← Chapters

ငါတို့ ရန်သူတွေဖြစ်စရာ မလိုပါဘူး

Vol. 103 Ch. 1588

ငါတို့ ရန်သူတွေဖြစ်စရာ မလိုပါဘူး

Vol. 103 Ch. 1588

အချိန်ကန္တာရသည် ရှေးကျသည်။

ယင်းက အင်မော်တယ်တာအိုဂိုဏ်း တည်ဆောက်ခဲ့သော အနောက်ပိုင်းကြယ်စင်စု တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ထက်ပင် ပိုပြီးရှေးကျသည်။

အနောက်ပိုင်းကြယ်စင်စုတစ်ခုလုံးက အလွန်ကျယ်ပြောသည်။ အကယ်၍ ထိုသို့တာဝေးကူးပြောင်း တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များသာ မရှိလျှင် အစွမ်းထက် ပုဂ္ဂိုလ်များသည်ပင် အဝေးကြီးသို့ ခရီးသွားရန် အချိန်အတော်ကြာမြင့်လိမ့်မည်။

သို့ဖြစ်၍ အနောက်ပိုင်းကြယ်စင်စုက အဆင့်မြင့်တတ်သွားပြီး ကြယ်တာရာကောင်းကင်က ကုန်းမြေအဖြစ် ပြောင်းလဲသွားသည့်နောက် အင်မော်တယ်တာအိုဂိုဏ်းက အင်မော်တယ်မြို့တော်၏ အမိန့်တော်နှင့်အတူ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်(၁၀၈)ခုကို အနောက်ပိုင်းကြယ်စင်စုတစ်ခုလုံးမှာ တည်ဆောက်ပေးခဲ့သည်။

ထို့ကြောင့် အနောက်ပိုင်းကြယ်စင်စုတွင် မည်သည့်အင်အားစုကမှ ရှေးဟောင်းတည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များကို နည်းနည်းမှ ထိခိုက်ပျက်စီးသွားအောင် မပြုလုပ်ဝံ့ကြချေ။

ဤအခိုက်အတန့်မှာ ရွှီချင်း၏ အရှေ့၌ ပုံရိပ်ပြန်လာသည်မှာ ထိုတည်နေရာပြောင်းရွှေ့ခြင်းအစီအရင်(၁၀၈)ခုထဲမှ တစ်ခုဖြစ်သည်။

ယင်းကို မျှော်စင်(၃၆)ခုဖြင့် ဖွဲ့စည်းထားပြီး ဧရာမကျောက်တံခါးများက စွန့်ပစ်လွင်ပြင်ပေါ်မှာ တိတ်တဆိတ် ထောင်မတ်နေကြသည်။

တစ်စုံတစ်ယောက်က စည်းချအစီအရင်၏ အရှေ့မှာ မတ်တတ်ရပ်နေလျှင် ကျောက်တံခါးတစ်ခုစီ၏ မျက်နှာပြင်များပေါ်မှ ရှုပ်ထွေးနက်နဲသော မှော်သင်္ကေတများကို မြင်တွေ့နိုင်လိမ့်မည်။ ထိုမှော်သင်္ကေတများသည် အစတွင် အရောင်မှေးမှိန်ပြီး မရှင်းလင်းကြပေ။ သို့သော်လည်း ယွင်မန် ချင်းဖန်က အင်မော်တယ်ကျောက်စိမ်းများကို စည်းချအစီအရင်ထဲသို့ ဆက်တိုက် ထည့်သွင်းလိုက်သည့်အခါ ထိုမှော်သင်္ကေတများက စတင်အရောင်တောက်ပလာကြသည်။ စက္ကန့်ပိုင်းအတွင်းမှာ စွမ်းအင်လှိုင်းတစ်ခုက စည်းချအစီအရင်ထဲမှ ပေါ်လျှိုးလာသည်။

ထိုစွမ်းအင်သည် အပြင်သို့ မပျံ့နှံ့သွားပေ။ ယင်းအစား အတွင်းဘက်တွင် စုဝေးသွားသည်။

ရှေးဟောင်းစွမ်းအင်တစ်ခုက နိုးထလာသည့်အလား ဘေးပတ်ဝန်းကျင်မှ မြေပြင်က တုန်ယင်သွားသည်။ မြေပြင်က ပါးစပ်ဟလိုက်သကဲ့သို့ ကြီးမားသော အင်အားက အထဲမှ ပေါ်လျှိုးလာသည်။ ဤသည်မှာ ၎င်းက အပြင်ဘက်မှ အရာအားလုံးကို ဝါးမျိုရန် အသင့်ဖြစ်နေသည့်အလားပင်။

ထို့နောက် ကျယ်လောင်သော မြည်သံက တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ထဲမှ ပဲ့တင်ထပ်လာသည်။

အစတွင် ယင်းက သိပ်မကျယ်လောင်ပေ။ သို့သော်လည်း မကြာမီ ယင်းက မိုးခြိမ်းသံပမာ ထွက်ပေါ်လာသည်။ အဝေးမှ ကောင်းကင်သည်ပင် ထိုအသံကြောင့် တုန်လှုပ်သွားဟန် ရ၏။

ဘေးပတ်ဝန်းကျင်မှ လေထုက ချက်ချင်း တင်းကြပ်လာသည်။

ရွှီချင်းက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ထိုနေရာတွင် တစ်စုံတစ်ယောက်က အလွန်မြန်ဆန်သော အလျင်နှင့်အတူ တည်နေရာပြောင်းရွှေ့လာနေသည်။

တစ်ဖက်လူကို ရှင်းလင်းစွာ မမြင်နိုင်ခင် ယွင်မန် ချင်းဖန်က နောက်ဆုံးအင်မော်တယ်ကျောက်စိမ်းကို စည်းချအစီအရင်ထဲသို့ ထည့်သွင်းလိုက်သည်။ ကျောက်တံခါးများပေါ်မှ မှော်သင်္ကေတအားလုံးက ထွန်းလင်းတောက်ပလာသည့်အခါ စည်းချအစီအရင်ထဲတွင် အပြာရောင်အလင်း ထွက်ပေါ်လာသည်။ သို့သော်လည်း အပြင်သို့ ပျံ့နှံ့လာသော ထိုအလင်းက ရွှီချင်းကို ပုံပျက်တွန့်လိမ်သော ခံစားမှုအား ပေးသည်။

ကောင်းကင်ပေါ်မှ မိုးသောက်အလင်းသည်လည်း ဤနေရာကို ဖြတ်သန်းသွားနေစဉ် ကွေးညွတ်သွားဟန် ရသည်။ ဤသည်မှာ စည်းချအစီအရင်တည်ရှိသော ဧရိယာက အာကာသတွင်းနက်အဖြစ် ပြောင်းလဲသွားသည့်အလားပင်။

ဤဧရိယာကို ဖြတ်သန်းသွားသော အရာအားလုံးက စည်းချအစီအရင်၏ စုပ်ယူခံလိုက်ရဟန် ရ၏။

ဒြပ်စင်ငါးမျိုးသာမက အချိန်၊ လေဟာနယ်နှင့် အလင်းသည်ပင် ချွင်းချက်မရှိ ကွေးညွတ်သွားကြသည်။

ဤသည်မှာ သဘာဝစွမ်းအင်အမျိုးမျိုးက ဤတည်နေရာပြောင်းရွှေ့ခြင်းအစီအရင်အတွက် လောင်စာဖြစ်လာကြသည့်အလားပင်။

ထိုသို့တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်သည် ဝမ်ကူးကုန်းမြေထဲမှာ ရွှီချင်းမြင်ခဲ့ဖူးသော တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်အားလုံးထက် သာလွန်သည်။

သို့သော်လည်း ရှေးဦးပင်လယ်ထဲမှ လေဟာနယ်လှိုဏ်ခေါင်းနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ဤတည်နေရာပြောင်းရွှေ့ခြင်းအစီအရင်က အနည်းငယ် နိမ့်ကျနေဆဲပင်။

“ ဒါပေမဲ့ အခြေခံသဘောတရားကတော့ အတူတူပဲ ”

ရွှီချင်း၏ အကြည့်က စည်းချအစီအရင်၏ အလယ်ဗဟိုပေါ်သို့ ကျရောက်သွားသည်။ သူက အတိတ်တုန်းက ရွှီချင်း မဟုတ်တော့ပေ။ အချိန်နှင့် လေဟာနယ်အပေါ် သူ၏ နားလည်သဘောပေါက်မှုက ဤအတောအတွင်းမှာ သိသိသာသာ နက်ရှိုင်းလာသည်။ သူ၏ အာရုံစိုက်မှုအောက်မှာ စည်းချအစီအရင်ထဲမှ ထွက်ပေါ်နေသော အချိန်နှင့် လေဟာနယ်ကို ရှင်းလင်းစွာ သူအာရုံခံနိုင်သည်။

