ပြောရန် ပြင်လိုက်သည်။
“ ငါ့ကို နာမည်အတု လာမပြောနဲ့ ”
ကူးတို့လှေသမားက တည်ငြိမ်စွာ ပြောသည်။
ရွှီချင်းက တစ်ခဏ ရပ်တန့်သွားပြီး ရိုးသားစွာ ပြောသည်။
“ စီနီယာ… ငါ့နာမည်က ရွှီချင်းပါ ”
ယင်းကို ကူးတို့လှေသမား ကြားသောအခါ သူက မျက်လုံးမှိတ်လိုက်ပြီး နောက်ထပ် မပြောတော့ပေ။
တစ်ဖက်လူက စကားများသည့်လူကို သဘောမကျကြောင်း သူပြန်အမှတ်ရသွားသည်။ သို့ဖြစ်၍ ရွှီချင်းသည်လည်း စကားမပြောပေ။ သူ့အရှေ့မှ ကူးတို့လှေသမားက အမှတ်ငါးကြယ်တာရာစက်ဝန်းထဲ၌ သူတွေ့ဖူးသမျှ လူများထဲမှာ အသန်မာဆုံးဖြစ်ကြောင်း ရွှီချင်း နားလည်သည်။
မြေပုံထံမှ အချက်အလက်များကို ကိုးကားပြီး သူခန့်မှန်းရမည်ဆိုလျှင် အင်မော်တယ်မြို့တော်မှ အပြစ်ဒဏ်ပေးခံထားရသူများသည် အဆင့်နိမ့်အင်မော်တယ်များဖြစ်ရန် အလွန်ရာခိုင်နှုန်းများသည်။
အဆင့်နိမ့်အင်မော်တယ်တစ်ပါးက သူ၏ အရှေ့မှာ ထိုင်နေသည်။
ကူးတို့လှေသမား၏ အသွင်ပုံစံက အင်မော်တယ်တစ်ပါးနှင့် မတူညီပေ။
သို့သော်လည်း တစ်ဖက်လူက သူ၏ ခန္ဓာကိုယ်ပေါ်မှ ရွှံ့မြေခွေးကို အကြည့်တစ်ချက်ဖြင့် မြင်နိုင်သည်။
ထို့ပြင် အစက ရွှံ့မြေခွေးသည် နက်ရှိုင်းစွာ အိပ်မောကျနေခြင်း ဖြစ်သည်။ သို့သော်လည်း လှေပေါ်သို့ သူတတ်သွားပြီးနောက် ရွှံ့မြေခွေးက သူ့ကိုယ်သူ နက်ရှိုင်းစွာ ဖုံးကွယ်ထားလိုက်ဟန် ရ၏။
ယင်းက တစ်စုံတစ်ခုကို ဖော်ပြခဲ့သည်။
ရွှီချင်း၏ အတွေးများက လှုပ်ခတ်နေစဉ် ကူးတို့လှေသမားက ထပ်မံ မျက်လုံးဖွင့်လိုက်သည်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး နောက်တစ်ကြိမ် စကားပြောသည်။
“ မင်း ဘယ်ကနေ လာတာလဲ ”
ရွှီချင်းက နှလုံးတုန်သွားသည်။
သူက မျက်နှာပေါ်မှာ မည်သည့်ပြစ်ချက်မှ မထုတ်ဖော်မိစေရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။ ထို့နောက် သူက ရိုသေလေးစားသော အမူအရာဖြင့် မြေပုံထဲမှာ သူမြင်တွေ့ခဲ့ဖူးသော တည်နေရာတစ်ခုကို လုပ်ကြံပြောလိုက်သည်။
ယင်းကို ကူးတို့လှေသမား ကြားသောအခါ သူက နှာခေါင်းရှုံ့လိုက်သည်။ သို့သော်လည်း သူက ရွှီချင်း၏ နောက်ခံကို ဆက်ပြီး မမေးမြန်းပေ။ ယင်းအစား သူက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။
“ မဟာလောကခုနစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့်… ဒါပေမဲ့ မင်းမှာ အခွင့်အာဏာတွေ အများကြီးပဲ ရှိတယ်… ပြီးတော့ လေဟာနယ်နဲ့ အချိန်တောင် ရှိတယ်… အတော်လေး ထူးခြားသာလွန်တာပဲ… မင်းရဲ့ ကျင့်ကြံခြင်းနည်းလမ်းက တမူထူးခြားတယ်… အဲ့ဒါက အဌမနဲ့ နဝမမြောက် မဟာလောကတွေကို ဖွဲ့စည်းနိုင်စေဖို့ မင်းအတွက် အရမ်းခက်ခဲစေတယ် ”
ရွှီချင်းက ခေါင်းငုံ့လိုက်သည်။ တစ်ဖက်လူက အကြည့်တစ်ချက်ဖြင့် သူ၏ တာအိုအတတ်ပညာများအား ထွင်းဖောက်မြင်နိုင်ခြင်းကို သူမအံ့ဩပေ။ ထို့ကြောင့် သူက ဆက်ပြီး နှုတ်ဆိတ်နေလိုက်သည်။
ကူးတို့လှေသမားက ဆက်ပြောသည်။
“ မင်းရဲ့ လေဟာနယ်တာအိုနဲ့ အချိန်တာအိုအတတ်ပညာတွေကြောင့် အဌမမြောက် မဟာလောကနဲ့ပတ်သက်ပြီး မင်းဆီမှာ အကြံဉာဏ်ရှိရမယ် ”
“ ဒါကြောင့် အဲ့ဒါကို ဖွဲ့စည်းဖို့ အရမ်းခက်ခဲတယ်ဆိုပေမဲ့ မင်းအတွက်တော့ အချိန်တစ်ခုပဲ လိုအပ်တယ် ”
“ ဒီတော့ အုပ်ချုပ်သူဆိုတာ ဘာလဲ မင်းသိလား ”
ကူးတို့လှေသမားက တည်ငြိမ်စွာ ပြောသည်။
ရွှီချင်းက နောက်တစ်ကြိမ် နှလုံးတုန်ယင်သွားသည်။ ထို့ပြင် သူက အလွန်အံ့ဩသွားသည်။
တစ်ဖက်လူ၏ စကားများထဲမှာ သူ့ကို လမ်းညွှန်ပေးချင်သော အရိပ်အမြွက်တချို့ ပါဝင်နေကြောင်း ရှင်းလင်းစွာ သူအာရုံခံနိုင်သည်။
ရွှီချင်းက အကြောင်းအရင်းကို သေချာနားမလည်သော်လည်း ထုံးစံအားဖြင့် ထိုသို့အခွင့်အရေးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။
သို့ဖြစ်၍ ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး ကူးတို့လှေသမားကို ရိုသေစွာ ဦးညွတ်လိုက်သည်။
“ စီနီယာ… ကျေးဇူးပြုပြီး ကျွန်တော့်ကို အလင်းပြပေးပါ ”
“ အုပ်ချုပ်သူနယ်ပယ်ဆိုတာ အင်မော်တယ်သန္ဓေသားလောင်းကို ဖွဲ့စည်းရတဲ့ လုပ်ငန်းစဉ်ပဲ ”
“ အဲ့ဒီလုပ်ငန်းစဉ်အတွင်းမှာ အင်မော်တယ်တာအိုရဲ့ စိတ်ဆန္ဒက လိုက်ပါလာလိမ့်မယ်… အင်မော်တယ်တာအိုက ကောင်းကင်ဘုံတာအိုထက် သာလွန်ပြီး အခွင့်အာဏာတွေနဲ့ တာအိုအမှတ်အသားတွေကို ဒြပ်ထည်ဖွဲ့စည်းပေးတယ် ”
“ အဲ့ဒါကို မင်းသိပြီးလောက်မှာပါ ”
ကူးတို့လှေသမား၏ အသံက တည်ငြိမ်ပြီး ထိုထဲမှာ မည်သည့်စိတ်ခံစားချက်မှ မပါဝင်ပေ။
ရွှီချင်းက စိတ်ဝင်တစား နားထောင်ပြီး ခေါင်းညိတ်လိုက်သည်။
