နတ်ရေစင် (၃)
Vol. 2 Ch. 92
နက်ဆန်က ဆယ်ဗီအိပ်ခန်းဆီ ပြန်သွားတာကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့တယ်။ ဆယ်ဗီမရှိတော့တာနဲ့ သူ့မျက်နှာက အေးစက်တည်ငြိမ်သွားခဲ့ပါပြီ။ ရုတ်တရက် သူ့အရိပ်က ကြီးမားကျယ်ပြန့်လာပြီး အရိပ်ထဲကနေ အနက်ရောင် တောင်ပံနဲ့ မိန်းမလှလေးနောက်တစ်ယောက် ထွက်လာလေရဲ့။
“ကျွန်မကို ခေါ်လိုက်ပါသလား။” နာတာရှာရဲ့အမေးကို နက်ဆန်က ခေါင်းညိတ်ပြီးတော့ပဲ တုံ့ပြန်လိုက်တယ်။ အဲဒီနောက်
“အိုလီရာနာကို ဆယ်ဗီကိုစောင့်ကြည့်ဖို့ မှာထားလိုက်။ ဘယ်နည်းနဲ့မှ သူ့ကို မြေအောက်ခန်းနားအကပ်မခံနဲ့။”
“နားလည်ပါပြီ။” နာတာရှာက ပြန်ပျောက်ကွယ်သွားတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ပြန်ပေါ်လာပြီး နက်ဆန်က အသိအမှတ်ပြုတဲ့အနေနဲ့ တစ်ချက်ကြည့်လိုက်ကာ ရှေ့ကနေ ဆက်လျှောက်တယ်။ နာတာရှာက နောက်ကနေ တိတ်တဆိတ် လိုက်လာခဲ့တာပေါ့။
သူတို့နှစ်ယောက်က ခြံရဲ့နောက်ဘက်ပိုင်း သစ်ပင်ကြီးတွေ ရှိတဲ့နေရာအထိ လျှောက်သွားပြီး တစ်နေရာမှာတော့ ရပ်လိုက်ကြတယ်။ သူတို့ရှေ့မှာ အိမ်မကြီးနဲ့ကွဲထွက်နေတဲ့ သိုလှောင်ရုံတစ်ခုရှိလို့နေလေရဲ့။ နာတာရှာက နာခံစွာနဲ့ ရှေ့ကိုထွက်လာပြီး သိုလှောင်ရုံတံခါးကို တွင်းဖွင့်တယ်။ သိုလှောင်ရုံထဲမှာ အိုဟောင်းနေတဲ့ ပရိဘောဂတွေ၊ ကော်ဇောအစုတ်တွေနဲ့ ပြည့်နှက်နေပြီး ပင့်ကူမျှင်တွေ၊ အမှိုက်တွေနဲ့ ရှုပ်ပွလို့။
သူတို့နှစ်ယောက် သိုလှောင်ရုံအတွင်းကို ခြေချလိုက်တဲ့ အခါမှာ ကြွက်တချို့ကြောက်လန့်တကြား ထွက်ပြေးသွားတဲ့ အသံကိုတောင် ကြားရတယ်။ နက်ဆန်က သိုလှောင်ရုံထဲ ဖြည်းဖြည်းချင်းလျှောက်နေရင်းကနေ နာတာရှာကို မေးလိုက်တယ်။
“မျက်လုံးက အဆင်ပြေရဲ့လား။”
နာတာရှာက ခေါင်းညိတ်ပြီး သူ့မျက်လုံးကို စည်းထားတဲ့ ပတ်တီးစကို ခွာလိုက်တယ်။ မျက်ရည်တွေ စီးကျမနေတော့ ဘူး။ ဒါပေမဲ့ သူ့အပြာရောင်မျက်လုံးအိမ်တွေက ကျယ်ပြန့် နေပြီး ကြည်လင်တောင်ပတဲ့ ကောင်းကင်ရဲ့အရောင်လို ဖြစ်နေပါတယ်။
