← Chapters

အင်မော်တယ်လေးပါး

Vol. 103 Ch. 1590

အင်မော်တယ်လေးပါး

Vol. 103 Ch. 1590

အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကောင်းကင်ပေါ်မှ နီညိုရောင်မိုးသောက်အလင်းသည် သာမန်အလင်းရောင် မဟုတ်ပေ။ ယင်းက တုနှိုင်းမဲ့သော လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသော အရာဖြစ်သည်။

မည်သို့ဖြစ်ပါစေ မိုးသောက်အလင်းက အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

အင်မော်တယ်မြို့တော်မှ ကောင်းကင်စောင့်ရှောက်သူ(၁၂)ပါးက ထိုမိုးသောက်အလင်းထဲမှာ တစ်နှစ်ပတ်လုံး နေထိုင်ကြသည်။

ထိုကောင်းကင်စောင့်ရှောက်သူ(၁၂)ပါးက အဆင့်နိမ့်အင်မော်တယ်များ ဖြစ်ကြသည်။

သို့သော်လည်း သူတို့က အလွယ်တကူ မထွက်ပေါ်လာကြချေ။ အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးအပေါ် သက်ရောက်မှုရှိနိုင်သော ကပ်ဘေးတစ်ခု ထွက်ပေါ်လာသည့်အခါမျိုးမှသာ သူတို့က ဆင်းသက်လာကြသည်။

ဤအခိုက်အတန့်မှာ မိုးသောက်အလင်းက ပျောက်ကွယ်သွားပြီး ကောင်းကင်စောင့်ရှောက်သူများက ပုန်းကွယ်သွားကြသည်။

အဘယ့်ကြောင့်ဆိုသော် အင်မော်တယ်မြို့တော်၏ ဒုတိယအဆင့် စစ်ဆေးမှုက အရေးကြီးအချိန်အခါသို့ ရောက်ရှိသွားသောကြောင့် ဖြစ်သည်။

ယင်းက ကြယ်စင်စုလေးခု၏ ကောင်းကင်စောင့်ရှောက်သူများ ထွက်ပေါ်လာရမည့် အချိန်အခါဖြစ်သည်။

အနက်ရောင်ကောင်းကင်ပေါ်တွင် ကြယ်လေးစင်းသည် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်မှ မြှောက်တတ်လာကြသည်။

တောင်ပိုင်းကြယ်စင်စုသည် မဟာအင်မော်တယ်တောင်ဖြစ်သည်။

အင်မော်တယ်တောင်၏ ငွေရောင်နန်းတော်ထဲတွင် ငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်က ထွက်ပေါ်လာသည်။ သူက အင်မော်တယ်အရှိန်အဝါကို ထုတ်လွှတ်နေစဉ် လျှို့ဝှက်ဆန်းကြယ်သော မြူခိုးက သူ့ကို လွှမ်းခြုံထားသည်။ သူက ခြေတစ်လှမ်းနှင့်အတူ တိမ်တိုက်များပေါ်သို့ ပျံတတ်သွားသည်။

လောကကို တုန်လှုပ်စေနိုင်သော သူ၏ ကျင့်ကြံခြင်းအရှိန်အဝါက အပြင်သို့ အနည်းငယ်မျှသာ ပျံ့လွင့်သွားသော်လည်း ဤအခိုက်အတန့်မှာ လောကက အပိုင်းပိုင်းအစစ အက်ကွဲသွားတော့မည့်ဟန် ရ၏။

ထိုအကြီးအကဲသည် မဟာအင်မော်တယ်တောင်၏ ဘိုးဘေးဖြစ်ပြီး အဇူရာတောင်ထွတ်အင်မော်တယ်သခင်ဟု နာမည်ကျော်ကြားသည်။

သူက တောင်ပိုင်းကြယ်စင်စု၏ ကောင်းကင်စောင့်ရှောက်သူအဖြစ် ရာထူးခန့်အပ်ခံထားရပြီး သူ၏ ကျင့်ကြံခြင်းအခြေခံက အဆင့်နိမ့်အင်မော်တယ်ဖြစ်သည်။

သူက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်နှင့် သူ၏ ပုံရိပ်က ရှည်လျားလာသည်။ သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ငွေရောင်အလင်းသည်လည်း ပိုပြီးထွန်းလင်းတောက်ပလာသည်။

တဖြည်းဖြည်း ငွေရောင်အလင်းက တောင်ပိုင်းကြယ်စင်စုတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

မိုးသောက်အလင်းမရှိတော့သည့် တောင်ပိုင်းကြယ်စင်စုတွင် သူကိုယ်တိုင်က အလင်းအရင်းအမြစ် ဖြစ်လာသည်။ တောင်ပိုင်းကြယ်စင်စုထဲမှ မည်သူမဆို ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ရုံဖြင့် ကြည်ညိုလေးစားဖွယ်ကောင်းသော သူ့ပုံရိပ်ကို မြင်တွေ့နိုင်လိမ့်မည်။