“ ဒါပေမဲ့ အဆင့်နိမ့်ကျင့်ကြံသူတွေ မသိထားတဲ့ တစ်စုံတစ်ခု ရှိသေးတယ်… အမှတ်ငါးကြယ်တာရာစက်ဝန်းထဲက ကျင့်ကြံသူတွေက အဆင့်တစ်ခုထိ ရောက်ရှိသွားမှသာ သူတို့ရဲ့ ကလန်တွေ၊ ဂိုဏ်းတွေနဲ့ အကြီးအကဲတွေက အဲ့ဒီအကြောင်းကို ပြောပြကြလိမ့်မယ် ”
ကူးတို့လှေသမားက ရွှီချင်းကို ကြည့်လိုက်သည်။
“ အဲ့ဒါက အုပ်ချုပ်သူနယ်ပယ်ရဲ့ အဓိကအမြူတေပဲ ”
“ အင်မော်တယ်သန္ဓေသားလောင်းလား ”
ရွှီချင်းက မေးသည်။
ကူးတို့လှေသမားက ခေါင်းညိတ်လိုက်သည်။
“ အင်မော်တယ်သန္ဓေသားလောင်းကို မပျက်စီးနိုင်တဲ့ အစစ်အမှန်ရဲ့ ပုံရိပ်ယောင်လို့ သိကြတယ် ”
“ ပုံရိပ်ယောင်က မင်းရဲ့ ဝိညာဉ်ကို ကိုယ်စားပြုပြီး အစစ်အမှန်က မင်းရဲ့ ရုပ်ခန္ဓာကိုယ်ကို ကိုယ်စားပြုတယ် ”
“ အုပ်ချုပ်သူနယ်ပယ်တစ်ခုလုံးက ပုံရိပ်ယောင်နဲ့ အစစ်အမှန်ကြားမှာ တစ်လှည့်စီ ပြောင်းလဲနေတဲ့ လုပ်ငန်းစဉ်ပဲ ”
ထိုသို့အကြောင်းအရာကို ရွှီချင်းက ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူက ပိုပြီးအာရုံစိုက်လိုက်ပြီး လေးနက်စွာ နားထောင်လိုက်သည်။
ကူးတို့လှေသမားက ဆက်ပြောသည်။
“ အဲ့ဒီလုပ်ငန်းစဉ်ပေါ် မူတည်ပြီး အုပ်ချုပ်သူနယ်ပယ်ကို အစောပိုင်းအဆင့်၊ အလယ်အလတ်အဆင့်နဲ့ နှောင်းပိုင်းအဆင့်ဆိုပြီး အဆင့်သုံးဆင့်ခွဲခြားထားတယ် ”
“ ပထမအဆင့်မှာ မင်းရဲ့ ဝိညာဉ်ကို ရုပ်ခန္ဓာကိုယ်ရဲ့ အပြင်ဘက်မှာ ခန္ဓာကိုယ်အသစ်တစ်ခုအဖြစ် ဖွဲ့စည်းရတယ်… အဲ့ဒါက အစစ်အမှန်ရဲ့ ပုံရိပ်ယောင်ပဲ ”
“ အဲ့ဒီအဆင့်မှာ အုပ်ချုပ်သူတစ်ပါးက အစွမ်းထက်သလို အားနည်းချက်လည်း ရှိတယ် ”
“ စွမ်းအားက အစစ်အမှန်ကို အစားထိုးသွားတဲ့ ပုံရိပ်ယောင်ဆီကနေ တဖြည်းဖြည်း ရလာတာပဲ… ဒါကြောင့် အစောပိုင်းအဆင့် အုပ်ချုပ်သူတစ်ပါးက အခွင့်အာဏာကို ဆင်ခြင်နားလည်နိုင်ပြီး အရာအားလုံးကို ထိန်းချုပ်နိုင်တယ် ”
“ အားနည်းချက်ကတော့ ပုံရိပ်ယောင်ထဲမှာ ပုန်းအောင်းနေတဲ့ အစစ်အမှန်ပဲ… တကယ်လို့ တစ်ယောက်ယောက်က အစစ်အမှန်ကို ဒဏ်ရာရသွားအောင် လုပ်နိုင်မယ်ဆိုရင် အုပ်ချုပ်သူတစ်ပါးကို သတ်ဖြတ်ဖို့ဆိုတာ မခက်ခဲဘူး… ဥပမာ စောစောတုန်းက လှေပေါ်မှာ မင်းအသုံးပြုခဲ့တဲ့ ဓားစွမ်းအင်ပဲ… အဲ့ဒါက အုပ်ချုပ်သူရဲ့ အစစ်အမှန်ကို ဖျက်ဆီးဖို့ အဓိကရည်ရွယ်ထားတာပဲ ”
“ အဲ့ဒီဓားစွမ်းအင်က အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်… ဒါပေမဲ့ အဲ့ဒါက အလယ်အလတ်အဆင့် အုပ်ချုပ်သူတစ်ပါးကို ဒဏ်ရာရစေဖို့ မလွယ်ကူဘူး… မင်းကို အဲ့ဒီဓားစွမ်းအင် ပေးခဲ့တဲ့လူက သာမန်ကျင့်ကြံသူမဟုတ်နိုင်ဘူး ”
