← Chapters

တိမ်တံခါး

Vol. 103 Ch. 1582

တိမ်တံခါး

Vol. 103 Ch. 1582

ခုနစ်ရက်ကြာပြီးနောက်…

“ အနောက်ပိုင်းကြယ်စင်စုက တောင်ပိုင်းကြယ်စင်စုနဲ့ တကယ် ကွဲပြားခြားနားတာပဲ ”

ကောင်းကင်ပေါ်တွင် ရွှီချင်းက မြန်ဆန်စွာ ပျံသန်းသွားနေရင်း တွေးတောလိုက်သည်။

ဤရက်အနည်းငယ်အတွင်းမှာ ဒဏ်ရာကုသရန် နေရာတစ်နေရာကို သူရှာဖွေနေစဉ် ရွှီချင်းက အရည်အချင်းပြည့်မီ တုံကင်ရှိသော လူနှစ်ယောက်ဖြင့် တွေ့ကြုံခဲ့သည်။

ပထမအကြိမ်တွင် တစ်ဖက်လူက ကီလိုမီတာလေးသန်းခွဲ အကွာအဝေးမှာ ရှိပြီး ရွှီချင်းကို သတိမထားမိပေ။ ထို့ကြောင့် သူက ထိုတုံကင်ပိုင်ရှင်ကို ရှောင်ရှားခဲ့သည်။

သို့သော်လည်း ဒုတိယအကြိမ်တွင် ရွှီချင်းက တစ်ဖက်လူကို အာရုံခံမိသွားစဉ် တစ်ဖက်လူသည်လည်း ရွှီချင်းကို ချက်ချင်း အာရုံခံမိသွားသည်။

ထိုမျှအကွာအဝေးကို အာရုံခံနိုင်သော လူသည် သေချာပေါက် ပညာရှင်ကျင့်ကြံသူတစ်ယောက် ဖြစ်ရမည်။

သို့သော်လည်း ရွှီချင်းက သတိထားမိလိုက်သည့်အခါ တစ်ဖက်လူက ရှောင်ထွက်သွားခဲ့သည်။

ယင်းက တောင်ပိုင်းကြယ်စင်စုနှင့် ကွဲပြားခြားနားသည်။

အန္တရာယ်ကို ရှောင်ရှားခြင်း သို့မဟုတ် မလိုအပ်ဘဲ မတိုက်ခိုက်ခြင်းက အနောက်ပိုင်းကြယ်စင်စုမှ လူများ၏ အဓိကဦးစားပေး မူဝါဒဖြစ်ဟန် ရ၏။

ရွှီချင်းက နောက်ရက်များမှာလည်း ထိုသို့အခြေအနေကို ထပ်ခါတလဲလဲ တွေ့ကြုံခဲ့သည်။

သို့ဖြစ်၍ နောက်ဆုံးမှာတော့ သူက ယင်းကို အတည်ပြုနိုင်သွားသည်။

“ အနောက်ပိုင်းကြယ်စင်စုက တောင်ပိုင်းကြယ်စင်စုနဲ့ နှိုင်းယှဉ်ရင် ပြိုင်ဆိုင်မှုသိပ်မရှိဘူး… အများစုက မလိုအပ်ဘဲ မတိုက်ခိုက်ချင်ကြဘူး ”

“ ဒါပေမဲ့ အဲ့ဒီအဓိပ္ပာယ်က ဒီက လူတွေက သတ်ရတာကို မကြိုက်ကြဘူးလို့ မဆိုလိုဘူး ”

ရွှီချင်းက ခေါင်းမော့လိုက်ပြီး အရှေ့သို့ ကြည့်လိုက်သည်။

သူ၏ အရှေ့တွင် စက်ဝိုင်းသဏ္ဍာန် အကာအကွယ်အလွှာတစ်ခု ရှိသည်။ တံလျှပ်က အကာအကွယ်အလွှာပေါ်မှာ စမ်းချောင်းသဖွယ် စီးဆင်းနေပြီး ယင်းက အပြင်လူများ အထဲမဝင်နိုင်ရန် တားဆီးထားသည်။

