အခန်း (၆၂)
Vol. 5 Ch. 62
ဒါပေမဲ့ လုရှော့ချွန်းက သူသာ လင်းဖေးဟန်လောက် အသက်ငယ်ဦးမယ်ဆိုရင် ဝှီးချဲကို မြေပြင်ပေါ် လမ်းလျှောက်သလို ငြိမ်အောင် မချီနိုင်မယ်လို့ မပြောရဲချေ။ လင်းဖေးဟန်က ဒုတိယထပ်ကိုသွားပြီး လုရွှယ်ယင်ကို ချပေးကာ ပြောလိုက်သည်။
“အဲ့လောက်ကြီး ပျာမနေလို့ရမလား။ မင်းက အတော်လေးကို စိတ်မရှည်တာပဲ။ မင်းအော်လိုက်တာက ဟုတ်ပါပြီ။ ငါက လန့်သွားပြီး မင်းကို လွှတ်ချလိုက်မိရင် ဘယ်လိုလုပ်မလဲ”
လုရွှယ်ယင်က သူမရဲ့ခေါင်းကိုလှည့်ကာ လင်းဖေးဟန်ရဲ့လက်မောင်းကို ကြည့်လိုက်မိ၏။ ထို့နောက် သူမက လင်းဖေးဟန်ကို လျစ်လျူရှုပြီး ခေါင်းကို ပြန်လှည့်လာလိုက်သည်။ ပြီးနောက် သွေးအေးစွာနှင့် ပြောလိုက်၏။
“ငါ့ကို လာအပြစ်တင်လို့ရမလား။ ဘယ်သူက နင့်ကို အချိန်တိုင်း အပိုလုပ်ခိုင်းနေလို့လဲ”
လင်းဖေးဟန်က ဆွံ့အပြီး ဘာပြောရမှန်းကို မသိတော့ပါ။ မိန်းမတစ်ယောက်နဲ့ အကျိုးသင့်အကြောင်းသင့်ပြောဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်ဘူး။ မိန်းမတစ်ယောက်နဲ့ အကျိုးအကြောင်းပြောတာက အရူးနဲ့ စကားပြောရသလိုပဲ။
“နင့်အခန်းက ဘယ်မှာလဲ။ နင့်ကို ပြန်ခေါ်သွားပေးမယ်”
လင်းဖေးဟန်က ချက်ချင်း စကားလမ်းကြောင်းလွဲလိုက်သည်။ လုရွှယ်ယင်က သူမဘာသာ ပြန်တွန်းသွားရန် တွေးထားသော်လည်း လင်းဖေးဟန်က ဒီလိုမျိုး ပြောလာလိမ့်မယ်လို့ မမျှော်လင့်ထားပါ။ လင်းဖေးဟန်က ဘာဖြစ်ဖြစ် သူမကို အများကြီးကူညီထားတာမို့ သူမ ငြင်းဆန်ရမှာကို မျက်နှာပူမိ၏။
“ညာဘက်က ပထမဆုံးအခန်း”
လုရွှယ်ယင်က ခဏတုန့်ဆိုင်းသွားပြီးနောက် လက်ကိုဆန့်ထုတ်ကာညွှန်ပြပြီး ပြောလိုက်သည်။
“ကျေးဇူးပဲ”
လုရွှယ်ယင်ရဲ့အသံက မကြားရသလောက်ပင်ဖြစ်၏။ လင်းဖေးဟန်ရဲ့ နားတွေက အင်မတန်ကောင်းတာကြောင့် အဲ့ဒါကို ကြားလိုက်သည်။ သို့သော် မကြားချင်ယောင်ဆောင်ကာ မေးလိုက်၏။
“ဘာပြောလိုက်တာ”
“ဘာမှမဟုတ်ဘူး”
လုရွှယ်ယင်က အေးစက်စွာ ပြောလိုက်သည်။
“ကောင်းပြီလေ”
လုရွှယ်ယင်ကို အခန်းတံခါးဆီ တွန်းပေးပြီးနောက် လင်းဖေးဟန်က ခဏတွေဝေနေလိုက်မိ၏။ ထို့နောက် ပြောလိုက်သည်။
“ငါ တရုတ်ဆေးပညာကို လေ့လာနေတာ မင်းသိတယ်မလား။ ငါ့ရဲ့ ဆေးပညာအရည်အချင်းကို မင်းဘယ်လိုထင်လဲ။
“မဆိုးပါဘူး။ ဘာလို့လဲ”
လုရွှယ်ယင်က သူမရဲ့ ခြေချင်းဝတ်က နာကျင်မှုကို တောင့်ခံကာ ပြန်ဖြေလိုက်၏။
“ဆရာဝန်က မင်းကို အိပ်ယာပေါ်ကနေ တစ်ပတ်လောက်ဆင်းလို့မရလောက်ဘူးဆိုပြီး ပြောလိုက်တယ်မလား။ မင်းရဲ့ ဒီလို အခြေအနေကိုကြည့်ရတာ အောက်ထပ်ကိုဆင်းတာဖြစ်ဖြစ် အိမ်သာသွားတာဖြစ်ဖြစ် ဒုက္ခများဦးမယ်။ မဟုတ်ရင်လည်း ငါမင်းကို ကုပေးလိုက်မယ်လေ။ မနက်ကျရင် မင်းလုံးဝ ပြန်ကောင်းစေရမယ်လို့ ကတိပေးတယ်”
လင်းဖေးဟန်က လုရွှယ်ယင်ကို ဂရုစိုက်ကြင်နာပြလိုက်သည်။ လင်းဖေးဟန်အပြောကိုကြားပြီး လုရွှယ်ယင်က တုံ့နှေးစွာ လှည့်ကြည့်လိုက်၏။ သူမနှင့် လင်းဖေးဟန်က အလွန်နီးကပ်နေသည်။ ကိုယ်သင်းနံ့ရောပါနေသည့် အမွှေးနံ့တစ်ခုက လင်းဖေးဟန်ရဲ့ နှာခေါင်းထဲ တိုက်ရိုက်ဝင်သွား၏။ Head & Shoulders ခေါင်းလျှော်ရည် ပဲ။ သူအဆင်ပြေရင် ငါလည်းအဆင်ပြေတယ်။
လုရွှယ်ယင်က လင်းဖေးဟန်ကို သံသယတချို့နှင့်ကြည့်ကာပြောလိုက်သည်။
“အပ်စိုက်တာအပြင် နင်က အရိုးနဲ့ပတ်သက်တာလည်း ရသေးတယ်ပေါ့။ အဲ့ဒီဆရာဝန်က ကျန်းပိုင်မြို့က နာမည်ကြီးