← Chapters

ယွင်မန် ချင်းဖန်

Vol. 103 Ch. 1583

ယွင်မန် ချင်းဖန်

Vol. 103 Ch. 1583

သုံးရက်ဟူသော အချိန်ကာလက မြန်ဆန်စွာ ကုန်ဆုံးသွားသည်။

တိမ်တံခါးကလန်၊ နဝမတောင်ထွတ်ပေါ်မှ စည်းချအစီအရင်ထဲတွင်…

တစ်နှစ်ကြာ ပြန်လည်ကုသပြီးနောက် ဤနေရာမှ အလွန်သိပ်သည်းသော ဝိညာဉ်စွမ်းအင်နှင့် ခရမ်းသလင်းကျောက်၏ စွမ်းရည်ကြောင့် ရွှီချင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ တာအိုဒဏ်ရာကို နောက်ဆုံးမှာတော့ အပြည့်အဝ ပြန်ကုသနိုင်သွားသည်။

သူမျက်လုံးဖွင့်လိုက်သည့်အခိုက် ဖြူဖျော့နေသော သူ၏ အရေပြားက ချက်ချင်း ဝင်းလက်သွားသည်။

နေမကောင်းသော အရှိန်အဝါက ပျောက်ကွယ်သွားပြီး ကျန်းမာသန်စွမ်းသော အရှိန်အဝါက ထွက်ပေါ်လာသည်။

ဤတစ်နှစ်အတွင်း မကြာခဏ ချောင်းဆိုးနေသော သူ၏ ဝေဒနာသည်လည်း နောက်ဆုံးမှာတော့ သက်သာပျောက်ကင်းသွားသည်။ မွန်မြတ်သန့်စင်သော ခံစားမှုက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့်အခါ ရွှီချင်း၏ နောက်ကျိနေသော မျက်လုံးက ပြန်ကြည်လင်သွားသည်။

သူ၏ ကျင့်ကြံခြင်းစွမ်းအားက ပိုပြီးအားကောင်းလာပြီး တာအိုအတတ်ပညာများအပေါ် သူ၏ နားလည်သဘောပေါက်မှုက လွန်ခဲ့သော တစ်နှစ်ကထက် သိသိသာသာ ပိုတိုးမြှင့်သွားသည်။

ဤတစ်နှစ်အတွင်းမှာ သူ့ထံတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။

အကယ်၍ လွန်ခဲ့သော တစ်နှစ်တုန်းက ရွှီချင်းက ထက်ရှသော ဓားမြှောင်တစ်လက်ဆိုလျှင် ယခု ဒဏ်ရာပြန်ကုသပြီးသော ရွှီချင်းက လေးလံသော ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားသည်ဟု ဆိုရမည်။

ထို့ပြင် ဓားကြီးဆီမှာ ဓားအိမ်တစ်ခု ရှိသည်။

ယင်းက ဓားကြီး၏ အသွားကို ဖုံးကွယ်ထားသည်။

“ ထွက်သွားဖို့ အချိန်ကျပြီ ”

ရွှီချင်းက ကောင်းကင်ကို ကြည့်လိုက်သည်။

အရာအားလုံးက ပုံမှန်အတိုင်း ရှိနေသည်။ စည်းချအစီအရင်၏ အပြင်ဘက်မှ ကျင့်ကြံသူသုံးယောက်က ဆက်လက် တရားထိုင်နေကြဆဲပင်။

ဤသုံးရက်အတွင်းမှာ ကလန်နှစ်ခုကြားတွင် မည်သည့်တိုက်ပွဲမှ မဖြစ်ပျက်ခဲ့သလို အစွမ်းထက် ပုဂ္ဂိုလ်များသည်လည်း မထွက်ပေါ်လာကြချေ။

ရွှီချင်း၏ အမြင်တွင် တိမ်တံခါးကလန်၏ ဘိုးဘေးက သေအံ့ဆဲဆဲ အခြေအနေမှာ ရှိသည်။

ရွှီချင်းက သူ၏ အစစ်အမှန် တိုက်ပွဲစွမ်းအားကို မထုတ်ဖော်ခဲ့သလို သူက အရည်အချင်းပြည့်မီ တုံကင်၏ ပိုင်ရှင်ဖြစ်ကြောင်းကိုလည်း ဖုံးကွယ်ထားခဲ့သည်။