စည်းချအစီအရင်ထဲတွင် ကျင့်ကြံသူအများအပြားက တင်ပျဉ်ခွေထိုင်နေကြသည်။

စည်းချအစီအရင်၏ အပြင်ဘက်တွင် ရွှီချင်းတစ်ယောက်တည်းသာ မတ်တတ်ရပ်နေခြင်း မဟုတ်ပေ။ ဒါဇင်နှင့်ချီသော ကျင့်ကြံသူများက အကာအကွယ်အလွှာ၏ ဘေးပတ်ပတ်လည်မှာ ရပ်နေကြသည်။

တချို့က ရွှီချင်းနှင့် တူညီကြသည်။ သူတို့က ဤနေရာကို ဖြတ်သန်းသွားနေရင်း ရပ်တန့်လိုက်ကြခြင်း ဖြစ်သည်။ တချို့က စည်းချအစီအရင်၏ အတွင်းဘက်မှာ ရှိနေကြပြီး တချို့က မောင်းထုတ်ခံလိုက်ကြရသည်။

“ တိမ်တံခါးကလန်နဲ့ မြေဝိညာဉ်ကလန်က အမြစ်ဖြတ်သုတ်သင်ဖို့ စစ်ပွဲစတင်တော့မယ် ”

“ အဲ့ဒီကလန်နှစ်ခုက ဒီအနီးနားမှာ အရမ်းသန်မာတဲ့ ကလန်ကြီးနှစ်ခုပဲ… သူတို့က ဒီဝိညာဉ်ဖုန်မှုန့်တောင်တန်းဒေသကို အတူလက်တွဲပြီး သိမ်းပိုက်ခဲ့ကြတယ်… ဒီတော့ စစ်ပွဲဖြစ်လာတာ မထူးဆန်းပါဘူး ”

“ ဒါပေမဲ့ ဒီနေရာအပြင် အဲ့ဒီကလန်နှစ်ခုက တခြားဒေသတွေကိုလည်း သိမ်းပိုက်ခဲ့ကြတယ်… တကယ်လို့ သူတို့က အပြန်အလှန် အမြစ်ဖြတ်သုတ်သင်မယ်ဆိုရင် တစ်နေ့တည်းတစ်ညတည်းနဲ့ ပြီးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး ”

ဆွေးနွေးသံများက ဘေးပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေသည်။

ဤအခိုက်အတန့်မှာ ရွှီချင်းက ကြမ်းတမ်းသော မိုးကာဖျင်အင်္ကျီကို ပြောင်းလဲဝတ်ဆင်ထားသည်။ သူက ကူးတို့လှေသမားအတိုင်း ဝါးခမောက်တစ်ခုကို ဆောင်းထားသည်။ ထို့ပြင် သူ၏ အသွင်သဏ္ဍာန်ကိုလည်း ဖုံးကွယ်ထားသည်။

သူက လေထဲမှာ မတ်တတ်ရပ်နေရင်း ဘေးပတ်ဝန်းကျင်မှ အသံများကို နားထောင်လိုက်သည်။ ထို့ပြင် သူက နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်လိုက်ပြီး သူ့အရှေ့မှ ဧရိယာကို လွှမ်းခြုံလိုက်သည်။

ယင်းက မြေပုံပေါ်အခြေခံ၍ တံခါးပိတ်ကျင့်ကြံရန် သူရွေးချယ်ထားသော တည်နေရာဖြစ်သည်။

ဤတောင်တန်းဒေသက အလွန်ရှည်လျားပြီး အလွန်သိပ်သည်းသော ဝိညာဉ်စွမ်းအင်ဖြင့် ပြည့်နှက်နေသည်။ ယင်းက ဒဏ်ရာကုသရန် အလွန်သင့်တော်သည်။

သို့သော်လည်း ယခု တိုက်ပွဲ၏ အားလှိုင်းအတတ်အကျများက ထွက်ပေါ်လာကြသည်။

တောင်တန်းဒေသထဲတွင် လူအများအပြားက တိုက်ခိုက်နေကြသည်။

ဘေးပတ်ဝန်းကျင်မှ စကားများအရ ဤတိုက်ပွဲက ကလန်အချင်းချင်း နယ်မြေလုသော တိုက်ပွဲဖြစ်သည်။

တိုက်ပွဲက အတော်လေး ပြင်းထန်သည်။

သူတို့ထဲမှာ ပညာရှင်ကျင့်ကြံသူများလည်း ပါဝင်ကြသည်။ ရွှီချင်းက အုပ်ချုပ်သူများ၏ အရှိန်အဝါကိုပင် ရှင်းလင်းစွာ အာရုံခံမိသည်။

