← Chapters

ရေစင် (၄)

Vol. 2 Ch. 93

ရေစင် (၄)

Vol. 2 Ch. 93

သီရာက ဘုရားကျောင်းဆီကို ပြန်လာခဲ့တယ်။ သူက ချက်ချင်းဆိုသလိုပဲ ဘုရားကျောင်းရဲ့ပင်မနန်းဆောင်ဆီ ဦးတည်သွားလိုက်တယ်။ ခန်းမဆောင်ကြီးရဲ့ဂိတ်တံခါးက အလွန်ခမ်းနားတဲ့ မာဘယ်ကျောက်သားနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီးတော့ မြောက်မြားစွာသောနတ်တမန်တွေ ကခုန်နေတဲ့ ပုံရုပ်တွေကို ရုပ်လုံးရုပ်ကြွတွေအဖြစ်ထုဆစ်ထားတယ်။ ဒါ့အပြင် အရစ်တွေကို ရွှေအနားသပ်ကွပ်ပြီး ဖော်ထားတဲ့ အတွက်ကြောင့် သေမျိုးလူသားတွေနဲ့မသက်ဆိုင်တဲ့ ကောင်းကင်ဘုံတံခါးဝကို ရောက်သွားသလိုပဲ။

ဒဏ္ဍာရီတချို့အရ ဒီကျောက်တံခါးကြီးကို အဆင့်မြင့် လက်နက်ဆရာတစ်ထောင် ဝိုင်းပြီးဖျက်ဆီးရင်တောင် မပျက်စီးနိုင်ဘူးတဲ့။

“သူတော်စင် သီရာက မြင့်မြတ်တဲ့အရှင်ပီးယပ်ကို လာတွေ့ပါတယ်။”

သီရာက သူ့ဒူးကိုကွေးညွှတ်ကာ ဒူးနှစ်ဖက်စုံပြိုင် ထောက်ချလိုက်တယ်။ အဲဒီနောက် ဝတ်ပြုဆုတောင်းနေဟန် ပြုလုပ်ပြီး ဂိတ်တံခါးအစောင့်တွေကို ကြည့်လိုက်ပါတယ်။ ဂိတ်တံခါးအစောင့်တွေက ပြောင်လတ်နေတဲ့ စတီးချပ်ဝတ် အထူကြီးတွေကို ဝတ်ဆင်ထားပြီး လက်ထဲမှာတော့ ခုနစ်ပေ အရှည်ရှိတဲ့ လှံပုဆိန်ကြီးတွေကို ကိုင်ထားကာ တခြားလက် တစ်ဖက်မှာတော့ လက်ဝါးကပ်တိုင်ပုံပါတဲ့ အပြာရောင် သတ္တုအတိပြီးတဲ့ ဒိုင်းကြီးတွေကို ကိုင်ထားကြတယ်။ သူတို့နောက်မှာတော့ အပြာရောင်ခြုံလွှာကြီးတွေက လေနဲ့အတူလွင့်လို့။

ခေါင်းစောင်းကလည်း အတော်လေးလံပြီး မျက်လုံးနေရာကိုပဲ မြင်ရပါတယ်။ ​အဲဒီသံချပ်ဝတ် အဟကြားထဲကနေ ကြည့်လိုက်မယ်ဆိုရင် အစောင့်စစ်သည်တွေရဲ့မျက်လုံးက ပုံမှန်မဟုတ်စွာနဲ့ ရွှေရောင်တောက်ပနေတာကို မြင်ကြရမှာပါ။

“အရှင်ပီးယပ်အတွက် သတင်းတစ်ခုလည်း ပါလာပါတယ်။”

တစ်ဖက်ကနေ တုံ့ပြန်မှုတစ်ခုမှ မကြားရတဲ့အတွက် ထပ်ပြီး ပြောလိုက်တဲ့အခါမှာတော့ စကျင်ကျောက်တံခါးချပ်ကြီးက ဖွင့်သူမရှိဘဲ အလိုလိုရွေ့လျားကာ ပွင့်သွားပါတော့တယ်။

ဒီတော့မှ သီရာလည်း အတားအဆီးမရှိ ခန်းမကြီးထဲကို ဝင်လာခဲ့တယ်။ ဘုရားကျောင်းထဲကို ဝင်လာရင် ပထမဆုံး သတိထားမိမှာက ဖန်သားအတိပြီးတဲ့ အမိုးခုံးပါ။

