← Chapters

အခန်း (၆၀)

Vol. 5 Ch. 60

အခန်း (၆၀)

Vol. 5 Ch. 60

လုရွှယ်ယင်က နှုတ်ခမ်းကိုစေ့ကာ လင်းဖေးဟန်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် မြန်မြန်ပဲ ‌တခြားကို ကြည့်လိုက်၏။ လင်းဖေးဟန်က လုရွှယ်ယင်ရဲ့ကိုယ်ကို သေချာကြည့်ပြီးနောက် ပြောလိုက်သည်။

“အဆင်ပြေရဲ့လား။ တစ်နေရာရာခိုက်မိသွားသေးလား”

လုရွှယ်ယင်က ခေါင်းသာခါပြပြီး ဘာမှမပြောချေ။

လုရွှယ်ယင်အဆင်ပြေတာမြင်မှ လင်းဖေးဟန်က သက်ပြင်းချနိုင်တော့သည်။ ထို့နောက် ခပ်ဖျော့ဖျော့လေသံနှင့် ပြောလိုက်၏။

“မင်းအဆင်ပြေတာကောင်းတယ်။ နောက်ကားမောင်းရင် အာရုံစိုက်ထားသင့်တယ်။ ကားအပြင်ကိုထွက်လိုက်။ ဒီတစ်ခါ ငါမောင်းမယ်။ ကားမှာ ပြဿနာတစ်ခုခုရှိလား အရင်ကြည့်လိုက်ဦးမယ်”

လုရွှယ်ယင်က အနည်းငယ် စိတ်လှုပ်ရှားနေသေးပြီး လိမ်လိမ်မာမာနဲ့ ခေါင်းငြိမ့်လိုက်သည်။

လုရွှယ်ယင်က ကားတံခါးကိုဖွင့်ပြီး အပြင်ထွက်မလို့လုပ်နေတုန်းမှာပဲ ရုတ်တရက်ကြီး မျက်နှာရှုံ့မဲ့သွား၏။

“ငါ…ငါ ခြေဆစ်လွဲသွားပြီထင်တယ်”

လုရွှယ်ယင်က အစောက စိတ်လှုပ်ရှားနေလို့ ဘာနာကျင်မှုကိုမှ မခံစားခဲ့ရပေ။ အခုတော့ စိတ်တည်ငြိမ်သွားပြီမို့ သတိပြန်၀င်လာကာ ခြေထောက်နာကျင်မှုကို ခံစားလိုက်ရခြင်းဖြစ်သည်။ လုရွှယ်ယင်ရဲ့ ရှုံ့မဲ့ပြီး တော်တော်ကြီးနာကျင်‌နေပုံကိုမြင်တော့ လင်းဖေးဟန်က ကားထဲကအမြန်ထွက်ကြည့်လိုက်၏။

လုရွှယ်ယင်က ပန်းရောင်ဒေါက်မြင့်တစ်စုံကို စီးထားတာမြင်တော့ လင်းဖေးဟန်က ခဏမျှမှင်သက်သွားသည်။ တကယ့်ကို အမျိုးသမီးယာဉ်မောင်းစစ်စစ်ပဲ။ ကားလမ်းထက်က လူသတ်သမားလို့ နာမည်ကျော်တယ်။ လုရွှယ်ယင်က ဘယ်ကားမောင်းသင်တန်းကနေ လိုင်စင်ရလာတာလဲ။ သူ့နည်းပြက ဒေါက်ဖိနပ်နဲ့ ကားမမောင်းရဘူးလို့ မသင်ပေးလိုက်ဘူးလား။

လင်းဖေးဟန်က မျက်မှောင်ကြုတ်သွား၏။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ငါ မင်းကို ယာဉ်မောင်းဘေးကထိုင်ခုံကို ချီသွားပေးမယ်”

“ဘာ။ နင်က ငါ့ကို ချီသွားပေးမယ်…”

လုရွှယ်ယင်က သဘောတူသင့်မသင့်ကို တုံ့ဆိုင်းလျက်ရှိသည်။

လုရွယ်ယင်ရဲ့ အမူအယာကိုကြည့်ပြီး လင်းဖေးဟန်က အသံအနည်းငယ်တင်ပြောလိုက်၏။

“အမြန်လေး။ ဘာတွေအချိန်ဆွဲနေတာလဲ။ ရှေးခေတ်လည်းမဟုတ်ဘူး။ ချီရုံလေးပဲ။ အသားပဲ့ပါသွားမှာလည်းမဟုတ်ဘူး”