တူညီစွာပင် အံ့ဖွယ်ကောင်းသော အဖြစ်အပျက်များက အနောက်ပိုင်းကြယ်စင်စု၏ အင်မော်တယ်ဓားဂိုဏ်းနှင့် အရှေ့ပိုင်းကြယ်စင်စု၏ ကြယ်တာရာစက်ဝန်းမျှော်စင်မှာလည်း ထွက်ပေါ်လာကြသည်။

မြောက်ပိုင်းကြယ်စင်စုထဲတွင် နတ်ဘုရားများကို အမြစ်ဖြတ်သုတ်သင်နိုင်ပြီး ကောင်းကင်ဘုံကို ဖြတ်တောက်နိုင်ဟန်ရသော အံ့ဖွယ်ဓားအရှိန်အဝါတစ်ခု ပေါ်လျှိုးလာသည်။ ထိုဓားအရှိန်အဝါက ရောင်ခြည်တန်းအသွင် ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်သို့ မရပ်တန့်နိုင်သော အင်အားနှင့်အတူ ပျံတတ်သွားသည်။

ထိုဓားအရှိန်အဝါအောက်မှာ ခြေလှမ်းဝက်အင်မော်တယ်များက ခေါင်းငုံ့လိုက်ကြပြီး အုပ်ချုပ်သူများက တုန်လှုပ်ချောက်ချားသွားကြသည်။

ထို့နောက် အဆုံးမဲ့သော ဓားအလင်းများက အင်မော်တယ်တစ်ပါးအဖြစ် ပေါင်းစည်းသွားကြသည်။

သူ၏ ဓားကို စိမ်းပြာဓားဟုခေါ်ပြီး ကျင့်ကြံသူများက သူ့ကို စိမ်းပြာဓားအင်မော်တယ်ဟု ခေါ်ဆိုကြသည်။

သူက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မှာ မီးခိုးရောင်ဆံပင် ရှိသည်။ သူက ရှေးဟောင်းဓားတစ်လက်နှင့်အတူ ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

အရှေ့ပိုင်းကြယ်စင်စုတွင်တော့ ဓားအစား အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာသည်။ သူ၏ မျက်ခုံးများက တောင်တန်းများသဖွယ် နိမ့်ချည်မြင့်ချည်ရှိပြီး သူ၏ မျက်လုံးများက ဆောင်းတွင်းရေပမာ ကြည်လင်အေးမြသည်။

သူက ခမ်းနားတောက်ပသော နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ဝတ်စုံပေါ်တွင် ရွှေချည်မျှင်များဖြင့် ဇာထိုးထားသော နဂါးပုံများ၊ ငွေချည်မျှင်များဖြင့် ဇာထိုးထားသော ဖီးနစ်ပုံများ ရှိကြသည်။

သူက ခါးပေါ်တွင် ကျောက်စိမ်းခါးပတ်ကို ဝတ်ဆင်ထားပြီး ရှည်လျားနက်မှောင်သော ဆံနွယ်များက သူ၏ ကျောနောက်မှာ ရေတံခွန်ပမာ ကျဆင်းနေသည်။ သူက လမ်းလျှောက်လိုက်သည့်အခါ မွှေးပျံ့သော ရနံ့တစ်မျိုးက လေထဲမှာ ပျံ့လွင့်သွားသည်။

သူ၏ လှုပ်ရှားမှုများနှင့် အပြုံးများက တစ်စုံတစ်ယောက်၏ နှလုံးသားကို နက်ရှိုင်းစွာ ဖမ်းစားနိုင်စွမ်း ရှိသည်။

သူက ကောင်းကင်ပေါ်သို့ လမ်းလျှောက်သွားနေစဉ် သူ၏ နန်းတွင်းဝတ်စုံက တဖျပ်ဖျပ်လှုပ်ခတ်သွားသည်။ အရှေ့ပိုင်းကြယ်စင်စုထဲမှ သက်ရှိအားလုံးက ထိုအမျိုးသမီးထံသို့ ဦးညွတ်လိုက်ကြပြီး သူ၏ နာမည်ကို ရေရွတ်လိုက်ကြသည်။ သို့သော်လည်း သူတို့က ထိုအမျိုးသမီးကို တိုက်ရိုက် မကြည့်ဝံ့ကြချေ။

လူအန်ကြယ်အင်မော်တယ်သခင်…

နောက်ဆုံးမှာတော့ အနောက်ပိုင်းကြယ်စင်စု ဖြစ်သည်။

တခြားကြယ်စင်စုသုံးခုမှ အင်မော်တယ်များက ကိန်းကြီးခန်းကြီးပုံစံများဖြင့် ထွက်ပေါ်လာကြသော်လည်း အနောက်ပိုင်းကြယ်စင်စုတွင်တော့…