“ကျွန်မ အရင်ကထက် အများကြီးလွတ်လပ်သွားသလို ခံစားရတယ်။ ငိုစရာမျက်ရည်တွေ ကုန်သွားလို့လား။”
နက်ဆန်ကတော့ ခေါင်းကိုခါယမ်းလိုက်ပြီး “မဟုတ်ဘူး။ မင်းက ကလဲ့စားတွေနဲ့ဝမ်းနည်းမှုတွေကို နောက်ချန် ထားရစ်ခဲ့ပြီး လွတ်လပ်တဲ့နာတာရှာအသစ်အဖြစ် ပြောင်းသွားခဲ့တာ။”
“ကျွန်မမှာ ခစားစရာသခင်တစ်ယောက် ရှိနေတာကို ဘယ်လိုလုပ်ပြီး လွတ်လပ်တဲ့သူ ဖြစ်မှာလဲ။”
နာတာရှာက စနောက်ချင်တဲ့ပုံစံနဲ့ နက်ဆန်ရဲ့ပါးကို ဆွဲညှစ်လိုက်တယ်။ “ကြည့်စမ်း၊ အရင်က လက်တောက်လောက်ကောင်လေးက အယ်ဒါဖြစ်ဖို့ နန်းပြိုင်ပြီး မင်းစကားစိုးစကားတွေတောင် ပြောနေပါ့လား။”
နက်ဆန်က နာတာရှာရဲ့လက်ကို ဖယ်လိုက်ပြီး ပြုံးတယ်။ “ကလဲ့စားချေပြီးနောက် မင်းမှာ ဒီလောကထဲ ဆက်ရှိနေဖို့ ဆန္ဒမရှိတော့မှာ စိုးရိမ်နေခဲ့တာ။ အဲဒီလိုဆိုရင် မင်းကို ငါ့အနားမှာဆက်ထားထားလဲ အသိစိတ်မဲ့ ရုပ်အလောင်း အဖြစ်ပြောင်းသွားမှာလေ။”
နာတာရှာကတော့ တခစ်ခစ်ရယ်မောလိုက်ရင်း... “ဟုတ်တယ်။ အခုတော့ ကျွန်မက ဘာပိုင်ဆိုင်မှု၊ ဘာသံယောဇဥ်မှ မရှိတော့တဲ့ မိန်းမတစ်ယောက်ပါပဲ။ ဒါပေမဲ့ ကျွန်မရင်ထဲမှာ ဆက်ပြီးတည်ရှိဖို့ လုံလောက်နေသေးတဲ့ အရာတစ်ခု ရှိနေသေးတယ်။”
နာတာရှာက နက်ဆန်ကို ကြည့်လိုက်တယ်။ နက်ဆန်က အဲဒီအကြည့်တွေကြောင့် ထိတ်လန့်သွားပြီး နောက်ကို ဆုတ်လိုက်ပါတယ်။
“မင်း....”
နက်ဆန်ထိတ်လန့်နေတာမြင်တော့ နာတာရှာရဲ့အပြုံးက ပိုပြီးပီပြင်လာတယ်။ “ရှင်အစွမ်းအထက်ဆုံး အယ်ဒါ ဖြစ်လာတာကို ကျွန်မမြင်ချင်တယ်။”
အဲဒီနောက်တော့ သူတို့နှစ်ယောက် စကားစပြတ်သွားပြီး သိုလှောင်ရုံအဆုံးကို ဆက်ပြီးလျှောက်လာခဲ့ပါတယ်။ အဲဒီနောက် နက်ဆန်က ဒူးထောက်ထိုင်ချလိုက်ပြီး ကြမ်းပြင်မှာရှိနေတဲ့ ကြေးပြားတံခါးဖုံးကို ငုံကြည့်တယ်။ ကြေးပြားပေါ်မှာ မြောက်မြားစွာသော နတ်ဘုရားတွေရဲ့ ပုံရိပ်ကိုရေးထိုးထားပြီး နတ်ဘုရားတွေအားလုံးက ကမ္ဘာပေါ်မှာနေထိုင်နေတဲ့ပုံရိပ်တွေပါ။ အဲဒီကမ္ဘာကြီးကို ညနတ်ဘုရားမက ခြုံလွှာနဲ့လွှမ်းခြုံထားတယ်။
ကလပ်...
နက်ဆန်က ဓားမြှောင်တစ်လက်ကိုသုံးပြီး တံခါးဖုံးကို ဖွင့်လိုက်တယ်။ တံခါးဖုံးမရှိတော့တဲ့နေရာမှာ အောက်ကို ဆင်းဖို့အတွက် သံကြောင်လိမ်လှေကားတစ်ခုရှိနေပြီး မှောင်မိုက်တဲ့ မြေအောက်လျှောက်လမ်းတစ်ခုဆီကို ဦးတည်သွားတယ်။
“လူးဆပ်...” နာတာရှာက မှော်တောင်ဝှေးကို ထုတ်ယူပြီး မီးအလင်းမန္တန်ကိုရွတ်ဆိုတယ်။ မီးရောင်ရပြီးနောက်မှာ သူတို့နှစ်ယောက်က လှေကားအတိုင်း မြေအောက်ခန်းထဲ ဆင်းခဲ့ကြတယ်။
လျှောက်လမ်းရဲ့အဆုံးမှာတော့ သံတံခါးရွက်ကြီးတစ်ခု ရှိနေပြီးတော့ နက်ဆန်က သူ့လက်နဲ့တံခါးကို ထိတာနဲ့ တံခါးကပွင့်လာတယ်။ အဲဒီနောက် သူက ခေါင်းကိုမော့ပြီး အခန်းရဲ့ကျောက်သားနံရံမှာ ချိတ်ခံထားရတဲ့အရာကို မော့ကြည့်လိုက်တယ်။
အရာလို့ပြောတာ မှားမယ်လို့ထင်တယ်။ အကြောင်းက အဲဒီအရာက လူတစ်ယောက်ဖြစ်နေလို့ပါ။ တိတိကျကျ ပြောရမယ်ဆိုရင်တော့ လှပတဲ့ အမျိုးသမီးတစ်ယောက်။ ဒါပေမဲ့ တစ်ကိုယ်လုံးမှာသွေးရောင်ရှိမနေဘဲ ပြာနှမ်းနေတဲ့ အသားအရေရှိတယ်။
လက်တွေခြေတွေက လက်ဝါးကပ်တိုင်မှာ သံနဲ့ကပ်ရိုက် ခံထားရပြီး အရင်လှပပြီးဩဇာရှိခဲ့တဲ့ အမျိုးသမီးကြီးဟာ ဒီနေရာမှာ အရှက်ရဖွယ်အကျဥ်းသားတစ်ယောက်သာ ဖြစ်နေတယ်။
“အရှင်နက်ဆန်၊ ရှင်က ကျွန်မကို သေပြီးတာတောင်မှ အလွတ်မပေးဘူးပေါ့။”
ဆီနိတ်တာမာရီယာက ပြောလိုက်တယ်။ သူ့နှာခေါင်းထဲက သွေးမည်းမည်းတွေစီးကျနေပြီး ညမင်းသားကို ရွံရှာ မုန်းတီးစွာနဲ့ ကြည့်နေပါတယ်။
“မင်း၊ ဘုရားကျောင်းရဲ့နတ်ရေစင် ကိစ္စကို အကြာကြီး စုံစမ်းခဲ့တာမဟုတ်လား။ ငါ့ကို သိထားသမျှအမှန်အတိုင်း ပြောပြမယ်ဆိုရင် မင်းကိုတမလွန်သွားခွင့်ပေးမယ်။”
နာတာရှာကလည်း နက်ဆန်ရဲ့နောက်မှာရပ်နေပြီး ဆီနိတ်တာမာရီယာကို မော့ကြည့်နေတယ်။ နှစ်ယောက်လုံး အသက်သွင်းခံထားရတဲ့ ဖုတ်ကောင်တွေဖြစ်ပြီး တစ်ချိန် တည်းလိိုလိုမှာ အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပေမဲ့ ကွာခြားမှု တစ်ခုကိုတွေ့နိုင်ပါတယ်။
နာတာရှာက အသက်ရှင်သူတွေနဲ့မခြားဖြစ်နေပြီး တစ်ဖက်က မာရီယာရဲ့ခန္ဓာကိုယ်ပေါ်မှာတော့ ပုပ်သိုး ဆွေးမြေ့စပြုလာတဲ့ အရိပ်အယောင်တွေကို မြင်နေရတယ်။ အကြောင်းက နက်ဆန်က သူ့ကို အမှောင်စွမ်းအားတွေ အသုံးပြုအသက်သွင်းခဲ့တာမဟုတ်ဘဲ အမှောင်ကျောင်းရဲ့ သာမန်ဝိညာဥ်ချုပ်နှောင်နည်းစနစ်နဲ့ ဖုတ်ကောင်အဖြစ် ပြုလုပ်ခဲ့လို့ပါ။
“အရာအားလုံးကို ဆုံးရှုံးလိုက်ရပြီး သေပြီးတဲ့လူက ရှင့်ကိုဘာများပြောပြဖို့ လိုသေးလို့လဲ။ သေပြီးသားမလို့ ရှင်ကျွန်မကို နာကျင်အောင်နှိပ်စက်ပြီးတော့ သတင်းနှိုက်လို့ မရဘူး။ ရှင်ကျွန်မကို သေခွင့်ပေးလိုက်ကတည်းက ရေစင်ကိုရဖို့ နည်းလမ်းမရှိတော့တာ။”
“ကြည့်ရတာ မင်းက ရေစင်အကြောင်း တော်တော် သိထားတဲ့ပုံပဲ။ ဘုရားကျောင်းထဲကိုတောင် ခိုးဝင်ဖူးတဲ့သူ ပီသပါပေရဲ့။”
မာရီယာမျက်နှာပျက်သွားတယ်။ ဒီသတင်းတွေကို နက်ဆန် ဘယ်လိုရလာလဲ သူမသိဘူး။ ဒါပေမဲ့ အဲဒါကိုက ကြောက်ဖို့ ကောင်းနေပြီ။ နာတာရှာက သခင်ဖြစ်သူကို ထောက်ပံပေးတဲ့ အနေနဲ့ စာအုပ်တစ်အုပ်ကို ထုတ်ယူပြီး မာရီယာရှေ့မှာ ထောင်ပြလိုက်ပါတယ်။ စာအုပ်ပေါ်မှာ ထာဝရအသက်လို့ ရေးထားတယ်။
“လေဒီမာရီယာက အလှအပကို အတော်လေး တန်ဖိုးထားတယ်မဟုတ်လား။ ကျောင်းခြောက်ကျောင်းရဲ့ အလှဆုံးမိန်းကလေးသုံးယောက်ထဲပါခဲ့ပေမဲ့ အမြဲတမ်း မငြိမ်းနိုင်တဲ့မီးတောက်ရဲ့နောက်မှာပဲ။”
နာတာရှာရဲ့လေသံနောက်မှာ လှောင်ပြောင်ရိပ် တချို့ကို မြင်နိုင်တယ်။ မာရီယာက လက်ဝါးကပ်တိုင်မှာအကပ်ခံ ထားရရင်းကနေ ရုန်းကန်ဖို့ကြိုးစားနေပေမဲ့ အချည်း အနှီးပါပဲ။
“လေဒီမာဂါရီတာက ရှင်မမွေးခင်ကတည်းက အလှဘုရင်မ။ ရှင်အိုမင်းပြီးသေဆုံးသွားတဲ့အထိလဲ အလှဘုရင်မ ဖြစ်နေဦးမှာမဟုတ်လား။ ဒါကြောင့် ရှင်က မရှိတဲ့ မသေဆေးနဲ့မအိုဆေးတွေကို စွဲလမ်းလာခဲ့ပြီး သုတေသနတွေအများကြီး လုပ်ခဲ့တယ်။”
နက်ဆန်ရဲ့မျက်လုံးတွေက ကျဥ်းမြောင်းသွားတယ်။ သေပြီးတဲ့ တစ်စုံတစ်ယောက်ကို ဖမ်းဆီးချုပ်နှောင်ပြီး နှိပ်စက်တယ်ဆိုတာက သူလုပ်ချင်တဲ့အရာတစ်ခု မဟုတ်ပါဘူး။ ဒီအတွက် မသက်မသာအလွန်ခံစားရတယ် ဆိုပေမဲ့...
“ရှင်ဟာ ကျတ်တစ္ဆေအစီအရင်ကို မစီရင်ခင်ကတည်းက မြို့ထဲက အပျိုစင်မိန်းကလေးတွေကို ဖမ်းဆီးပြီးတော့ သူတို့သွေးနဲ့ရေချိုးနေခဲ့တာ။ အတော်လေးရက်စက်တဲ့ အလှအပထိန်းသိမ်းနည်းမဟုတ်လား။”
“မပြောနဲ့တော့... မပြောနဲ့တော့....” မာရီယာက ခေါင်းကို အသည်းအသန်ခါယမ်းပြီး နာတာရှာပြောသမျှကို နားမထောင်ချင်တော့တဲ့အလားပါ။ သူက နောက်ဆက်ဖြစ်မှာကို ကြိုသိနေပြီးသားမလို့လေ။
“ဘုရားကျောင်းရဲ့နတ်ရေစင်က ရောဂါအားလုံးကို ကုသနိုင်တယ်ဆိုတာ ရှင်သိတော့ အိုမင်းခြင်းကိုရော ကုသနိုင်မလားဆိုပြီး ရှင်တွေးမိတယ်မဟုတ်လား။ ဒါကြောင့် ရှင်ကရဖို့ ကြံခဲ့တာပဲ။”
မာရီယာက ဒါကိုတော့ မငြင်းပယ်ပါဘူး။ သူက ရုန်းကန်နေရာက ငြိမ်ကျသွားပြီး...
“အေး၊ ဒါပေမဲ့ ငါမအောင်မြင်ခဲ့ဘူးလေ။ ဘုရားကျောင်းက အဲဒီနေရာကို ဘယ်သူမှဝင်လို့မရအောင် လုပ်ထားတာ။”
နာတာရှာက ခေါင်းညိတ်လိုက်ပြီး... “ဒါပေမဲ့ ရှင့်ရဲ့ကျရှုံးခဲ့တဲ့ အတွေ့အကြုံကနေ အများကြီး သိလာခဲ့တယ်မဟုတ်လား။ အဲဒီအတွေ့အကြုံတွေကို ပြောပြပေးမယ်ဆိုရင် ရှင့်ကိုအေးအေးဆေးဆေး သေခွင့်ပေးမယ်။”
“မလုပ်ရင်ရော ဘာဖြစ်မှာလဲ။” မာရီယာက အထွန့်တက်လိုက်တော့ နာတာရှာက မှော်နှင်တံကို ဝေ့ယမ်းလိုက်ပြီး အချုပ်ခန်းထောင့်မှာ အသင့်ထောင်ထားတဲ့ မှန်တစ်ချပ်ကို လေထဲမျောလွင့်အောင် ပြုလုပ်ကာ မာရီယာရှေ့မှာ ချပေးလိုက်တယ်။
“ရှင့်ကိုအသက်သွင်းထားတဲ့ အစီအရင်က သာမန်အဆငိ့နိမ့် ဖုတ်ကောင်အစီအရင်ပဲ။ ရှင့်ခန္ဓာကိုယ်ကြီး တဖြည်းဖြည်း ယိုယွင်းပျက်စီးသွားတာကို ထိုင်ကြည့်နေလိုက်ပေါ့။”
မာရီယာက မှန်ထဲမှာပုံရိပ်ထင်နေတဲ့ သူ့ရဲ့ဖြူဖျော့နေပြီး ကြောက်စရာကောင်းတဲ့ သရဲတစ္ဆေလိုပုံစံကို တစ်ချက် မြင်လိုက်တာနဲ့ အများကြီးတုန်လှုပ်သွားပြီး မျက်လုံးကို မှိတ်ထားလိုက်တယ်။ ဒါပေမဲ့တစ်ကိုယ်လုံး တုန်ယင်နေတယ်။
“မျက်လုံးမှိတ်ထားလည်း ရှင်မမြင်ဘဲမနေနိုင် လုပ်လို့ရတဲ့ နည်းလမ်းတွေအများကြီးရှိတယ်နော်။”
နာတာရှာက ဆက်ပြီးအကျပ်ကိုင်တဲ့အခါမှာတော့ မာရီယာ တောင့်မခံနိုင်တော့ဘူး။ အဲဒီအစား ခေါင်းကိုတဆတ်ဆတ် ညိတ်ပြီးတော့ နာခံစွာနဲ့။
“ကောင်းပါပြီ။ ကျွန်မပြောပြပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်မကို ကောင်းကောင်းသေခွင့်ပေးပါ။”
...
“ဝေါ့...”
သိုလှောင်ခန်းအပြင်ဘက်ကိုရောက်တော့ နက်ဆန်က ဒူးထောက်ကျသွားပြီး စားထားသမျှကို အန်ထုတ်တယ်။ နာတာရှာက သူ့ပခုံးကိုထုပေးနေပြီး...
“အယ်ဒါတစ်ယောက်ဖြစ်လာမယ့်သူက မရက်စက်တတ်လို့ မရဘူးသခင်။”
နက်ဆန်ကတော့ ခေါင်းခါလိုက်တယ်။ “ဒါပေမဲ့ မင်းရဲ့နှိပ်စက်နည်းက မှားယွင်းပြီးအောက်တန်းကျတယ်လို့ ခံစားနေရတုန်းပဲ။”
နက်ဆန်က သူတို့နောက်မှာကျန်ခဲ့တဲ့ မီးလောင်နေတဲ့ သိုလှောင်ရုံကို ကြည့်ရင်းနဲ့ ပြောလိုက်တယ်။ မာရီယာရဲ့ ခန္ဓာကိုယ်ကလည်း အဲဒီမီးနဲ့အတူပါသွားလောက်ပြီ။
“လေဒီမာရီယာက မကောင်းတဲ့သူတစ်ယောက်ပဲ။ ဒီအပြစ်ဒဏ်က သူ့နဲ့ထိုက်တန်တယ်လို့တွေးလိုက်။ ဒါဆိုရင် ရှင်စိတ်သက်သာရာ ရသွားလိမ့်မယ်။”
နာတာရှာက အကြံပေးတယ်။ တကယ်တော့ ဒီညဖြစ်ခဲ့တဲ့ ဆဲလ်ဆာဘုတ်အဖွဲ့ခေါ်ယူခြင်းနဲ့ဆိုင်တဲ့ ဗျူဟာတွေကလည်း နာတာရှာရဲ့အကြံတွေဖြစ်နေခဲ့တာ။ နက်ဆန်က ငယ်ရွယ်ပြီး အရည်အချင်းထက်မြက်ပေမဲ့ နာတာရှာလောက်တော့ အခုလိုအကြံအစည်ပိုင်းမှာ ဉာဏ်မပြေးသေးဘူး။ တစ်ဖက်မှာတော့ နာတာရှာက အစိုးရအေဂျင်စီတစ်ခုမှာ အလုပ်လုပ်နေခဲ့တာဖြစ်ပြီး လှည့်ကွက်ပေါင်းများစွာနဲ့ နှိပ်စက်နည်းပေါင်းစုံကို မြင်ဖူးခဲ့ပြီးပြီလေ။ အခု မာရီယာဆီက သတင်းနှိုက်တဲ့နည်းကလည်း နာတာရှာဆီက ထွက်လာခဲ့တာ။
“ဒါပေမဲ့... အဲဒါက ကြောက်သူတော်ဆန်တဲ့ အကြောင်းပြချက်တစ်ခု ဖြစ်နေတုန်းပဲ။” နက်ဆန်က ထရပ်လိုက်တယ်။ သူ့ခန္ဓာကိုယ်က သိသိသာသာ တုန်ယင်နေတယ်။ နာတာရှာကလည်း မငြင်းပယ်ပါဘူး။
“ဒါက အမှန်တရားပဲ။ ဒါပေမဲ့ ရှင်ထက်ပိုယုတ်မာပြီး ဉာဏ်နီဉာဏ်နက်များတဲ့ ဆီနိတ်တာတွေကို ရှင့်ရဲ့သူတော်ကောင်း နည်းလမ်းတွေနဲ့ အနိုင်ရမယ်လို့ထင်နေတာလား... အဆုံးသတ်မှာတော့ ကမ္ဘာကြီးကိုကယ်တင်မယ့်သူနဲ့ သူတော်ကောင်းဆိုတာက မတူညီတဲ့စကားနှစ်ခု ဖြစ်နေတုန်းပဲ။”
....
မှောင်မိုက်နေတဲ့ ကျောက်ဂူကြီးတစ်ခု။ ဂူကြီးက ပိန်းပိန်းပိတ်မှောင်လွန်းတဲ့အတွက် အထဲမှာဘာတွေ ဖြစ်နေလဲ မသိရလောက်အောင်ပါပဲ။ ဒါပေမဲ့ တစ်နေရာမှာတော့ ဖယောင်းတိုင်မီးလင်းနေပြီး ဦးထုပ်ဝိုင်းဆောင်းထားတဲ့ သက်လတ်ပိုင်းလူကြီးက စာအုပ်တစ်အုပ်ကို ဖတ်ရှုနေကာ လက်ထဲက လမ်းလျှောက်တုတ်ကို ဆော့ကစားနေတယ်။
မကြာခင်မှာပဲ မျက်နှာဖုံးတပ်၊ ဝတ်ရုံနက်ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က သူ့ရှေ့ကိုရောက်လာပြီး ဒူးထောက်ချလိုက်တယ်။ အဲဒီနောက် တစ်စုံတစ်ခုကို ပြောလိုက်ပုံရပေမဲ့ အသံမကြားရပါဘူး။
ဒါပေမဲ့လည်း အဲဒီစကားကိုကြားလိုက်ရပြီးနောက်မှာ စာဖတ်နေတဲ့ ဆီနိတ်တာရော့ဝဲလ်က အကျယ်ကြီးထပြီး ရယ်မောလိုက်ပါတယ်။
“ကောင်းလိုက်တာ။ အရှင့်သားက အဲဒီသန္ဓေမကောင်းတဲ့ ကောင်မကို အနိုင်ရသွားပြီပေါ့။ ကြည့်ရတာ ငါတို့ရဲ့အစီအစဥ်ကလည်း တစ်လှမ်းပိုပြီးတော့ နီးကပ်လာပုံပဲ။”
ရော့ဝဲလ်က လက်ခုပ်တစ်ချက်တီးလိုက်တယ်။ ဂူထဲ ခရမ်းရောင်မီးအလင်းတွေလင်းလာပြီး ခေါင်းတလား ရာထောင်ချီစုဝေးနေတဲ့ သချိုင်းကြီးကို အလင်းပေး လိုက်ပါတယ်။
“ထောင်ချီတဲ့ ခရူးဆိတ်ဒါတပ်မကြီးရဲ့သချိုင်း။ ဒါတွေက ငါတို့ရဲ့စစ်တပ်ကြီး ဖြစ်လာတော့မယ်။ အခုငါတို့မှာ လုပ်စရာဆိုလို့ မင်းသားလေး ဘုရားကျောင်းထဲ ခိုးဝင်မယ့် အချိန်ကို စောင့်ဖို့ပဲကျန်တော့တယ်။”