← Chapters

ကျယ်ပြောသော ကောင်းကင်၊ အကန့်အသတ်မဲ့ မြေပြင်

Vol. 103 Ch. 1589

ကျယ်ပြောသော ကောင်းကင်၊ အကန့်အသတ်မဲ့ မြေပြင်

Vol. 103 Ch. 1589

အနောက်ပိုင်းကြယ်စင်စု၏ တောင်ပိုင်းအရပ်တွင်…

အတိအကျဆိုရသော် ကီလိုမီတာ(၁.၉၈)ဘီလီယံအဝေး၌ မှင်ကျောက်ဟုခေါ်သော တောင်တစ်လုံးက မတ်မတ်တည်ရှိသည်။

မှင်ကျောက်တောင်၏ အတွင်းဘက်တွင် ပုန်းကွယ်နေသော ချိုင့်ဝှမ်းတစ်ခု ရှိသည်။ ထိုချိုင့်ဝှမ်း၏ အနက်ပိုင်းထဲတွင် အမြဲတမ်း စိမ်းစိုနေသော မြစိမ်းရေကန်တစ်ကန် ရှိသည်။

ရံဖန်ရံခါ တစ္ဆေရိုင်းများက ဤဧရိယာတစ်ဝိုက်မှာ လှည့်ပတ်သွားလာလေ့ ရှိကြသည်။ ၎င်းတို့၏ အသွင်သဏ္ဍာန်က မီးခိုးငွေ့နှင့် ဆင်တူပြီး ထိတွေ့လိုက်သည့်အခါ လွင့်ပြယ်သွားလေ့ ရှိသည်။

ချိုင့်ဝှမ်း၏ နံရံများက ချွန်ထက်သော ကျောက်ဆောင်ကျောက်သားများ ဖြစ်ကြသည်။ အဝေးမှကြည့်လျှင် ယင်းတို့က သားရဲတစ်ကောင်၏ သွားများဖြင့် ဆင်တူကြသည်။ ထို့ပြင် ဤနေရာမှာ အရွယ်အစားကြီးမားသော ရှေးဟောင်းသစ်ပင်များလည်း ရှိကြသည်။ ထိုသစ်ပင်များ၏ အုံ့မှိုင်းမှုကြောင့် နေရောင်ခြည်က ဤနေရာဆီသို့ မတိုးပေါက်ပေ။

မြစိမ်းရေကန်၏ ဘေး၌ ရှေးဟောင်းကျောက်ပြားတစ်ချပ် ရှိသည်။ ကျောက်ပြားပေါ်တွင် စကားလုံးတချို့ကို ရေးသားထားသည်။

“ နတ်သက်ကြွေရေကန်… လူရွယ်များသာ ဝင်ရောက်နိုင်၏ ”

ဤနေရာသို့ အလည်အပတ်ရောက်လာသူများသည် အလွန်ရှားပါးသည်။ ဤနေရာမှ ဖြတ်သန်းသွားသော ကျင့်ကြံသူများပင်လျှင် တောင်အပြင်ဘက်မှသာ စူးစမ်းလေ့လာကြလိမ့်မည်။ သူတို့က မဆင်မခြင် အထဲမဝင်ရဲကြချေ။

အစွမ်းထက် ပညာရှင်ကျင့်ကြံသူတချို့သာလျှင် မိုးသောက်အလင်း၏ အထွတ်အထိပ်အချိန်အတွင်းမှာသာ အထဲသို့ ဝင်ရောက်ကြလိမ့်မည်။ သို့တိုင်အောင် သူတို့က တစ်နာရီထက် ပိုကြာမြင့်အောင် မနေနိုင်ကြပေ။

“ ကောလဟာလအရတော့ ရှေးခေတ်ကာလတုန်းက အရမ်းအစွမ်းထက်တဲ့ မိစ္ဆာကျင့်ကြံသူတစ်ယောက်က သူမသေဆုံးခင် သူ့ရဲ့ ဓားကို ဒီနေရာမှာ မြှုပ်နှံထားခဲ့တယ်… သူ့ရဲ့ ဓားကို မှင်ကျောက်လို့ ခေါ်တယ်… နှစ်တွေအလီလီ ကြာမြင့်ပြီးတဲ့နောက် ဓားက တောင်ကြီးအဖြစ် ပြောင်းလဲသွားခဲ့တယ်… ဓားရဲ့ မကောင်းဆိုးဝါးစိတ်ဆန္ဒက ကုန်းမြေထဲ စိမ့်ဝင်သွားပြီး နတ်သက်ကြွေရေကန်အဖြစ် ဖွဲ့စည်းသွားခဲ့တယ် ”

ဤအခိုက်အတန့်မှာ မှင်ကျောက်တောင်၏ အပြင်ဘက်တွင် ဝတ်စုံနက်ကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က တောင်ကို ငေးကြည့်နေလျက် တစ်ယောက်တည်း တီးတိုးရေရွတ်နေသည်။