“ပြီးတော့ မတော်တဆမှုဖြစ်အောင်လုပ်တာ မင်းပဲလေ။ ယာဉ်မောင်းစာမေးပွဲပြန်ဖြေဖို့ ငါမင်းကို အကြံပေးချင်တယ်။ မင်းက ကားလမ်းပေါ်က လူသတ်သမားဖြစ်နေပြီ အခုက။ မင်းရဲ့ လုံခြုံရေးကို စိတ်မပူရင်တောင် အနည်းဆုံးတော့ လမ်းမပေါ်ကလူတွေရဲ့ လုံခြုံရေးကို တွေးပေးသင့်တယ်”

လုရွှယ်ယင် အသက်ရှူနှုန်း မြန်လာသည်။ လင်းဖေးဟန်ရဲ့ စကားတွေက သူမကို ဘာလုပ်ရမှန်းမသိပဲ အမှားလုပ်ခံထားရသလို ခံစားရစေ၏။ သူမက လင်းဖေးဟန်ကို မျက်စောင်းထိုးပြီး အေးစက်စွာပြောလိုက်သည်။

“ငါ ဒီလိုဖြစ်သွားတာ နင့်ကြောင့်လေ။ ပြီးတော့ နင်သာ ငါတို့လုပ်ငန်းစုရဲ့ လျှို့ဝှက်ချက်ကို မခိုးယူခဲ့ဘူးဆိုရင် ငါက ဒီလိုတွေ ဖြစ်နေမှာတဲ့လား”

လင်းဖေးဟန်က ဆွံ့အသွား၏။ ငါက ခိုးစရာလိုသေးလို့လား။ မင်းလုပ်သမျှက ငါ့ခေါင်းထဲရှိပြီးသားပဲကို။

လင်းဖေးဟန်က ခဏမျှဆွံ့အသွားသော်လည်း အပြစ်တင်သမျှကိုသာ ခံယူလိုက်ရသည်။

“ဟုတ်ပြီ။ ဟုတ်ပြီ။ ငါ့အမှားပါ။ ဟုတ်ပြီလား”

လင်းဖေးဟန်က လုရွှယ်ယင်နဲ့ လုံး၀ကို အချေအတင်မဖြစ်ချင်ပါ။ ထို့ကြောင့် ခါးကိုကိုင်းညွှတ်ပြီး ကားထဲခေါင်းတိုးကာ လုရွှယ်ယင်ကို ဂရုတစိုက်ချီထုတ်လိုက်၏။

လုရွှယ်ယင်က ကြည့်ရတာ ရုပ်တည်ကြီးပေမဲ့ သူမက တောင့်တင်းပြီး ခြောက်ခြားနေတာကို လင်းဖေးဟန် မြင်နိုင်သည်။ လင်းဖေးဟန်က လုရွှယ်ယင်ကို ဘေးထိုင်ခုံကို ချီသွားပေးပြီး လှဲလို့ရအောင် ထိုင်ခုံကို သေချာချိန်ညှိလိုက်၏။ ထို့နောက် သူမ၏ ဒေါက်ဖိနပ်ကို ချွတ်လိုက်သည်။

လင်းဖေးဟန် လုပ်နေတာကိုကြည့်ပြီး လုရွှယ်ယင်က ပိုပြီး စိတ်လှုပ်ရှားကာ မျက်နှာအနည်းငယ်နီသွား၏။

“ဘာလုပ်နေတာလဲ လင်းဖေးဟန်”

လင်းဖေးဟန်က ဖြေလိုက်သည်။

“ခြေဆစ်လွဲသွားတယ်ဆို။ မဟုတ်ဘူးလား။ နှိပ်ပေးမလို့လေ။ ဘာမှားလို့လဲ”

“ဒါပေမဲ့…ဖြစ်တာက ညာဘက်ခြေထောက်လေ”

လင်းဖေးဟန်က “အိုး” ဟုဆိုကာ လုရွှယ်ယင်ရဲ့ ဘယ်ဘက်ခြေထောက်ကို အသာအယာချလိုက်ပြီး ညာဘက်ခြေထောက်မှ ဒေါက်ဖိနပ်ကို ချွတ်လိုက်၏။ လင်းဖေးဟန်က သူအဲ့လိုလုပ်လိုက်တာက လုရွှယ်ယင်ရဲ့ ခြေဖဝါးနုနုသေးသေးလေးတွေက အရမ်းလှလို့ သူမနေနိုင်လို့ဆိုတာကို ၀န်ခံမှာတော့ မဟုတ်ဘူးပေါ့။

သူအဲ့လိုပြောလို့မဖြစ်ဘူးလေ။ အဲ့လိုပြောလိုက်ရင် လုရွှယ်ယင် သူ့အပေါ် အထင်အမြင်သေးသွားနိုင်တယ်။ သူ့ကို သနားစရာ နှာဘူးကောင်လို့တောင် ထင်သွားနိုင်သေးသည်။ လင်းဖေးဟန်က သူ့ကိုယ်သူ စိတ်ထဲကနေပြီး သရုပ်မပျက်စေနဲ့၊ သရုပ်မပျက်စေနဲ့ဟု ပြောနေမိ၏။

သူ့ပုံရိပ်ကိုထိန်းသိမ်းဖို့ လင်းဖေးဟန်က အာရုံစုစည်းထားမှဖြစ်မည်။ အလွဲအချော်ရှိလို့မရပါ။ လင်းဖေးဟန်က တမင်လုပ်တာဟု လုရွှယ်ယင်က ခံစားမိသည်။ ဒီလင်းဖေးဟန်က တကယ်ကို တဏှာရူးပဲ။ အရှက်ကိုမရှိဘူး။ လုရွှယ်ယင်ရဲ့ ညာဘက်ခြေထောက်ကိုကြည့်ပြီး လင်းဖေးဟန်က ရင်ဘတ်အောင့်သွား၏။

လုရွှယ်ယင်ရဲ့ ညာဘက်ခြေချင်း၀တ်က နီရဲပြီးရောင်ရမ်းလျက်ရှိသည်။ ခြေခုံတွင်လည်း မြင်သာသော ဒဏ်ရာများစွာရရှိထား၏။ လင်းဖေးဟန်က သူမရဲ့ခြေထောက်ကို ကိုင်ထားတော့ လုရွှယ်ယင်က မျက်နှာကြီးပိုမိုနီသွားကာ ပြောမပြတတ်တဲ့ မသက်မသာဖြစ်မှုကို တစ်ကိုယ်လုံး ခံစားလိုက်ရသည်။

သို့သော် လင်းဖေးဟန်ရဲ့ ပြောင်မြောက်တဲ့ဆေးပညာကို တွေးကြည့်လိုက်တော့ လုရွှယ်ယင်က သည်းခံပြီး လင်းဖေးဟန်ကို သူမရဲ့ခြေထောက်ကိုနှိပ်ခွင့်ပေးရန်သာရှိတော့၏။

“ခြေဆစ်လွဲတာ ပြင်းထန်တယ်။ အဆစ်ပြန်တည့်ပေးမယ်။ ခုတော့ဒီမှာပဲ ငြိမ်ငြိမ်လေးနေ။ ပြီးမှ ဆေးရုံသွားပြီး ကျောက်ပတ်တီးစီးမယ်”

ကျောက်ပတ်တီးအကြောင်းကြားလိုက်တော့ လုရွှယ်ယင်က စိုးရိမ်သွားကာ ပြောလိုက်သည်။

“ငါ့ခြေထောက် အဆင်ပြေရဲ့လား။ ကျိုးသွားတာလား”

“စိတ်မပူပါနဲ့။ ခြစ်ရာသေးသေးလေးပါ။ သိပ်စိုးရိမ်စရာမရှိပါဘူး။ အရွတ်ပြဲသွားလို့ ခြေထောက်မလှုပ်နိုင်တော့ရုံပါ။ တစ်လမဟုတ်ရင် တစ်လခွဲလောက်တော့ ပြန်ကောင်းဖို့ အချိန်ယူရမယ်”

“ကောင်းပြီလေ။ ကျေးဇူးပါ”

သူမရဲ့ ခြေထောက် မကျိုးသေးဘူးဆိုတာ ကြားလိုက်ရမှပဲ လုရွှယ်ယင်က သက်ပြင်းချနိုင်တော့၏။ ထို့နောက် ရက်အနည်းငယ်ခွင့်ယူရန် ပြင်ဆင်လိုက်သည်။ ကိစ္စတွေက ဒီလိုဖြစ်လာမှတော့ စောဒကတက်နေလည်းမထူးပါ။ ရှေ့ဆက်လုပ်ရမှာကိုသာ အာရုံစိုက်ပြီး လက်ရှိအချိန်ကို ကျော်လွှားတာက ပိုကောင်းသည်။