သူက ဤစည်းချအစီအရင်၏ အနှစ်သာရကို အကြမ်းဖျဉ်း နားလည်သည်။

“ တာဝေးတည်နေရာပြောင်းရွှေ့ခြင်းအစီအရင်က လေဟာနယ်ခေါက်ချိုးခြင်းနည်းလမ်းကို အသုံးပြုပြီး အကွာအဝေးနဲ့ အချိန်ကို တိုတောင်းစေတာပဲ ”

“ တကယ်လို့ စက္ကူတစ်ရွက်ရဲ့ အစနဲ့ အဆုံးမှာ အပေါက်တစ်ခုစီ ရှိမယ်ဆိုရင် အဲ့ဒီစက္ကူကို ခေါက်ချိုးပြီး ထပ်ဆင့်ပူးကပ်လိုက်တဲ့အခါ… ”

“ အပေါက်တစ်ခုကနေ အခြားအပေါက်တစ်ခုကို ဖြတ်သန်းသွားနိုင်လိမ့်မယ် ”

“ တကယ်လို့ အချိန်နဲ့ လေဟာနယ်ပေါ် ငါ့ရဲ့ နားလည်သဘောပေါက်မှုက ပိုပြီးနက်ရှိုင်းသွားမယ်ဆိုရင် ဒီလောက၊ ဒီကြယ်စင်စု၊ ဒီကြယ်တာရာစက်ဝန်းတစ်ခုလုံးကိုတောင် ငါ့ရဲ့ အတွေးတစ်ချက်နဲ့ ဖြတ်သန်းသွားနိုင်လိမ့်မယ် ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။ ကောင်းကင်ပေါ်မှ မူမမှန်မှုက သူ၏ အတွေးများကို ရပ်တန့်သွားစေသည်။

တည်နေရာပြောင်းရွှေ့ခြင်းအား အသက်သွင်းနိုင်စေမည့် မန္တန်ကို ရွတ်ဖတ်တော့မည့် ယွင်မန် ချင်းဖန်သည်ပင် ကောင်းကင်ပေါ်မှ အပြောင်းအလဲများကို အာရုံခံမိသွားသည်။ သူက ခေါင်းမော့လိုက်သည့်အခိုက် နှလုံးတုန်သွားသည်။

ကောင်းကင်ပေါ်တွင် မိုးသောက်အလင်းက စည်းချအစီအရင်ကြောင့် ကွေးညွတ်သွားနေစဉ် ကြီးမားသော အက်ကွဲကြောင်းတစ်ခုက ဟင်းလင်းပြင်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။

အက်ကွဲသံက ပျံ့လွင့်သွားသည့်အခိုက် ပုံရိပ်တစ်ခုက အက်ကွဲကြောင်းထဲမှ ထွက်လျှောက်လာသည်။

သူထွက်ပေါ်လာသည်နှင့်ချက်ချင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ပေါက်ကွဲထွက်လာသည်။ ယင်းက ကောင်းကင်၏ အရောင်ကို ပြောင်းလဲသွားစေပြီး တိမ်တိုက်များကို လွင့်ပြယ်သွားစေသည်။

အလယ်အလတ်အဆင့် အုပ်ချုပ်သူတစ်ပါး၏ ကြောက်မက်ဖွယ်ရာ အရှိန်အဝါက ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

ထိုလူက ဝတ်စုံနက်ကို ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက် ဖြစ်သည်။ လေတိုးဝှေ့လာသည့်အခါ သူ၏ အဖြူရောင်ဆံပင်ရှည်က တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။

သူ၏ မျက်နှာပေါ်မှာ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည်။ သူက မျက်တွင်းကျနေပြီး သူ၏ မျက်လုံးများက အနက်ရောင်တွင်းပေါက်နှစ်ခုနှင့် ဆင်တူကြသည်။ သူ့ထံမှ အေးစက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုက အထင်အရှား ထွက်ပေါ်နေသည်။