သာမန်အဖိုးအိုတစ်ယောက်က အင်မော်တယ်တာအိုဂိုဏ်းထဲမှ ထွက်ပေါ်လာသည်။

သူက ကြမ်းတမ်းသော ဖျင်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ၏ အဝတ်အစားများက ရွှံ့များဖြင့် ညစ်ပတ်ပေကျံနေသည်။ သူက လယ်သမားအဖိုးအိုတစ်ယောက်နှင့် ဆင်တူသည်။ ဤသည်မှာ သူက လယ်ထွန်နေစဉ် ရုတ်တရက် နှောင့်ယှက်ခံလိုက်ရဟန် ရ၏။

ထို့ကြောင့် သူက စိတ်မပါတပါ လမ်းလျှောက်နေစဉ် လက်ထဲ၌ သစ်သားတုတ်ချောင်းကို ကိုင်ဆောင်ထားသည်။

ထိုတုတ်ချောင်းက ဤနှစ်များတွင် သူနှင့်အတူ အလုပ်ကြိုးစားခဲ့သော အဖော်မွန်ဖြစ်သည်။

တုတ်ချောင်းက အက်ကွဲရာများဖြင့် ပြည့်နှက်နေလေရာ မနက်မိုးလင်းမှ ညမိုးချုပ်သည်အထိ အလုပ်ကြိုးစားခဲ့ကြောင်း ဖော်ပြနေလေသည်။

အဖိုးအိုက ခေါင်းခါလိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ သူ၏ ခြေလှမ်းများက နှေးကွေးလေးဖင့်သည်။ ဤသည်မှာ တစ်စုံတစ်ယောက်က ဘဝတစ်သက်တာအချိန်ကို ဖြတ်ကျော်နေသည့်အလားပင်။

သူ၏ ဘေးတွင် မည်သည့်ကိုယ်ရောင်ကိုယ်ဝါမှ မရှိသလို မည်သည့်ကောင်းချီးပုံရိပ်မှလည်း မရှိပေ။ ယင်းက ရိုးရှင်းသော ခရီးတစ်ခုမျှသာ ဖြစ်ပုံပေါ်သည်။

တခြားအင်မော်တယ်ပုံရိပ်သုံးခုထံမှ ရောင်စဉ်တန်းများက အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော သူ၏ မျက်နှာပေါ်သို့ ကျရောက်လာကြသည်။

သူက တစ်လှမ်းချင်း တစ်လှမ်းချင်း ကောင်းကင်၏ အဆုံးဆီသို့ လျှောက်သွားပြီး အရှေ့၊ တောင်နှင့် မြောက်ကို ကြည့်လိုက်သည်။ ထိုစဉ် အဇူရာတောင်ထွတ်အင်မော်တယ်သခင်၏ စကားသံက တောင်ပိုင်းအရပ်မှ ပဲ့တင်ထပ်လာသည်။

“ အဆိပ်ဘုရင်… မင်းနောက်ကျတယ် ”

“ အမြဲတမ်း ရှင်က နောက်ဆုံးမှ ရောက်လာတယ်… ဘာလဲ ရှင့်ရဲ့ ပန်းပင်တွေနဲ့ သစ်ပင်တွေကို ရေလောင်းပေါင်းသင်ပေးနေရင်း အလုပ်များနေပြန်ပြီလား ”

အရှေ့ပိုင်းကြယ်စင်စု၏ လူအန်ကြယ်အင်မော်တယ်သခင်က ရယ်မောရင်း ပြောသည်။

မြောက်ပိုင်းကြယ်စင်စုမှ စိမ်းပြာဓားအင်မော်တယ်သည်တော့ မည်သည့်စကားမှ မပြောပေ။

အဖိုးအိုက တာအိုစကားသံများကို နားထောင်ပြီး အဆုံးမဲ့သော အကွာအဝေးခြားထားသည့် ထိုပုဂ္ဂိုလ်သုံးယောက်ကို ကြည့်နေရင်း အနည်းငယ် စိတ်မရှည်ဖြစ်လာသည်။

အထူးသဖြင့် သူတို့သုံးယောက်၏ ခန္ဓာကိုယ်များက ကြယ်များသဖွယ် ရောင်ဝါထွန်းလင်းနေကြောင်း သူမြင်လိုက်ရသောအခါ ဖြစ်သည်။ သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည့်အခါ အနက်ရောင်အလင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ချက်ချင်း ပျံ့လွင့်သွားပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။

သူထုတ်လွှတ်လိုက်သော အလင်းရောင်က အထွတ်အမြတ်ကြယ်တစ်လုံးကဲ့သို့ အနောက်ပိုင်းကြယ်စင်စုတစ်ခုလုံး၏ ကောင်းကင်ကို လွှမ်းခြုံသွားသည်။

သို့သော်လည်း တခြားသုံးယောက်၏ သိမ်မွေ့နက်နဲမှု၊ ထက်ရှမှု၊ အေးစက်မှုနှင့် နှိုင်းယှဉ်လျှင် သူထုတ်လွှတ်လိုက်သော အနက်ရောင်အလင်းက အမှောင်ကောင်းကင်ယံနှင့် တစ်သားတည်း ပေါင်းစပ်သွားပြီး အလွန်သိပ်သည်းသော မိစ္ဆာအငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ယင်းက အစောနက သူထုတ်ဖော်ပြခဲ့သော အမူအရာဖြင့် လုံးဝကွဲပြားခြားနားသည်။ သူ၏ အသံသည်လည်း အေးစက်နေသည်။

“ ငါ့မှာ မင်းတို့နဲ့ သောက်စကားပြောဖို့ အချိန်မအားဘူး… စောစောက မင်းတို့ ငါ့ကို ခေါ်တဲ့ပုံစံကို ငါမကြိုက်ဘူး… နောက်တစ်ခါ ငါသဘောမကျတဲ့ အဲ့ဒီနာမည်ကို ထပ်ခေါ်ရဲတယ်ဆိုရင် မင်းတို့ရဲ့ အာဏာစက်တွေထဲမှာ အဆိပ်တချို့ကို ထည့်ပေးလိုက်ဖို့ ငါဝန်လေးနေမှာ မဟုတ်ဘူး ”

အဖိုးအိုက တင်းမာခက်ထန်စွာ ပြောသည်။

သူ့မှာ တာအိုနာမည်အများအပြား ရှိသည်။

သူရဲကောင်းအမတ်၊ မဟာအင်မော်တယ်သခင်၊ ကြီးမြတ်သော အင်မော်တယ်အကြီးအကဲနှင့် အဆိပ်ဘုရင် ဖြစ်သည်။

ပထမနာမည်သုံးခုက သူ့ကိုယ်သူ ပေးထားသော နာမည်များဖြစ်ကြသည်။ နောက်ဆုံးတစ်ခုကတော့ တခြားလူများက သူ့ကို ပေးထားသော နာမည်ဖြစ်သည်။

အဖိုးအို၏ စကားကို ကြားသောအခါ အဇူရာတောင်ထွတ်အင်မော်တယ်သခင်က ခပ်ရေးရေး ပြုံးလိုက်ပြီး လူအန်ကြယ်အင်မော်တယ်သခင်က နက်နဲစွာ တွေးတောလိုက်သည်။ သို့သော်လည်း စိမ်းပြာဓားအင်မော်တယ်က ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး အနောက်ပိုင်းကြယ်စင်စုကို စိုက်ကြည့်လိုက်ကာ ရုတ်တရက် ပြောသည်။

“ မင်း အရေးကြီးအမှတ်ကို ရောက်သွားပြီလား ”

ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း အဇူရာတောင်ထွတ်အင်မော်တယ်သခင်၏ အမူအရာက အေးခဲသွားပြီး လူအန်ကြယ်အင်မော်တယ်သခင်၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင်က ပေါ်လျှိုးလာသည်။

စိမ်းပြာဓားအင်မော်တယ်နှင့် ရင်ဆိုင်ရသည့်အခါ လယ်သမားအဖိုးအိုနှင့် ဆင်တူသည့် အင်မော်တယ်တာအိုဂိုဏ်းမှ အဆိပ်ဘုရင်က ပိုပြီးစိတ်ရှည်ကြောင်း ထင်ရှားသည်။ တစ်ဖက်လူ၏ စကားကို ကြားသောအခါ သူက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

“ အဲ့ဒီစည်းကို ငါထိပြီးသွားပြီ… ဒါပေမဲ့ ကမ္မအပိုင်းအစတစ်ခုကို ငါလိုအပ်နေသေးတယ် ”

သူက နောက်ထပ် ဘာမှဆက်မပြောချင်ကြောင်း ထင်ရှားသည်။ သို့ဖြစ်၍ အဆိပ်ဘုရင်၏ အမူအရာက ပိုပြီးစိတ်မရှည်ဖြစ်လာသည်။

“ မြန်မြန်လုပ်… တန်ဖိုးရှိတဲ့ ငါ့ရဲ့ အချိန်တွေကို မဖြုန်းနဲ့ ”

စိမ်းပြာဓားအင်မော်တယ်က မျက်လုံးမှေးကျဉ်းလိုက်သည်။ သို့သော်လည်း သူက နောက်ထပ် မမေးပေ။

ယင်းကိုမြင်သောအခါ ဤတစ်ကြိမ်တွင် တာဝန်ကျသူအနေဖြင့် တောင်ပိုင်းကြယ်စင်စု၏ အဇူရာတောင်ထွတ်အင်မော်သခင်က ဖြည်းညင်းစွာ ပြောသည်။

“ လူတိုင်းက ဒီရောက်နေကြပြီဆိုမှတော့ အင်မော်တယ်မြို့တော်ရဲ့ စည်းမျဉ်းတွေအရ အခုအချိန်က ဒုတိယအဆင့် စမ်းသပ်မှုရဲ့ အမွေအနှစ်ဆက်ခံခြင်းအပိုင်းကို အသက်သွင်းရမယ့်အချိန်ပဲ… ဒီနည်းနဲ့ အမဲလိုက်ပွဲတော်က ပိုပြီးပြင်းထန်လာလိမ့်မယ် ”