အမှန်မှာ အင်အားစုနှစ်ခုစလုံးတွင် တုံကင်ပိုင်ရှင်များ ရှိကြသည်။

သို့သော်လည်း ဤတိုက်ပွဲက တုံကင်ကြောင့် မဟုတ်ကြောင်း ထင်ရှားသည်။ ယင်းအစား ကလန်တစ်ခုနှင့်တစ်ခု အင်အားဝါးမျိုရန် ကြံစည်နေကြခြင်း ဖြစ်သည်။

ဤစစ်ပွဲက ရက်စက်ကြမ်းကြုတ်သည်။ ကလန်တစ်ခု မျိုးတုန်းသတ်ဖြတ်ခံရမှသာလျှင် ဤစစ်ပွဲက အဆုံးသတ်သွားလိမ့်မည်ဖြစ်ကြောင်း စိတ်ကူးကြည့်နိုင်သည်။

ရွှီချင်းက သူ၏ စိတ်အာရုံကို ဖြန့်ကြက်လိုက်ပြီးနောက် အနောက်ပိုင်းကြယ်စင်စုအပေါ် ပိုပြီးကောင်းမွန်စွာ နားလည်သွားသည်။

“ ဒီက ကျင့်ကြံသူတွေက အရေးမပါတဲ့ တိုက်ပွဲတွေကို မတိုက်ခိုက်ချင်ကြဘူး… အများစုက ဂုဏ်သိက္ခာကျဆင်းမှာကို ဂရုမစိုက်ကြဘူး… ဒါပေမဲ့ သူတို့က ကလန်နဲ့ ဂိုဏ်းအပေါ်မှာ အရမ်းသစ္စာရှိကြတယ်… ဒါကြောင့် ဒီနေရာမှာ တစ်ဦးချင်းတိုက်ပွဲတွေထက် ကလန်အချင်းချင်း တိုက်ပွဲတွေက ပိုပြီးများတယ် ”

“ အဲ့ဒါက မြေပုံထဲက အချက်အလက်တွေနဲ့ ကိုက်ညီတယ်… အင်မော်တယ်တာအိုဂိုဏ်းက ပျင်းရိနေတာကြောင့် အနောက်ပိုင်းကြယ်စင်စုက ထိန်းချုပ်မှုကင်းလွတ်နေတယ်… ရလဒ်အနေနဲ့ ကလန်တွေနဲ့ ဂိုဏ်းတွေက အင်အားတိုးချဲ့လာကြတယ်… ဒါကြောင့် အနောက်ပိုင်းကြယ်စင်စုရဲ့ အင်အားစုအရေအတွက်က တခြားကြယ်စင်စုသုံးခုထက် သိသိသာသာ ကျော်လွန်နေတယ် ”

ရွှီချင်းက ဖြည်းညင်းစွာ အနောက်ဆုတ်သွားသည်။

ကီလိုမီတာတစ်သန်းအဝေးသို့ ဆုတ်ခွာပြီးနောက် သူက စွန့်ပစ်ခံထားရသော ရွှံ့ဗွက်အိုင်တစ်ခုကို မြင်တွေ့သွားသည်။ အကြမ်းဖျဉ်းအားဖြင့် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးနောက် သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ရွှံ့ဗွက်အိုင်ထဲသို့ ဝင်ရောက်သွားသည်။

ရွှံ့ဗွက်အိုင်၏ အနက်ပိုင်းထဲသို့ ဝင်ရောက်ပြီးနောက် သူက သေးငယ်သော လှိုဏ်ဂူတစ်ခုကို တူးဖော်လိုက်သည်။ သူက စည်းချအစီအရင်များကို လှိုဏ်ဂူ၏ ဘေးပတ်ပတ်လည်တွင် ခင်းကျင်းလိုက်ပြီး ဘေးကင်းလုံခြုံမှုကို တိုးမြှင့်လိုက်သည်။ ထို့နောက် သူက အရှိန်အဝါကို ပြန်ရုပ်သိမ်းလိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။

ဖြစ်နိုင်သည်မှာ ကလန်နှစ်ခုကြားမှ တိုက်ပွဲကြောင့် ကျင့်ကြံသူအများစုက ဤနေရာမှ ထွက်သွားရန် ရွေးချယ်ခဲ့ကြဟန် ရသည်။ ဤနေရာကို ဖြတ်သန်းသွားရန် အစက ရည်ရွယ်ထားခဲ့သော ကျင့်ကြံသူများသည်ပင် အန္တရာယ်ကို ရှောင်ရှားချင်သောကြောင့် လမ်းကြောင်းပြောင်းလဲခဲ့ကြသည်။

