အခန်း (၆၁)
Vol. 5 Ch. 61
ပိုမိုစိုးရိမ်သွားသည့်ပုံစံနှင့် ကျန်းချွန်းယန်က အလျင်စလိုပြေးသွားလိုက်သည်။ သူမက အထိန်းတော်ကို အမြန်ခေါ်လိုက်ပြီး အထိန်းတော်က လင်းဖေးဟန်ဆီကနေ ဝှီးချဲကို အပြေးလေးသွားဆွဲယူလိုက်၏။
“အဆင်ပြေရဲ့လား ရှောင်ယာ။ တစ်နေရာရာ နေလို့မကောင်းတာရှိလား”
“မဖြစ်ပါဘူး အမေ။ သာမန် အရွတ်ပြဲရုံလေးပါ”
ပြဿနာပေါင်းသောင်းခြောက်ထောင်အပြီးမှာမှ မိသားစုညစာစားနိုင်ကြတော့သည်။ စားပွဲဝိုင်းတွင် ကျန်းချွန်းယန်က လုရွှယ်ယင်ကို ကားမောင်းနေစဉ်အာရုံမစိုက်ဘူး၊ သူမပြောတာနားမထောင်ပဲ ဒေါက်ဖိနပ်နဲ့ကားမောင်းတယ်ဆိုတာ ဆိုဆုံးမခဲ့၏။
လောလောဆယ်မှာတော့ လုရွှယ်ယင်က သွေးအေးတဲ့ လုဥက္ကဌရဲ့ အမူအကျင့်တွေမရှိပဲ လိမ္မာရေးခြားရှိတဲ့ကောင်မလေးလို တိတ်တိတ်လေး စားနေလိုက်သည်။ ညစာစားနေချိန်မှာ ကျန်းချွန်းယန်က အခွင့်ရှာပြီး စာရွက်စာတမ်းတစ်ခုကို ထုတ်လာခဲ့၏။
“ရှောင်ဟန်ရေ။ ဒါက မင်းဦးလေး မကြာသေးခင်က စာချုပ်ချုပ်ခဲ့တဲ့ စီမံကိန်းက ကျန်ခဲ့တဲ့အိမ်ပဲ။ ဘာဖြစ်ဖြစ် နေရာလွတ်နေတာဆိုတော့ မင်းကိုပေးလိုက်မယ်”
ကျန်းချွန်းယန်က စကားလှအောင် ပြောလိုက်ပေမဲ့ သူမရဲ့ဆိုလိုရင်းကတော့ သိသာလှသည်။ ထိုအိမ်က လုရွှယ်ယင်ကို ကယ်ပေးခဲ့တဲ့အတွက် လင်းဖေးဟန်ကို ဆုချခြင်းဖြစ်၏။
လင်းဖေးဟန်က တွေဝေမနေပဲ ပြုံးပြုံးလေးနဲ့ လက်ခံယူကာ ပြောလိုက်သည်။
“အဲ့ဒါဆို အဒေါ့်ကို ကျေးဇူးတင်ပါတယ်။ အားနာမနေတော့ဘူးနော်”
လင်းဖေးဟန်ရဲ့ပုံစံကိုကြည့်ပြီး ကျန်းချွန်းယန်က အတော်လေး၀မ်းသာသွား၏။ သူမသမီးဖြစ်သူ ဒဏ်ရာရထားတာကိုတောင် မေ့လုနီးပါးဖြစ်ကာ အားရ၀မ်းသာပြောလိုက်သည်။
“အင်းလေ။ မင်း အားတဲ့အခါ အဒေါ့်ဆီလာလည်ပြီး စကားပြောလေ။ မင်း လောလောလတ်လတ်ပဲ နာမည်ကြီးသွားသေးတယ်နော်။ ရင်းနှီးမြှုပ်နှံဖို့ ငွေမလောက်ရင် အဒေါ့်ဆီကလာတောင်း။ အဒေါ်တို့ကြားကဆက်ဆံရေးက မိသားစုလိုပဲလေ။ အားနာနေစရာမလိုပါဘူး”
ကျန်းချွန်းယန်က နဂိုကပင် လင်းဖေးဟန်ကို နှစ်သက်ခဲ့သည်။ ကြားထဲမှာ လင်းဖေးဟန်က သူမကို ပိုပြီးအထင်ကြီးစေခဲ့၏။ အဲ့ဒါက သူမကို လင်းဖေးဟန်အပေါ် ပိုပြီးနှစ်သက်သွားစေသည်။ လင်းဖေးဟန်က ပြုံးကာ အမြန်လေးပြောလိုက်၏။
“သိပါတယ်ဗျ အဒေါ်ကလည်း။ အဒေါ့်ကို ကျွန်တော် ဘယ်တုန်းကမှ အပြင်လူလို မဆက်ဆံဖူးပါဘူး”
တရုတ်လူမျိုးတွေက ယဉ်ကျေးမှုကို ယဉ်ကျေးမှုနှင့် တုံ့ပြန်ခြင်းမျိုးကဲ့သို့ အပြန်အလှန်သဘောတရားကို တန်ဖိုးထားကြသည်။ ဆက်ဆံရေးတိုင်းကို ပိုမိုအလေးထားသော အထက်တန်းလွှာများတွင် ပိုတွေ့ရတတ်၏။
ကြည့်ရတာ ဒါက လူချမ်းသာတို့ရဲ့ ဒုက္ခသာဖြစ်မည်။ သာမန်လူတွေအတွက် တစ်ယောက်ကိုတစ်ယောက် ကူညီတယ်ဆိုတာ တကယ်ကို ပုံမှန်ကိစ္စတစ်ခုပင်ဖြစ်သည်။ အပြန်အလှန်ကူညီရင်း နှစ်ဖက်ဆက်ဆံရေး တိုးတက်လာ၏။
ဒါပေမဲ့ လူကုံထံအလွှာကတော့ အကူအညီတစ်ခုယူပြီးတာနဲ့ အမြဲလိုလို ပြန်ပေးချေဖို့ကြိုးစားကြသည်။ နို့မို့ဆို တစ်ဖက်က နောက်ပိုင်းကျ ခဲရာခဲဆစ်တစ်ခုခုကိုများ တောင်းဆိုလာခဲ့ရင် သင် ကူညီမှာလား မကူညီဘူးလားဆိုတာ ရှိသေး၏။
တစ်ဖက်မှာတော့ လုရွှယ်ယင်က သူမရှေ့က နွေးထွေးပျော်ရွှင်တဲ့ မြင်ကွင်းကို ကြည့်နေသည်။ သူမ၏မိဘများက လင်းဖေးဟန်ကို ထွေရာလေးပါး မေးနေကြပြီး လင်းဖေးဟန်ကလည်း ပေါ့ပေါ့ပါးပါးပဲ ပြန်လည်ပြောဆို၏။ အဲ့ဒီအခိုက်အတန့်မှာ လုရွှယ်ယင်က အပြင်လူလို ခံစားလိုက်ရသည်။ သူတို့သုံးယောက်သားကမှ မိသားစုအစစ်နှင့်တူနေ၏။
ထို့ကြောင့် လုရွှယ်ယင်က ရုပ်တည်ကြီးနှင့် ပြောလိုက်သည်။
“အခန်းကိုပြန်ချင်တယ်။ အဖေ လိုက်ပို့လို့ရမလား”
လုရှော့ချွန်းက လင်းဖေးဟန်နဲ့ စကားပြောနေသောကြောင့် လုရွှယ်ယင် ထူးဆန်းနေတာကို သတိမထားမိလိုက်ချေ။ လုရွှယ်ယင်စကားကိုကြားပြီးနောက် ပြီး၍သာ “ကောင်းပြီလေ” ဟု ပြောလိုက်၏။ လုရှော့ချွန်းက လုရွှယ်ယင်ကို ဒုတိယထပ်က အခန်းဆီကို တွန်းသွားပေးရန် ထလိုက်ရုံပင်ရှိသေးသည်။
“ကျွန်တော်လိုက်ပို့လိုက်မယ် ဦးလေး။ အပေါ်ထပ်ကိုတက်ရမှာ ဦးလေးအသက်အရွယ်နဲ့ ပင်ပန်းတယ်။ ကျွန်တော်က အသက်ငယ်ပြီး အားအင်အပြည့်ပဲ”