“ တကယ်လို့ ငါတို့က အရည်အချင်းရှိတဲ့ ပါရမီရှင်တွေကို နောက်ဆုံးမှာ ရွေးချယ်နိုင်မယ်ဆိုရင် အဲ့ဒါက ငါတို့အတွက် ကြီးမားတဲ့ အထောက်အကူကို ဖြစ်စေလိမ့်မယ်… အဲ့ဒါက ကောင်းကင်စောင့်ရှောက်သူတွေအနေနဲ့ ငါတို့ရဲ့ တာဝန်ချိန်ကို တိုတောင်းစေပြီး အင်မော်တယ်မြို့တော်ဆီ အမြန်ဆုံး ပြန်နိုင်စေလိမ့်မယ် ”

ထိုသို့ပြောပြီးနောက် အဇူရာတောင်ထွတ်အင်မော်တယ်သခင်က လက်မြှောက်လိုက်သည်။ ချက်ချင်းဆိုသလို နိယာမများနှင့် ဥပဒေသများမှ ဖွဲ့စည်းသွားသော တောင်တစ်လုံးက သူ၏ ဘေးမှာ ဒြပ်ထည်ဖွဲ့စည်းသွားသည်။

လျှပ်တစ်ပြက်အတွင်းမှာ တောင်က ခမ်းနားထည်ဝါလာပြီး တောင်ပိုင်းကြယ်စင်စု၏ ကောင်းကင်ထက်မှာ လွင့်မျောသွားသည်။

တောင်ပိုင်းကြယ်စင်စုထဲမှ တုံကင်ပိုင်ရှင်အားလုံးသည် ယင်းကို မြင်နိုင်ကြပြီး အာရုံခံနိုင်ကြသည်။

မြောက်ပိုင်းကြယ်စင်စုမှ စိမ်းပြာဓားအင်မော်တယ်သည်လည်း လက်မြှောက်လိုက်သည်။ ထိုအခါ ဓားစွမ်းအင်က လေထဲသို့ ပျံတတ်သွားပြီး မြောက်ပိုင်းကြယ်စင်စု၏ ကောင်းကင်ထက်တွင် အဆုံးမဲ့သော ဓားစိတ်ဆန္ဒအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ယင်းက ဓားမိုးအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

အရှေ့ပိုင်းကြယ်စင်စုသည်လည်း ထို့အတူပင်။ လူအန်ကြယ်အင်မော်တယ်သခင်၏ အမွေအနှစ်က အစိမ်းရောင်စက်ကွင်းတစ်ခု ဖြစ်သည်။

ယင်းက ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေပြီး လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုကို ပေးသည်။ အရှေ့ပိုင်းကြယ်စင်စုထဲမှ တုံကင်ပိုင်ရှင်များက ထိုစက်ကွင်းကို အာရုံခံမိသွားသောအခါ စိတ်လှုပ်ရှားသွားကြသည်။

ဤနေရာမှ အကြည့်များက အရှေ့ပိုင်းကြယ်စင်စု၊ တောင်ပိုင်းကြယ်စင်စုနှင့် မြောက်ပိုင်းကြယ်စင်စုဆီသို့ ကျရောက်သွားကြသည်။

အနောက်ပိုင်းကြယ်စင်စု၏ အင်မော်တယ်တာအိုဂိုဏ်းမှ အဆိပ်ဘုရင်သည်လည်း လက်မြှောက်လိုက်သည်။ သို့သော်လည်း သူက မည်သည့်နတ်ဘုရားစွမ်းရည်ကိုမှ မထုတ်ဖော်ပေ။ ယင်းအစား သူက အနက်ရောင်ဝါးချောင်းတစ်ချောင်းကို ထုတ်လိုက်ပြီး ယင်းကို သူ၏ လက်ဖဝါးပေါ်မှာ ချေမွဖျက်ဆီးလိုက်သည်။

ချက်ချင်းဆိုသလို အနက်ရောင်အလင်းက ဝါးချောင်းထဲမှ ပျံ့နှံ့ထွက်လာသည်။

မိုးသောက်အလင်းပျောက်ကွယ်သွားမှုကြောင့် မည်းမှောင်နေသော ကောင်းကင်သည် အစောနက သူထုတ်လွှတ်ခဲ့သော အနက်ရောင်အလင်း၏ ပေါင်းစပ်မှုအောက်မှာ ပိုပြီးနက်မှောင်သွားခဲ့သည်။