ထိုလူငယ်သည် တိမ်နက်မြို့တော်မှ ထွက်ခွာလာသော ရွှီချင်းမှလွဲ၍ တခြားလူမဟုတ်ပေ။

ယွင်မန် ချင်းဖန်ကို တိမ်နက်မြို့တော်ဆီသို့ ပို့ဆောင်ပေးပြီးနောက် အနောက်ပိုင်းကြယ်စင်စုထဲ၌ လှည့်ပတ်ခရီးသွားရန် ရွှီချင်း ဆုံးဖြတ်ခဲ့သည်။ ယွင်မန် ချင်းဖန် သူ့အား ပေးခဲ့သော ဝါးပေလွှာထဲမှ နာမည်ကျော်ကြားသော နေရာများဆီသို့ သူသွားကြည့်ချင်သည်။

သူနှင့် အနီးဆုံးဖြစ်သော ဤနတ်သက်ကြွေရေကန်က သူ၏ ပထမဆုံး ရွေးချယ်မှုဖြစ်သည်။

သူက တောင်၏ အပြင်ဘက်မှာ မတ်တတ်ရပ်နေလျက် အတွင်းပိုင်းဆီသို့ အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။ ဤအခိုက်အတန့်မှာ မိုးသောက်အလင်းက အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါ ရွှီချင်းက မှင်ကျောက်တောင်ထဲသို့ လျှောက်ဝင်သွားသည်။

သူက ကျောက်ဆောင်ကျောက်တုံးများ၊ ချုံပင်နွယ်ပင်များကို ဖြတ်ကျော်ပြီးနောက် ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်သွားသည်။ သူက ချိုင့်ဝှမ်းထဲတွင် မြစိမ်းရေကန်နှင့် ရှေးဟောင်းကျောက်ပြားကို မြင်တွေ့သွားသည်။ ရှေးဟောင်းကျောက်ပြားပေါ်မှ စကားလုံးများကို သူဖတ်ရှုလိုက်သည်။

ထို့အတူ တစ္ဆေရိုင်းများကိုလည်း သူမြင်တွေ့သွားသည်။

သူက အချိန်တစ်ခဏကြာအောင် စစ်ဆေးလေ့လာလိုက်သည်။

ထိုအတောအတွင်းမှာ တစ္ဆေရိုင်းများက ချောက်ချားဖွယ်ကောင်းသော မှင်စာများအဖြစ် ပြောင်းလဲသွားကြပြီး မကျေမချမ်းစိတ်ဆန္ဒနှင့်အတူ ဟိန်းဟောက်လိုက်ကြသည်။ ဤသည်မှာ ၎င်းတို့က သက်ရှိအားလုံးကို ဝါးမျိုရန် အဆင်သင့်ဖြစ်နေသည့်အလားပင်။ ၎င်းတို့က ရွှီချင်းဆီသို့ တစ်ဟုန်ထိုး ပြေးလာနေကြသည်။ သို့သော်လည်း ၎င်းတို့က ရွှီချင်းနှင့် ထိတွေ့သွားသည့်နှင့်ချက်ချင်း မြူခိုးအဖြစ် လွင့်ပြယ်သွားကြပြီး ဘေးပတ်ဝန်းကျင်မှာ လွင့်မျောသွားကြသည်။

“ ဒီနေရာမှာ ကျင့်ကြံသူတစ်ယောက်ကို ချက်ချင်း သတ်ပစ်နိုင်တဲ့ အစွမ်းမရှိဘူး… ဒါပေမဲ့ ဒီနေရာက ဝိညာဉ်ကို တိုက်စားနိုင်ပြီး အသွေးအသားတွေကို စားသုံးနိုင်တယ်… တစ်စုံတစ်ယောက်က ဒီနေရာမှာ အချိန်ကြာကြာနေထိုင်လေ သူတို့ရဲ့ ဝိညာဉ်က လေထဲမှာ ပိုပြီးပြန့်ကျဲသွားလေပဲ ”

“ ကြည့်ရတာ ဒီတစ္ဆေရိုင်းတွေက ဝင်ရောက်တဲ့ အချိန်ပေါ်မှာ မူတည်နေပုံပဲ… ကောင်းကင်ပေါ်က မိုးသောက်အလင်းက မှေးမှိန်သွားတဲ့အခါ ဒီတစ္ဆေရိုင်းတွေက ပိုပြီးရက်စက်ကြမ်းကြုတ်လာလိမ့်မယ် ”

ရွှီချင်းက သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူ၏ အကြည့်က မြစိမ်းရေကန်ပေါ်သို့ ကျရောက်သွားသည်။

အနက်ရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားစဉ် ရေကန်ပေါ်မှာ လှိုင်းဂယက်တချို့ ထွက်ပေါ်လာကြသည်။ ထိုလှိုင်းဂယက်များမှတဆင့် ရေကန်၏ အနက်ပိုင်းထဲမှာ ကျောက်တုံးခေါင်းတလားတစ်ခုရှိကြောင်း သူမြင်တွေ့သွားသည်။

“ အဲ့ဒီခေါင်းတလားကို ထိလို့ မဖြစ်ဘူး ”

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ နှစ်ပေါင်းမြောက်များစွာ ကုန်ဆုံးသွားသည့်တိုင်အောင် ထိုခေါင်းတလားက ဤနေရာမှာ အကောင်းတိုင်း ရှိနေသေးလေရာ ယင်းက သာမန်မဟုတ်ကြောင်း ထင်ရှားသည်။ ထို့ပြင် အစောနက ဘေးပတ်ဝန်းကျင်ကို သူအာရုံခံလိုက်စဉ်က အန္တရာယ်စိတ်ဆန္ဒက ဝေဝေဝါးဝါး ထွက်ပေါ်လာကြောင်း အာရုံခံမိခဲ့သည်။