မိုးလင်းစဖြစ်တာကြောင့် မနက်ခင်းနေရောင်က အမိုးခုံးကို ဖြတ်သန်းကာ ခန်းမအတွင်းကို ကလူကျီစယ် ကျဆင်းလို့။ ခေါင်မိုးမျက်နှာကျက်တွေမှာတော့ ဆေးရောင်စုံခြယ်သ ထားတဲ့ခရစ်တော် ဖွားမြင်တော်မူခန်းနဲ့အတူ တမန်တော်၊ သူတော်စင်၊ နတ်သားနတ်သမီးများစွာရဲ့ပုံရိပ်တွေကို ရေးထိုးထားလို့။ ပုံတစ်ခုစီတိုင်းက မိုက်ကယ်ဒီအိန်ဂျယ်လိုနဲ့ လီရိုနာဒိုတို့ရဲ့လက်ရာတွေလို့ ထင်ချင်စရာ။

ဘုတ်... ဘုတ်... ဘုတ်...

သီရာက ဘုရားကျောင်းစစ်သည်တော်တွေဝတ်တဲ့ သားရေ ဖိနပ်မျိုးကို ဝတ်ဆင်ထားတဲ့အတွက် အပြာရောင်ရှိတဲ့ ကော်ဇောပေါ်မှာလျှောက်သွားတိုင်း တဘုတ်ဘုတ်အသံ ထွက်လာနေတယ်။

သူဝင်လာတဲ့အခိုက်မှာ ခန်းမအဆုံး အနီရောင်သစ်သား ပလ္လင်ကြီးပေါ်မှာရှိနေတဲ့ အဖြူရောင်ဝတ်ရုံဝတ်အဖိုးအိုက တခြားလူတစ်ယောက်နဲ့ ပြောလက်စစကားကိုရပ်လိုက်ပြီး သီရာကို ကြည့်လိုက်ပါတယ်။

“သမီးတော်သီရာ၊ ဘာကိစ္စရှိလို့လဲ။”

...

သီရာက လေးစားစွာနဲ့ ရဟန်းမင်းကြီးရှေ့မှာ ဒူးထောက် ချလိုက်တယ်။ အဲဒီနောက် ခေါင်းကိုမော့လိုက်ပြီး

“မြင့်မြတ်တဲ့အရှင်၊ သမီးတော်က ဒီနေ့ည ညမင်းသားနဲ့ သွားတွေ့ခဲ့ပါတယ်။ သူက မြို့တော်အတွင်း တားမြစ်ဂါထာကို စီရင်နေတဲ့သူက ဆီနိတ်တာမာရီယာဖြစ်တယ်လို့ အတည်ပြု ခဲ့ပြီးတော့ တရားစီရင်ပြီးကြောင်းပြောပါတယ်။ ပြီးတော့ သူတို့အဖွဲ့ဝင်တွေစုစည်းနေခြင်းဟာ ဆီနိတ်တာအသစ်ရွေးဖို့ ဆဲလ်ဆာဘုတ်ကို ဆင့်ခေါ်လိုက်လို့သာဖြစ်ပြီး ရန်ပြုလိုတဲ့သဘောမရှိဘူးလို့လဲ ကတိပေးပါတယ်။ ဆဲလ်ဆာဘုတ်အဖွဲ့ဝင်တွေ ကျွန်မရှေ့မှာပဲ ပြန်သွားတာမြင်ခဲ့ရပါတယ်။”

ရဟန်းမင်းကြီးက လက်ကိုဝေ့ယမ်းပြီး သူနဲ့စကားကောင်း နေခဲ့ပုံပေါ်တဲ့ အနီရောင်ဝတ်စုံနဲ့ဘုန်းတော်ကြီးကို ပြန်လွှတ် လိုက်တယ်။ ရဟန်းမင်းကြီးပီးယပ်က သူ့ရဲ့အိုမင်းနေတဲ့ မီးခိုးရောင်မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်လိုက်ပြီး သီရာကိုကြည့်ပါတယ်။

သူ့ခန္ဓာကိုယ်မှာအမွှေးအမျှင်ဆိုလို့ နှုတ်ခမ်းမွှေးတချို့သာ ရှိတယ်။ ဆံပင်တွေကတော့ မရှိတော့ဘူး။ ပါးရေနားရေတွေ အလွန်အကျူးတွန့်လိပ်နေပြီး အသက်ဘယ်လောက်ရှိပြီမှန်း မခန့်မှန်းတတ်အောင်ပါပဲ။