သို့တိုင်အောင် ယင်းက ဝါးချောင်းမှ ထုတ်လွှတ်လိုက်သော အနက်ရောင်အလင်းကို မနှိုင်းယှဉ်နိုင်ပေ။ ဤသည်မှာ ထိုအလင်းက အမှောင်ထု၏ စစ်မှန်သော အနှစ်သာရဖြစ်သည့်အလားပင်။ ယင်းနှင့် နှိုင်းယှဉ်လျှင် မည်းမှောင်နေသော ကောင်းကင်က အနည်းငယ် လင်းထိန်နေသေးသည်ဟု ဆိုရမည်။

ယခု ဝါးချောင်းထဲမှ အလင်းရောင်က ပျံ့နှံ့သွားသည့်အခါ အနောက်ပိုင်းကြယ်စင်စုတစ်ခုလုံးက လုံးလုံးမည်းမှောင်သွားသည်။

လောကထဲမှ အလင်းရောင်အားလုံးက ငြိမ်းသတ်သွားသည့်အလား ယင်းတို့က ဤအခိုက်အတန့်မှာ ဆက်ပြီး မတည်ရှိနိုင်တော့ပေ။

တာအိုအတတ်ပညာများနှင့် မန္တန်များမှ အလင်းရောင်သည်ပင် ချွင်းချက်မဟုတ်ပေ။

ထိုမြင်ကွင်းသည် တခြားကြယ်စင်စုသုံးခုနှင့် လုံးဝကွဲပြားခြားနားသည်။ တခြားကြယ်စင်စုသုံးခုတွင် တုံကင်ပိုင်ရှင်အားလုံးက အမွေအနှစ်များကို အာရုံခံနိုင်ကြသည်။

သို့သော်လည်း အနောက်ပိုင်းကြယ်စင်စုတွင်တော့ သူတို့က ခေါင်းမော့လိုက်သည့်အခါ အမှောင်ထုချည်းကိုသာ မြင်နေရ၏။

ထိုမြင်ကွင်းက တခြားကောင်းကင်စောင့်ရှောက်သူသုံးပါး၏ စိတ်ဝင်စားမှုကိုလည်း ဆွဲဆောင်သွားသည်။ သူတို့၏ မျက်နှာပေါ်မှာ ထူးခြားသော အမူအရာက ထွက်ပေါ်လာသည်။

အင်မော်တယ်မြို့တော်၏ ဒုတိယအဆင့် အမဲလိုက်ပွဲတော်မှ အမွေအနှစ်ဆက်ခံခြင်းအပိုင်းနှင့်ပတ်သက်ပြီး တရားဝင်ထုတ်ဖော်မထားသော နားလည်မှုတစ်ခု ရှိသည်။ ယင်းကို သူတို့အားလုံးက ကောင်းမွန်စွာ သိထားကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့ထုတ်လွှတ်ရမည့် အမွေအနှစ်က တမူထူးခြားရမည်။ တစ်နည်းဆိုရသော် အမွေအနှစ်ကို ထုတ်လွှတ်ပြီးနောက် တစ်စုံတစ်ယောက်က ယင်းကို အောင်မြင်စွာ ဆင်ခြင်နားလည်နိုင်သွားမည်ဆိုလျှင် ယင်းက ဆက်ပြီး သူတို့အပိုင် မဟုတ်တော့ပေ။

ယင်းကို အမွေအနှစ်ဟု ခေါ်ဆိုသော်လည်း အမှန်မှာ ယင်းက အခွင့်အာဏာ တာအိုအမှတ်အသားဖြစ်သည်။ အရေးကြီးဆုံးမှာ ထိုထဲတွင် အာဏာစက်၏ အမျှင်တန်းတစ်ခု ကိန်းအောင်းနေသည်။

သို့ဖြစ်၍ ထိုအမွေအနှစ်က မည်မျှတန်ဖိုးကြီးမားကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

ထို့ကြောင့် ကောင်းကင်စောင့်ရှောက်သူများသည် ထိုအမွေအနှစ်များကို သူတို့၏ တပည့်များအတွက် ပြင်ဆင်ထားကြခြင်း ဖြစ်သည်။ သူတို့၏ အသိအမှတ်ပြုမှုကို ရရှိထားသူများသာလျှင် အမွေအနှစ်ကို အလွယ်တကူ ဆင်ခြင်နားလည်နိုင်ကြလိမ့်မည်။

သို့သော်လည်း အပြင်ပန်းအရတော့ ကောင်းကင်စောင့်ရှောက်သူ၏ ကြယ်စင်စုထဲမှ တုံကင်ပိုင်ရှင်အားလုံးက ယင်းကို ဆင်ခြင်နားလည်နိုင်ကြသည်။ သို့သော်လည်း သူတို့က ကောင်းကင်စောင့်ရှောက်သူ၏ အသိအမှတ်ပြုမှုကို မရရှိထားသောကြောင့် သူတို့အတွက် အောင်မြင်နိုင်ခြေက မရှိသလောက် နည်းပါးသည်။

သူတို့က အမွေအနှစ်၏ အနှစ်သာရကို နားမလည်နိုင်ကြပေ။

ယင်းက နှစ်ပေါင်းများစွာကြာအောင် တည်ရှိနေခဲ့သည့် တရားဝင်ထုတ်ဖော်မထားသော နားလည်မှုဖြစ်သည်။