လင်းဖေးဟန်က ထပ်မံပြောလိုက်၏။

“မင်း ဟွားချန်မှာ လုပ်ငန်းစမှာကို ငါသိရတဲ့အကြောင်းအရင်းက ငါမင်းကို စောင့်ကြည့်နေလို့မဟုတ်ဘူး။ အဲ့ဒီစက်ရုံကဒါရိုက်တာက အရင်က ငါ့အ‌ဖေနဲ့ အလုပ်တချို့လုပ်ဖူးလို့ပဲ။ သူက ငါတို့အကြောင်းတွေ သိပ်မသိတော့ ငါ့ကို ပြောပြလိုက်တာ”

သူပြောတာတွေက အမှန်ပင်ဖြစ်သည်။ ဒါပေမဲ့ သူ့ကို ပြောပြလိုက်တာကတော့ စက်ရုံဒါရိုက်တာမဟုတ်ပါ။ ဇာတ်ကြောင်းကို မှတ်သားထားခြင်းသာဖြစ်သည်။

လင်းဖေးဟန်က ဆက်ပြောလိုက်၏။

“ငါမင်းကို ဒါတွေပြောရတာက တခြားအကြံရှိလို့မဟုတ်ဘူး။ အဲ့က မြေအောက်အခြေအနေတွေက ရှုပ်ထွေးနေလို့။ ရှေးအချိန်တွေထဲက ကြမ်းတမ်းတဲ့တောင်တန်းနဲ့ အန္တရာယ်များတဲ့ရေပြင်က လူရမ်းကားတွေကို မွေးထုတ်ပေးတယ်တဲ့။ လိုရမယ်ရ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တယ်”

သူမက လင်းဖေးဟန်ရဲ့စကားတွေကို အထင်မှားသွားပြန်သည်။

“ကောင်းပြီလေ။ ကျေးဇူး။ ငါ အဲ့ဒါကို သိပြီးသားပါ”

လင်းဖေးဟန်က ဘာမှမပြောပဲ ရယ်လိုက်၏။ လင်းဖေးဟန်က ဆေးရုံကို မောင်းနှင်သွားကာ လုရွှယ်ယင်ကို လူနာစာရင်းသွင်းပြီး ဝှီးချဲကူ၀ယ်ပေးလိုက်သည်။ နှစ်ယောက်သား အိမ်ပြန်ရောက်ချိန်မှာတော့ ညခုနစ်နာရီကျော်နေပြီဖြစ်၏။

နွေရာသီဆို နေ၀င်နောက်ကျသည်။ ထိုအချိန်ကား နေ၀င်ရီတရောဖြစ်ပြီး ကောင်းကင်က လိမ္မော်ရောင်သမ်းကာ လှပနေ၏။

“ဘာဖြစ်လာတာလဲ ရှောင်ယင်”

လင်းဖေးဟန်က လုရွှယ်ယင်ကို ဝှီးချဲနဲ့တွန်းလာတာကိုမြင်တော့ လုရွှယ်ယင်ရဲ့အမေ ကျန်းချွန်းယန်က လန့်သွားပြီး အပြင်ကို အမြန်ပြေးထွက်လာသည်။

လုရွှယ်ယင်က ဝှီးချဲပေါ်ထိုင်နေပြီး နောက်ကနေ လင်းဖေးဟန်က တွန်းလာပေး၏။ သူမရဲ့ နဂိုဟိတ်ဟန်ပျောက်ဆုံးကာ သနားစဖွယ်ကောင်းနေသည်။

လင်းဖေးဟန်က အမြန်ရှင်းပြလိုက်၏။

“ဘာမှ အဆိုးကြီးမဟုတ်ပါဘူး အဒေါ်။ ကားက မတော်တဆ သစ်ပင်ကို ၀င်တိုက်သွားတာ။ ရှောင်ယင်က ဆေးရုံသွားပြီး ကုသမှုခံယူပြီးပါပြီ။ ရက်အနည်းငယ်လောက်နားလိုက်ရင် အဆင်ပြေသွားမှာပါ”

All Chapters