← Chapters

အခန်း (၅၉)

Vol. 5 Ch. 59

အခန်း (၅၉)

Vol. 5 Ch. 59

လင်းဖေးဟန်က အမြန်ပြောလိုက်သည်။

“တောင်းပန်ပါတယ်။ မှားသွားတာ”

ထိုအမျိုးသမီးက ရယ်လိုက်သည်။ သူမရဲ့ခန္ဓာကိုယ်အနေအထားကို တည့်မတ်လိုက်ပြီး ဆွဲဆောင်မှုရှိသည်ဟု သူမ မှတ်ယူထားတဲ့ လှုပ်ရှားမှုကိုလုပ်လိုက်၏။ ထို့နောက် လင်းဖေးဟန်ကို ပြုံးပြကာပြောလိုက်သည်။

“ကောင်ချောလေး။ ဘာမှမဖြစ်ပါဘူး။ ထွက်သွားဖို့ အဲ့လောက် အလျင်မလိုပါနဲ့။ ငါမင်းကို စကားပြောချင်လို့”

လင်းဖေးဟန်က မသေရုံတမယ် ရွံရှာမိ၏။ သည်းမခံနိုင်ပဲ ခြေလှမ်းအနည်းငယ်ဆုတ်ကာ မေးလိုက်သည်။

“ခင်ဗျားက ကျွန်တော့်ကို ဘာအကြောင်းပြောချင်တာလဲ”

“ငါမင်းနဲ့တွဲချင်လို့”

“ကျွန်တော်နဲ့တွဲမယ်တဲ့လား။ လခွမ်းတဲ့မှ”

လင်းဖေးဟန်က ကြောက်လွန်းလို့ ဘာတစ်ခွန်းမှမပြောပဲ လှည့်ထွက်ပြေးလာလိုက်သည်။ ထို၀တုတ်တုတ်မိန်းမကြီးက နောက်ကနေ လှမ်းအော်လိုက်၏။

“မင်း စိတ်ပိုင်းဖြတ်ပြီးရင် ဒီမှာစောင့်နေနော်။ မနက်ဖြန်ကျ ငါထပ်လာခဲ့မယ်”

လင်းဖေးဟန်က စိတ်ထဲကနေ ကြိမ်းလိုက်သည်။

“ငါတစ်သက်လုံး ဒီကိုမလာတော့ဘူး”

ထိုမိန်းမကြီးရဲ့ ပန်းရောင်ပြိုင်ကား မောင်းထွက်သွားတာကိုမြင်မှ လင်းဖေးဟန်က သက်ပြင်းချနိုင်တော့၏။ ထို့နောက် လုရွှယ်ယင်ကိုစောင့်ရန် မူလနေရာကို ပြန်လှည့်ရန်ပြင်လိုက်သည်။ ကားလမ်းတစ်ဖက်ကနေပြီး ငယ်ရွယ်တဲ့ စုံတွဲတစ်တွဲက ဖြတ်သွား၏။

သူတို့ကိုကြည့်ရတာ အသက်သိပ်ကြီးသေးဟန်မပေါ်ပေ။ အသက် ၂၀ ၀န်းကျင်သာရှိဦးမည်။ ကောလိပ်ကျောင်းသားစုံတွဲဖြစ်ရမည်။ မိန်းကလေးဖြစ်သူမှာ နှုတ်ခမ်းကိုစူထားပြီး အနောက်ကသူမကောင်လေးဖြစ်သူ အော်ပြောတာတွေကို လျစ်လျှူရှုကာ ဆက်လျှောက်နေသည်။ စိတ်ဆိုးနေဟန်တူ၏။ သူမအနောက်ကကောင်လေးက အမြန်အမီလိုက်ပြီး ထိုမိန်းကလေး၏လက်ကိုဖမ်းဆွဲကာ ပြောလိုက်သည်။

“စိတ်မဆိုးနဲ့။ ဟုတ်ပြီလား။ ငါဘာမှားသွားတာလဲသာပြောလိုက်။ ငါပြုပြင်လိုက်မယ်။ မရဘူးလား”

မိန်းကလေးဖြစ်သူကပြောလိုက်သည်။

“ပြုပြင်မယ်ဆိုပဲ။ ဘယ်လို ပြုပြင် ပြုပြင် နင် ဒီလူလိုမျိုး ဘယ်တော့မှ ခန့်ညားလာမှာမဟုတ်ဘူး”

သူမက လင်းဖေးဟန်ကို လက်ညှိုးထိုးလိုက်၏။ လင်းဖေးဟန်က ဆွံ့အသွားသည်။ သူက ချောမောလွန်းလို့ လမ်းလျှောက်ရင်းတောင် ပြဿနာနဲ့တည့်တည့်တိုးရတယ်လို့ လင်း‌ဖေးဟန် တွေး‌မိလိုက်၏။ ကောင်လေးက လင်းဖေးဟန်ကိုကြည့်လိုက်ပြီး မှင်သက်သွားသည်။ ဒီမျက်နှာက အမျိုးသမီးများကို အရူးအမူးဖြစ်စေပြီး အမျိုးသားများကို မနာလိုဖြစ်စေနိုင်သောမျက်နှာမျိုးဖြစ်၏။

ကောင်လေးက စိတ်တိုသွားပြီး ပြောလိုက်သည်။

“ငါသာ အဲ့လောက်ချောနေရင် မင်းနဲ့ ဆက်တွဲနေပါဦးမလား”

ထိုသို့ကြားလိုက်ရချိန်တွင် လင်းဖေးဟန်က မနေနိုင်ပဲ မျက်လုံးပင့်လိုက်မိ၏။ ဒီကောင်ကတကယ်ကို တည့်တိုးသမားပဲ။ မိန်းကလေးဖြစ်သူကလည်း ထိုစကားကိုကြားပြီး ဒေါသထွက်သွားသဖြင့် ထအော်ဟစ်ရန်ဖြစ်ကြတော့သည်။ လင်းဖေးဟန်က ဂရုမစိုက်ပဲ ထွက်သွားလိုက်တော့၏။

လင်းဖေးဟန်က စူပါမားကတ်ကိုသွားပြီး ၀တ်ဆင်ရန် မျက်နှာဖုံးတစ်ခုကို ၀ယ်လိုက်သည်။ သူဌေးမတချို့ သူ့ကိုစကားလာပြောမှာကို သူစိုး၏။ အရမ်းချောနေတာကလည်း တစ်ခါတလေပြဿနာပဲ။ ခဏအကြာမှာတော့ လုရွှယ်ယင်က ရောက်ရှိလာသည်။ သူမက ထူးခြားတဲ့ Bentley ကို မောင်းနှင်လာသဖြင့် လမ်းမကျယ်ကြီးတွင် ထင်ပေါ်နေ၏။ လင်းဖေးဟန်က လုရွှယ်ယင်ကို လက်ခါပြလိုက်သည်။

လုရွှယ်ယင်က လင်းဖေးဟန်နားတွင် ကားထိုးရပ်လိုက်၏။ သူ့နားက လူငယ်တစ်ယောက်က အဲ့ဒါကိုမြင်ပြီး မနာလိုသောအကြည့်နှင့် လင်းဖေးဟန်ကိုကြည့်ကာ မေးလိုက်သည်။

“လခွမ်း။ ဘရို။ ဒီမိန်းကလေးက လှချက်ပဲ။ မင်းနဲ့ ဘယ်လိုပတ်သက်တာလဲ”

လင်းဖေးဟန်က ရယ်ပြီးပြောလိုက်၏။

“ငါ့အစာအိမ်က သိပ်မကောင်းဘူးလို့ ဆရာ၀န်ကပြောတယ်။ အစာပျော့ပဲစားရမယ်တဲ့(ရှူးဂါးမာမီထားတာ)”

ထိုသို့ကြားလိုက်ရသဖြင့် အဲ့ဒီလူငယ်က လက်မထောင်လိုက်မိလေတော့သည်။ ပါးစပ်အဟောင်းသားနှင့် ပြောလိုက်သေး၏။

“သေစမ်း။ မိုက်တယ် ဘရိုရေ”

လင်းဖေးဟန်က ထိုလူကို ဂရုမစိုက်တော့ပဲ လုရွှယ်ယင်ကားထဲ၀င်ကာ ထွက်သွားတော့သည်။

ထိုလူက ကားအိတ်ဇောဓာတ်ငွေ့ကို ကြည့်လိုက်သည်။ မျက်လုံးထဲတွင်‌ အားကျမှုအပြည့်နှင့်။ သူ့စိတ်ထဲမှာတော့ ကေတီဗီမှာ အလုပ်လုပ်ရင်း သူဌေးမလှလှလေးက ရွေးချယ်တာခံလိုက်ရတဲ့ ကောင်ငယ်ချောချောလေးအကြောင်း စာလုံးရေသန်းချီတဲ့ ဇာတ်လမ်းတစ်ခု စိတ်ကူးယဉ်ပြီးပြီဖြစ်၏။ ဒီမှာတော့ စာလုံးရေသန်းချီကို ထည့်မရေးတော့ပေ။