ဤအခိုက်အတန့်မှာ သူက ကောင်းကင်ပေါ်မှာ ရပ်နေလျက် ရွှီချင်းကို အေးစက်စက် စိုက်ကြည့်နေသည်။

“ မြေဝိညာဉ်ကလန်ရဲ့ ဘိုးဘေး… ”

ယွင်မန် ချင်းဖန်က တုန်ယင်သွားပြီး ရွှီချင်း၏ အနောက်မှာ ဝင်ပုန်းလိုက်သည်။ တစ်ချိန်တည်းမှာ သူက တစ်ဖက်လူ၏ သရုပ်ကို တိုးညင်းစွာ ထုတ်ပြောလိုက်သည်။

ရွှီချင်းက အဖိုးအိုကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

သူတို့နှစ်ယောက်၏ အကြည့်ချင်းဆုံသွားသည့်အခိုက် ဟင်းလင်းပြင်က အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရသည်။ ကျယ်လောင်သော မြည်သံက ဤအခိုက်အတန့်မှာ ပေါက်ကွဲထွက်လာသည်။ ဤသည်မှာ မရေမတွက်နိုင်သော မိုးကြိုးများက တစ်ပြိုင်နက် ပေါက်ကွဲသွားကြသည့်အလားပင်။

သူတို့နှစ်ယောက်၏ သက်ဆိုင်ရာအရှိန်အဝါများက အားအင်အပြည့်ဖြင့် ပေါ်ထွက်လာကြသည်။

အရှိန်အဝါနှစ်ခုက ထိပ်တိုက် တွေ့ဆုံသွားပြီး အပြန်အလှန် ဆန့်ကျင်လိုက်ကြသည်။

နောက်အခိုက်အတန့်မှာ ရွှီချင်းက ခြေတစ်လှမ်း အနောက်ဆုတ်သွားသည်။

မြေဝိညာဉ်ကလန်၏ ဘိုးဘေးသည်တော့ သူ၏ ဝတ်စုံမှ အစအနများက ပြာအဖြစ် ပြောင်းလဲသွားကြသည်။

သူတို့နှစ်ယောက်၏ အစောပိုင်း ထိပ်တိုက်တွေ့ဆုံမှုက သရေရလဒ်အဖြစ် ထွက်ပေါ်လာသည်။

“ မင်းဆီမှာ တိုက်ပွဲစိတ်ဆန္ဒမရှိဘူး ”

ရွှီချင်းက ခေါင်းယမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

ဤမတိုင်ခင် သူက အလယ်အလတ်အဆင့် အုပ်ချုပ်သူတစ်ပါးနှင့် တစ်ခါမှ မတိုက်ခိုက်ဖူးပေ။ အနောက်ပိုင်းကြယ်စင်စုဆီသို့ ရောက်မလာခင် သူ၏ တိုက်ပွဲစွမ်းအားက အလယ်အလတ်အုပ်ချုပ်သူအဆင့်၏ အောက်မှာသာရှိသည်ဟု ရွှီချင်း သုံးသပ်ခဲ့သည်။

သို့သော်လည်း အနောက်ပိုင်းကြယ်စင်စုဆီသို့ ရောက်လာပြီး တစ်နှစ်ကြာ ဒဏ်ရာကုသပြီးနောက် သူက တာအိုကို ပိုပြီးလေးနက်စွာ နားလည်သဘောပေါက်သွားခဲ့သည်။ သူက အဌမမြောက် အန္တိမတာအိုကို မဖွဲ့စည်းနိုင်သေးသော်လည်း သူ့ကိုယ်ပိုင်တာအိုအပေါ်သူ၏ နားလည်သဘောပေါက်မှုက အဆင့်မြင့်တတ်သွားသောကြောင့် သူ၏ တိုက်ပွဲစွမ်းအားသည်လည်း မြင့်တတ်သွားခဲ့သည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ သူက တစ်ဖက်လူထံမှ တိုက်ပွဲစိတ်ဆန္ဒကို အာရုံမခံမိပေ။