‘ ခရမ်းသလင်းကျောက်က တကယ် ထူးခြားတာပဲ ’

ရွှီချင်းက ခရမ်းသလင်းကျောက်ကို အာရုံခံလိုက်ပြီး စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။

သူက ရွှံ့မြေထဲမှာ ဒဏ်ရာကုသနေစဉ်အတွင်း ခရမ်းသလင်းကျောက်ကို အသုံးပြု၍ သူ၏ အရည်အချင်းပြည့်မီတုံကင်ကို တခြားလူများ၏ အာရုံခံနိုင်မှုမှ ကင်းလွတ်စေရန် ကြိုးစားကြည့်ခဲ့သည်။

အမှန်မှာ သူက အရည်အချင်းပြည့်မီတုံကင်ဖြင့် ပေါင်းစပ်ပြီးနောက် အကြိမ်ပေါင်းများစွာ ထိုသို့ကြိုးစားကြည့်ခဲ့သည်။ သို့သော်လည်း သူက အကြိမ်တိုင်း ကျရှုံးသွားခဲ့သည်။

ယင်းတို့နှစ်ခုက အပြန်အလှန် ဆန့်ကျင်နေကြဟန် ရသည်။

အင်မော်တယ်မြို့တော်၏ အရည်အချင်းပြည့်မီတုံကင်ကို ဖန်တီးထားသော ပစ္စည်းက တမူထူးခြားသည်။ ယင်းထဲမှာ အမှတ်ငါးကြယ်တာရာစက်ဝန်းနှင့် လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုတစ်ခုရှိဟန် ရသည်။

နောက်ဆုံးမှာတော့ ရွှီချင်းက စိတ်ကျေနပ်ဖွယ်ကောင်းသော နည်းလမ်းတစ်ခုကို စဉ်းစားမိသွားသည်။

ယင်းက အရိပ်လေးနှင့် ခရမ်းသလင်းကျောက်ကြားမှ ဆက်ဆံရေးဖြစ်သည်။

သူက အရိပ်လေးကို ပါးလွှာသော အကာအကွယ်တစ်ခုအဖြစ် ပြောင်းလဲစေပြီး သူ၏ အရေပြားကို ဖုံးလွှမ်းစေသည်။ ထို့နောက် သူက ခရမ်းသလင်းကျောက်၏ ဖိနှိပ်ခြင်းစွမ်းအားကို အသုံးပြုလိုက်ပြီး အရိပ်လေးကို ဖိနှိပ်လိုက်သည်။

ထိုနည်းဖြင့် အရိပ်လေးက ဖိနှိပ်ခံနေရစဉ် သူကိုယ်တိုင်လည်း ဖိနှိပ်ခံရလိမ့်မည်။

ထိုသို့ဆက်တိုက် ဖိနှိပ်မှုအောက်မှာ သူက အရည်အချင်းပြည့်မီတုံကင်ကို တခြားလူများ၏ အာရုံခံနိုင်မှုမှ သွယ်ဝိုက်သော နည်းလမ်းဖြင့် ကင်းလွတ်စေသည်။

သို့သော်လည်း ထိုနည်းလမ်းတွင် အားနည်းချက်တချို့ ရှိသည်။ အားနည်းချက်တစ်ခုမှာ အရိပ်လေးက နေ့စဉ်နေတိုင်း အော်ဟစ်ညည်းညူနေသည်။

အခြားအားနည်းချက်တစ်ခုမှာ စွမ်းအင်ကုန်ဆုံးခြင်း ဖြစ်သည်။

ခရမ်းသလင်းကျောက်ကို ဆက်တိုက် အသုံးပြုခြင်းက ရွှီချင်း၏ ဝိညာဉ်စွမ်းအင်ကို အများကြီး ကုန်ဆုံးစေသည်။

အကယ်၍ တခြားတုံကင်ပိုင်ရှင်၏ အာရုံခံနိုင်သော အကွာအဝေးက သူ့တုံကင်ထက် နိမ့်ကျမည်ဆိုလျှင် ထိုသို့စွမ်းအင်ကုန်ဆုံးမှုက ရွှီချင်း လက်ခံနိုင်သောအရာဖြစ်သည်။

သို့သော်လည်း အကယ်၍ တခြားတုံကင်ပိုင်ရှင်၏ အာရုံခံနိုင်သော အကွာအဝေးက သူ့တုံကင်ထက် သာလွန်နေမည်ဆိုလျှင် ခရမ်းသလင်းကျောက်ဖြင့် သူ့တုံကင်ကို အတင်းအကျပ် ဖိနှိပ်ထားခြင်းက အလွန်ခက်ခဲသည်။ ရွှီချင်းက ထိုသို့စွမ်းအင်ကုန်ဆုံးမှုကို မတောင့်ခံနိုင်သလို အရိပ်လေးသည်လည်း နာကျင်မှုကို မတောင့်ခံနိုင်ပေ။

မည်သို့ဖြစ်ပါစေ သူက ဝိညာဉ်စုစည်းခြင်းအဆင့်မှာသာ ရှိသေးသည်။

ကံကောင်းစွာဖြင့် ရွှီချင်း၏ တုံကင်၏ အာရုံခံနိုင်သော အကွာအဝေးက မသေးငယ်ပေ။ အလွန်ကျယ်ပြောသော အကွာအဝေးကို ပိုင်ဆိုင်ထားကြသည့် တုံကင်ပိုင်ရှင်များက ဤအနောက်ပိုင်းကြယ်စင်စုထဲမှာ မနည်းသော်လည်း ကျင့်ကြံသူအများစုက မလိုအပ်ဘဲ မတိုက်ခိုက်ချင်ကြပေ။

မည်သို့ဖြစ်ပါစေ ဒုတိယအဆင့် အမဲလိုက်ပွဲတော်က ယခုမှ အစသာရှိသေးသည်။

တိမ်တံခါးကလန်နှင့် မြေဝိညာဉ်ကလန်ထဲတွင် တုံကင်ပိုင်ရှင်များ ရှိကြသော်လည်း ယင်းတို့၏ အာရုံခံနိုင်သော အကွာအဝေးက ရွှီချင်းထက် နိမ့်ကျကြသည်။ သို့ဖြစ်၍ အရိပ်လေးနှင့် ခရမ်းသလင်းကျောက်၏ ကာကွယ်ပေးမှုအောက်မှာ ရွှီချင်းက တုံကင်ပိုင်ရှင်တစ်ယောက်ဖြစ်ကြောင်း သူတို့အာရုံမခံနိုင်ကြပေ။

ထိုအကြောင်းအရင်းကြောင့် ရွှီချင်းက တိမ်တံခါးကလန်၏ ပြင်ပလူစုဆောင်းမှုထဲတွင် ဝင်ရောက်ပါဝင်ခဲ့ခြင်း ဖြစ်သည်။

ကလန်နှစ်ခုက အမြစ်ဖြတ်သုတ်သင်ခြင်းစစ်ပွဲကို ဆင်နွှဲနေသောကြောင့် အပြင်လူအများစုက ဤဝိညာဉ်ဖုန်မှုန့်တောင်တန်းဒေသဆီသို့ မရောက်လာကြချေ။

ထို့ကြောင့် ဤတစ်နှစ်အတွင်းမှာ ရွှီချင်းက စိတ်အေးလက်အေး ဒဏ်ရာကုစားနိုင်ခဲ့သည်။

ယနေ့ သူက သူ၏ ခန္ဓာကိုယ်ထဲမှ တာအိုဒဏ်ရာကို အပြည့်အဝ ပြန်ကုသနိုင်သွားသည်။

“ ဒီသုံးရက်အတွင်းမှာ ဘာမတော်တဆမှုမှ မရှိဘူးဆိုပေမဲ့ တိမ်တံခါးကလန်ကနေ တာဝန်တစ်ခု ရောက်လာတယ်… ”

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး ကောင်းကင်ထံမှ သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူ၏ အရှေ့တွင် ကျောက်စိမ်းပြားတစ်ခု ရှိသည်။

ထိုကျောက်စိမ်းပြားက မနေ့ကမှ ရောက်လာခြင်း ဖြစ်သည်။

ထိုထဲမှာ ရွှီချင်းအတွက် တာဝန်တစ်ခု ရှိသည်။

ယင်းက တိမ်တံခါးဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်ကို တိမ်နက်မြို့တော်ဆီသို့ ကင်းထောက်လိုက်ပို့ပေးရန် ဖြစ်သည်။ ဤတာဝန်အတွက် မြန်မြန်ထွက်ခွာနိုင်လေ ပိုကောင်းလေ ဖြစ်သည်။