ကားမောင်းနေတဲ့ လုရွှယ်ယင်က ဘေးခုံက လင်းဖေးဟန်ကို မှုန်ကုပ်ကုပ်နှင့်ကြည့်ကာ မေးလိုက်၏။

“ခုနက ကောင်လေးနဲ့ ဘာတွေပြောနေတာလဲ”

လုရွှယ်ယင်ဘက်က စကားစပြောတာရှားသည်။ လင်းဖေးဟန်က ရှေ့ကိုကြည့်နေတဲ့ လုရွှယ်ယင်ကိုကြည့်လိုက်၏။ သူ့အကြားအာရုံ ကောင်းတယ်ဆိုတာသာ မသေချာရင် သူနားကြားမှားတယ်လို့တောင်ထင်မိမှာပင်ဖြစ်သည်။

ဒီအမျိုးသမီးက တကယ်ပဲ သူ့ကို စကားပြောနိုင်သေးသားပဲ။ အနောက်အရပ်က နေထွက်သလိုပင်ဖြစ်သည်။ လင်းဖေးဟန်က တစ်ချက်ရယ်ပြီး ပြောလိုက်၏။

“အဲ့ဒီလူက ငါ့ကို ဘာအလုပ်လုပ်တာလဲတဲ့။ ငါလည်း ဆရာ၀န်က အစာအိမ်မကောင်းလို့ အစာပျော့စားရမယ်လို့ မှာထားတယ်ဆိုပြီးပြောလိုက်တယ်”

လုရွှယ်ယင်က အဲ့ဒါကိုကြားတော့ မျက်လုံးဝေ့လိုက်သည်။ သူမရဲ့ အမူအယာကလည်း အေးစက်သွား၏။ သူမ ဘာတွေနေသလဲဆိုတာ မသိနိုင်ပါ။

ခဏမျှ တိတ်ဆိတ်နေပြီးနောက် လုရွှယ်ယင်က ထပ်မံမေးလိုက်သည်။

“ဘာလို့မျက်နှာဖုံးတပ်ထားတာလဲ။ အအေးမိနေလို့လား”

လင်းဖေးဟန်က မျက်နှာဖုံးကို ချွတ်လိုက်၏။ ထို့နောက် ရယ်မောကာ ပြောလိုက်သည်။

“ငါက အရမ်းချောတယ်လေ။ မျက်နှာဖုံး မတပ်ထားရင် ထိပါးနှောင့်ယှက်ခံရမှာစိုးလို့”

သူ့အပြောကိုကြားပြီး လုရွှယ်ယင်က ဆွံ့အသွားရပြန်၏။

ဒီလင်းဖေးဟန်က အတော်လေးကို ဘ၀င်လေဟပ်တဲ့လူပဲ။ အမှန်အတိုင်းပြောရရင် လင်းဖေးဟန်က မကြာသေးခင်က ပိုကြည့်ကောင်းလာခဲ့သည်။ ဒုတိယအကြိမ် အရွယ်ရောက်တာ(လူပျိုဖော်၀င်)လား ဘာလား ဘယ်သူသိမှာလဲ။ ဒါပေမဲ့ သူချဲ့ကားပြောသလောက်တော့ ဟုတ်မနေတာ ကျိန်းသေ၏။ ရုတ်တရက်ကြီး လင်းဖေးဟန်ကို သူမ မကြိမ်းမောင်းရတာ ကြာလှပြီလို့ ခံစားမိလိုက်သည်။ လင်းဖေးဟန်က အကြိမ်းမောင်းခံချင်လို့ ရွထနေပုံပဲ။ သူမအနေနဲ့ လင်းဖေးဟန်ကို ကြိမ်းမောင်းချင်မိသွား၏။

လုရွှယ်ယင်က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ‌ရင်ထဲက ဒေါသကိုမျိုသိပ်ကာ စကားမပြောတော့ပဲ ကားဆက်မောင်းလိုက်၏။ လင်းဖေးဟန်က ၀တ္ထုရဲ့ လားရာကို စဉ်းစားကြည့်လိုက်သည်။ မကြာခင်က လုရွှယ်ယင်အနေနဲ့ ဟွားချွမ်တွင် စက်ရုံတစ်ရုံ ဖွင့်လှစ်ခဲ့ရပေမည်။ ထို့ကြောင့် သူက မေးလိုက်၏။