“ အဲ့ဒါက ငါဆင်ခြင်နားလည်ချင်တဲ့အရာ မဟုတ်ဘူး ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။ နာရီဝက်ကုန်ဆုံးသွားကြောင်း သူနားလည်သွားသည့်အခါ အနောက်ဆုတ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

သို့သော်လည်း ချိုင့်ဝှမ်းထဲမှ သူထွက်သွားတော့မည့်အချိန် အေးစက်စက်လေက မြစိမ်းရေကန်ထဲမှ တိုက်ခတ်လာသည်။ ယင်းက ချိုင့်ဝှမ်းအတွင်းမှ သစ်ပင်အားလုံးကို တရှဲရှဲမြည်သံ ထွက်ပေါ်စေသည်။

ထိုအသံက သာမန်ဖြစ်ဟန် ထင်မှတ်ရပြီး သာမန်လူများအတွက် သစ်ရွက်ချင်း ပွတ်တိုက်သံထက် မပိုပေ။ သို့သော်လည်း ရွှီချင်းကဲ့သို့ အာရုံခံနိုင်စွမ်း မြင့်မားသူများအတွက်တော့ ထိုအသံက တစ္ဆေညည်းညူသံ ဖြစ်သည်။

“ ဗလာတောအုပ်ထဲက မြက်ပင်သေးသေးလေး… အေးစက်စက် မိုးရေက လေပြေနဲ့အတူ ကျဆင်းလာတယ်… ”

“ သေးငယ်ပြီး အထီးကျန်တဲ့ ဝိညာဉ်က လူတစ်ယောက်နောက်ကို လိုက်သွားတယ်… ”

“ ရှေးဟောင်းစင်မြင့်ပေါ်မှာ မင်းရဲ့ နာမည်ကို ငါခေါ်လိုက်တယ်… ”

“ မှောင်မိုက်တဲ့ အလင်းရောင်အောက်မှာ မျက်နှာတစ်ခုက မက်မွန်ပန်းလို ပွင့်လန်းလာတယ်… ”

ထိုအသံက အေးစက်ပြီး ချောက်ချားဖွယ်ကောင်းသည်။ ယင်းက တိတ်ဆိတ်ပြီး မည်းမှောင်နေသော ချိုင့်ဝှမ်းအတွင်းမှာ ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ အထီးကျန် ဝိညာဉ်တစ်ကောင်က မရဏလောက၏ အနက်ပိုင်းထဲမှ တစ်စုံတစ်ယောက်ကို အော်ခေါ်နေသည့်အလားပင်။

တစ်ချိန်တည်းမှာ ရေကန်၏ မျက်နှာပြင်ပေါ်မှ လှိုင်းဂယက်များ ပျံ့ပွားသွားသည့်အခါ အမျိုးသမီးတစ်ယောက်၏ ဦးခေါင်းက ရေကန်ထဲမှ ထွက်ပေါ်လာသည်။ သို့သော်လည်း ၎င်းက မျက်နှာတစ်ပိုင်းကိုသာ ရေကန်၏ အပေါ်မှာ ထုတ်ဖော်ထားသည်။

၎င်း၏ အသားအရေက ဖြူဖွေးဆွတ်ပြီး ၎င်း၏ အနက်ရောင်ဆံပင်ရှည်က ရေကန်၏ မျက်နှာပြင်ပေါ်မှ တိုးထွက်လာနေသည်။ ဤအခိုက်အတန့်မှာ ၎င်း၏ အေးတိအေးစက် မျက်လုံးတစ်စုံက ရွှီချင်းကို စိုက်ကြည့်နေသည်။

၎င်းထွက်ပေါ်လာသည့်အခိုက် ဘေးပတ်ဝန်းကျင်က အေးခဲသွားသည်။ မြေပြင်၊ သစ်ပင်များနှင့် ကျောက်ဆောင်နံရံများက ချက်ချင်း ရေခဲဖြစ်သွားကြသည်။ အလွန်ပြင်းထန်သော အအေးဓာတ်က ပျံ့နှံ့သွားသည့်အခိုက် ချိုင့်ဝှမ်းတစ်ခုလုံး ပုံပျက်တွန့်လိမ်သွားသည်။

ထို့နောက် ရေကန်ထဲမှ ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားပြီး ရေကန်၏ အပေါ်မှာ ထွက်ပေါ်လာသည်။ ဤသည်မှာ ၎င်းက တည်နေရာပြောင်းရွှေ့သွားသည့်အလားပင်။

၎င်းက ဂါဝန်အဖြူကို ဝတ်ဆင်ထားသည်။ ချက်ချင်းဆိုသလို ချိုင့်ဝှမ်းထဲမှ ပုံပျက်တွန့်လိမ်မှုက ပိုပြီးအားကောင်းလာသည်။ ၎င်းက ပြန်ပေါ်လာသည့်အခိုက် ရေကန်၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။

၎င်းက ဆက်လက် ရွေ့လျားတော့မည့်အချိန် ဧရာမကတ်ကြေးတစ်လက်က ရွှီချင်း၏ ဦးခေါင်းပေါ်မှာ ထွက်ပေါ်လာသည်။

ကတ်ကြေးက သဏ္ဍာန်မဲ့ချည်မျှင်ကို တိုက်ရိုက် ညှပ်ပစ်လိုက်သည်။

ချည်မျှင်ပြတ်တောက်သွားသည့်အခါ အမျိုးသမီး၏ ထူးဆန်းသော လှုပ်ရှားမှုများက ရပ်တန့်သွားသည်။

၎င်းက ရွှီချင်းနှင့် ပေတစ်ထောင်အကွာမှာ ရပ်နေလျက် ရွှီချင်းကို စူးစိုက်ကြည့်နေသည်။

အစမှအဆုံးအထိ ရွှီချင်း၏ အမူအရာက မပြောင်းလဲသွားချေ။ သူက တည်ငြိမ်စွာ ပြောသည်။

“ ငါက မင်းရှာနေတဲ့လူ မဟုတ်ဘူး… တကယ်လို့ မင်းက ငါ့နောက်ကို လိုက်ကပ်တွယ်နေမယ်ဆိုရင် မင်းကို နောက်ထပ် စောင့်ဆိုင်းစရာမလိုတော့အောင် ငါလုပ်ပစ်မယ် ”

ထိုသို့ပြောပြီးနောက် ရွှီချင်းက ဖြည်းညင်းစွာ အနောက်ဆုတ်သွားပြီး ချိုင့်ဝှမ်းထဲမှ ထွက်သွားသည်။ ထိုအခါ ချို့ဝှမ်းထဲမှ အပူချိန်က တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားသည်။

ထို့အတူ မူမမှန်သော ကိစ္စများသည်လည်း ပျောက်ကွယ်သွားသည်။

ရွှီချင်းက လုံးဝ တုံ့ဆိုင်းမနေပေ။ သူက မှင်ကျောက်တောင်မှ ပြန်ထွက်ခွာလာပြီး တောင်၏ အပြင်ဘက်မှာ ရပ်လိုက်သည်။ ထို့နောက် သူက တောင်ကို စိုက်ကြည့်လိုက်သည်။

ရေကန်ပေါ်မှ ထူးဆန်းသော အမျိုးသမီးက ချိုင့်ဝှမ်းထဲမှာ ပျောက်ကွယ်သွားကြောင်း သူအာရုံခံမိသွားသည်။ သို့သော်လည်း တရှဲရှဲမြည်သံက ဆက်လက် ပဲ့တင်ထပ်နေဆဲပင်။

“ ဒဏ္ဍာရီက အလိမ်အညာပဲ ”

“ ဒီနေရာက ဓားကို မြှုပ်နှံထားတဲ့နေရာ မဟုတ်ဘူး… ဒီနေရာက ချိပ်တံဆိပ်တစ်ခုပဲ… အဲ့ဒါက နတ်ဘုရားတစ်ပါးကို ချိပ်ပိတ်ထားတယ် ”

“ ပြီးတော့ နတ်ဘုရားတွေကို ကန့်သတ်ထားတဲ့ ဒီလောကကြီးနဲ့ ချိပ်တံဆိပ်ရဲ့ ဖိနှိပ်မှုအောက်မှာတောင် သူက မကောင်းဆိုးဝါးစိတ်ဆန္ဒကို တောင်ကြီးတစ်ခုလုံးအပေါ် စွန်းထင်သွားအောင် လုပ်နိုင်ခဲ့တယ်… အဲ့ဒီနတ်ဘုရားက အတိတ်မှာ နတ်ဘုရားယဇ်ပလ္လင်အဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိလောက်တယ် ”

ရွှီချင်းက အကြည့်ပြန်ရုပ်လိုက်ပြီး ဤနေရာမှ ထွက်သွားသည်။

လဝက်ကြာပြီးနောက်…

အနောက်ပိုင်းကြယ်စင်စု၏ တောင်ပိုင်းအရပ်မှ ကီလိုမီတာသန်း(၈၀၀)အဝေးတွင် ကောင်းကင်လေဟုခေါ်သော လွင်ပြင်တစ်ခု ရှိသည်။

လွင်ပြင်၏ အရှေ့ဘက်အရပ်မှ ကီလိုမီတာ(၅၀၀၀)အဝေးတွင် လှိုဏ်ဂူတစ်ခု ရှိသည်။ လှိုဏ်ဂူက အောက်ဘက်သို့ နိမ့်ဆင်းသွားလေ အရွယ်အစား ပိုပြီးကျဉ်းမြောင်းသွားလေ ဖြစ်သည်။ သို့ဖြစ်၍ ယင်းကို လှိုဏ်ဂူအစား ရှည်လျားကျဉ်းမြောင်းသော လှိုဏ်ခေါင်းဟု ခေါ်ဆိုခြင်းက ပိုပြီးသင့်တော်သည်။

လှိုဏ်ခေါင်းတစ်လျှောက်တွင် နက်နဲသိမ်မွေ့သော လေက အမြဲမပြတ် တိုက်ခတ်လေ့ ရှိသည်။ လေက အလွန်ကြမ်းတမ်းသည်။ ဤသည်မှာ အင်မော်တယ်တစ်ပါးက လှိုဏ်ခေါင်းထဲမှ လေကို ထိန်းချုပ်နေသည့်အလားပင်။

လှိုဏ်ခေါင်း၏ အလယ်ဧရိယာမှ ဂူနံရံများပေါ်တွင် ရှုပ်ထွေးနက်နဲသော တိုတမ်ပုံရိပ်များဖြင့် ပြည့်နှက်နေသည်။

“ ဒဏ္ဍာရီအရ အဲ့ဒီတိုတမ်တွေက လေစွမ်းအားကို ကျွမ်းကျင်တတ်မြောက်တဲ့ အင်မော်တယ်တစ်ပါး ချန်ထားခဲ့တာ ဖြစ်တယ်… အဲ့ဒါတွေက ဂါထာမန္တန်တွေလို့ ပြောကြတယ်… အဲ့ဒီတိုတမ်တွေထဲမှာ လေစွမ်းအားကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ လမ်းညွှန်ပေးထားတဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်လို့ ပြောကြတယ် ”

“ ဒါ့အပြင် ထူးဆန်းတဲ့ သားရဲတချို့က လှိုဏ်ခေါင်းထဲမှာ လှည့်လည်ကျက်စားနေကြတယ်… သူတို့က လေကနေတဆင့် ရွေ့လျားနိုင်ကြပြီး ပုံရိပ်ယောင်လို ဒြပ်မဲ့တည်ရှိမှုတွေ ဖြစ်ကြတယ် ”

လဝက်ကြာ ခရီးဆက်ပြီးနောက် ရွှီချင်းက ကောင်းကင်လေလှိုဏ်ဂူဆီသို့ ရောက်ရှိလာသည်။ လှိုဏ်ဂူကို သူငေးကြည့်နေစဉ် ယွင်မန် ချင်းဖန်ပေးခဲ့သော ဝါးပေလွှာထဲမှ သတင်းအချက်အလက်များက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာကြသည်။

သူက နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်လိုက်ပြီး တစ်ခဏကြာ အာရုံခံလိုက်သည်။ ထို့နောက် သူ၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာသည်။

“ ဒီနေရာက အံ့ဩစရာပဲ… ဒီနေရာမှာ လေအခွင့်အာဏာရဲ့ တာအိုအမှတ်အသားတွေက ကိန်းအောင်းနေတယ်… ပြီးတော့ ဘယ်သူမဆို ဒီနေရာမှာ လာရောက်ဆင်ခြင်နားလည်နိုင်တယ်… အခု ကျင့်ကြံသူရာပေါင်းများစွာက လှိုဏ်ဂူထဲမှာ တရားထိုင်နေကြတယ်… ”

“ လှိုဏ်ဂူရဲ့ အနက်ပိုင်းထဲကို ဝင်ရောက်သွားတာနဲ့ လူတွေက ပိုနည်းသွားတယ်… ပြီးတော့ အဲ့ဒီမှာ လေက ပိုပြီးကြမ်းတမ်းလာပြီး တိုတမ်ပုံရိပ်တွေက ပိုပြီးများပြားလာတယ် ”

ရွှီချင်းသည် လေအခွင့်အာဏာကို ယခင်က တွေ့ကြုံခံစားခဲ့ဖူးသည်။ သူက သစ်သားတာအိုကို အသုံးပြု၍ လေအခွင့်အာဏာကို ပုံတူကူးခဲ့ဖူးသည်။

ထို့ကြောင့် သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး ကောင်းကင်လေလှိုဏ်ဂူထဲသို့ ခြေချလိုက်သည်။

သူဆင်းသက်လိုက်သည့်အခါ လှိုဏ်ဂူထဲ၌ တင်ပျဉ်ခွေထိုင်နေကြသော ကျင့်ကြံသူများကို မြင်တွေ့သွားသည်။ သူက ထိုလူများကို ဂရုမစိုက်သလို သူတို့ကလည်း သူ့ကို လျစ်လျူရှုထားကြသည်။ တစ်ယောက်နှင့်တစ်ယောက်က ကျင့်ကြံခြင်းကို အနှောင့်အယှက်မပေးကြချေ။

ဆယ်ရက်ကြာပြီးနောက် ရွှီချင်းက ကောင်းကင်လေလှိုဏ်ဂူထဲမှ ထွက်ခွာသွားသည်။

နောက်ထပ် လအနည်းငယ်ကြာပြီးနောက် သူ၏ ပုံရိပ်က မီးလှိုဏ်ခေါင်းတောင်တန်းဒေသထဲမှာ ပြန်ပေါ်လာသည်။

မီးလှိုဏ်ခေါင်းတောင်တန်းဒေသသည် အနောက်ပိုင်းကြယ်စင်စု၏ အနောက်အရပ်မှာ တည်ရှိသည်။ နီညိုရောင်မီးတောက်များက ကောင်းကင်အထိ မြှောက်တတ်နေကြပြီး တဟုန်ဟုန်း လောင်ကျွမ်းနေကြသည်။ မီးတောက်များက ကီလိုမီတာ(၄၅)သန်းဧရိယာကို ဖုံးလွှမ်းထားကြသည်။

မီးလှိုဏ်ခေါင်းတောင်တန်းဒေသတွင် တောင်ထွတ်များက ထပ်ဆင့်လွှမ်းခြုံနေကြသည်။ တောင်တန်းအများစုကို ချော်ရည်ကျောက်ဆောင်များဖြင့် ဖွဲ့စည်းထားကြပြီး ယင်းတို့က နီလာရောင်တောက်ပကြသည်။ မီးတောက်များက ထိုကျောက်ဆောင်များပေါ်မှာ အမြဲတမ်း တဟုန်းဟုန်း လောင်ကျွမ်းနေကြပြီး တစ်နှစ်ပတ်လုံး ငြိမ်းသတ်မသွားပေ။