သို့ဖြစ်၍ နောက်ထပ် လဝက်ကြာသွားသည်အထိ ရွှီချင်း၏ တံခါးပိတ်ကျင့်ကြံခြင်းက အတော်လေး ငြိမ်းချမ်းခဲ့သည်။

ယနေ့တွင် ရွှီချင်းက လှိုဏ်ဂူထဲမှ ပြန်ထွက်လာပြီး လေထဲမှာ ရပ်လိုက်သည်။

သူက နေရာမှာ ရပ်နေစဉ် သူ၏ ရင်ဘက်ထဲမှ ဖိအားကို ခံစားမိသွားသည်။ မွန်းကြပ်သော ခံစားမှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သူက မျက်မှောင်ကြုတ်လိုက်သည်။

သူ၏ ဒဏ်ရာများကို အပြင်ဘက်မှ မမြင်နိုင်သော်လည်း သူ၏ အရှိန်အဝါက ယခင်ထက် အများကြီး အားနည်းသွားသည်။

“ တာအိုဒဏ်ရာ… ”

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။

တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းက မြင့်မားသော အဆင့်တစ်ခုထိ ရောက်ရှိသွားသည့်အခါ ဒဏ်ရာမှန်သမျှကို ဆေးလုံးများဖြင့် မကုသနိုင်တော့ပေ။

ပညာရှင်ကျင့်ကြံသူများက တိုက်ခိုက်သည့်အခါ သူတို့က တာအိုဒဏ်ရာများကို မကြာခဏ ရတတ်ကြသည်။

ရွှီချင်းသည် တာအိုဒဏ်ရာကို ဝမ်ကူးကုန်းမြေထဲမှာ တစ်ခါမှ မတွေ့ကြုံဖူးပေ။ သို့သော်လည်း အမှတ်ငါးကြယ်တာရာစက်ဝန်းထဲတွင် တာအိုဒဏ်ရာကို သူရရှိသွားပြီးနောက် ယင်းကို ကုသရန် မည်မျှခက်ခဲကြောင်း နားလည်သွားသည်။

“ ဒဏ်ရာကုသဖို့ တစ်လကြာလိမ့်မယ်လို့ ငါခန့်မှန်းထားတာ မှားသွားတယ် ”

“ ဒီလိုဒဏ်ရာတွေကို ကုသဖို့ နှစ်တွေအကြာကြီး လိုအပ်လိမ့်မယ်… ဒါပေမဲ့ ငါ့မှာ ကုသမှုကို အရှိန်မြှင့်ပေးနိုင်တဲ့ ခရမ်းသလင်းကျောက်ရှိတယ်… တကယ်လို့ ဝိညာဉ်စွမ်းအင်သိပ်သည်းတဲ့ နေရာတစ်နေရာမှာသာ ငါကျင့်ကြံမယ်ဆိုရင် ပိုပြီးအချိန်တိုတောင်းသွားလိမ့်မယ် ”

ရွှီချင်း၏ အကြည့်က လေးနက်သွားသည်။ သူက ခေါင်းငုံ့လိုက်ပြီး သူ့အောက်မှ ရွှံ့ဗွက်အိုင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းပြန်မော့လိုက်ပြီး ဝိညာဉ်ဖုန်မှုန့်တောင်တန်းဒေသကို ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာ အနောက်ပိုင်းကြယ်စင်စု၏ မြေပုံက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ဤနေရာမှ ဝိညာဉ်စွမ်းအင်က ဝမ်ကူးကုန်းမြေထက် သာလွန်သော်လည်း တောင်ပိုင်းကြယ်စင်စုနှင့် နှိုင်းယှဉ်လျှင် အားနည်းနေဆဲပင်။ သို့ဖြစ်၍ ဝိညာဉ်စွမ်းအင်သိပ်သည်းသော နေရာတစ်နေရာကို သူလိုအပ်သည်။