လေထဲ၌ မြေဝိညာဉ်ဘိုးဘေးသည် ခေါင်းလှည့်လိုက်ပြီး သဲကန္တာရ၏ အစွန်းတစ်ဖက်မှ ရေခဲတောင်ကို ကြည့်လိုက်သည်။ သူက အသက်ရှူချိန်အနည်းငယ်ကြာ နှုတ်ဆိတ်သွားသည်။ ထို့နောက် သူက အကြည့်ပြန်ရုပ်လိုက်ပြီး အက်ရှရှအသံဖြင့် ပြောသည်။

“ လျှို့ဝှက်သော့ကို ငါရထားပြီးပြီ ”

“ ငါတို့ကြားက တိုက်ပွဲက တစ်ယောက်သေသွားမှပဲ အဆုံးသတ်သွားလိမ့်မယ်… ဒါပေမဲ့ ငါတို့ကြားမှာ ဘာရန်ငြိုးမှမရှိတာကြောင့် တိုက်ခိုက်စရာ မလိုဘူး ”

“ ဒါ့အပြင် အဲ့ဒီသော့က ငါတို့နှစ်ယောက်စလုံး တစ်ပြိုင်နက် အသုံးပြုနိုင်ဖို့ လုံလောက်တယ်… အဲ့ဒါကြောင့် ဒီနေ့ ငါရောက်လာတာက မင်းအရည်အချင်းပြည့်မီလားဆိုတာ လာကြည့်တာပဲ ”

“ ငါတို့ ရန်သူတွေဖြစ်စရာ မလိုဘူး… အနာဂတ်မှာ ငါတို့ အတူတူ ပူးပေါင်းဆောင်ရွက်ရနိုင်တယ် ”

ထိုသို့ပြောပြီးနောက် မြေဝိညာဉ်ဘိုးဘေးက ရွှီချင်းကို လေးနက်စွာ ကြည့်လိုက်သည်။ ထို့နောက် သူက ဖြည်းညင်းစွာ အနောက်ဆုတ်သွားပြီး အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားသည်။ မကြာမီ အက်ကွဲကြောင်းက ကောင်းကင်ပေါ်မှ ပျောက်ကွယ်သွားသည်။

သူက အစမှအဆုံးထိ ယွင်မန် ချင်းဖန်ကို တစ်ချက်မကြည့်သွားပေ။

ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။

ရှိန်လောက်စရာကောင်းသော ထိုအုပ်ချုပ်သူက မလိုအပ်ဘဲ သေခြင်းရှင်ခြင်းတိုက်ပွဲကို မဆင်နွှဲချင်ကြောင်း ထင်ရှားသည်။

ထို့အတူ ရွှီချင်းသည်လည်း အသေအကြေ မတိုက်ခိုက်ချင်ပေ။

အထူးသဖြင့် စည်းချအစီအရင်၏ နောက်ကွယ်မှ နိယာမသဘောတရားများက သူ၏ စိတ်ထဲသို့ နက်ရှိုင်းစွာ တိုးဝင်လာနေသည့် အချိန်အခါမျိုးမှာ ဖြစ်သည်။

ထို့ကြောင့် ရွှီချင်းက တည်ငြိမ်သော အမူအရာဖြင့် ကောင်းကင်ထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး အစောနက ကိစ္စကို နက်နဲစွာ ပြန်တွေးတောလိုက်သည်။

သူ့အတွက်တော့ တာအိုကို ဆင်ခြင်နားလည်ခြင်းက အဓိကဦးစားပေး ဖြစ်သည်။

“ အဌမမြောက် အန္တိမတာအိုကို ငါဖွဲ့စည်းနိုင်တဲ့အခါကျရင် ကြယ်တာရာစက်ဝန်းထဲမှာ အတွေးတစ်ချက်နဲ့ ငါနေရာကူးပြောင်းနိုင်လောက်လား ”

သို့သော်လည်း မကြာမီ သူက ခေါင်းခါလိုက်သည်။

“ အဲ့ဒီလို ငါမလုပ်နိုင်လောက်ဘူး ”

ကျင့်ကြံသူတစ်ယောက် ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးဖြစ်လာပြီးနောက် ပိုင်ဆိုင်နိုင်သော အထူးစွမ်းရည်နှင့်ပတ်သက်ပြီး ကူးတို့လှေသမား ပြောခဲ့သော စကားများကို သူပြန်အမှတ်ရသွားသည်။

“ အဲ့ဒါက အခွင့်အာဏာ တာအိုအမှတ်အသားတွေရဲ့ ဒြပ်ထည်ပုံစံပဲ… အဲ့ဒါကို… အာဏာစက်လို့ ခေါ်တယ် ”