“ ဒီတာဝန်က နောက်ဆုံးတိုက်ပွဲ မစခင်မှာ ရောက်လာတယ်… ”

ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။

“ အဲ့ဒါက ငါးစာပဲ ”

“ ဒါပေမဲ့ တာဝန်အတွက် ဆုလာဘ်က မက်မောစရာပဲ ”

ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံက ကျောက်စိမ်းပြားပေါ်သို့ ကျရောက်သွားသည်။ ဤတာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်မည်ဆိုလျှင် ဤတစ်နှစ်အတွင်းမှာ သူရှာဖွေနေခဲ့သော လေဟာနယ်အစွမ်းရှိသည့် ရွှံ့တုံးကို ဆုလာဘ်အဖြစ် ရရှိလိမ့်မည်။

ယင်းက တိုက်ဆိုင်မှုတစ်ခုမဟုတ်ကြောင်း ထင်ရှားသည်။ ကလန်က ဤအတွက် ကြိုစီစဉ်ထားခြင်း ဖြစ်သည်။

တိမ်တံခါးကလန်၏ ကုန်သည်အဖွဲ့အစည်းက ဤပစ္စည်းနှင့်ပတ်သက်သော သဲလွန်စများကိုသာ ရှာဖွေနိုင်ခဲ့ခြင်း မဟုတ်ပေ။ သူတို့က ထိုပစ္စည်းကို အစောကြီးကတည်းက ရယူနိုင်ခဲ့သည်။ သို့သော်လည်း သူတို့က ရွှီချင်းကို မပြောပြခဲ့ပေ။

အကယ်၍ သူ၏ ဒဏ်ရာများက မသက်သာသေးဘူးဆိုလျှင် ရွှီချင်းက ဤတာဝန်ကို လက်ခံလိမ့်မည် မဟုတ်ချေ။ ဆုလာဘ်က မည်မျှတန်ဖိုးကြီးမားပါစေ ယင်းက သူ၏ အသက်ထက် ပိုတန်ဖိုးမကြီးပေ။

သို့သော်လည်း ယခုတော့…

ရွှီချင်းက တစ်ခဏ တွေးတောပြီးနောက် ကျောက်စိမ်းပြားထံသို့ လက်ညှိုးညွှန်လိုက်သည်။

ထိုအခါ ကျောက်စိမ်းပြားက အရောင်တောက်ပလာသည်။

တစ်နာရီကြာပြီးနောက် သက်တံ့တစ်စင်းက တိမ်တံခါးဂိုဏ်း၏ နဝမတောင်ထွတ်ဆီသို့ မြန်ဆန်စွာ ပျံသန်းလာသည်။ သက်တံ့၏ အလျင်က မနှေးကွေးပေ။ ၎င်းက ဗလာနတ္ထိတတိယအဆင့် ကျင့်ကြံခြင်းအားလှိုင်းအတတ်အကျများကို ထုတ်လွှတ်နေသည်။

မကြာမီ သက်တံ့က နဝမတောင်ထွတ်ဆီသို့ ရောက်ရှိသွားသည်။

တောင်ထွတ်ပေါ်တွင် တရားထိုင်နေကြသော ကျင့်ကြံသူသုံးယောက်က ထူးဆန်းသော အမူအရာဖြင့် တစ်ဖက်လူကို ကြည့်လိုက်ကြသည်။

ရုတ်တရက် ရောက်ရှိလာသူက အမျိုးသမီးတစ်ဦး ဖြစ်သည်။

ထိုအမျိုးသမီးက အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး မွန်မြတ်သန့်စင်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ ဝတ်စုံပေါ်တွင် မီးခိုးရောင်မျဉ်းကြောင်းများရှိပြီး ယင်းတို့က စည်းချအစီအရင်၏ စွမ်းအားကို ထုတ်လွှတ်နေသည်။

သူက ရုပ်ရည်ချောမောသူ ဖြစ်သည်။ သူ၏ အသားအရေက ပန်းပွင့်၏ ပွင့်ချပ်များသဖွယ် နူးညံ့သိမ်မွေ့သည်။