ရံဖန်ရံခါ မီးတောက်ဖီးနစ်များက ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး မီးတောက်မီးလျှံများကို မှုတ်ထုတ်လေ့ ရှိသည်။ ၎င်းတို့၏ မြည်ဟိန်းသံများက ဤတောင်တန်းဒေသတစ်လျှောက်မှာ ရံဖန်ရံခါ ပဲ့တင်ထပ်သွားလေ့ ရှိသည်။

တောင်တန်းများကြားတွင် ရေပူစမ်းအများအပြား တည်ရှိကြသည်။ ထိုရေပူစမ်းများ၌ အခိုးအငွေ့များက တိမ်တိုက်များသဖွယ် ထူထဲကြသည်။

မီးလှိုဏ်ခေါင်းတောင်တန်းဒေသထဲတွင် မီးလှိုဏ်ခေါင်းအင်မော်တယ်နန်းတော်ဟု ခေါ်ဆိုသော အထွတ်အမြတ်နေရာတစ်နေရာရှိသည်ဟု ဆိုကြသည်။ ယင်းက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အင်မော်တယ်အရှင်သခင်(၁၁)ပါးထဲမှ မီးလှိုဏ်ခေါင်းအင်မော်တယ်အရှင်သခင်၏ နန်းတော်ဖြစ်သည်။

အင်မော်တယ်နန်းတော်ကို ရှာတွေ့နိုင်သော လူများသည် ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်ဘုံသို့ တတ်လှမ်းနိုင်ပြီး မီးလှိုဏ်ခေါင်းအင်မော်တယ်အရှင်သခင်၏ တပည့်ဖြစ်လာလိမ့်မည်ဟု ဆိုကြသည်။

သို့သော်လည်း သမိုင်းတစ်လျှောက်တွင် ယင်းက ဒဏ္ဍာရီတစ်ပုဒ်အဖြစ်သာ ကျန်ရှိတော့သည်။ အဘယ့်ကြောင့်ဆိုသော် မည်သူကမှ ထိုနန်းတော်ကို ရှာမတွေ့ခဲ့သောကြောင့် ဖြစ်သည်။

ရွှီချင်းသည် ဤလဝက်အတွင်းမှာ မီးလှိုဏ်ခေါင်းတောင်တန်းဒေသ၏ နေရာအနှံ့ကို သွားရောက်လည်ပတ်ခဲ့သည်။ သို့သော်လည်း သူက ဒဏ္ဍာရီလာ အင်မော်တယ်နန်းတော်ကို ရှာမတွေ့ခဲ့ပေ။ မည်သို့ဖြစ်ပါစေ သူ၏ အန္တိမမီးတာအိုက ဤတောင်တန်းဒေသထဲတွင် သိသိသာသာ အစွမ်းမြင့်တတ်သွားခဲ့သည်။

မီးတာအိုအပေါ် သူ၏ နားလည်သဘောပေါက်မှုက တိုးမြှင့်သွားသည့်အခါ သူက သံသယဝင်လာသည်။

“ ဒီမီးတွေက ဘယ်ကနေ ရောက်လာတာလဲ… ”

ထိုမေးခွန်းအတွက် အဖြေက သူ့ဆီမှာ မရှိပေ။

သူက တောင်တန်းဒေသ၏ အနက်ပိုင်းထဲသို့ ဝင်ရောက်သွားပြီး စူးစမ်းရှာဖွေခဲ့သည့်တိုင် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ ဤသည်မှာ မီးက ဤတောင်တန်းဒေသထဲမှာ သဘာဝအလျောက် မွေးဖွားလာသည့်အလားပင်။

‘ မွေးဖွားတယ် ’ဟူသော စကားလုံးက ထိုအတွက် မသင့်တော်ဟန် ရသော်လည်း ရွှီချင်းက ထိုအတိုင်း ခံစားနေမိသည်။

သို့ဖြစ်၍ သူက နေရာမှာ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး မီးကို ဆင်ခြင်နားလည်လိုက်သည်။

အမည်မသိအချိန်ကာလတစ်ခု ကြာမြင့်ပြီးနောက် နန်းတော်သဖွယ် အောက်မေ့ရသော နေတစ်စင်းက သူ၏ စိတ်ထဲမှာ မြှောက်တတ်လာသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ အမြင်အာရုံက ဝေဝါးသွားသည်။ သိမ်မွေ့နူးညံ့သော အသံတစ်သံက သူ၏ အသိစိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

“ မင်းရဲ့ ကမ္မက ငါနဲ့ မအက်စပ်ဘူး ”

ထိုအသံ ထွက်ပေါ်လာပြီးနောက် ရွှီချင်း၏ ခန္ဓာကိုယ်က လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခုဖြင့် မီးလှိုဏ်ခေါင်းတောင်တန်းဒေသထဲမှ ကန်ထုတ်ခံလိုက်ရသည်။