“ အတိတ်မှာ သူပြောခဲ့တာက အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခုကို အဆင့်မြင့်အာဏာစက်တစ်ခုက လွှမ်းခြုံထားတယ်တဲ့… ဒါကြောင့် အဆင့်နိမ့်ကြယ်တာရာစက်ဝန်းတွေဆီမှာ ပြိုင်ဘက်ကင်းခဲ့တဲ့ အင်မော်တယ်တွေက အဆင့်မြင့်ကြယ်တာရာစက်ဝန်းတွေဆီမှာ တူညီတဲ့ တိုက်ပွဲစွမ်းအားကို မပိုင်ဆိုင်နိုင်ကြဘူး ”

“ အာဏာစက်ဆိုတာ ဘယ်လိုအရာမျိုးလဲ အခု ငါမခံစားမိသေးဘူးဆိုပေမဲ့ အချိန်နဲ့ လေဟာနယ်ကို အတိုင်းအတာတစ်ခုထိ နက်ရှိုင်းစွာ ငါနားလည်သဘောပေါက်သွားမယ်ဆိုရင် အာဏာစက်ရဲ့ တည်ရှိမှုကို ငါအာရုံခံနိုင်လောက်တယ် ”

ရွှီချင်းက နက်နဲစွာ တွေးတောနေစဉ် သူ့ဘေးမှ ယွင်မန် ချင်းဖန်က လုံးဝ စိတ်အေးသွားသည်။ ဤတစ်ကြိမ်တွင် သူက အမှန်တကယ် ဘေးကင်းလုံခြုံသွားပြီဖြစ်ကြောင်း သိလိုက်သည်။

သို့ဖြစ်၍ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်လိုက်သည်။ သူက တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်၏ အစွန်အဖျားမှာ ရပ်လိုက်ပြီး ရှေးဟောင်းမန္တန်တစ်ပုဒ်ကို သူ၏ နှုတ်မှ ရွတ်ဆိုလိုက်သည်။

မန္တန်ရွတ်ဆိုသံက စွန့်ပစ်လွင်ပြင်ပေါ်မှာ ပဲ့တင်ထပ်သွားသည်။ ယင်းက ရိုးရာဓလေ့ကို ပြီးမြောက်စေပြီး တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကို အပြည့်အဝ အသက်ဝင်လာစေသည်။

ကျောက်တံခါးများပေါ်မှ မှော်သင်္ကေတများက ပိုပြီးထွန်းလင်းတောက်ပလာကြသည်။ ဤအခိုက်အတန့်မှာ ဤဧရိယာတစ်ဝိုက်မှ လေဟာနယ်ဖရိုဖရဲဖြစ်မှုက အကန့်အသတ်သို့ ရောက်ရှိသွားသည်။

ထို့နောက် ကျောက်တံခါး(၃၆)ခုစလုံး အသက်ဝင်လာကြသည်။

ရောင်ခြည်တန်းတစ်ခုစီက ကျောက်တံခါးတစ်ခုစီမှ ပျံသန်းထွက်လာကြပြီး ကောင်းကင်ပေါ်မှာ အတူတကွ ပေါင်းစည်းသွားကြသည်။

လွန်စွာ ထွန်းလင်းတောက်ပသော အလင်းရောင်က အမှောင်ယံကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ပေးလိုက်သည်။ တစ်ချိန်တည်းမှာ ရွှီချင်းနှင့် ယွင်မန် ချင်းဖန်က ထိုအလင်းရောင်၏ ဝါးမျိုခံလိုက်ရသည်။

တစ်ရက်ကြာပြီးနောက် တိမ်နက်မြို့တော်၏ အပြင်ဘက်တွင်…

ထိုမြို့သည် အခြားမြို့တော်များနှင့် အတော်လေး ကွဲပြားခြားနားသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းကို မြေပြန့်ပေါ်မှာ မတည်ဆောက်ထားဘဲ ဟောင်းလောင်းပေါက်ဖြစ်နေသော ဧရာမတောင်တစ်လုံး၏ အတွင်းပိုင်းမှာ တည်ဆောက်ထားသည်။