သူ၏ မျက်တောင်က ကွေးညွတ်ပြီး သိမ်မွေ့သော ခံစားမှုကို ပေးသည်။ ဤသည်မှာ သူ၏ မျက်လုံးက အသံမထွက်သော စကားများကို ပြောနေသည့်အလားပင်။

သူက ကြော့ရှင်းတင့်တယ်စွာ လမ်းလျှောက်နေစဉ် သူ၏ ရွေ့လျားမှုက ပိုပြီးမဟာဆန်လာသည်။ နဝမတောင်ထွတ်ဆီသို့ ရောက်ရှိသွားပြီးနောက် သူက ခပ်သွက်သွက် လမ်းလျှောက်လိုက်ပြီး စည်းချအစီအရင်ထဲမှ ရွှီချင်းကို ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။

“ ယွင်မန် ချင်းဖန်က စီနီယာရွှမ်မီးလျှံကို နှုတ်ဆက်ပါတယ် ”

“ ငါ ကင်းထောက်လိုက်ပို့ပေးရမယ့်လူက မင်းလား ”

စည်းချအစီအရင်ထဲတွင် ရွှီချင်း၏ အကြည့်က အပြင်ဘက်မှ အမျိုးသမီးထံသို့ ကျရောက်သွားသည်။

ရွှီချင်း၏ အကြည့်အောက်မှာ အမျိုးသမီးက နှလုံးတုန်သွားပြီး စိုးရိမ်ကြောင့်ကြလာသည်။

“ စီနီယာကို အနှောင့်အယှက်ပေးမိတာ တောင်းပန်ပါတယ် ”

ရွှီချင်းက အမူအရာကင်းမဲ့နေသည်။ သူက အကြည့်ပြန်ရုပ်တော့မည့်အချိန် သူ၏ အကြည့်က အမျိုးသမီး၏ ရင်ဘက်ပေါ်သို့ သာမန်ကာလျှံကာ ကျရောက်သွားသည်။

“ စိတ်ဝင်စားစရာပဲ… အထဲဝင်လာခဲ့ ”

ရွှီချင်းက လက်ဝှေ့ယမ်းလိုက်သည့်အခါ စည်းချအစီအရင်ပေါ်တွင် လူတစ်ယောက်စာ အပေါက်တစ်ခု ဖွင့်လှစ်သွားသည်။

ယင်းကို ကြားသောအခါ အမျိုးသမီးက ပိုပြီးစိုးရိမ်ကြောင့်ကြလာသည်။ ထို့ပြင် ဤကိစ္စက အနာဂတ် သူ၏ သေခြင်းရှင်ခြင်းနှင့် ဆက်စပ်နေသည်။

သို့ဖြစ်၍ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး စည်းချအစီအရင်၏ အပေါက်မှတဆင့် အထဲသို့ ဝင်ရောက်သွားသည်။

မကြာမီ သူက ရွှီချင်း၏ အရှေ့သို့ ရောက်ရှိသွားသည်။

အမျိုးသမီးက သူ၏ အရှေ့မှ သက်လတ်ပိုင်းအမျိုးသားကို ကြည့်နေရင်း ဤတစ်နှစ်အတွင်းမှာ တစ်ဖက်လူနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ပြန်အမှတ်ရသွားသည်။ သူက စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး သူ၏ ရွေးချယ်မှုက မှန်ကန်ခဲ့သလော စဉ်းစားလိုက်သည်။

ကလန်၏ စီစဉ်ပေးမှုအရ သူရွေးချယ်နိုင်သော ကင်းထောက်လိုက်ပို့ပေးမည့် လူများက သုံးဦးရှိကြသည်။ သို့သော်လည်း အဆုံးမှာ သူက တခြားလူများကို လက်လျော့ခဲ့ပြီး ရွှမ်မီးလျှံကို ရွေးချယ်ခဲ့သည်။

အကြောင်းအရင်းမှာ သူ၏ ထူးခြားသော ရုပ်ခန္ဓာကိုယ်နှင့် သူ့တစ်ဘဝလုံး ကျင့်ကြံလာခဲ့သော လောကဓာတ်အတတ်ပညာကြောင့် ဖြစ်သည်။