“သမီးတော်... ဒီအရှင်က သမီးကို စံအိမ်ကိုစောင့်ကြည့်ဖို့ပဲ ပြောခဲ့တာပါ။ နတ်ဆိုးဝင်စားသူနဲ့ ဆက်သွယ်ဖို့ မပြောခဲ့ဘူး။ တစ်ဖက်သူက သမီးအပေါ်မကောင်းကြံချင်စိတ် ရှိနေရင် ဘယ်လိုလုပ်မလဲ။”

သီရာက ခေါင်းခါလိုက်တယ်။ “မြင့်မြတ်တဲ့အရှင်၊ သမီးတော်ရဲ့နတ်ဘုရားခန္ဓာက တစ်ပါးသူတွေရဲ့ မကောင်းတဲ့စိတ်ရိုင်းတွေကို ခံစားသိရှိနိုင်ပါတယ်။ ညမင်းသားဆီမှာ အဲဒီလိုအရိပ်အယောင်မျိုး မတွေ့ရပါဘူး။”

“နတ်ဆိုးတွေက လှည့်စားတတ်တယ်။ သမီးတော်ရဲ့ မျက်လုံးနဲ့မြင်ရကြားရတိုင်း ယုံလို့မရဘူး။ ဆဲလ်ဆာ ဘုတ်အဖွဲ့ဝင်တွေစုစည်းနေတာ တို့ကိုထပ်ပြီးတော့ မကောင်းကြံချင်လို့လည်း ဖြစ်နိုင်တာပဲလေ။”

သီရာက တစ်ခုခုပြောချင်လို့ ပါးစပ်ကိုဟလိုက်ပေမဲ့ နောက်တော့ ပါးစပ်ကို ပြန်ပိတ်ထားလိုက်ပါတယ်။ သူ့ကို ကြည့်ရတာ တော်တော်စိတ်ဓာတ်ကျသွားသလိုပါပဲ။

“သမီးတော်။ ညလည်းမအိပ်ရသေးဘူးမဟုတ်လား။ အခန်းပြန်ပြီးအိပ်တော့။ ဒါပေမဲ့ နောက်တစ်ခါ အမှောင်ကျောင်းတော်နဲ့ ပတ်သက်တာမျိုးမလုပ်မိဖို့ သတိထားပါ။ အရင်နှစ်တွေက သူတို့ကြောင့် ကိုယ်တော်တို့ရဲ့ မြင့်မြတ်တဲ့သူတော်စင်တွေ သီလပျက်ပြားခဲ့ရပြီးပြီ။”

သီရာက နှုတ်ခမ်းကိုကိုက်ထားလိုက်မိတယ်။ သီရာမတိုင်ခင်က အရင်မျိုးဆက် သူတော်စင်တစ်ယောက် ဘာဖြစ်သွားလဲဆိုတာကို ဘုရားကျောင်းကလူတိုင်း သိကြတယ်။ အမှောင်ကျောင်းတော်ရဲ့အရင်ညမင်းသားနဲ့ ဖောက်ပြားမိပြီး သီလကုန်ပျက်ပြားကာ စုန်းမဖြစ်သွား ခဲ့တာကြောင့်ပါ။

“ဒါပေမဲ့ စုန်းမဖြစ်သွားတဲ့သူ့ကို ကျွန်မတို့တွေတကယ်ပဲ မီးတင်ရှို့ဖို့ လိုအပ်ခဲ့လို့လား။”

သီရာက တီးတိုးတော့ ရဟန်းမင်းကြီးက ခေါင်းခါပြ ပါတယ်။ “သူတော်စင်တစ်ယောက်က သီလပျက်ပြားပြီ ဆိုတာနဲ့ ဆိုးယုတ်ခြင်းစွမ်းအင်တွေက ခန္ဓာကိုယ်ထဲကနေ စိမ့်ထွက်လာတော့တာပဲ။ အဲဒီလိုလူမျိုးက တည်ရှိနေရုံနဲ့တင် လူ့လောကကြီးအတွက် ကျိန်စာတစ်ခုလိုပဲ။ ဒါကြောင့် သေဆုံးသွားတာကမှ ပိုပြီးမြတ်တယ်။”