ရွှီချင်းက အချိန်အတော်ကြာ နှုတ်ဆိတ်သွားသည်။ သို့သော်လည်း သူက နောက်ထပ် မမေးပေ။ သူက မီးလှိုဏ်ခေါင်းတောင်တန်းဒေသဆီသို့ အရိုအသေပေးလိုက်ပြီး ထွက်သွားသည်။ သူ၏ နောက်ထပ် ဦးတည်ရာက တာအိုချောက်ကမ်းပါးဖြစ်သည်။

တာအိုချောက်ကမ်းပါးသည်လည်း အနောက်ပိုင်းကြယ်စင်စု၏ အနောက်အရပ်မှာ တည်ရှိသည်။ ချောက်ကမ်းပါး၏ အကျယ်အဝန်းက နားလည်ရခက်ခဲသည်။ ရွှီချင်းက ချောက်ကမ်းပါးကို ရှာမတွေ့ခင် အချိန်တစ်ခဏပေး၍ ရှာဖွေခဲ့ရသည်။

ချောက်ကမ်းပါးသည် စွန့်ပစ်ကန္တာရ၏ အလယ်မှ ဆေဘာဓားကျိုးတစ်လက်နှင့် ဆင်တူသည်။

၎င်း၏ ထုထည်နံရံများက ဧရာမဆေဘာဓားတစ်လက်နှင့် ဆင်တူပြီး တိမ်တိုက်များထိ ဆန့်တန်းနေသည်။ ၎င်းက အလွန်မြင့်မားလေရာ တစ်စုံတစ်ယောက်က ချောက်ကမ်းပါး၏ အစွန်အဖျားမှာ ရပ်နေလျှင်ပင် တိမ်တိုက်များဖြင့် ထိတွေ့နိုင်လိမ့်မည်။

ချောက်ကမ်းပါး၏ နံရံများပေါ်တွင် ရှေးဟောင်းစာလုံးများ ရှိသည်။

“ မူလတာအိုလမ်းစဉ်က ကောင်းကင်နဲ့ မြေပြင်အထိ ရောက်တယ် ”

ထို့ပြင် မူလတာအိုပန်းဟုခေါ်သော အပင်တစ်မျိုးက ဤချောက်ကမ်းပါးပေါ်မှာ ရှင်သန်ပေါက်ရောက်သည်။

ထိုပန်းပွင့်သည် ဖြူဖွေးပြီး ပွင့်ချပ်များပေါ်တွင် ရွှေရောင်အစင်းကြောင်းများ ရှိသည်။ ယင်းက စကြာဝဠာ၏ အထွတ်အမြတ်တာအိုရတနာနှင့် ဆင်တူသည်။ ယင်း၏ ဆေးဖက်ဝင်အာနိသင်သည်လည်း အတော်လေး ထူးခြားသည်။ ထိုပန်းကို မစားသုံးနိုင်ပေ။ ယင်းအစား ရှူရသည်။

မူလတာအိုပန်းကို ရှူလိုက်သည့်အခါ တစ်စုံတစ်ယောက်က တာအိုကို အနံ့ခံမိသွားလိမ့်မည်။

ထိုပန်းသည် နှစ်ပေါင်းတစ်ရာကြာပြီးမှ တစ်ခါသာ ပွင့်သည်။ ပန်းပွင့်သည့်အခါတိုင်း ပန်းရနံ့က ကီလိုမီတာငါးသန်းအထိ ပျံ့လွင့်သွားလိမ့်မည်။ ထိုကာလအတွင်းမှာ ကျင့်ကြံသူများက ချောက်ကမ်းပါးဆီသို့ ရောက်လာကြပြီး သူတို့၏ ကျင့်ကြံခြင်းအတားအဆီးများကို ပန်းရနံ့၏ အကူအညီဖြင့် ချိုးဖြတ်ကြလိမ့်မည်။

ကံမကောင်းစွာဖြင့် ရွှီချင်းရောက်လာသည့်အချိန်က ပန်းပွင့်သည့်ရာသီ မဟုတ်ပေ။ နောက်တစ်ခါ ပန်းပွင့်ရန် အနှစ်လေးဆယ်ကြာ လိုအပ်နေသေးသည်။

သို့ဖြစ်၍ တာအိုချောက်ကမ်းပါးနားတွင် ကျင့်ကြံသူအနည်းစုသာ ရှိကြသည်။

သို့သော်လည်း ဤနေရာသို့ ရောက်လာပြီးနောက် သူ၏ အတွေးများက သဏ္ဍာန်မဲ့အင်အားတစ်ခု၏ သက်ရောက်မှုအောက်မှာ ပိုပြီးရှင်းလင်းလာကြောင်း ရွှီချင်း ခံစားမိသွားသည်။

သို့ဖြစ်၍ နှစ်ဝက်ကြာအောင် ခရီးလှည့်ပတ်ပြီးနောက် ဤနေရာမှာ အချိန်တစ်ခဏကြာအောင် နေထိုင်မည်ဟု သူဆုံးဖြတ်လိုက်သည်။

ထိုသို့ဆုံးဖြတ်ရသည့် အကြောင်းအရင်းတစ်ခုမှာ ဤခရီးစဉ်တစ်လျှောက်တွင် သူဆင်ခြင်နားလည်ထားခဲ့သော အရာအားလုံးကို အနှစ်ချုပ်ချင်သည်။ တခြားအကြောင်းအရင်းမှာ လေဟာနယ်ရွှံ့တုံးကို သူစစ်ဆေးလေ့လာချင်သည်။