“ အုပ်ချုပ်သူတစ်ပါးနဲ့ မတွေ့ဆုံသရွေ့ ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်တွေနဲ့ တိုက်ခိုက်တာက ငါ့ရဲ့ ဒဏ်ရာကုသမှုကို အနှောင့်အယှက်မဖြစ်စေနိုင်ဘူး ”

မြေပုံမှ အချက်အလက်နှင့် သူ၏ လက်ရှိအခြေအနေကို ပေါင်းစပ်ပြီးနောက် ရွှီချင်းက ဆုံးဖြတ်ချက်ချလိုက်သည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ အေးစက်စက် အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ နောက်အခိုက်အတန့်မှာ သူက နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

မိုးသောက်အလင်းက ကောင်းကင်ပေါ်မှာ စီးဆင်းနေစဉ် ဝဲကတော့ငယ်များက အရေအတွက်များပြားစွာ ပိုတိုးပွားလာကြသည်။

မည်သူမှ သတိမထားမိလိုက်ခင် တစ်နှစ်ကုန်ဆုံးသွားသည်။

ထိုတစ်နှစ်အတွင်းမှာ တိမ်တံခါးနှင့် မြေဝိညာဉ်ကလန်ကြားမှ စစ်ပွဲက ဆက်လက် ဖြစ်ပွားနေသည်။

ပထမအကြိမ် မဟာတိုက်ပွဲ စတင်သည့်အချိန်မှာ တိမ်တံခါး၏ ဘိုးဘေးက ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။ မြေဝိညာဉ်ဘိုးဘေးသည်လည်း အခြေအနေမကောင်းပေ။

ထို့နောက် နှစ်ဖက်အင်အားစုသည် သေးငယ်သော တိုက်ပွဲများပေါ်မှာသာ အာရုံစိုက်လိုက်ကြသည်။

ထို့ပြင် တိမ်တံခါးသည် ဤတစ်နှစ်အတွင်းမှာ သူတို့၏ နယ်မြေများကို တဖြည်းဖြည်း ဆုံးရှုံးသွားခဲ့ကြသည်။ အစတွင် သူတို့ဆီမှာ တောင်(၃၇)လုံးရှိကြသည်။ ယခု သူတို့ဆီမှာ တောင်(၁၁)လုံးသာ ကျန်ရှိကြတော့သည်။

ယခု တိမ်တံခါးကလန်မှ လူတိုင်းက ထိတ်လန့်ချောက်ချားနေကြသည်။

ဤအခိုက်အတန့်မှာ တိမ်တံခါးကလန်၏ နဝမမြောက်တောင်ထွတ်ပေါ်တွင် စည်းချအစီအရင်၏ အပြင်ဘက်၌ ကျင့်ကြံသူသုံးယောက်က တင်ပျဉ်ခွေထိုင်နေကြသည်။

ထိုသုံးယောက်သည် မဟာလောကသုံးခု လေးခု ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။ သူတို့က တရားထိုင်နေရင်း ရံဖန်ရံခါ မျက်လုံးဖွင့်လိုက်ကြပြီး စည်းချအစီအရင်အတွင်းမှ ပုံရိပ်ကို ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်မှာ ကြောက်ရွံ့ရိုသေသော အမူအရာက အထင်အရှား ထွက်ပေါ်နေသည်။

မကြာမီ သူတို့ထဲမှ တစ်ယောက်က အသံပို့လွှတ်ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။ သူက ယင်းကို စစ်ဆေးကြည့်ပြီးနောက် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး စည်းချအစီအရင်ထဲမှ ပုံရိပ်ကို ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။

“ အစီအရင်သခင်… ဝိညာဉ်ဖုန်မှုန့်မြို့တော်ကနေ သတင်းရလာပါတယ်… အရှင်ဖော်ပြခဲ့တဲ့ ပစ္စည်းတွေက ဒီတစ်ခေါက် ပေးပို့သူအသုတ်မှာ မရှိသေးပါဘူး… ”

“ ဒါပေမဲ့ အဲ့ဒါနဲ့ပတ်သက်တဲ့ သဲလွန်စတွေကို ရှာတွေ့ခဲ့ပါတယ်… ကန္တာရခရီးသည်အုပ်စုက အဲ့ဒါကို ရှာဖွေဖို့ ထွက်သွားကြပါပြီ… နောက်တစ်ခေါက် ပေးပို့သူအသုတ်မှာ အရှင်ရှာနေတဲ့ အရာတွေ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ် ”