ထိုသို့ပြောပြီးနောက် ကူးတို့လှေသမားက တစ်ခဏ ရပ်တန့်လိုက်သည်။ သူက ရွှီချင်းကို သူ၏ စကားများအား ဆင်ခြင်နားလည်နိုင်စေရန် အချိန်ပေးလိုက်သည်။
ရွှီချင်းက နှလုံးတုန်ယင်သွားသည်။ အဖိုးကိုး၏ ဓားစွမ်းအင်က အလယ်အလတ်အဆင့် အုပ်ချုပ်သူတစ်ပါးအပေါ် သက်ရောက်မှုမရှိနိုင်ကြောင်း အစကတည်းက သူခန့်မှန်းထားခဲ့သည်။ ယခု သူက ကူးတို့လှေသမား၏ စကားများကို ကြားပြီးနောက် ယင်းကို သေချာအတည်ပြုနိုင်သွားသည်။
ထို့နောက် ယခင်က သူသတ်ဖြတ်ခဲ့သော အုပ်ချုပ်သူများအကြောင်းကို ပြန်စဉ်းစားလိုက်သည်။ ထိုအချိန်တုန်းက သူ၏ အသိပညာအကန့်အသတ်ကြောင့် ယင်းကို သူနားမလည်နိုင်ခဲ့ပေ။
ထို့ကြောင့် တိုက်ပွဲဆင်နွှဲခဲ့စဉ်အတွင်းမှာ ရွှီချင်းက အုပ်ချုပ်သူများအကြောင်းကို လေးနက်စွာ ဆင်ခြင်နားမလည်ခဲ့ပေ။
အချိန်အတန်ကြာပြီးနောက် ကူးတို့လှေသမားက ဆေးတံကို ရှုရှိုက်လိုက်သည်။ သူက ဆေးမီးခိုးကို မှုတ်ထုတ်လိုက်ပြီး ဆက်ပြောသည်။
“ မင်းက အစစ်အမှန်ရဲ့ ပုံရိပ်ယောင်ကို ကျွမ်းကျင်သွားတဲ့အခါ ဒုတိယအဆင့်ကို ခြေချနိုင်လိမ့်မယ် ”
“ ဒုတိယအဆင့်မှာ… အစက မင်းဖုံးကွယ်ထားခဲ့တဲ့ ရုပ်ခန္ဓာကိုယ်ကို ဝိညာဉ်ထဲ ပျော်ဝင်သွားအောင် လုပ်ဆောင်ရမယ်… အဲ့ဒီအဆင့်ကို မဖျက်ဆီးနိုင်တဲ့အဆင့်လို့ ခေါ်တယ် ”
“ ဒုတိယအဆင့်မှာ အုပ်ချုပ်သူက အစစ်အမှန်နဲ့ ပုံရိပ်ယောင်ကို ချက်ချင်း နေရာပြောင်းလဲပစ်နိုင်စွမ်း ရှိတယ်… ဒါကြောင့် ပထမအဆင့်မှာ ရှိခဲ့တဲ့ အားနည်းချက်က ဒုတိယအဆင့်မှာ မရှိတော့လုနီးပါး အားနည်းသွားတယ်… ဒါကြောင့် ဒုတိယအဆင့်ကို မဖျက်ဆီးနိုင်တဲ့အဆင့်လို့ ခေါ်တာပဲ ”
“ တတိယအဆင့်မှာ အခွင့်အာဏာတွေနဲ့ တာအိုအမှတ်အသားတွေကို လိုအပ်တယ်… တာအိုအမှတ်အသားတွေက အစစ်အမှန်နဲ့ ပုံရိပ်ယောင်ကို အတူတကွ ရက်လုပ်ပေးမယ့် မျဉ်းကြောင်းတွေ ဖြစ်တယ်… တာအိုအမှတ်အသားတွေရဲ့ အကူအညီနဲ့ သူတို့နှစ်ခုက အပြည့်အဝ ပေါင်းစပ်သွားကြလိမ့်မယ်… အဲ့ဒီနောက် တစ်စုံတစ်ယောက်က အင်မော်တယ်သန္ဓေသားလောင်းကို ရရှိသွားပြီး ကြယ်တွေကို ခူးဆွတ်နိုင်သွားလိမ့်မယ်… ပြီးတော့ တမူထူးကဲတဲ့ စွမ်းအားကို ရရှိသွားလိမ့်မယ် ”