ယင်းကို အသုံးပြု၍ ကော်အစွမ်းကို ရယူနိုင်ရန် သူကြိုးစားကြည့်ချင်သည်။

ဤအတောအတွင်းမှာ သူက ယွင်မန် ချင်းဖန် သူ့အား ပေးခဲ့သော ကျောက်စိမ်းပြားကို ထုတ်ကြည့်လိုက်သည်။

ထိုကျောက်စိမ်းပြားထဲမှာ ယွင်မန် ချင်းဖန်၏ လောကဓာတ်ပညာရပ်အစွမ်းသာမက လျှို့ဝှက်သော့၏ အပိုင်းအစတစ်ခုလည်း ပါဝင်နေသည်။

ယင်းက ရွှီချင်းနားမလည်သော မှော်သင်္ကေတတစ်ခု ဖြစ်သည်။ ယင်းက ရှေးဟောင်းအငွေ့အသက်နှင့် လျှို့ဝှက်ဆန်းကြယ်မှုကို ပေးသည်။ ထို့ပြင် ယင်းက ကိုယ်ပိုင်အသိစိတ်ရှိနေသည့်အလား အောက်မေ့ရသည်။ သို့သော်လည်း ယင်းက ဝေဝါးနေပြီး မှေးမှိန်နေသည်။ ဤသည်မှာ ယင်းက ထွန်းလင်းတောက်ပနိုင်မည့် အခွင့်အရေးကို မရရှိခဲ့သည့်အလားပင်။

ရွှီချင်းက လျှို့ဝှက်သော့ကို စိုက်ကြည့်လိုက်သည့်အခါ အတွေးနက်သွားသည်။

အတိတ်၌ တိမ်တံခါးကလန်ထံမှ သူရရှိခဲ့သော တာဝန်သည် တပည့်ရင်းတစ်ယောက်ကို သတ်မှတ်ထားသော ဦးတည်ရာဆီသို့ ကင်းထောက်လိုက်ပို့ပေးရန် ဖြစ်သည်။ သူသိထားသော သတင်းအချက်အလက်များအရ ထိုတပည့်ရင်းဆယ့်လေးယောက်ထဲမှ တစ်ယောက်က လျှို့ဝှက်သော့ကို သယ်ဆောင်ထားသည်။

ထို့နောက် ယင်းက အလောင်းအစားတစ်ခုဖြစ်ကြောင်း သူသိလိုက်ရသည်။

အမှန်တရားကိုတော့ ရွှီချင်းက နောက်ထပ် စစ်ဆေးမလေ့လာခဲ့ပေ။ သို့သော်လည်း သူသေချာသော တစ်စုံတစ်ခု ရှိသည်။

“ အတိတ်မှာ ယွင်မန် ချင်းဖန် ငါ့ကို ဒီကျောက်စိမ်းပြား ပေးခဲ့တုန်းက အဲ့ဒါကို ငါစစ်ဆေးကြည့်ခဲ့တယ်… အဲ့ဒီအချိန်တုန်းက ကျောက်စိမ်းပြားထဲမှာ လျှို့ဝှက်သော့မရှိဘူး ”

“ လျှို့ဝှက်သော့က ဒီအတောအတွင်းမှာ သူ့ဘာသာ ဖွဲ့စည်းသွားတာပဲ ”

ရွှီချင်းက ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်သည်။ ဤလျှို့ဝှက်သော့က မည်သည့်အရာဖြစ်ပြီး မည်သည့်နေရာကို ဖွင့်လှစ်နိုင်ကြောင်းကိုတော့ လောလောဆယ် သူစိတ်မဝင်စားပေ။

သူက ကမ္ဘာမြေရေကန်၊ တိမ်ကျွန်းစုနှင့် မိုးသောက်အလင်း၏ ဇစ်မြစ်ဟု နာမည်ကျော်ကြားသော အင်မော်တယ်ကျဆုံးလွင်ပြင်ဆီသို့ ဆက်လက် ခရီးမဆက်ခင် ဤတာအိုချောက်ကမ်းပါးဆီမှာ အချိန်တစ်ခဏကြာ ကျင့်ကြံရန် စီစဉ်ထားသည်။

သို့သော်လည်း ဤလောကတွင် ကိစ္စများစွာက အစီအစဉ်အတိုင်း ဖြစ်မလာတတ်ပေ။

ဤအခိုက်အတန့်မှာ အင်မော်တယ်မြို့တော်၏ ဒုတိအဆင့် အမဲလိုက်ပွဲတော်က အရေးကြီးအချိန်အခါသို့ ရောက်ရှိသွားသည်။

ယင်းက အမဲလိုက်ပွဲတော်အကြောင်း ကောင်းမွန်စွာ သိထားကြသော ကျင့်ကြံသူများ စောင့်မျှော်နေကြသည့် အချိန်အခါလည်း ဖြစ်သည်။

ယနေ့တွင် ကောင်းကင်ပေါ်မှ မိုးသောက်အလင်းက ရုတ်တရက် ပျောက်ကွယ်သွားသည်။

ယနေ့တွင် အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံး၌ ကြယ်လေးလုံးသည်သာ အတောက်ပဆုံး ဖြစ်လာကြသည်။

All Chapters