သူရင်ဆိုင်ရတော့မည့် တာဝန်အကြောင်းကို သိရှိပြီးနောက် သူက သူ့ကိုယ်ပိုင်ကံကြမ္မာကို လောကဓာတ်အတတ်ပညာဖြင့် ထပ်ခါထပ်ခါ စစ်ဆေးကြည့်ခဲ့သည်။ နောက်ဆုံးမှာတော့ ရွှမ်မီးလျှံ၏ တည်ရှိမှုထံမှာ သူ၏ နောက်ဆုံးမျှော်လင့်ချက်ကို မြင်တွေ့သွားခဲ့သည်။

သို့သော်လည်း ထိုမျှော်လင့်ချက်က တစ်ခါတစ်ရံ ထွက်ပေါ်လာပြီး တစ်ခါတစ်ရံ ပျောက်သွားလေ့ ရှိသည်။

သို့တိုင် သူက ဆုံးဖြတ်ချက်ပြတ်သားသူ ဖြစ်သည်။ သူက ဤရွေးချယ်မှုကို ပြုလုပ်ခဲ့မှတော့ စိတ်ဓာတ်ပြတ်သားမှုကို ဖော်ပြရမည်။ သို့ဖြစ်၍ သူက အံကြိတ်လိုက်ပြီး ရွှီချင်း ဘာမှမပြောခင် မြန်ဆန်စွာ အရိုအသေပေးလိုက်ပြီး ပြောသည်။

“ စီနီယာ… မင်းကို ငါအသိပေးချင်တဲ့ ကိစ္စတစ်ခု ရှိပါတယ်… ဒီတစ်ခေါက် တိမ်တံခါးကလန်က ထုတ်ပြန်လိုက်တဲ့ တာဝန်ဟာ မင်းတစ်ယောက်တည်းကို ရည်ရွယ်ထားတာ မဟုတ်ပါဘူး ”

“ တကယ်တော့ တာဝန်ထမ်းဆောင်ဖို့ အမိန့်ပေးခံထားရတဲ့ လူတွေက စုစုပေါင်း ဆယ့်လေးယောက် ရှိကြပါတယ် ”

“ ဧည့်သည်အကြီးအကဲတစ်ယောက်စီက တပည့်ရင်းတစ်ယောက်စီကို မတူညီတဲ့ မြို့တွေဆီ ကင်းထောက်လိုက်ပို့ပေးရမှာပါ ”

“ ဘာကြောင့်လဲဆိုတော့ ငါတို့ထဲက တစ်ယောက်က လျှို့ဝှက်သော့တစ်ချောင်းကို အထူးနည်းလမ်းတစ်ခုနဲ့ သယ်ဆောင်ထားလို့ပါ… အဲ့ဒီလျှို့ဝှက်သော့က ကလန်ရဲ့ အနာဂတ်ရှင်သန်ရေးနဲ့ ဆက်စပ်နေပါတယ် ”

“ ဒါပေမဲ့ ငါတို့တွေတောင် အဲ့ဒီသော့က ဘယ်သူ့ဆီမှာ ရှိနေမှန်း မသိကြပါဘူး… အဲ့ဒီသော့က ငါ့ဆီမှာ ဖြစ်နိုင်သလို တခြားလူတွေဆီမှာလည်း ဖြစ်နိုင်ပါတယ်… ဒါမှမဟုတ် ငါတို့အားလုံးထဲက တစ်ယောက်မှ မဟုတ်တာလည်း ဖြစ်နိုင်ပါတယ် ”

“ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် လျှို့ဝှက်သော့ကို သယ်ဆောင်ထားတဲ့ လူကလွဲ၍ ကျန်တဲ့လူအားလုံးက မြေဝိညာဉ်ကလန်ကို သွေးဆောင်မယ့် ငါးစာတွေပါ ”

ယွင်မန် ချင်းဖန်က စကားဆုံးသည်နှင့် သက်ပြင်းရှည်ကြီးချလိုက်သည်။ သူက အလောင်းအစား လုပ်နေခြင်းဖြစ်ကြောင်း နားလည်သည်။ ထို့ပြင် သူက ဤအလောင်းအစားထဲမှာ အကုန်လုံး ပုံအောထားသည်။

ထို့နောက် သူက လက်မြှောက်လိုက်ပြီး အစောနက ရွှီချင်းကြည့်နေခဲ့သော နေရာထံမှ သေတ္တာတစ်လုံးကို ထုတ်လိုက်သည်။