“ မင်းက အင်မော်တယ်သန္ဓေသားလောင်းကို ရရှိသွားတဲ့အခါ ခြေလှမ်းဝက်အင်မော်တယ်တစ်ပါး ဖြစ်လာလိမ့်မယ်… အဲ့ဒါက မဟာဧကရာဇ်အဆင့်လည်း ဟုတ်တယ် ”
ကူးတို့လှေသမားက ဖြည်းညင်းစွာ ပြောသည်။
ယင်းကို ရွှီချင်းကြားသောအခါ ကျင့်ကြံခြင်းလမ်းစဉ်တွင် သူသင်ယူခဲ့ရသော သူ့ကိုယ်ပိုင် ဆင်ခြင်နားလည်မှုများဖြင့် ပေါင်းစပ်လိုက်သည်။ ယင်းက သူ့အား အုပ်ချုပ်သူနယ်ပယ်အကြောင်း ပိုပြီးလေးနက်စွာ နားလည်သွားစေသည်။
သို့သော်လည်း ထိုသို့အခွင့်အရေးက အလွန်ရှားပါးသည်။ သို့ဖြစ်၍ ရွှီချင်းက ဆက်မမေးဘဲ မနေနိုင်ပေ။
“ စီနီယာ… ခြေလှမ်းဝက်အင်မော်တယ်အဆင့်ကရော… ပြီးတော့ အဲ့ထက်ပိုမြင့်တဲ့ နွေဦးအင်မော်တယ်အဆင့်ကရော ”
ကူးတို့လှေသမား၏ အကြည့်က ရွှီချင်း၏ ဘေးမှ ဧကရာဇ်ဓားပေါ်သို့ ကျရောက်သွားသည်။ သူက တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညင်းစွာ ပြောသည်။
“ ခြေလှမ်းဝက်အင်မော်တယ်က နတ်ဘုရားလမ်းစဉ်အရ နတ်ဘုရားယဇ်ပလ္လင်အဆင့်နဲ့ အတူတူပဲ… အဲ့ဒါကို ‘ အာဏာစက် ’ဆိုတဲ့ သဘောတရားတစ်ခုနဲ့ ပိုင်းခြားထားတယ် ”
“ အာဏာစက်ဆိုတာ အခွင့်အာဏာ တာအိုအမှတ်အသားတွေရဲ့ သန့်စင်တဲ့ ဒြပ်ထည်ပုံစံပဲ… အာဏာစက်ကို စွမ်းအားတွေ၊ စိတ်ဆန္ဒတွေ၊ မူလဇစ်မြစ်တွေနဲ့ ဖွဲ့စည်းထားတယ်… အဲ့ဒါက အင်မော်တယ်တစ်ပါး အမှန်တကယ် မမွေးဖွားလာခင် ဆင်ခြင်နားလည်ရတဲ့ အမိန့်ပေးစွမ်းအားတစ်မျိုးပဲ ”
“ နွေဦးအင်မော်တယ်ကတော့… ”
ကူးတို့လှေသမားက မီးခိုးငွေ့ကို မှုတ်ထုတ်လိုက်သည်။ မီးခိုးငွေ့ထဲတွင် ဝါးခမောက်ဖြင့် ဖုံးကွယ်ထားသော သူ၏ မျက်နှာက ပိုပြီးဝေဝါးသွားသည်။
သူ၏ တည်ငြိမ်သော အသံသည်သာ သွေးမြစ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ အဲ့ဒါက အဆင့်နိမ့်ကြယ်တာရာစက်ဝန်းရဲ့ အထွတ်အထိပ်ပဲ ”
“ နွေဦးအင်မော်တယ်အဆင့် ပုဂ္ဂိုလ်တိုင်းက ပြစ်ချက်မဲ့ပြီး အနန္တတန်ခိုးရှင်တွေ ဖြစ်ကြတယ် ”
“ ဒါပေမဲ့ အဆင့်မြင့်ကြယ်တာရာစက်ဝန်းထဲမှာတော့ ပိုပြီးအဆင့်မြင့်တဲ့ အာဏာစက်တွေကြောင့် သူတို့ဆီမှာလည်း ကိုယ်ပိုင်အကန့်အသတ်တွေ ရှိကြတယ် ”
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ နှလုံးက ပရမ်းပတာ လှိုင်းထနေသည်။ ထို့နောက် သူက ကူးတို့လှေသမားကို ထပ်မံ အရိုအသေပေးလိုက်သည်။
“ စီနီယာ… အဆင့်နိမ့်အင်မော်တယ်ရဲ့ အထက်အဆင့်ကရော… ”
ဤတစ်ကြိမ်တွင် ကူးတို့လှေသမားက ပိုပြီးအချိန်ကြာမြင့်စွာ နှုတ်ဆိတ်သွားသည်။ သူ၏ အသံသည်ပင် အနည်းငယ် အက်ရှလာသည်။
“ အဆင့်နိမ့်အင်မော်တယ်ရဲ့ အထက်အဆင့်က အင်မော်တယ်အရှင်သခင်ပဲ ”
“ အင်မော်တယ်အားလုံးရဲ့ အရှင်သခင် ”
ယင်းကို ရွှီချင်းကြားသောအခါ အတိတ်တွင် စီနီယာအကိုကြီး သူ့ကို ပြောခဲ့ဖူးသော စကားကို ပြန်အမှတ်ရသွားသည်။
အတိတ်တွင် အားညိုသည် အဆင့်နိမ့်အင်မော်တယ်က ကျင့်ကြံခြင်းလမ်းစဉ်၏ အဆုံးသတ်ဖြစ်သည်ကို သူမယုံကြည်ကြောင်း ပြောခဲ့သည်။ အဆင့်နိမ့်အင်မော်တယ်၏ အထက်တွင် အင်မော်တယ်အရှင်သခင်နှင့် အင်မော်တယ်ဘုရင်ရှိသေးသည်ဟု သူပြောခဲ့သည်။
‘ စီနီယာအကိုကြီးက အဲ့ဒီကတည်းက သိထားတာပဲ ’
ရွှီချင်းသည် အတိတ်ကို ပြန်အမှတ်ရသွားပြီးနောက် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
ကူးတို့လှေသမားက ဆက်ပြောသည်။
“ အင်မော်တယ်အရှင်သခင်အဆင့်ကို ရောက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်လုနီးပါးပဲ… နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာသွားတာတောင် အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးမှာ အင်မော်တယ်အရှင်သခင်(၁၁)ပါးပဲ ပေါ်ထွန်းလာခဲ့တယ် ”
“ သူတို့က အင်မော်တယ်မြို့တော်ထဲက အင်မော်တယ်နန်းတော်(၁၁)ခုကို ကိုယ်စီအုပ်ချုပ်ကြတယ်… အင်မော်တယ်နန်းတော်တစ်ခုစီက အာဏာစက်အရင်းအမြစ်တစ်ခု ဖြစ်ကြတယ် ”
ထိုသို့ပြောပြီးနောက် ကူးတို့လှေသမားက ရုတ်တရက် ပြုံးလိုက်သည်။
“ ငါတို့ဆွေးနွေးလာတာ ဒီအထိ ရောက်နေမှတော့ အင်မော်တယ်အရှင်သခင်ရဲ့ အထက်အဆင့်ကိုလည်း ငါပြောပြလိုက်မယ် ”
“ အင်မော်တယ်အရှင်သခင်ရဲ့ အထက်အဆင့်က တစ်ဦးတည်းသော အင်မော်တယ်ဘုရင်ပဲ ”
“ အင်မော်တယ်ဘုရင်က အဆင့်မြင့်ကြယ်တာရာစက်ဝန်းတစ်ခုကို အုပ်ချုပ်နိုင်ပြီး နတ်ဘုရင်နဲ့ တူညီတဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ထားတယ်… လောလောဆယ် အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခုစလုံးမှာ အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာပဲ တစ်ဦးတည်းသော အင်မော်တယ်ဘုရင် ရှိတယ် ”
“ အင်မော်တယ်ဘုရင်မဖြစ်လာခင် သူ့ကို ပဉ္စမမြောက် လူသားဘိုးဘေးလို့ ခေါ်ကြတယ်… ”