သီရာလည်း ထပ်ပြီးတော့ မေးခွန်းထုတ်မနေတော့ဘဲ နောက်တစ်ခါဦးညွှတ်လိုက်ပြီး... “ဒါဆိုရင် သမီးတော်ကို သွားခွင့်ပြုပါဦး။”

သီရာက လာလမ်းအတိုင်း ပြန်ထွက်သွားတယ်။ ရဟန်းမင်း အိုကြီးကတော့ သီရာရဲ့ကျောပြင်ကိုကြည့်လို့။ သီရာအပြင် ရောက်တဲ့အခါမှာတော့ စကျင်ကျောက်တံခါးက အလိုလို ပြန်ပိတ်သွားခဲ့ပါပြီ။ နောက်တော့ သူက လက်ကိုနောက်ထပ် တစ်ကြိမ်ဝေ့ယမ်းလိုက်ပြန်တယ်။ အစောပိုင်းက ဝတ်ရုံနီ ဘုန်းတော်ကြီးက ခန်းမထဲ ပြန်ပေါ်လာပြီး ရဟန်းမင်းကို ဂါရဝပြုလိုက်တယ်။

“မြင့်မြတ်တဲ့အရှင်။”

“ငါတို့ပြောတာ ဘယ်အထိရောက်သွားပြီလဲ။”

“ဟုတ်ကဲ့။ ဒီနှစ်အတွက် EUOCက ဥရောပကို အပြည့်အဝ စောင့်ကျပ်နေတဲ့အတွက်ကြောင့် မိဘမဲ့ကလေးတွေကို ခေါ်ထုတ်ဖို့ သိပ်ပြီးအဆင်မပြေလှပါဘူး။ ဒါကြောင့် ဘုရားကျောင်း အတွက်အင်အားသစ်စုဖို့ အခက်အခဲရှိနိုင်ပါတယ်။”

ရဟန်းမင်းကြီးက သူ့နှုတ်ခမ်းမွှေးကို လက်နဲ့သပ်ရင်း “ဒါပေမဲ့ သူတော်စင်ဆားဗီးယပ်က ဂျပန်က ဂါမီယာမ နတ်ကျောင်းတော်ကို ဖြိုခွဲတဲ့နေရာမှာ ကောင်းကောင်း လုပ်နေတယ်မဟုတ်လား။”

အဲဒီစကားကိုကြားတော့ ဝတ်ရုံနီဘုန်းတော်ကြီးက ခေါင်းညိတ်လိုက်ပြီး...

“သူတော်စင်ဆားဗီးယပ်က သူတို့ရဲ့ ဘုံကျောင်းအပျိုစင် သုံးပါးကို အနိုင်ယူပြီးပါပြီ။ ကျန်တဲ့နှစ်ယောက်ကတော့ တောင်ပေါ်တက်ပုန်းနေပါတယ်။ ဒါပေမဲ့ ဘုရားကျောင်းရဲ့ ကွပ်မျက်သူတပ်ဖွဲ့တွေက တောင်ကိုဝိုင်းထားပြီးပါပြီ။ ရက်ပိုင်းလောက်နေရင် နတ်ကျောင်းတော်လည်း လက်နက် ချပြီးတော့ သူတို့အဖွဲ့ဝင်တွေထဲက အငယ်လေးတွေကို ရတော့မှာပါ။”

“အားရစရာပဲ။ အဲဒီလိုဆိုရင်တော့ ဒီနှစ်ဘာသာဝင် အရေအတွက်တိုးလာဖို့လိုတဲ့ ကိုဒါပြည့်မီမယ်ထင်တယ်။”

...

အပြင်ကိုပြန်ရောက်တော့ နီကိုလပ်က ချက်ချင်းပဲ သီရာနား ပြေးလာပါတယ်။ “အစ်မကြီး၊ ရဟန်းမင်းကြီးက အစ်မကို ဆူလိုက်သေးလား။”

သီရာက ခေါင်းကိုခါပြလိုက်တယ်။ “ ဆူတော့ မဆူပါဘူး။ သူက သတိပဲပေးလိုက်တာပါ။ အမှောင်ကျောင်းတော်က ဉာဏ်များလို့ မယုံရဘူးတဲ့။”