သူက သေတ္တာကို ဖွင့်လိုက်သည်။

သေတ္တာထဲတွင် လက်သီးဆုပ်အရွယ်ခန့်ရှိသော ရွှံ့တုံးတစ်တုံး ရှိသည်။

လေဟာနယ်အားလှိုင်းများက ပျံ့နှံ့ထွက်လာသည့်အခါ ဘေးပတ်ဝန်းကျင်က ပုံပျက်တွန့်လိမ်သွားသည်။

ယင်းက ရွှီချင်းလိုချင်နေသော အရာဖြစ်သည်။

ကျောက်စိမ်းပြားပေါ်မှ အမိန့်အရ သူက တာဝန်ပြီးမြောက်အောင် ထမ်းဆောင်ပြီးမှသာ ယင်းကို ရရှိနိုင်လိမ့်မည်။

သို့သော်လည်း ယခု တစ်ဖက်လူက ယင်းကို ကြိုတင်ထုတ်ဖော်လိုက်သည်။ ထို့ပြင် သေတ္တာထဲမှ ပစ္စည်းက ချိပ်ပိတ်မခံထားရကြောင်း ရွှီချင်း ပြောနိုင်သည်။

သို့သော်လည်း ယင်းထဲမှာ ချိပ်တံဆိပ်တစ်ခု၏ အကြွင်းအကျန်တချို့ ရှိသည်။ ဖြစ်နိုင်သည်မှာ ယင်းကို မကြာသေးခင်ကမှ ချိပ်တံဆိပ်ဖြေလျော့ခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့ပြင် သွေးတချို့လည်း ရှိသည်။ ယင်းကို သွေးဖြင့်သာ ချိပ်တံဆိပ်ဖြေလျော့နိုင်ဟန် ရ၏။

“ ဒီဟာက စီနီယာရှာဖွေနေတဲ့ လေဟာနယ်ရွှံ့တုံးပါ… အဲ့ဒါကို ကလန်ဆီကနေ ငါရရှိခဲ့ပါတယ်… အစတုန်းက အဲ့ဒါက ချိပ်ပိတ်ခံထားရပြီး ချိပ်တံဆိပ်က ငါ့ရဲ့ သေခြင်းရှင်ခြင်းနဲ့ ဆက်နွယ်နေပါတယ်… အဲ့ဒါကို ငါ့ရဲ့ မူလသွေးနဲ့ပဲ ဖွင့်လှစ်နိုင်ပါတယ် ”

“ ဒါပေမဲ့ ငါသေချာစဉ်းစားကြည့်လိုက်တော့ စီနီယာကို ခြိမ်းခြောက်ပြီး ငါ့ကို စောင့်ရှောက်ခိုင်းတာက မသင့်တော်ဘူးလို့ ခံစားမိပါတယ်… ဒါကြောင့် ချိပ်တံဆိပ်ကို ငါ့ဘာသာပဲ ဖြေလျော့လိုက်ပါတယ် ”

ထိုသို့ပြောပြီးနောက် ယွင်မန် ချင်းဖန်က သူ၏ လက်ထဲမှ သေတ္တာကို ကမ်းပေးလိုက်သည်။ ထို့နောက် သူက ခေါင်းငုံ့လိုက်ပြီး ဒူးထောက်လိုက်သည်။

သူက မပြောသင့်သော အရာကို ပြောပြခဲ့ပြီး သူ့မိသားစု၏ အစီအစဉ်များကို ဖျက်ဆီးခဲ့သည်။

ထို့ပြင် သူက မည်သည့်အရာကိုမှ မဖုံးကွယ်ထားခဲ့သလို လိမ်ညာမပြောခဲ့ပေ။ သူက စိတ်ရင်းမှန်ကို ဖော်ပြလိုက်ပြီး ရွှီချင်းအား ပစ္စည်းကို စစ်ဆေးနိုင်စေရန် ကမ်းပေးလိုက်သည်။

ရွှီချင်းက ရွှံ့တုံးကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ ထိုပစ္စည်းနှင့်ပတ်သက်ပြီး မည်သည့်အမှားအယွင်းမှ မရှိကြောင်း အတည်ပြုပြီးနောက် သူက သေတ္တာကို သိမ်းဆည်းလိုက်ပြီး ဒူးထောက်နေသော အမျိုးသမီးကို ကြည့်လိုက်သည်။