ယင်းက ပုန်းအောင်းနေသော လောကတစ်ခုနှင့် ဆင်တူသည်။

မြို့၏ အတွင်းဘက်တွင် မန္တန်များမှ ဖန်တီးထားသော အလင်းရောင်ရှိသည်။ ထို့ကြောင့် မြို့အတွင်းမှာ အပြင်လောကနည်းတူ နေ့နှင့်ညက တစ်လှည့်စီ ပြောင်းလဲဖြစ်ပေါ်နေသည်။

တိမ်နက်မြို့တော်ဟု နာမည်တွင်လာခြင်းမှာ မြို့၏ ဘေးပတ်ပတ်လည်မှ တောင်နံရံများ၏ အသွင်သဏ္ဍာန်ကြောင့် ဖြစ်သည်။ ထိုတောင်နံရံများကို အနက်ရောင်ကျောက်တုံးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ တောင်နံရံများပေါ်မှ မညီညာသော လှိုင်းအတွန့်တွန့်များက မှေးမှိန်သော အလင်းရောင်အောက်တွင် အနက်ရောင် တိမ်တိုက်များနှင့် ဆင်တူကြသည်။

သူတို့က မြို့တော်ဆီသို့ ချဉ်းကပ်သွားသည်နှင့် အပြင်ဘက်မှ မိုးသောက်အလင်းက တားဆီးခံလိုက်ရသည်။ နေဝင်ဆည်းဆာနှင့်ဆင်တူသော မြို့တော်ထဲမှ အလင်းရောင်သည်သာ ဤနေရာ၏ တစ်ခုတည်းသော အလင်းအရင်းအမြစ် ဖြစ်လာသည်။

တိမ်နက်မြို့တော်ထဲမှ အလင်းရောင်က ရွှီချင်းနှင့် ယွင်မန် ချင်းဖန်ပေါ်သို့ ကျရောက်လာသည်။

ရွှီချင်း၏ ခြေလှမ်းများက ပုံမှန်ဖြစ်သော်လည်း ယွင်မန် ချင်းဖန်၏ ခြေလှမ်းများက နှေးသထက် ပိုပြီးနှေးလာသည်။

လမ်းက မည်မျှရှည်လျားပါစေ အဆုံးသတ် ရှိစမြဲပင်။ မကြာမီ မြို့က သူ၏ မျက်လုံးထဲမှာ ပုံရိပ်ပြန်လာသည်။

ရွှီချင်းက သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။

“ တိမ်တံခါးကလန်ရဲ့ တာဝန်အရ မင်းကို ဒီနေရာဆီ ငါခေါ်လာပေးပြီးပြီ… ကလန်က တိမ်နက်မြို့တော်မှာ မင်းအတွက် အစီအစဉ်တချို့ ပြုလုပ်ပေးထားမယ်လို့ ငါယုံကြည်တယ် ”

“ ဒီတော့ ငါတို့ ဒီမှာပဲ လမ်းခွဲရအောင် ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

ယွင်မန် ချင်းဖန်၏ စိတ်ခံစားချက်များက ပရမ်းပတာ တုန်လှုပ်သွားသည်။ ဤခရီးစဉ်က သူ့အတွက် အန္တရာယ်များသလို အံ့ဩဖွယ်ကောင်းသည်။ ယခု သူက ပန်းတိုင်သို့ ရောက်ရှိသွားသော်လည်း ဝမ်းသာပျော်ရွှင်ရမည့်အစား ဖော်မပြနိုင်သော တုံ့ဆိုင်းမှုကို ခံစားမိသွားသည်။

“ စီနီယာ… တိမ်နက်မြို့တော်မှာ တိမ်တံခါးကလန်က ဘာမှစီစဉ်မပေးထားပါဘူး… ဒီနေရာက ငါ့အမေဘက်က မိသားစုရဲ့ မွေးရပ်မြေပါ… စီနီယာက ဒီနေရာမှာ ဧည့်သည်အကြီးအကဲအဖြစ် ဆက်နေချင်လား ငါသိပါရစေ ”

“ တကယ်လို့ စီနီယာက ဆန္ဒမရှိဘူးဆိုရင်လည်း ငါ… ”

ယွင်မန် ချင်းဖန်၏ စကားမဆုံးခင်မှာ ရွှီချင်းက ခေါင်းခါလိုက်သည်။

“ ငါ့မှာ တခြားလုပ်စရာတွေ ရှိသေးတယ် ”