သို့သော်လည်း သူတို့က ဂုဏ်သိက္ခာကြီးမြတ်သော အင်မော်တယ်များအနေဖြင့် အနည်းဆုံး ဟန်ဆောင်ပြရလိမ့်မည်။

သို့သော်လည်း ယခု အဆိပ်ဘုရင်က ထိုဟန်ဆောင်သည့်အပိုင်းကိုပင် ဖယ်ရှားလိုက်သည်။

ဝါးချောင်းထဲမှ ထုတ်လွှတ်လိုက်သော အနက်ရောင်အလင်းထဲမှ အမွေအနှစ်ကို တုံကင်ပိုင်ဆိုင်ထားရုံမျှဖြင့် ဆင်ခြင်နားမလည်နိုင်ပေ။ ယင်းကို ဆင်ခြင်နားလည်နိုင်ရန် တစ်စုံတစ်ယောက်က ထူးခြားသော သဘာဝအစွမ်းတစ်ခုကို ပိုင်ဆိုင်ထားရန် လိုအပ်သည်။

ထူးခြားသော ပုဂ္ဂိုလ်များမှလွဲ၍ တခြားလူများက ယင်းကို ဆင်ခြင်နားလည်ရန် လုံးဝ အခွင့်အရေးရလိမ့်မည် မဟုတ်ချေ။

“ ထားလိုက်စမ်းပါ… အဲ့ဒီအဖိုးကြီးက သူ့ဥစ္စာဆိုရင် အရမ်းကာကွယ်တတ်တာ… ဒါကြောင့်လည်း သူ့ရဲ့ အနောက်ပိုင်းကြယ်စင်စုထဲမှာ ပါရမီရှင်တွေ ရှားပါးနေတာပေါ့… ဒီလိုနည်းလမ်းက… ”

အဇူရာထောင်ထွတ်အင်မော်တယ်သခင်က ခေါင်းယမ်းလိုက်ပြီး ယင်းကို မသိချင်ယောင်ဆောင်လိုက်သည်။ ထို့နောက် သူက ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ပြီး နေရာမှ ပျောက်ကွယ်သွားသည်။

တခြားကြယ်စင်စုနှစ်ခုမှ ကောင်းကင်စောင့်ရှောက်သူများသည်လည်း ထို့အတူပင်။

အင်မော်တယ်တာအိုဂိုဏ်း၏ အဆိပ်ဘုရင်သည်တော့ အစောကြီးကတည်းက ထွက်သွားပြီးပြီ ဖြစ်သည်။

ဤအခိုက်အတန့်မှာ အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံး၏ ကောင်းကင်က တုန်ယင်သွားသည်။ အရှေ့ကြယ်စင်စု၊ တောင်ပိုင်းကြယ်စင်စုနှင့် မြောက်ပိုင်းကြယ်စင်စုတွင် အင်မော်တယ်များ၏ အမွေအနှစ်များက ရောင်ဝါထွန်းလင်းတောက်ပနေကြသည်။

အနောက်ပိုင်းကြယ်စင်စုတွင်သာ ကောင်းကင်က မည်းမှောင်နေသည်။

အနောက်ပိုင်းကြယ်စင်စု၏ အရှေ့အလယ်ပိုင်း၌…

ထိုနေရာတွင် အလွန်ကျယ်ပြောသော ကုန်းမြေတစ်ခု ရှိသည်။ ယင်းက လီမိသားစု၏ ကန့်သတ်ဧရိယာဖြစ်သည်။

ထိုဧရိယာထဲတွင် မျှော်စင်ကိုးထောင်က ထောင်မတ်နေကြသည်။

အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်ပေါ်မှ ငုံ့ကြည့်မည်ဆိုလျှင် ယင်းက ရှေးဟောင်းစည်းချအစီအရင်တစ်ခုနှင့် ဆင်တူကြောင်း မြင်ရလိမ့်မည်။

မျှော်စင်ကိုးထောင်၏ အလယ်ဗဟိုတွင် အရှည်လျားဆုံး မျှော်စင်တစ်ခုရှိပြီး ယင်းက ပေပေါင်းတစ်သန်း မြင့်မားသည်။ သို့ဖြစ်၍ မျှော်စင်၏ ထိပ်ဖျားက ကောင်းကင်ထဲထိ ထိုးဖောက်နေသည်။

ပုဂ္ဂိုလ်တစ်ယောက်က မျှော်စင်၏ အပေါ်ဆုံး အထပ်တွင် တင်ပျဉ်ခွေထိုင်နေသည်။

အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ကြယ်ရှစ်ပွင့်အနက် အနောက်ပိုင်းကြယ်စင်ထဲတွင် ကြယ်တစ်ပွင့်သာ ရှိသည်။