သူက တည်ငြိမ်စွာ ပြောသည်။

“ ဒီလိုအတွေးအခေါ်တွေက သာမန်ကျင့်ကြံသူတစ်ယောက်မှာ ရှိသင့်တဲ့အရာ မဟုတ်ဘူး ”

ယွင်မန် ချင်းဖန်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ ငါ့ရဲ့ ရုပ်ခန္ဓာကိုယ်က ထူးခြားပြီး လောကဓာတ်ပညာရပ်ကို ငါကျင့်ကြံပါတယ်… ဒါပေမဲ့ စီနီယာရဲ့ ကံကြမ္မာကို ငါမကြည့်ခဲ့ပါဘူး… ကြည့်ရဲတဲ့ သတ္တိလည်း မရှိပါဘူး… အဲ့ဒီအစား ငါ့အတွက် အသက်ရှင်နိုင်မယ့် သဲလွန်စကိုပဲ ကြည့်ခဲ့ပါတယ်… အဲ့ဒီမှာ အမှတ်ကိုးကို ညွှန်ပြခဲ့ပါတယ် ”

ရွှီချင်း၏ အကြည့်က လေးနက်သွားသည်။

“ မင်းဘာလိုချင်တာလဲ ”

“ ဂျူနီယာက တိမ်နက်မြို့တော်ဆီ ဘေးကင်းလုံခြုံစွာ ရောက်ချင်ပါတယ် ”

အမျိုးသမီးက ခေါင်းမော့လိုက်ပြီး နူးညံ့စွာ ပြောသည်။

ရွှီချင်းက ချက်ချင်း ပြန်မဖြေပေ။ ယင်းအစား သူက တစ်ခဏ စဉ်းစားပြီးနောက် ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်ပြီး စည်းချအစီအရင်၏ အပြင်ဘက်သို့ လျှောက်သွားသည်။

သူက ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်း စည်းချအစီအရင်က လှိုင်းထသွားသည်။

ယွင်မန် ချင်းဖန်က စိတ်မသက်မသာ ခံစားမိသွားသည်။ သူက ခေါင်းငုံ့လိုက်ပြီး အရှုံးအမြတ်ကို စဉ်းစားချင့်ချိန်နေစဉ် ရွှီချင်းက သူ့ကို ဖြတ်ကျော်သွားသည်။

“ ငါ့နောက်ကနေ လိုက်ခဲ့ပါ ”

ထိုစကားသံကို ကြားလိုက်သည်နှင့်ချက်ချင်း ယွင်မန် ချင်းဖန်၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ သူက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ရွှီချင်း၏ အနောက်မှ လိုက်သွားသည်။

နဝမတောင်ထွတ်တစ်ခုလုံးက ရုတ်တရက် တုန်ယင်သွားသည်။

စည်းချအစီအရင်က လှိုင်းထသွားစဉ် အပြင်ဘက်မှ ကျင့်ကြံသူသုံးယောက်၏ ရိုသေလေးစားသော အကြည့်အောက်မှာ ရွှီချင်းက စည်းချအစီအရင်၏ အပြင်သို့ ထွက်လျှောက်လာသည်။

သူက ခြေတစ်လှမ်း လှမ်းလိုက်ပြီး ဟင်းလင်းပြင်ပေါ်သို့ ခြေချလိုက်သည်။ ထိုအခါ စက်ဝိုင်းသဏ္ဍာန် အားလှိုင်းအတတ်အကျတစ်ခုက ဘေးပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။

သူက ဒုတိယခြေလှမ်း လှမ်းလိုက်သည့်အခါ ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး အဝေးကြီးသို့ ရောက်ရှိသွားသည်။

ယွင်မန် ချင်းဖန်က သူ့အနောက်မှ အစေခံသဖွယ် လိုက်သွားသည်။ ယင်းက ဤခရီးစဉ်မှာ သူ၏ ရာထူးဖြစ်သည်။

သူက သူ၏ မျှော်လင့်ချက်ကို လောကဓာတ်ပညာရပ်ဖြင့် ရှာတွေ့ခဲ့သော ရွှမ်မီးလျှံပေါ်မှာသာ အလုံးစုံ ပုံအောထားသည်။

All Chapters