← Chapters

တာအိုတိုက်စားခြင်းပန်းပွင့်

Vol. 103 Ch. 1591

တာအိုတိုက်စားခြင်းပန်းပွင့်

Vol. 103 Ch. 1591

အနောက်ပိုင်းကြယ်စင်စု၏ ကောင်းကင်ထက်၌ ရွှီချင်း၏ မျက်လုံးထဲတွင် ပုံရိပ်ပြန်လာသည်မှာ ဗလာနတ္ထိထဲတွင် အမြစ်တွယ်နေသော ပန်းတစ်ပွင့်ဖြစ်သည်။ ပန်းပွင့်က လှုပ်ယမ်းနေစဉ် အေးစက်စက်လေက ပေါ်လျှိုးလာပြီး အော်ဟစ်ညည်းညူသံများက ပျံ့လွင့်လာသည်။

ယင်းက ချောက်ချားဖွယ်ကောင်းပြီး ကျောချမ်းစရာကောင်းသည်။

ပန်းပွင့်၏ ရိုးတံက ရစ်ခွေနေသော စပါးအုံးမြွေနှင့် ဆင်တူသည်။ ရိုးတံပေါ်မှ ချွန်ထက်သော အဆူးများက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့် လျှို့ဝှက်ဆန်းကြယ်မှုကို ပေးသည်။ ၎င်းထံမှ ထုတ်လွှတ်နေသော ရက်စက်ကြမ်းကြုတ်မှုကို အမှောင်ကောင်းကင်ထဲမှာပင် ခံစားနိုင်သည်။

ပန်းပွင့်၏ သစ်ရွက်များက သေးငယ်ပြီး ခရမ်းရောင်ဖြစ်သည်။ သစ်ရွက်များက မီးတောက်များဖြင့် အပူပေးခံထားရသည့်အလား အစွန်းများက မညီညာပေ။ ထို့ပြင် အနက်ရောင်သွေးကြောများက သစ်ရွက်များပေါ်မှာ အထင်အရှား ထွက်ပေါ်နေကြသည်။

ပန်းပွင့်ကိုယ်၌က ပိုပြီးချောက်ချားစရာကောင်းသည်။ ၎င်း၏ ပွင့်ချပ်များက နီညိုရောင်ဖြစ်ပြီး အစွန်းများက အနက်ရောင်ဖြစ်သည်။ ဤသည်မှာ ၎င်းက မရဏလောကထဲမှာ ပွင့်သော ပန်းပွင့်ဖြစ်သည့်အလားပင်။

ပန်းပွင့်တွင် စုစုပေါင်းပွင့်ချပ်(၁၂)ခု ရှိကြသည်။ ပွင့်ချပ်တစ်ခုစီတွင်လည်း တုနှိုင်းမဲ့အောင် ချောမောလှပသော အမျိုးသမီးတစ်ယောက်၏ မျက်နှာ ရှိကြသည်။

တချို့က ပြုံးထားကြပြီး တချို့က ငိုကြွေးနေကြသည်။ တချို့သည်တော့ ဒေါသထွက်နေကြသည်။

သူတို့၏ အမူအရာက မတူညီသော်လည်း သူတို့တစ်ယောက်စီက တခြားကမ္ဘာမှ ဆင်းသက်လာသော နတ်မိမယ်များသဖွယ် ချောမောလှပကြသည်။

သူတို့၏ ဆံနွယ်ရှည်က ပွင့်ချပ်များပေါ်တွင် ပျံ့နှံ့နေကြပြီး မရေမတွက်နိုင်သော လက်တံများသဖွယ် အပြင်သို့ ဆန့်တန်းနေကြသည်။

လေတိုးဝှေ့သွားသည့်အခါတိုင်း ယင်းတို့က ဘယ်ညာယိမ်းနွဲ့သွားကြလေရာ သားကောင်ကို ရှာဖွေနေကြဟန် ရ၏။

ပန်းပွင့်က ပွင့်လန်းသွားသည်နှင့် အမျိုးသမီး၏ ကိုယ်သင်းရနံ့က ပျံ့လွင့်လာသည်။ သို့သော်လည်း ထိုရနံ့ကို အချိန်အတော်ကြာ ထိတွေ့မည်ဆိုလျှင် ယင်းက ခန္ဓာကိုယ်အတွင်းမှာ ရွံရှာဖွယ်ကောင်းသော အပုပ်နံ့အဖြစ် ပြောင်းလဲသွားလိမ့်မည်။

ထိုပန်းပွင့်ကို ကြည့်နေစဉ် ရွှီချင်း၏ မျက်လုံးထဲမှာ အနက်ရောင်အလင်း ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်တွင် ၎င်းတို့၏ သက်ဆိုင်ရာတိုတမ်ပုံရိပ်များက ထွန်းလင်းတောက်ပနေကြသည်။ တိုတမ်ပုံရိပ်တစ်ခုစီက အင်မော်တယ်တစ်ပါး၏ အမွေအနှစ်ကို ကိုယ်စားပြုကြသည်။ မိုးသောက်အလင်းပျောက်ကွယ်သွားပြီးနောက် ကောင်းကင်ပေါ်မှ ထိုတိုတမ်ပုံရိပ်များက အလင်းအရင်းအမြစ် ဖြစ်လာကြသည်။

အရည်အချင်းပြည့်မီတုံကင် မရှိသော ကျင့်ကြံသူများသည်တော့ သူတို့က ကောင်းကင်ကို မည်သို့စိုက်ကြည့်ပါစေ အမှောင်ထုချည်းကိုသာ မြင်တွေ့ရလိမ့်မည်။ အရည်အချင်းပြည့်မီတုံကင်ကို ပိုင်ဆိုင်ထားကြသော ကျင့်ကြံသူများသည်သာ တိုတမ်ပုံရိပ်များကို အာရုံခံနိုင်ကြသည်။

ရလဒ်အနေဖြင့် တုံကင်ပိုင်ဆိုင်ထားကြသော လူများသည် သူတို့၏ ကိုယ်ပိုင်စွမ်းအားဖြင့်ဖြစ်စေ သို့မဟုတ် ဓမ္မရတနာများ၏ အကူအညီဖြင့်ဖြစ်စေ သို့မဟုတ် တခြားနည်းလမ်းများဖြင့်ဖြစ်စေ တိုတမ်ပုံရိပ်များကို ဆင်ခြင်နားလည်ရန် ကြိုးစားလိုက်ကြသည်။

ယင်းက အင်မော်တယ်မြို့တော်၏ ဒုတိယအဆင့် စမ်းသပ်မှု၏ အရေးကြီးဆုံးအပိုင်းဖြစ်ကြောင်း သူတို့နားလည်ကြသည်။

အမွေအနှစ်ဆက်ခံခြင်းအပိုင်းက ပြိုင်ပွဲဝင်သူတိုင်းအတွက် လက်ဆောင်တစ်ခု ဖြစ်သည်။

ဤအဆင့်ပြီးနောက် ပြိုင်ပွဲဝင်သူများသည် သူတို့ဆင်ခြင်နားလည်ခဲ့သော အရာပေါ်မူတည်၍ တိုက်ပွဲစွမ်းအား ကွာခြားသွားကြလိမ့်မည်။

အမွေအနှစ်၏ အနှစ်သာရတစ်စိတ်တစ်ပိုင်းကို ဖမ်းဆုပ်နိုင်ခြင်းသည်ပင် တစ်စုံတစ်ယောက်၏ တိုက်ပွဲစွမ်းအားကို ကြီးကြီးမားမား တိုးမြှင့်ပေးနိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်က အမွေအနှစ်၏ စစ်မှန်သော အနှစ်သာရကို ဆင်ခြင်နားလည်နိုင်မည်ဆိုလျှင် သူတို့က နဂါးဂိတ်တံခါးကို ဖြတ်ကျော်ပြီး ကြီးမားသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်သွားကြလိမ့်မည်။

မည်သို့ဖြစ်ပါစေ ဤအမွေအနှစ်များထဲမှာ အာဏာစက်၏ အမျှင်တန်းတစ်ခု ပါဝင်နေသည်။

အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှ လူတိုင်းက အာဏာစက်၏ တန်ဖိုးကို နားမလည်နိုင်ကြပေ။ သို့သော်လည်း အရည်အချင်းပြည့်မီတုံကင်ကို ပိုင်ဆိုင်ထားကြသော လူများက မည်သို့ကြောင့် သာမန်ဖြစ်နိုင်မည်နည်း။ သူတို့က အာဏာစက်အကြောင်းကို အသေးစိတ် မသိထားနိုင်သော်လည်း ယင်းကို သေချာပေါက် ကြားဖူးကြသည်။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ တုံကင်ပိုင်ရှင်အားလုံး၏ နှလုံးသားထဲ၌ ပြင်းပြသော လိုအင်ဆန္ဒက ထွက်ပေါ်လာကြသည်။

ယခင်အခေါက်များတွင် ထိုအမွေအနှစ်များကို မဟာဂိုဏ်းကြီးလေးဂိုဏ်း၏ တပည့်များသာလျှင် အောင်မြင်စွာ ဆင်ခြင်နားလည်နိုင်ခဲ့ကြသည်။ ထို့ပြင် သူတို့က ဤအဆင့်၏ ကြိုတင်အရွေးချယ်ခံများဖြစ်သည်ဟုပင် ကောလဟာလများ ရှိကြသည်။ သို့တိုင်အောင် ယင်းက သူတို့၏ လိုအင်ဆန္ဒကို မချိုးနှိမ်ပစ်နိုင်ပေ။

မည်သို့ဖြစ်ပါစေ မတော်တဆမှုက ဖြစ်ပေါ်လာနိုင်ဆဲပင်။

သို့ဖြစ်၍ သူတို့က ဤအခွင့်အရေးအတွက် ကိုယ်တိုင် တိုက်ခိုက်ရလိမ့်မည်။

သို့သော်လည်း အရှေ့ပိုင်းကြယ်စင်စု၊ တောင်းပိုင်းကြယ်စင်စုနှင့် မြောက်ပိုင်းကြယ်စင်စုမှ တုံကင်ပိုင်ရှင်များက အမွေအနှစ်ကို ဆင်ခြင်နားလည်ရန် တစ်ယောက်နှင့်တစ်ယောက် အပြင်းအထန် ယှဉ်ပြိုင်နေကြစဉ် အနောက်ပိုင်းကြယ်စင်စုက တိတ်ဆိတ်ငြိမ်သက်နေသည်။

အနောက်ပိုင်းကြယ်စင်စု၏ ကောင်းကင်က လုံးဝမှောင်မိုက်နေသည်။

ဤနေရာတွင် အရည်အချင်းပြည့်မီတုံကင်မရှိသော လူများက ခေါင်းမော့ကြည့်သည့်အခါ မည်သည့်အရာကိုမှ မမြင်နိုင်ကြပေ။ တုံကင်ပိုင်ဆိုင်ထားကြသော လူများသည်ပင် ဘာမှမထူးခြားပေ။

သူတို့က အမှောင်ထုမှလွဲ၍ တခြားဘာမှမမြင်နိုင်ကြပေ။

အမှောင်ထုက အရာအားလုံးကို ဖုံးလွှမ်းထားသည်။

တချို့က စိတ်ဆိုးသွားကြပြီး တချို့က စိတ်ရှုပ်ထွေးသွားကြသည်။ တချို့သည်တော့ မကျေမနပ်ဖြစ်သွားကြသည်။ သို့သော်လည်း အနောက်ပိုင်းကြယ်စင်စုထဲမှ ကျင့်ကြံသူအများစုသည် ဤအခြေအနေအတွက် ဘာမှမတတ်နိုင်ကြချေ။

လက်မလျော့ချင်သော ပညာရှင်ကျင့်ကြံသူတချို့မှလွဲ၍ ကျန်ကျင့်ကြံသူအများစုက သူတို့၏ ကံကြမ္မာကို လက်ခံလိုက်ကြသည်။

အင်မော်တယ်တာအိုဂိုဏ်း၏ အင်မော်တယ်က အပြင်လူများကို ဤအမွေအနှစ်အား ဆင်ခြင်နားလည်ခွင့်မပေးမှတော့ သူတို့က ဘာများတတ်နိုင်ဦးမည်နည်း။

မည်သို့ဖြစ်ပါစေ သူတို့က အမှောင်ထုမှလွဲ၍ ဘာမှမမြင်နိုင်ကြချေ။

တာအိုချောက်ကမ်းပါးပေါ်တွင် မတ်တတ်ရပ်နေသော ရွှီချင်းသည်တော့ အမှောင်ကောင်းကင်ယံကို စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးများက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသော ထူးဆန်းသည့် ပန်းပွင့်ပေါ်သို့ ကျရောက်နေသည်။ တစ်ချိန်တည်းမှာ သူ၏ မျက်လုံးထဲမှ အနက်ရောင်အလင်းက ပိုပြီးထွန်းလင်းလာသည်။

သူ့အတွက်တော့ ဤပန်းပွင့်က ပုံရိပ်တစ်ခုမျှသာ မဟုတ်ပေ။

ယင်းက လုံးဝကြည်လင်ရှင်းလင်းသည်။

“ အဲ့ဒါက အမွေအနှစ်တစ်ခုပဲ ”

ရွှီချင်းက ပန်းပွင့်ကို စိုက်ကြည့်လိုက်ပြီးနောက် ယင်းက တာအိုအမွေအနှစ်တစ်ခုဖြစ်ကြောင်း ချက်ချင်း သူနားလည်သွားသည်။ ထိုအခါ သူ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။

အဘယ့်ကြောင့်ဆိုသော် ဤပန်းပွင့်ပေါ်တွင် သူအာရုံခံမိသော အရှိန်အဝါက အခွင့်အာဏာ တာအိုအမှတ်အသားများထက် အများကြီး ပိုမြင့်မြတ်သည်။

“ အဲ့ဒါက… ”

ရွှီချင်း၏ သူငယ်အိမ်က ကျုံ့သွားပြီး သူ၏ အသက်ရှူသံက အနည်းငယ် မြန်ဆန်လာသည်။

သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်လိုက်သည့်အခါ ဤတာအိုချောက်ကမ်းပါးပေါ်တွင် တရားကျင့်ကြံနေသော ကျင့်ကြံသူတချို့က ကောင်းကင်ပေါ်သို့ တစ်ချက်သာကြည့်ပြီး အကြည့်ပြန်ရုပ်သွားကြောင်း သူသတိထားမိသွားသည်။

ယင်းက ရွှီချင်းကို တုံ့ဆိုင်းသွားစေသည်။

“ အဲ့ဒီလူတွေထဲမှာ နှစ်ယောက်က တုံကင်ပိုင်ရှင်တွေပဲ… ဒါပေမဲ့ သူတို့ရဲ့ အာရုံခံနိုင်တဲ့ အကွာအဝေးက ငါ့လောက် မကျယ်ဝန်းဘူး… ဒါကြောင့် သူတို့က ငါ့ကို အာရုံမခံနိုင်ဘူး ”

“ တခြားလူတွေက ကောင်းကင်ကို မော့မကြည့်ကြဘူး… တုံကင်ပိုင်ရှင်နှစ်ယောက်လည်း အတူတူပဲ… ”

“ အဲ့ဒါကို မမြင်နိုင်ဘူးလား… ဒီပန်းပွင့်နဲ့ပတ်သက်ပြီး တစ်ခုခု ထူးခြားနေတာလား ”

ရွှီချင်းက တွေးတောစဉ်းစားလိုက်ပြီး သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်လိုက်သည်။ သူက ဘေးပတ်ဝန်းကျင်ရှိ သူ့ထက် အဆင့်နိမ့်သော ကျင့်ကြံသူများ၏ အမူအရာကို စစ်ဆေးလေ့လာလိုက်သည်။

အထူးသဖြင့် သူက အုပ်စုဖွဲ့နေထိုင်ကြသော ကျင့်ကြံသူများကို အဓိက ပစ်မှတ်ထားလိုက်သည်။

မကြာမီ သူက ထိုလူများ၏ အမူအရာများနှင့် သူတို့၏ စကားများမှတဆင့် အဖြေကို ရှာတွေ့သွားသည်။

“ အမွေအနှစ်ဆက်ခံခြင်းအပိုင်း ”

“ တုံကင်ပိုင်ရှင်အားလုံးက အဲ့ဒါကို ဆင်ခြင်နားလည်နိုင်တယ် ”

“ သူတို့က မမြင်နိုင်ကြဘူး… ”

ရွှီချင်းက မြန်ဆန်စွာ တွေးတောလိုက်သည်။ ရုတ်တရက် သူ၏ နှလုံးခုန်သံက မြန်ဆန်လာပြီး သူက ခေါင်းမော့လိုက်ကာ ပန်းပွင့်ကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် သေးငယ်သော ချည်မျှင်တစ်မျှင်က ချောက်ချားဖွယ်ကောင်းသော ပန်းပွင့်ထံမှ ထွက်ပေါ်လာပြီး အရှေ့အရပ်မှ မိုးကုပ်စက်ဝိုင်းဆီသို့ လွင့်မျောသွားနေသည်။

ဤသည်မှာ အရှေ့အရပ်မှ တည်ရှိမှုတစ်ခုက ပန်းပွင့်ကို စုပ်ယူနေသည့်အလားပင်။

၎င်း၏ စုပ်ယူမှု အမြန်နှုန်းအရ ပန်းပွင့်ပျောက်ကွယ်သွားရန် အနည်းဆုံး ဆယ်ရက်ကြာမြင့်လိမ့်မည်။

ယင်းကို မြင်သောအခါ စိတ်ဓာတ်ပြတ်သားမှုက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အသေးစိတ်ကို ငါမသိပေမဲ့ ဒီလိုအမွေအနှစ်ကို လက်လွှတ်လိုက်ရမှာ နှမြောစရာပဲ ”

ထိုသို့တွေးမိသောအခါ ရွှီချင်းက နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူက ကောင်းကင်ပေါ်မှ ပန်းပွင့်ကို အာရုံစူးစိုက်လိုက်ပြီး ဆင်ခြင်နားလည်လိုက်သည်။

ပထမဆုံး သူမြင်လိုက်ရသည်မှာ ပွင့်ချပ်များပေါ်မှ အမျိုးသမီးမျက်နှာများ ဖြစ်သည်။

နောက်အခိုက်အတန့်မှာ ထူးဆန်းသော တီးတိုးရေရွတ်သံများက သူ၏ နားထဲသို့ ဝင်ရောက်လာပြီး သူ၏ အသိစိတ်ထဲသို့ ပျံ့လွင့်သွားသည်။

အချိန်တစ်ခဏကြာပြီးနောက် နီလာခရမ်းရောင်အလင်းက ရွှီချင်း၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ သူက ကြီးမားသော ဝေဒနာကို ခံစားလိုက်ရသည့်အလား သူ၏ အသွေးအသားများက လူးလွန့်သွားသည်။ ထို့နောက် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော တစ္ဆေမျက်နှာများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထိန်းချုပ်မရအောင် ထွက်ပေါ်လာကြသည်။

ထိုမျက်နှာများက ပုံပျက်တွန့်လိမ်နေကြပြီး ခြိမ်းခြောက်သော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။ ဤသည်မှာ ၎င်းတို့က သူ့ကို ဝါးမျိုရန် ကြိုးစားနေကြသည့်အလားပင်။

ရွှီချင်း၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်သွားသည်။ အခွင့်အာဏာအစွမ်းက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး သူ့ကို ဤဆင်ခြင်နားလည်မှုမှ အတင်းအဓမ္မ ဆွဲထုတ်လိုက်သည်။

သူက မျက်လုံးဖွင့်လိုက်သည့်အခိုက် ပမာဏများပြားသော သွေးကို အန်ထုတ်လိုက်ရသည်။

သွေးက မြေပြင်ပေါ်သို့ ပြန့်ကျဲသွားသည်နှင့် ယင်းက ညကောင်းကင်ယံမှ ပန်းပွင့်နှင့် တစ်ထပ်တည်းတူသော ပန်းပွင့်အဖြစ် ပြောင်းလဲသွားသည်။ သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာ ပန်းပွင့်က မြန်ဆန်စွာ ညှိုးနွမ်းခြောက်သွေ့သွားပြီး ပြာအဖြစ် ပြောင်းလဲသွားသည်။ ဆင်ခြင်နားလည်မှုက ကျရှုံးသွားသည်။

“ ငါ့နည်းလမ်းက မှားယွင်းနေတယ်… ငါက ပန်းပွင့်ရဲ့ အနှစ်သာရကို ဆင်ခြင်နားလည်ဖို့ ကြိုးစားခဲ့ပေမဲ့ အဲ့ဒါက လက်ရှိ ငါ့ရဲ့ လုပ်နိုင်စွမ်းထက် ကျော်လွန်နေတယ်… ပြီးတော့ ဒီအမွေအနှစ်က ခရီးတစ်လျှောက် ငါဆင်ခြင်နားလည်ခဲ့တဲ့ ဒဏ္ဍာရီလာနေရာတွေနဲ့ ကွဲပြားခြားနားတယ် ”

ရွှီချင်းက တွေးတောလိုက်သည်။ ဆယ်ငါးမိနစ်ကြာပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ ဒြပ်စင်ငါးမျိုးက လှည့်ပတ်သွားကြပြီး အချိန်နှင့် လေဟာနယ်က ပေါ်လျှိုးလာကြသည်။ ပယ်ဖျက်ခြင်းအခွင့်အာဏာနှင့် သူခိုးခြောက်ယောက်လှည့်စားခြင်းက သူ၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသွားကြသည်။

သူက အခွင့်အာဏာများ၏ စွမ်းအားကို အသုံးပြု၍ သူ့ကိုယ်သူ အားဖြည့်ပေးလိုက်ကာ ပန်းပွင့်ကို နောက်တစ်ကြိမ် စိုက်ကြည့်လိုက်သည်။

ဤတစ်ကြိ်မတွင် သူက မတူညီသော အခွင့်အာဏာများကို အသုံးပြု၍ ထိုပန်းပွင့်ကို လှုံ့ဆော်လိုက်သည်။

တစ်နာရီကြာပြီးနောက် ရွှီချင်း၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားပြီး ခြောက်သွေ့သွားသည်။ သူက အရိုးပေါ်အရေတင် ခန္ဓာကိုယ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် သွေးက သူ၏ မွေးညင်းပေါက်များမှတဆင့် စိမ့်ထွက်လာသည်။ သွေးက မြေပြင်ပေါ်သို့ ကျဆင်းသွားသည့်အခါ ပန်းပွင့်ပင်လယ်အဖြစ် ပြောင်းလဲသွားသည်။

ပန်းပွင့်ပင်လယ်က မြန်ဆန်စွာ ညှိုးနွမ်းခြောက်သွေ့သွားသည်။ ရွှီချင်းက ခက်ခက်ခဲခဲ မျက်လုံးပြန်ဖွင့်လိုက်ရသည်။ သူက မူးဝေခြင်းကို ခံစားမိသွားပြီး သူ၏ ခန္ဓာကိုယ်က အလွန်အားနည်းသွားသည်။

သူက နောက်တစ်ကြိမ် ကျရှုံးသွားပြန်သည်။

“ ဒီနည်းလမ်းက မမှန်သေးဘူး ”

“ ဒါဆိုရင် အတိတ်မှာ တစ္ဆေအင်ပါယာတောင်ကုန်းကို တံဆိပ်ရိုက်ခတ်ဖို့ ငါအသုံးပြုခဲ့တဲ့ နည်းလမ်းကို ကြိုးစားကြည့်ရမယ် ”

“ ဒီပန်းပွင့်ကို ငါ့ရဲ့ အသိစိတ်ပင်လယ်ထဲ ရွှေ့ပြောင်းရမယ် ”

ရွှီချင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှ သွေးကို ရှင်းလင်းလိုက်ပြီး ဆေးလုံးတချို့ကို မျိုချလိုက်သည်။ အသက်ရှူချိန်အနည်းငယ် တိတ်ဆိတ်နေပြီးနောက် သူက လျောင်ရွှမ်းသူတော်စင်အရည်ကို ထုတ်လိုက်ပြီး တစ်ကြိမ်တည်း ပုလင်းဒါဇင်ခန့် သောက်သုံးလိုက်သည်။ ထိုအခါ သူ၏ အကြည့်က တဖြည်းဖြည်း သိမ်မွေ့နက်နဲလာသည်။

အချိန်က တရွေ့ရွေ့ စီးဆင်းသွားသည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက် ရွှီချင်းက ပုံမှန်အတိုင်း ရှိနေသည်။ တစ်နာရီကြာပြီးသော်လည်း သူက ပုံမှန်အတိုင်း ဆက်ရှိနေဆဲပင်။

နှစ်နာရီကြာပြီးနောက်…

ကောင်းကင်ပေါ်တွင် လှုပ်ယမ်းနေသော ပန်းပွင့်သည် အစက အရှေ့အရပ်ဆီသို့ လွင့်မျောနေသော ချည်မျှင်တစ်ခုတည်းကိုသာ ထုတ်လွှတ်ထားသော်လည်း ဤအခိုက်အတန့်မှာ ဒုတိယချည်မျှင်ကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ အသစ်ထွက်ပေါ်လာသော ချည်မျှင်က ရွှီချင်းတည်ရှိသော တာအိုချောက်ကမ်းပါးဆီသို့ လွင့်မျောသွားသည်။

ယင်းက ရွှီချင်း၏ မျက်ခုံးနှစ်ခုကြားထဲသို့ ချက်ချင်း ဝင်ရောက်သွားသည်။

ရွှီချင်း၏ နဖူးက ရုတ်တရက် ထွန်းလင်းတောက်ပလာသည်။ ပွင့်ချပ်ပုံသဏ္ဍာန် တာအိုအမှတ်အသားတစ်ခုက သူ၏ နဖူးပေါ်မှာ ဖြည်းညင်းစွာ ဖွဲ့စည်းနေဟန် ရသည်။

တစ်ချိန်တည်းမှာ အနောက်ပိုင်းကြယ်စင်စု၏ အရှေ့အရပ်ရှိ လီမိသားစု၏ ကန့်သတ်ဧရိယာထဲ၌ မျှော်စင်ကိုးထောင်၏ အလယ်မှာ တရားကျင့်ကြံနေသော လီမုန့်တု၏ နဖူးပေါ်တွင် တူညီသော အလင်းတန်းက ထွက်ပေါ်နေသည်။

ထို့အတူ ပွင့်ချပ်များကလည်း သူ၏ နဖူးပေါ်မှာ ဖွဲ့စည်းနေကြသည်။ သူ၏ ဆင်ခြင်နားလည်မှုက ရွှီချင်းထက် ပိုစောသောကြောင့် ပထမပွင့်ချပ်က သူ၏ နဖူးပေါ်မှာ အပြည့်အဝ ဖွဲ့စည်းသွားပြီးပြီ ဖြစ်သည်။ ယခု သူက ဒုတိယပွင့်ချပ်ကို ဖွဲ့စည်းနေခြင်း ဖြစ်သည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာ သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး အဝေးသို့ စိုက်ကြည့်လိုက်သည်။

“ တစ်ယောက်ယောက်က အမွေအနှစ်ကို လုယက်နေတယ် ”

“ မဖြစ်နိုင်တာ ”

လီမုန့်တု၏ အသက်ရှူသံက မြန်ဆန်လာသည်။ သူ၏ စိတ်အာရုံထဲမှ ဦးတည်ရာတစ်နေရာသို့ အာရုံစူးစိုက်လိုက်သည့်အခါ သူ၏ မျက်နှာက သိသိသာသာ ပျက်ယွင်းသွားသည်။

အစောနက ပန်းပွင့်အပေါ် သူ၏ ဆင်ခြင်နားလည်မှုက တည်ငြိမ်ပြီး တဖြည်းဖြည်း အရှိန်တိုးမြှင့်လာခဲ့သည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ သူ၏ စုပ်ယူမှု အမြန်နှုန်းက ရုတ်တရက် နှေးကွေးသွားသည်။ ထို့ပြင် သူ၏ ပွင့်ချပ်များမှတဆင့် တခြားစုပ်ယူမှုတစ်ခုက ထိုဦးတည်ရာထံမှ ထွက်ပေါ်လာကြောင်း သူအာရုံခံမိသွားသည်။

ထိုသို့နားလည်သွားသည့်အခါ ပထမဆုံး သူတုံ့ပြန်လိုက်သည်မှာ မယုံကြည်နိုင်ခြင်း ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ဤအမွေအနှစ်ဆက်ခံခြင်းအပိုင်း မစတင်မီ သူ့ဆရာက သူ့ကို ‌ဆင့်ခေါ်ပြီး ပြောကြားခဲ့သည်။ သူ့ဆရာ၏ ပြောကြားချက်အရ ဤတစ်ကြိမ်တွင် ဆရာက သူ့အတွက် အထူးရည်ရွယ်ထားသော အမွေအနှစ်ကို ထုတ်လွှတ်လိမ့်မည်။ အင်မော်တယ်မြို့တော်၏ စည်းမျဉ်းများအရ သူက အနောက်ပိုင်းကြယ်စင်စု၏ အမွေအနှစ်ကို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းအတွက် တိုက်ရိုက် မပြုလုပ်နိုင်ပေ။ သို့သော်လည်း သူက အမွေအနှစ်အား ဆင်ခြင်နားလည်နိုင်မည့် လိုအပ်ချက်များကို ခက်ခဲသွားအောင် ပြုလုပ်နိုင်သည်။

သို့ဖြစ်၍ ဤအမွေအနှစ်ကို ဆင်ခြင်နားလည်နိုင်ရန် သူ့တစ်ယောက်အတွက် အထူးပြင်ဆင်ထားသော အခြေအနေသုံးမျိုးကို လိုအပ်သည်။

တစ်နည်းဆိုရသော် ထိုအခြေအနေသုံးမျိုးဖြင့် လိုက်ဖက်ညီသော လူများသာလျှင် တာအိုတိုက်စားခြင်းပန်းပွင့်ကို မြင်တွေ့နိုင်ကြသည်။

သီအိုရီအရ ထိုအခြေအနေသုံးမျိုးဖြင့် လိုက်ဖက်ညီသူသည် သူမှလွဲ၍ အခြားတစ်ယောက် မရှိသင့်ပေ။

“ ဘာလို့ အဲ့လိုဖြစ်တာလဲ ”

အ‌မွေအနှစ်လုယက်သူတစ်ဦး ထွက်ပေါ်လာမှုက လီမုန့်တု၏ စိတ်ခံစားချက်များကို ပြင်းထန်သွားစေသည်။ သို့ဖြစ်၍ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူက ဤတာအိုတိုက်စားခြင်းပန်းပွင့်၏ အမွေအနှစ်ကို ရယူရန် စိတ်ဆုံးဖြတ်ထားသည်။ သို့ဖြစ်၍ မည်သည့်မတော်တဆမှုကိုမှ သူခွင့်ပြုလိမ့်မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် သူ့ဆရာ သူ့အတွက် အထူးပြင်ဆင်ပေးထားသော ဤအမွေအနှစ်က မည်မျှအစွမ်းထက်ပြီး တန်ဖိုးကြီးမားကြောင်း ကောင်းမွန်စွာ သူနားလည်သောကြောင့် ဖြစ်သည်။

တစ်စုံတစ်ယောက်က ယင်းကို အောင်မြင်စွာ ဆင်ခြင်နားလည်နိုင်သွားသည့်အခါ တာအိုတိုက်စားခြင်းပန်းပွင့်က အစွမ်းထက် တာအိုအတတ်ပညာအဖြစ် ပြောင်းလဲသွားလိမ့်မည်။ ယင်း၏ အစွမ်းက တမူထူးခြားပြီး တခြားလူများ၏ အခွင့်အာဏာများကို ယိုယွင်းတိုက်စားပစ်နိုင်သည်။ အတိုင်းအတာတစ်ခုထိဆိုရသော် ယင်းက အဆင့်မြင့်အဆိပ်တစ်မျိုးနှင့် ဆင်တူသည်။

ထိုမျှသာဆိုလျှင် ယင်းက အံ့ဖွယ်ကောင်းသော်လည်း ရှားပါးသည်ဟု မဆိုနိုင်သေးပေ။

မည်သို့ဖြစ်ပါစေ တာအိုအမှတ်အသားများအား ယိုယွင်းတိုက်စားခြင်းကို တန်ပြန်နိုင်သည့် နည်းလမ်းများက အများကြီး ရှိသည်။

သို့သော်လည်း အာဏာစက်ကို ထပ်ပေါင်းထည့်လိုက်မည်ဆိုလျှင် ယင်းက ခြားနားသော ပုံပြင်တစ်ပုဒ် ဖြစ်သွားလိမ့်မည်။

အကယ်၍ အုပ်ချုပ်မှုယန္တရားဖြင့် သာဓကပေးမည်ဆိုလျှင် အခွင့်အာဏာသည် အမတ်ခြောက်ယောက်၏ ဥပဒေများနှင့် ဆင်တူပြီး အာဏာစက်သည်တော့ ဧကရာဇ်၏ အင်ပါယာအမိန့်တော်နှင့် ဆင်တူသည်။

ဤတာအိုတိုက်စားခြင်းပန်းပွင့်ထဲမှာ အာဏာစက်၏ အမျှင်တန်းတစ်ခု ပါဝင်သည်။

သို့ဖြစ်၍ ယင်းက အခွင့်အာဏာ တာအိုအမှတ်အသားများကို ယိုယွင်းတိုက်စားနိုင်ရုံသာမက တာအိုကိုလည်း ဖြတ်တောက်နိုင်သည်။

ယင်းက ရန်သူ၏ အခွင့်အာဏာနှင့် တာအိုအမှတ်အသားများကို ထာဝရ ဖြတ်တောက်နိုင်သည်။ ထို့ပြင် အာဏာစက်၏ အားဖြည့်ပေးမှုကြောင့် ထိုဖြတ်တောက်မှုကို မည်သည့်အရာကမှ ပြန်မကုသနိုင်ပေ။

ရန်သူက အာဏာစက်နှင့်ဆက်စပ်သော မန္တန်များနှင့် တာအိုအတတ်ပညာများကို မပိုင်ဆိုင်ထားသရွေ့ ထိုဖြတ်တောက်မှုကို မတွန်းလှန်နိုင်ပေ။

ထိုသို့တန်ဖိုးကြီးမားသော အခွင့်အရေးနှင့်ပတ်သက်၍ လီမုန့်တုက စိုးရိမ်ကြောင့်ကြလာသည်။ သို့သော်လည်း ဤသို့အရေးကြီးအခိုက်အတန့်မှာ သူက စိတ်အာရုံပျံ့လွင့်၍ မရပေ။ ထို့ကြောင့် သူက သူ့ဆရာဆီသို့ ချက်ချင်း အသံပို့လွှတ်လိုက်သည်။

အနောက်ပိုင်းကြယ်စင်စု၊ အင်မော်တယ်တာအိုဂိုဏ်း…

ထိုဧရိယာအတွင်း၌ မြေဩဇာကောင်းမွန်သော ယာတောများ ရှိကြသည်။ ထိုယာတောများထဲတွင် အပင်အမျိုးမျိုး ရှိကြပြီး အပင်တစ်မျိုးစီက ရှားပါးမျိုးစိတ်များ ဖြစ်ကြသည်။

ထိုထဲမှ အပင်တစ်မျိုးသာ အပြင်လောကတွင် ထွက်ပေါ်လာမည်ဆိုလျှင် အလွန်ကြမ်းတမ်းသော ယှဉ်ပြိုင်မှုကို ဖြစ်ပေါ်စေလိမ့်မည်။

ဤအခိုက်အတန့်မှာ လယ်သမားအဖိုးအိုပုံစံ ဝတ်ဆင်ထားသော အဆိပ်ဘုရင်သည် ယာတောထဲမှ ထူးခြားသော အပင်နှစ်ပင်ကို ဘုံကိုးဘုံအင်မော်တယ်ဆေးရည်ဖြင့် ဂရုတစိုက် ရေလောင်းပေးနေသည်။

သူက အပင်ပျိုးထောင်ခြင်းအပေါ် လုံးဝစိတ်နှစ်ထားလေရာ အပြင်လောကမှ အနှောင့်အယှက်မှန်သမျှကို လျစ်လျူရှုထားသည်။

ဂရုတစိုက် သူပျိုးထောင်ပေးနေသော အပင်နှစ်ပင်သည် မြေကွက်လပ်တစ်ခုထဲမှာ အတူတကွ ပေါက်ရောက်နေကြပြီး အတိုင်းအတာတစ်ခုထိ ကြီးထွားနေကြသည်။ ဤအခိုက်အတန့်မှာ ၎င်းတို့က မြေကြီးထဲမှ အာဟာရဓာတ်နှင့် အပေါ်မှ ကျဆင်းလာနေသော အင်မော်တယ်ဆေးရည်ကို စုပ်ယူရန် အပြင်းအထန် ယှဉ်ပြိုင်နေကြသည်။

“ စိတ်ဝင်စားစရာပဲ… ”

“ မင်းတို့ထဲက ဘယ်သူက ငါ့ရဲ့ ကမ္မဖြစ်လာမှာလဲ ”

အဆိပ်ဘုရင်က အက်ရှရှအသံဖြင့် တီးတိုးရေရွတ်လိုက်သည်။

All Chapters