ထိုလူ၏ မျက်နှာအမူအရာသာ ကြောက်ရွံ့ရိုသေနေခြင်းမဟုတ်ပေ။ သူ၏ စကားများသည်ပင် ထို့အတူဖြစ်သည်။

ထိုလူ၏ အကြည့်နောက်သို့ လိုက်ကြည့်မည်ဆိုလျှင် စည်းချအစီအရင်အတွင်းမှာ တင်ပျဉ်ခွေထိုင်နေသော ပုဂ္ဂိုလ်တစ်ဦးကို မြင်တွေ့ရလိမ့်မည်။ သူက ရှေးဟောင်းစာအုပ်များကို လှန်လှောဖတ်ရှုနေသည်။

သူက သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး သူ၏ ဆံပင်က မီးခိုးဖြူရောင်ဖြစ်သည်။ သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေသည်။ သူ၏ ခန္ဓာကိုယ်က ပိန်ချုံးပြီး နေမကောင်းဖြစ်နေသော ခံစားမှုကို ပေးသည်။ ရံဖန်ရံခါ သူက ချောင်းဆိုးလိမ့်မည်။

သို့တိုင်အောင် စည်းချအစီအရင်၏ အပြင်ဘက်မှ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူသုံးယောက်သည် ထိုလူကို နည်းနည်းမှ အထင်မသေးဝံ့ချေ။

တိမ်တံခါး၏ ပြင်ပဧည့်သည်အကြီးအကဲများအနေဖြင့် သူတို့သုံးယောက်သည် အစက ရွှမ်မီးလျှံအပေါ် အထင်သေးရှုံ့ချခဲ့ကြသည်။ မည်သို့ဖြစ်ပါစေ ရွှမ်းမီးလျှံက လွန်ခဲ့သော တစ်နှစ်ခန့်ကမှ ကလန်ထဲသို့ ဝင်ရောက်လာခဲ့ပြီး သူတို့နှင့် ကျင့်ကြံခြင်းအဆင့် အတူတူသာ ဖြစ်သည်။

သို့သော်လည်း ဤတစ်နှစ်အတွင်း မြေကြီးဝိညာဉ်ကလန်နှင့် ဆင်နွှဲခဲ့သော တိုက်ပွဲများစွာအတွင်းမှာ ထိုလူ တိုက်ခိုက်သည့်အခါတိုင်း လျှပ်စီးပမာ မြန်ဆန်ပြီး ရန်သူ့ဘက်မှ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူများကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။

သူ၏ နည်းလမ်းများက ရက်စက်ကြမ်းကြုတ်ပြီး လည်ပင်းကို အဓိက ပစ်မှတ်ထားသည်။

ဤတစ်နှစ်အတွင်းမှာ သူ၏ လက်ထဲတွင် သေဆုံးသွားခဲ့သော ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူများက ဆယ့်နှစ်ယောက်ရှိသွားပြီ ဖြစ်သည်။

ထို့ပြင် သူသတ်ဖြတ်ခဲ့သော ကျင့်ကြံသူများထဲမှာ မဟာလောကခြောက်ခု ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ပင် ပါဝင်ခဲ့ကြသည်။ သို့သော်လည်း သူတို့ကို သတ်ဖြတ်ရန် ရွှမ်မီးလျှံအတွက်တော့ လှုပ်ရှားမှုအနည်းငယ် ပြုလုပ်ရန်သာ လိုအပ်သည်။

ယခုကဲ့သို့ တိမ်တံခါးကလန်က အင်အားကျဆင်းနေချိန် ရွှမ်မီးလျှံ၏ တိုက်ပွဲအကျိုးဆောင်မှုများက ကလန်မှ အထက်လူကြီးများ၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ သို့ဖြစ်၍ သူက နဝမမြောက်တောင်ထွတ်၏ အစီအရင်အစောင့်အရှောက်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။

သူ့ကို အစီအရင်သခင်ဟု ခေါ်ကြသည်။

“ နားလည်ပြီ ”

စည်းချအစီအရင်ထဲတွင် ရွှီချင်းက ခေါင်းမော့လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

ထို့နောက် သူ၏ အကြည့်က အဝေးသို့ ကျရောက်သွားသည့်အခါ အတွေးများက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာကြသည်။

“ ငါ့ရဲ့ ဒဏ်ရာတွေက ပျောက်ကင်းလုနီးပါး ဖြစ်သွားပြီ… မကြာခင် ဒီကနေ ငါထွက်သွားဖို့ စီစဉ်ထားတယ်… ”