နီကိုလပ်ကလည်း လက်ကိုပိုက်ထားပြီး ရဟန်းမင်းကြီး ပြောလေ့ရှိတဲ့ လေသံကိုတုပြီး အခုလိုပြောလိုက်တယ်။ “အဲဒါ အမှန်ပဲ။ အဲဒီနက်ဆန်ဆိုတဲ့အကောင်က ကျုပ်တို့ကို လက်စားချေဖို့ ကြံနေတာနေမှာ။”

“ဘယ်သူက သူတို့ကို အရင်ရေတွင်းထဲ ပစ်ချတာလဲလို့။” သီရာက နီကိုလပ်ကို နဖူးတောက်လိုက်တယ်။ နီကိုလပ်က နာသွားပုံပေါ်ပေမဲ့ သဘောကျပုံမပြပါဘူး။ သူတို့နှစ်ယောက် ရင်းနှီးနေတာက တစ်မျိုးကြည်နူးဖို့ ကောင်းတယ်ဆိုပေမဲ့ ဘုရားကျောင်းထဲက တခြားသူတွေကတော့ သူတို့တွေကို သနားတဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့တာကိုတော့ ဘယ်သူမှ သတိမထားမိလိုက်ပါဘူး။

...

ဂျပန်နိုင်ငံ။

စိမ်းစိုနေတဲ့သစ်ပင်တွေနဲ့ဖုံးလွှမ်းနေတဲ့ ဧရာမတောင်ကြီး တစ်ခု။ တောင်ကြီးက မြင့်လွန်းတဲ့အတွက် တောင်ထိပ်ကို မြူပင်လယ်ကြီးက ဝန်းရံထားပြီး တောင်ထပ်မှာရှိနေတဲ့ ရှင်တိုဘုရားကျောင်းကြီးဟာ နတ်ဘုံနတ်နန်းတစ်ခုလို ထင်ရပါတယ်။

ဒါပေမဲ့ တောင်ခြေမှာတော့ သွေးတွေအိုင်ထွန်းနေပြီး တပ်ဖွဲ့နှစ်ဖွဲ့က အပြင်းအထန်တိုက်ခိုက်နေကြပါတယ်။ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ ဆာမူရိုင်းလိုလူတွေနဲ့ အဖြူရောင်ဝတ်စုံ မျက်လုံးပေါက်ပဲပါတဲ့ ခေါင်းစွပ်ချွန်ကြီးတွေကို ဝတ်ဆင်ထားတဲ့ လူတွေနဲ့ တိုက်ခိုက်နေကြတာဖြစ်ပြီး မြေပြင်မှာ အလောင်းချင်း ထပ်လို့ပါ။

တောင်ပေါ်ကိုတက်တဲ့ ကျောက်လှေကားရင်းဆီကို ခါးမှာဓားချိတ်ထားတဲ့ လူငယ်လေးတစ်ယောက်က ချဥ်းကပ်လာတယ်။ သူ့ရဲ့ရှည်လျားတဲ့ ငွေရောင်ဆံပင်တွေဟာ လေပြေနဲ့အတူမျောလွင့်နေပြီး လက်တစ်ဖက်ကတော့ တပ်ထားတဲ့မျက်မှန် နေရာယွင်း မသွားစေဖို့ မျက်မှန်ကိုထောက်ပံပေးထားတယ်။

သူ့တခြားလက်ထဲက ရွှေအိုရောင်တောက်နေတဲ့ဓားသွားမှာ သွေးတွေစွန်းထင်းနေပေမဲ့ ဝတ်စုံမှာတော့ သွေးတစ်ဝက်မှ ရှိမနေဘူး။ သူ့လမ်းကိုတားဆီးဖို့ ကြိုးစားနေတဲ့ ဆာမူရိုင်း မှန်သမျှဟာ ရွှေရောင်ဓားအောက်မှာပဲ အသက်ပျောက် ကုန်ကြတယ်။

ဒါပေမဲ့ ရုတ်တရက်ဆိုသလို တောင်ပေါ်ကနေပြီး လှံတို တချို့ကျဆင်းလာတဲ့အတွက် သူက တချို့ကိုရှောင်လိုက်ရပြီး တချို့ကိုတော့ ဓားနဲ့ပက်ထုတ်ရတယ်။