လုရှော့ချွန်းက လှေကားအမြင့်ကြီးကို မော်ကြည့်လိုက်၏။ ထို့နောက် သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည်။ သူသာ တွန်းတင်ပေးမယ်ဆိုရင် မနက်ဖြန်တောင် ရောက်လောက်မှာမဟုတ်ပါ။ သို့သော် လုရှော့ချွန်းက သူ့သမီးရဲ့ စိတ်နေစိတ်ထားကိုသိတာကြောင့် လုရွှယ်ယင်ကို လှမ်းကြည့်လိုက်၏။
လုရွှယ်ယင်ကိုကြည့်ရတာ ပုံမှန်ဖြစ်ပြီး ငြင်းဆန်ခြင်းလည်းမရှိပေ။ လုရှော့ချွန်း စိတ်အေးသွားသည်။ သူက လင်းဖေးဟန်ရဲ့ပုခုံးကိုပုတ်ပြီး ပေါ့ပေါ့ပါးပါးရှိသလိုဟန်ဆောင်ကာ ပြောလိုက်၏။
“ဦးလေးမှာလည်း လုပ်စရာရှိနေတာနဲ့အတော်ပဲ။ ကူညီပေးလို့ ကျေးဇူးပဲကွာ”
“ဒါပေမဲ့ အပေါ်ကို ချီတင်ဖို့ လူနှစ်ယောက်လောက်လိုမယ်။ ဦးလေး မင်းကိုကူဖို့ နေခဲ့မယ်ဆိုရင်ရော”
လင်းဖေးဟန်က ရိုးရိုးလေးပြုံးကာပြောလိုက်သည်။
“စိတ်မပူပါနဲ့ ဦးလေး။ ကျွန်တော်တစ်ယောက်တည်းနိုင်ပါတယ်။ ဦးလေးမှာ တစ်ခုခု လုပ်စရာရှိရင် အရင်သွားနှင့်လိုက်လေ”
“ဦးလေးက ကျွန်တော့်ကို မယုံဘူးလား”
လင်းဖေးဟန်က သူ့ရင်ဘတ်ကိုပုတ်ပြီး သူမည်မျှသန်မာကြောင်းပြလိုက်၏။ လင်းဖေးဟန်ကို ဒီလိုမျိုး မြင်တွေ့ရတော့ လုရှော့ချွန်းက ဆက်မပြောတော့ပေ။ သူသာ ဆက်ပြောရင် လင်းဖေးဟန်ကို မယုံကြည်ရာကျမည်။
လုရှော့ချွန်းက လင်းဖေးဟန်ကို ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် စီးကရက်ကိုထုတ်ကာသောက်ရန် ခြံ၀န်းထဲသို့ ထွက်သွားလိုက်၏။ ထိုအချိန်တွင် လုရွှယ်ယင်က ရုတ်တရက် စကားထပြောလိုက်သည်။ သူမက လင်းဖေးဟန်ကို သံသယတချို့ဖြင့်ကြည့်ကာ မေးလိုက်သည်။
“နင်က ငါ့ကို အပေါ်ထပ်ကို ဘယ်လိုခေါ်သွားမှာလဲ”
လုမိသားစုဗီလာက စတုရန်းမီတာ ၈၀၀ ကျော်၏။ လှေကားက ကြောင်လှိမ်ပုံစံဖြစ်ကာ ရှည်လျားသည်။ တစ်ယောက်ယောက်က ဝှီးချဲကို တွန်းတင်မယ်ဆိုရင် လုံး၀ကို ဖြစ်နိုင်ချေမရှိပါ။ မပြီးတင်မယ်ဆိုရင်တော့ လင်းဖေးဟန်တစ်ယောက်တည်းအတွက်ဆို မဖြစ်နိုင်ပါ။
လင်းဖေးဟန်က ဘာတစ်ခွန်းမှမပြောချေ။ လုရွှယ်ယင် မတုံ့ပြန်နိုင်ခင်မှာပဲ လင်းဖေးဟန်က ဝှီးချဲရဲ့အောက်ခြေကိုကိုင်ပြီး တစ်ခုလုံးကို ပင့်ချီလိုက်သည်။ လုရွှယ်ယင်က အသင့်မဖြစ်သေးသဖြင့် “အား” ဆိုပြီး အလန့်တကြားအော်လိုက်၏။ ထို့နောက် စိတ်ဆိုးမာန်ဆိုးနှင့် အော်ပြောလိုက်သည်။