လွန်ခဲ့သော တစ်နှစ်ခန့်က မြေပုံကို သူစစ်ဆေးကြည့်ခဲ့လေရာ သူ့အတွက် ဒဏ်ရာကုသရန် အသင့်တော်ဆုံးနေရာက ဝိညာဉ်ဖုန်မှုန့်တောင်တန်းဒေသဖြစ်ကြောင်း ရှာတွေ့ခဲ့သည်။ ထို့ကြောင့် ရွှီချင်းက ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် အကယ်၍ သူက ဤနေရာကို မရွေးချယ်ဘဲ တခြားသင့်တော်သော နေရာများကို ရှာဖွေမည်ဆိုလျှင် အချိန်ပိုကြာမြင့်သွားလိမ့်မည်။ သို့ဖြစ်၍ ရွှီချင်းက တစ်ခဏ စဉ်းစားပြီးနောက် စစ်ပွဲတွင် အရေးနိမ့်နေသော တိမ်တံခါးကလန်ကို ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။ မည်သို့ဖြစ်ပါစေ တိမ်တံခါးကလန်က စစ်ရှုံးနေသောကြောင့် အရပ်မျက်နှာအသီးသီးထံမှ ပညာရှင်ကျင့်ကြံသူများကို ဆုလာဘ်များပေး၍ ခေါ်ယူစုဆောင်းခဲ့သည်။

သူတို့က ပြင်ပဧည့်သည်အကြီးအကဲများအနေဖြင့် အယုံကြည်မခံရသလို အရေးကြီးကိစ္စများတွင်လည်း တာဝန်ပေးအပ်ခြင်းမခံရပေ။ သူတို့အများစုက လူသားအမြှောက်စာအဖြစ် ဆောင်ရွက်ကြရသည်။

သို့သော်လည်း ရွှီချင်းအတွက် လိုအပ်နေသည်မှာ ဝိညာဉ်ဖုန်မှုန့်တောင်တန်းဒေသသို့ ဝင်ရောက်ခွင့်ဖြစ်သည်။ ဝိညာဉ်စွမ်းအင် သိပ်သည်းသော နေရာက သူ၏ ဒဏ်ရာကုသရန် လိုအပ်သော ကြာချိန်ကို တိုတောင်းစေလိမ့်မည်။

ထို့ပြင် တခြားအကြောင်းအရင်းမှာ ဧည့်သည်အကြီးအကဲများ၏ အခွင့်အာဏာများထဲတွင် ကလန်၏ ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး ခိုင်းစေနိုင်စွမ်း ပါဝင်သည်။ ဥပမာ ဧည့်သည်အကြီးအကဲများက သူတို့လိုအပ်သော အထူးပစ္စည်းများကို ကလန်အား ရှာဖွေခိုင်းနိုင်သည်။

ထို့ပြင် သူ၏ အဆင့်အတန်းပေါ်မူတည်၍ ထိုအခွင့်အာဏာ၏ လုပ်နိုင်စွမ်းက ပြောင်းလဲသွားလိမ့်မည်။

ထို့ကြောင့် ရွှီချင်းက တိုက်ပွဲအတွင်းမှာ လူအနည်းငယ် ပိုသတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သူက သူ၏ ပစ်မှတ်ကို မဟာလောကခုနစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့်အောက်မှ ကျင့်ကြံသူများကိုသာ ပစ်မှတ်ထားခဲ့သည်။

အကယ်၍ သူက မဟာလောကခုနစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့မည်ဆိုလျှင် သံသယဝင်ခံရလိမ့်မည်။

သူက တိမ်တံခါးကလန်၏ အင်အားကို ငှားယူ၍ မွေးရာပါအမာရွတ်ရှိသော လူငယ် အသုံးပြုခဲ့သည့် လေဟာနယ်အစွမ်းရှိသော ရွှံ့တုံးကို ရှာဖွေစေသည်။

အတိတ်တွင် တစ်ဖက်လူက ထိုရွှံ့တုံးကို အသုံးပြု၍ ကော်အစွမ်းကို ရရှိခဲ့သည်။

ထိုရွှံ့တုံးက သူ၏ သိုလှောင်လက်စွပ်ထဲမှာလည်း မရှိပေ။

“ တစ်လဆိုတဲ့ အချိန်က နည်းနည်း ကြာသေးတယ် ”

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။

ဤတစ်နှစ်အတွင်းမှာ တိမ်တံခါးကလန်၏ ဧည့်သည်အကြီးအကဲအနေဖြင့် သူက အများကြီး ယုံကြည်မခံရသလို တပည့်ရင်းများဖြင့်လည်း အဆက်အသွယ်မလုပ်ခဲ့ပေ။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် အမြင်အရ တိမ်တံခါးကလန်၏ လက်ရှိအခြေအနေကို ပြောင်းလဲပစ်ရန် မဖြစ်နိုင်လုနီးပါး ခက်ခဲကြောင်း ရွှီချင်း သိထားသည်။

“ ကြည့်ရတာ တိမ်တံခါးကလန်ရဲ့ ဘိုးဘေးက သေဆုံးတော့မယ့်ပုံပဲ… ငါ့အထင် သူက လဝက်လောက်ပဲ တောင့်ခံနိုင်လိမ့်မယ် ”

“ မြေဝိညာဉ်ကလန်နဲ့ နောက်ဆုံးတိုက်ပွဲက လဝက်အတွင်းမှာ ထွက်ပေါ်လာလိမ့်မယ် ”

ရွှီချင်း၏ အကြည့်က မိုးကုပ်စက်ဝိုင်းပေါ်သို့ ကျရောက်သွားသည်။ ဝိညာဉ်ဖုန်မှုန့်တောင်တန်းဒေသတစ်ခုလုံး၌ ကောင်းကင်က မည်းမှောင်နေပြီး ပမာဏများပြားသော သေခြင်းအရှိန်အဝါက စုဝေးနေသည်။

ထူးဆန်းသော သက်ရှိများက တောင်တန်းဒေသထဲမှာ ရံဖန်ရံခါ ထွက်ပေါ်လာကြသည်။

တစ်စုံတစ်ယောက်က အုပ်ချုပ်သူတစ်ပါး၏ တိုက်ပွဲစွမ်းအားမရှိလျှင် ယင်းတို့ကို မြင်တွေ့နိုင်လိမ့်မည် မဟုတ်ချေ။

ဤနှစ်များတွင် ရွှီချင်းက ဒဏ်ရာကုသနေရုံသာမက သူ့ကိုယ်ပိုင် အတတ်ပညာများကိုလည်း ကျင့်ကြံခဲ့သည်။

ဒြပ်စင်ငါးမျိုးဖြစ်စေ သို့မဟုတ် အချိန်နှင့် လေဟာနယ်ဖြစ်စေ သူ၏ လက်ရှိ ဆင်ခြင်နားလည်မှုက လွန်ခဲ့သော တစ်နှစ်ကထက် ကြီးကြီးမားမား တိုးမြှင့်သွားခဲ့သည်။

သို့ဖြစ်၍ သူ၏ တိုက်ပွဲစွမ်းအားက ကြီးကြီးမားမား တိုးမြှင့်သွားခဲ့သည်။

အထူးသဖြင့် အချိန်နှင့် လေဟာနယ်ဖြစ်သည်။ သူက ယင်းတို့ကို အဓိကအာရုံစိုက်ထားခဲ့သည်။

ထို့ပြင် အဌမမြောက် အန္တိမတာအိုနှင့်ပတ်သက်ပြီး အကြံဉာဏ်တစ်ခုကို ဝေဝေဝါးဝါး သူအာရုံရနေသည်။

အချိန်အတော်ကြာပြီးနောက် ဆုံးဖြတ်ချက် ပြတ်သားမှုက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ထားလိုက်ပါတော့… လေဟာနယ်အစွမ်းရှိတဲ့ ပစ္စည်းတွေကို တခြားနေရာတွေမှာလည်း ရှာမတွေ့နိုင်တာ မဟုတ်ဘူး ”

ထိုသို့တွေးမိသောအခါ ရွှီချင်းက မျက်လုံးမှိတ်လိုက်သည်။

“ နောက်သုံးရက်ကြာပြီးရင် ငါ့ရဲ့ ဒဏ်ရာတွေက အလုံးစုံ ပျောက်ကင်းသွားလိမ့်မယ်… အဲ့ဒီအချိန်ကျရင် ဒီကနေ ငါထွက်သွားမယ် ”

All Chapters