“ဒီထက်ပိုပြီး ဆက်တက်ခွင့်မပေးနိုင်တော့ဘူး။” အသံကြားလာရာကို သူကြည့်လိုက်ချိန်မှာတော့ တောင်လှေကားရင်းမှာ မြေခွေးမျက်နှာဖုံးဝတ်ဆင်ထားတဲ့ အမျိုးသမီးနှစ်ယောက်က ပိတ်ရက်နေပြီး တစ်ယောက်ရဲ့ လက်ထဲမှာ ပုလွေကိုကိုင်ထားကာ တခြားတစ်ယောက်က ဂျပန်အမျိုးသမီးတွေ ကိုင်ဆောင်သုံးလေ့ရှိတဲ့ နာဂီနာတာ ဓားလှံကို ကိုင်ထားတယ်။ နှစ်ယောက်လုံးက ရိုးရာအတိုင်း အဖြူရောင်နဲ့အနီရောင်ပါတဲ့ မီကိုဝတ်စုံကို ဝတ်ထားကြပါတယ်။

လူငယ်က သူတို့ကို ကြည့်လိုက်ပြီး ပြုံးလိုက်ပါတယ်။ “နောက်ဆုံးတော့ ဘုံကျောင်းအပျိုစင်တွေ ထွက်လာပြီလား။ ငါက မင်းတို့ထွက်ပြေးတော့မယ်ထင်နေတာ။”

“ဟေး... ဟေး... ဟေး....” ရုတ်ရုတ်သဲသဲအသံတွေနဲ့အတူ ဆာမူရိုင်းတွေရဲ့ခံစစ်ဖွဲ့စည်းပုံက ပျက်သွားပြီး ကွပ်မျက်သူ တပ်ဖွဲ့က တောင်နဲ့ပိုနီးစပ်လာတယ်။

“ဒါပေမဲ့ မင်းတို့က ငါ့ကိုဘယ်လို တားမှာလဲ။” လူငယ်က သွေးဆာစွာနဲ့ပြောလိုက်ရင်း ဓားကိုမြှောက်လိုက်တယ်။ မိန်းကလေးနှစ်ယောက်ကလည်း သတိရှိရှိနဲ့ပြန်ပြီးတော့ စတုံ့ပြန်တယ်။ ဓားလှံကိုင်ထားတဲ့ မိန်းကလေးက လူငယ်ကို တိုက်ရိုက်ရင်ဆိုင်ပြီး နောက်ကအမျိုးသမီးကတော့ ပုလွေကို စမှုတ်တယ်။ ပုလွေသံနဲ့အတူ မြေခွေးပေါင်းများစွာရဲ့ စည်းချက်ညီစွာတုံ့ပြန်သံကို ကြားလိုက်ရပြီး ထောင်ချီတဲ့ မြေခွေးတွေက တောင်ပေါ်ကနေ ဆင်းသက်လာကာ နတ်မြေခွေးစစ်တပ်ကြီးလို့တောင် ထင်ချင်စရာပါပဲ။

အာဝူး... ဝူး... ဝူး....

စစ်မြေပြင်တစ်ခုလုံးမှာ မြေခွေးတွေရဲ့အူသံက ပဲ့တင်သံ ထပ်သွားတယ်။ လူနှစ်ရပ်စာလောက်မြင့်တဲ့ မြေခွေးဖြူကြီး ထောင်ချီက မျက်စိထဲမြင်မြင်သမျှ ကွပ်မျက်သူတပ်ဖွဲ့ဝင်တွေကို စတင်ကိုက်ဖြတ်စားသောက် ကြတယ်။

“ဒီတောင်တော်က ကြီး​မြတ်တဲ့နတ်ဘုရားမ အိနရီကာကွယ် စောင့်ရှောက်တဲ့တောင်တော်ပဲ။ ရှင်တို့တွေ လွယ်လွယ်နဲ့ ကျွန်မတို့ကို အနိုင်ရမယ်ထင်နေလား။”

“ဟားဟား...” လူငယ်က ဂရုမစိုက်ဘဲ ရယ်မောလိုက်ပြီး နောက်ကို ခုန်ဆုတ်တယ်။ လှံနဲ့မိန်းကလေးကလည်း ရန်သူ ဘယ်လိုလှုပ်ရှားမယ်ဆိုတာ မသိရသေးတဲ့အတွက် တိုက်ခိုက်နေတာကို ရပ်လိုက်တယ်။

လူငယ်ကတော့ ကောင်းကင်ကို ဓားနဲ့ညွန်ပြလိုက်ပြီး... “မင်းတို့မှာတင် နတ်လက်နက်တစ်ခုရှိနေတာ မဟုတ်ဘူးကွ။”

ရွှင်...

လူငယ်က ကောင်းကင်ကိုဦးတည်ပြီး ဓားနဲ့ပိုင်းချတယ်။ ကောင်းကင်က မိုးတိမ်တောင်တွေက ချက်ချင်းပိုင်းဖြတ် ခံလိုက်ရပြီးတော့ ထူးခြားတဲ့ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ကနေ ကျဆင်းလာတယ်။ တိုက်ပွဲမှာရှိနေတဲ့ အသက်ရှင်ကျန်ရစ်နေသေးတဲ့ စစ်သည်တွေရဲ့ခန္ဓာပေါ်က ဒဏ်ရာတွေဟာ ပပျောက်သွားပြီး ကောင်းကင်ပေါ်ကို အားလုံးမော့ကြည့်လိုက်ကြတယ်။

ကောင်းကင်ပေါ်မှာတော့ ရွှေရောင်လက်ဝါးကပ်တိုင်ကြီးက နေမင်းကြီးထက်တောင်တောက်ပလို့။

“အားလုံးပဲ၊ ကြီးမြတ်တဲ့ ကွန်စတန်တိုင်းမင်းကြီး မြင်ခဲ့တဲ့ အံ့ဖွယ်နိမိတ်တော် လက်ဝါးကပ်တိုင်ကြီး ကောင်းကင်မှာ ပေါ်လာပြီ။ ဒါဟာကျုပ် ဆားဗီးယပ်ကို ဘုရားသခင်က ချစ်မြတ်နိုးတော်မူတည်ဆိုတဲ့ သက်သေပဲ။ စစ်သည်တော်တို့ တိုက်ခိုက်ကြ။ ဘုရားသခင်အတွက် ရှင်သန်ကြ။ ဒိဋ္ဌိတွေကို ချေမှုန်းကြ။”

ဟား....

ဒဏ်ရာတွေပြန်ကောင်းလာတဲ့ ကွပ်မျက်သူတပ်တွေက မြေခွေးတွေကို ပြန်တွန်းလှန်လာတယ်။ ဘုံကျောင်း အပျိုစင်နှစ်ယောက်လည်း ထိတ်လန့်လို့။

“မဖြစ်နိုင်တာ... ဘုရားကျောင်းသူတော်စင်တွေက ဒီလောက်တောင် သန်မာတာလား။”

“မဟုတ်ဘူး၊ ငါက အသန်မာဆုံး သူတော်စင်မလို့ပဲ။”

သူတို့နှစ်ယောက်က ဆားဗီးယပ်ကို မြန်မြန်ဆန်ဆန် အနိုင်ယူပြီး တိုက်ပွဲရေချိန်ကို ပြောင်းလဲဖို့ ဆုံးဖြတ် လိုက်ကြတယ်။ ဒါပေမဲ့ ဆားဗီယပ်က သူနဲ့အဆင့်တူ နှစ်ယောက်ကို ရင်ဆိုင်နေရတာတောင်မှ မျက်နှာတစ်ချက် ပျက်မသွားဘဲ အေးအေးဆေးဆေးခုခံတယ်။ ရန်သူက သူ့ကိုဒဏ်ရာရအောင် လုပ်နိုင်ရင်တောင် ကောင်းကင်က လက်ဝါးကပ်တိုင်ကြီးကြောင့် ပြန်ပြီးကောင်းလာတယ်။

“ဟုတ်တယ်... ငါလည်းရှင်သန်ရမယ်... ရှင်ကျန်သူ ဖြစ်ရမယ်.... သူတော်စင်တွေရဲ့တိုက်ပွဲမှာ ရှင်ကျန်သူ ဖြစ်ဖို့အတွက် ပိုပြီးသန်မာလာရမယ်။”

ဆားဗီးယပ်က ရေရွတ်ရင်း ပိုပြီးတော့အားထည့် တိုက်ခိုက်တယ်။ ဘုံကျောင်းအပျိုစင်တွေ ဒဏ်ရာရပြီးနောက်ဆုတ်ကုန်ကြပေမဲ့ သူကမရပ်သေးဘဲ ရက်ရက်စက်စက် ဆက်တိုက်ခိုက်နေတယ်။ ဘီလူးစီးနေတဲ့ အတိုင်းပါပဲ။

All Chapters