“နင် ရူးနေတာလား လင်းဖေးဟန်”
လုရွှယ်ယင်ရဲ့ အော်သံကြောင့် ကျန်းချွန်းယန်လည်း လန့်သွား၏။ သူမက ပြောလိုက်သည်။
“ဘာလုပ်တာလဲ ရှောင်ယင်။ ရှောင်ဟန်က သမီးကို စေတနာနဲ့ ကူညီပေးနေတာလေ။ သူ့ကို ဘာလို့အော်ရတာလဲ”
ကျန်းချွန်းယန်က လင်းဖေးဟန်ကိုစိုးရိမ်တကြီးကြည့်လိုက်၏။ သူအမှားသေးသေးလေးလုပ်မိတာဖြစ်ဖြစ် အားမရှိတော့တာဖြစ်ဖြစ် လုရွှယ်ယင်ကို လွှတ်ကျသွားမှာ စိတ်ပူသောကြောင့်ဖြစ်သည်။ အဲ့လိုသာဖြစ်ရင် လုရွှယ်ယင်ရဲ့ အခြေအနေက အခုထက်ပိုဆိုးသွားလိမ့်မည်။ ဝှီးချဲကို ခေါင်းပေါ်မတင်ထားဖို့ဆိုတာ အဲ့ဒီလောက် မလွယ်ကူပါ။
ကျင်း ၉၀ ကျော်သာသာ(၄၅ ကီလိုကျော်)ပဲရှိတဲ့ လုရွှယ်ယင်ကို ချီတာက ဖြစ်နိုင်ချေရှိသည်။ ဒါပေမဲ့ ဝှီးချဲကိုပါ မတင်ရမှာကို ထည့်တွက်လိုက်ရင် အလေးချိန်ဖြန့်ကျက်တာက မညီလို့ လင်းဖေးဟန်အနေနဲ့ အနည်းဆုံး ကျင်း ၃၀၀(၁၅၀ ကီလို)လောက် သယ်မရမည်။ လင်းဖေးဟန်က ကြွားလုံးထုတ်နေတယ်လို့ မှတ်ယူတဲ့အတွက် လုရွှယ်ယင်က မကျေနပ်ပေ။ သူ့ကိုယ်သူများ အလေးမချန်ပီယံထင်နေတာလား။
လင်းဖေးဟန်ကို ကြွားလုံးထုတ်မနေပဲ သူမကို ချပေးရန်ပြောဖို့ လှည့်ကြည့်လိုက်သော်လည်း ထင်မှတ်မထားပဲ လင်းဖေးဟန်က မမောမပန်း သာမန်အတိုင်းပဲရှိနေတာကို မြင်လိုက်ရ၏။ လင်းဖေးဟန်က ကျန်းချွန်းယန်ကို ရယ်ပြလိုက်သည်။
“စိတ်မပူပါနဲ့ အဒေါ်။ ကျွန်တော် ရှောင်ယင်ကို မလွှတ်ချပါဘူး။ သူ့ကို ပိုပြီး သက်သောင့်သက်သာရှိစေချင်ရုံပါ။ အဆင်ပြေပါတယ်”
ထို့နောက် လုရွှယ်ယင် ဘာမှမပြောနိုင်ခင်မှာပဲ လင်းဖေးဟန်က ဝှီးချဲကို ဒုတိယထပ်ကို မတင်သွားလိုက်၏။ ထိုဖြစ်စဉ်တစ်ခုလုံးမှာ လုရွှယ်ယင်က နည်းနည်းပါးပါး လှုပ်ခါသွားတာကိုတောင် မခံစားခဲ့ရချေ။
လင်းဖေးဟန်က လုရွှယ်ယင်ကို အသာအယာ မချီသွားတာကို ပြတင်းပေါက်မှတစ်ဆင့် မြင်တွေ့လိုက်ရချိန်မှာ ခြံ၀န်းထဲ စီးကရက်ဆင်းသောက်နေတဲ့ လုရှော့ချွန်းက ခေတ္တမျှမှင်သက်သွားမိသည်။ ဒီလင်းဖေးဟန်က လျှိုထားတဲ့ အရည်အချင်းတွေအပြည့်ပဲ။ လူလတ်ပိုင်း လုရှော့ချွန်းအနေနဲ့ အားကျရုံမှလွဲပြီး မတတ်နိုင်ပါ။ ငယ်ရွယ်တာက ကောင်းလိုက်တာကွာ။