သူက လီမုန့်တု ဖြစ်သည်။

ဤအခိုက်အတန့်မှာ သူက ခေါင်းမော့လိုက်ပြီး မည်းမှောင်နေသော ကောင်းကင်ကို စိုက်ကြည့်လိုက်သည်။

ယင်းက သူ့ဆရာ သူ့အတွက် ဖန်တီးပေးထားသော အခွင့်အရေးဖြစ်ကြောင်း သူနားလည်သည်။

သူတစ်ယောက်တည်းသာ ယင်းကို ဆင်ခြင်နားလည်နိုင်သည်။

“ ဒီဟာကို ဆင်ခြင်နားလည်နိုင်မယ်ဆိုရင် ငါ့မှာ အခွင့်အာဏာငါးခု ရှိသွားလိမ့်မယ်… ပြီးတော့ ဒီအခွင့်အာဏာထဲမှာ အာဏာစက်ရဲ့ အမျှင်တန်းတစ်ခုတောင် ပါဝင်နေသေးတယ်… အဲ့ဒါက ငါ့ကို အနာဂတ်မှာ အင်မော်တယ်တစ်ပါးဖြစ်လာဖို့ ကြီးမားတဲ့ အထောက်အကူတွေ ပေးလိမ့်မယ် ”

ထိုသို့တွေးမိသောအခါ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ စိတ်ဓာတ်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူ၏ တိုက်ပွဲစွမ်းအားကြောင့် အင်မော်တယ်နယ်ပယ်သို့ တတ်လှမ်းရန် သူ့အတွက် ဘာပြဿနာမှမရှိကြောင်း သူနားလည်သည်။ သူက အနာဂတ်မှာ အင်မော်တယ်တစ်ပါးဖြစ်လာသည့်အခါကျလျှင် သူ၏ မိသားစုက တစ်ဟုန်ထိုး မြင့်တတ်သွားလိမ့်မည်။

သူ၏ မိသားစုသည် အတိတ်တွင် နွေဦးအင်မော်တယ်တစ်ပါးကို မွေးထုတ်ခဲ့ဖူးသည်။ ထိုအင်မော်တယ်က သူတို့မိသားစု၏ ဘိုးဘေးဖြစ်သည်။

ကောလဟာလအရ ထိုဘိုးဘေးသည် အမှတ်ငါးကြယ်တာရာစက်ဝန်း၏ ဒေသခံကျင့်ကြံသူမဟုတ်ပေ။ ယင်းအစား သူက တခြားကြယ်တာရာစက်ဝန်းမှ ရောက်ရှိလာသော ကျင့်ကြံသူဖြစ်သည်။

နောက်ဆုံးမှာတော့ သူက ဤနေရာမှာ နိဂုံးချုပ်သွားခဲ့သည်။

သူ၏ သားစဉ်မြေးမြစ်များသည် သူ၏ အမွေအနှစ်ကို ဆက်ခံပြီး ယနေ့ထိတိုင် ရှင်သန်ရပ်တည်နိုင်ခဲ့ကြသည်။

လီမုန့်တုသည် ထိုဘိုးဘေး၏ တိုက်ရိုက် မျိုးဆက်အနေဖြင့် ယင်းက ကောလဟာလမဟုတ်ဘဲ အမှန်ဖြစ်ကြောင်း သူသိထားသည်။

သူ့မိသားစု၏ လက်ရှိအခြေအနေက အတော်လေး ဆိုးဝါးနေကြောင်း သူနားလည်သည်။ သို့တိုင်အောင် သူက လုံ့လဝီရိယရှိစွာ ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ပြီးနောက် အင်မော်တယ်တာအိုဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး အဆိပ်ဘုရင်၏ တပည့်ဖြစ်လာခဲ့သည်။

“ မလုံလောက်သေးဘူး… ငါဆက်ပြီး ကြိုးစားရမယ် ”

ထိုသို့တွေးမိသောအခါ လီမုန့်တုက ကောင်းကင်ကို စိုက်ကြည့်လိုက်ပြီး စတင်ဆင်ခြင်သုံးသပ်လိုက်သည်။

တစ်ချိန်တည်းမှာ တာအိုချောက်ကမ်းပါးပေါ်တွင် ရွှီချင်းသည်လည်း ကောင်းကင်ကို စိုက်ကြည့်နေသည်။

ရုတ်တရက် ပြောင်းလဲသွားသော အမှောင်ကောင်းကင်ကို သူက လေ့လာကြည့်ရှုနေသည်။

သူက ထိုအမှောင်ထုထဲတွင် ဧရာမပန်းတစ်ပွင့်ကို ဝေဝေဝါးဝါး မြင်တွေ့နေရသည်။

ပန်းပွင့်၏ ပွင့်ချပ်တစ်ခုစီပေါ်တွင် ပြိုင်ဘက်ကင်းအောင် ချောမောလှပသော အမျိုးသမီးတစ်ယောက်၏ မျက်နှာ ရှိသည်။

“ အဲ့ဒါက… ”

All Chapters