ထိုသို့ပြောပြီးနောက် သူက အနောက်လှည့်ကာ ထွက်သွားသည်။

ယွင်မန် ချင်းဖန်က ရွှီချင်း၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရင်း နက်ရှိုင်းသော ဆုံးရှုံးမှုကို ခံစားမိသွားသည်။ သူက နှုတ်ခမ်းကိုက်လိုက်ပြီး တစ်ခဏကြာ တုံ့ဆိုင်းသွားသည်။ ထို့နောက် သူက ကိုယ့်ကိုယ်ကိုယ် အားတင်းလိုက်ပြီး ရွှီချင်းနောက်သို့ ပြေးလိုက်သွားသည်။

“ စီနီယာ ”

“ ငါ့ကို ကင်းထောက်လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… ငါ့ဆီမှာ စီနီယာကို ကျေးဇူးတုံ့ပြန်ဖို့ တန်ဖိုးကြီးမားတဲ့အရာ ဘာမှမရှိပါဘူး… ဒါကြောင့် ကျေးဇူးပြုပြီးတော့ ဒီပစ္စည်းလေးကို လက်ခံပေးပါ ”

“ ငါ့ရဲ့ ကျင့်ကြံခြင်းက အားနည်းတာကြောင့် တိုက်ပွဲအတွင်းမှာ မင်းကို ကူညီမပေးနိုင်ပါဘူး… ဒါပေမဲ့ ဒီကျောက်စိမ်းပြားကို ငါ့ရဲ့ အသက်ဓာတ်အနှစ်သာရနဲ့ ဖန်တီးထားတာဖြစ်ပြီး အဲ့ဒီထဲမှာ တစ်ကြိမ်အသုံးပြုနိုင်တဲ့ လောကဓာတ်ပညာရပ်အစွမ်း ပါရှိပါတယ်… ဒီဟာက အနာဂတ်မှာ စီနီယာအတွက် တစ်စုံတစ်ခု အသုံးဝင်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ် ”

သူက စကားပြောပြီးနောက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းက သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ပြီး အနောက်လှည့်လိုက်သည်။ သူ၏ အကြည့်က ကျောက်စိမ်းပြားပေါ်သို့ ကျရောက်သွားပြီးနောက် သူက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူက ဖမ်းဆုပ်သော လက်ဟန်ကို ပြုလုပ်လိုက်သည့်အခါ ကျောက်စိမ်းပြားက လေထဲ၌ ဖြတ်သန်းသွားပြီး သူ၏ လက်ဖဝါးပေါ်သို့ ကျရောက်လာသည်။

သူက နောက်ထပ် မည်သည့်စကားမှ မပြောဘဲ အနောက်လှည့်ကာ ထွက်သွားသည်။ သူ၏ ပုံရိပ်က တဖြည်းဖြည်း ဝေးသထက် ဝေးသွားပြီး နေဝင်ဆည်းဆာ အလင်းဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ သူ၏ အနောက်တွင် သိမ်မွေ့နူးညံ့သော ကုချင်းသံက စတင်ပျံ့လွင့်လာသည်။

နေဝင်ချိန်က အိမ်မက်တစ်ခုလိုပါပဲ…

သဘာဝက အမြဲတမ်း ပြောင်းလဲနေတယ်…

ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းက တဒင်္ဂပါ…

နောက်ဆုံးမှာ အရာအားလုံးက ခွက်ထဲက ဝိုင်အဖြစ် ပေါင်းစည်းသွားစမြဲပါ…

ရွှီချင်းက တိမ်နက်မြို့တော်၏ နယ်နိမိတ်ထဲမှ ထွက်လျှောက်လာသည်နှင့် အပြင်လောကမှ မိုးသောက်အလင်းက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ သူက ဝိုင်ကရားကို ထုတ်လိုက်ပြီး မော့သောက်လိုက်သည်။

ထို့နောက် သူက ခြေတစ်လှမ်းနှင့်အတူ ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

ကုချင်းသံက အဆုံးသတ်သွားသည့်အခါ ယွင်မန် ချင်းဖန်၏ နူးညံ့သော သက်ပြင်းချသံက မြို့ထဲမှာ တိတ်တဆိတ် ပဲ့တင်ထပ်သွားသည်။

All Chapters