“မင်းရဲ့ ဟွားချွမ်ကစက်ရုံက စတင်လည်ပတ်နေပြီလား”

အဲ့ဒီ‌မေးခွန်းကိုကြားတော့ လုရွှယ်ယင်က ထိတ်ပျာသွားသည်။ ထို့နောက် လှည့်ကြည့်ကာ ပြောလိုက်၏။

“ဘယ်လိုလုပ် သိတာလဲ။ နင် ငါ့ကို စောင့်ကြည့်နေတုန်းပဲလား”

လုရွှယ်ယင်ရဲ့ပုံစံကိုကြည့်ပြီး လင်းဖေးဟန်က ကြောက်လွန်းလို့ လိပ်ပြာလွင့်မတတ်ဖြစ်သွားသည်။ လုရွှယ်ယင်ရဲ့စကားကိုပြန်ဖြေချိန်မရှိပဲ သူ အမြန်အော်ပြောလိုက်ရ၏။

“ကား။ ကား။ ကားကိုကြည့်ဦး။ ဘရိတ်နင်းလိုက်။ ဘရိတ်”

လင်းဖေးဟန်က ရှင်းပြချိန်မရှိပဲ ဘေးကိုစောင်းပြီး ကားစတီယာတိုင်ကို လုရွှယ်ယင်ဆီကနေ ဖမ်းဆွဲကာ ညာဘက်ကို ကွေ့ချလိုက်သည်။

“ဒုန်း”

အသံကျယ်ကြီးနဲ့အတူ ကားက သစ်ပင်ကြီးတစ်ပင်ကို ၀င်တိုက်သွား၏။ ကားအင်ဂျင်ဖုံးက ချိုင့်၀င်သွားပြီး မီးခိုးများ အလိပ်လိုက် လှိုက်တက်လာသည်။ အဲ့ဒီနောက်မှာပဲ ဟွန်းသံအကျယ်ကြီးနဲ့ ထရပ်ကားတစ်စီးက အရှိန်နှင့် သူတို့ဘေးက ဖြတ်သွား၏။ အဲ့ဒါကိုမြင်တော့ လင်းဖေးဟန်က ယိုင်ခွေကျသွားသည်။ ချွေးစေးများလည်း ပြန်လျက်ရှိ၏။

သီသီလေးဖြစ်သည်။ သူ ငရဲတံခါးကနေ လွတ်မြောက်လာခြင်းပင်ဖြစ်၏။ တကယ်သာ ကားမတော်တဆမှုဖြစ်ခဲ့လို့ကတော့ အတော်လေးရယ်စရာဖြစ်မည်။ ဇာတ်လိုက်သတ်လို့မသေပဲ ဒီမိန်းမသတ်လို့ သေရတော့မလို့ပဲ။ လင်းဖေးဟန်က လုရွှယ်ယင်ကို ကြည့်လိုက်တော့ သူမက ထိုင်ခုံခါးပတ်မတပ်ထားတာကို တွေ့လိုက်ရသည်။

လင်းဖေးဟန်က ချက်ချင်းပဲ သင်ခန်းစာပို့ချလိုက်၏။

“ကားမောင်းရင် ခါးပတ်မတပ်ဘူးလား။ ကားမောင်းနေရင် လမ်းကို အာရုံမစိုက်နိုင်ဘူးလား။ ဘယ် ယာဉ်မောင်းသင်တန်းကနေ လိုင်စင်ရတာလာလဲ”

ထိုင်ခုံခါးပတ်ဖြုတ်ပြီးနောက် လင်းဖေးဟန်က အသက်ပြင်းပြင်းရှူလိုက်သည်။

လုရွှယ်ယင်က အတော်လေး ဖြူဖက်ဖြူရော်ဖြစ်သွားပြီး အသက်ရှူပင် မမှန်တော့ချေ။ သတိတစ်ချက်လွတ်သွားတာက ဒီလောက်ဆိုးရွားတဲ့ အခြေအနေကို ဦးတည်သွားလိမ့်မယ်လို့ လုရွှယ်ယင်က မမျှော်လင့်ထားခဲ့ပါ။

စေနက လင်းဖေးဟန် တုံ့ပြန်တာမြန်သွားလို့သာမဟုတ်ရင် သူတို့နှစ်ယောက်လုံး အရေးပေါ်ခန်းမှာ လှဲလျောင်းနေရလောက်ပြီဖြစ်သည်။ သိထားရမှာက အဲ့ဒါက ကုန်တင်ယာဉ်ကြီးဆိုတာပင်။

“ကျေးဇူး”

All Chapters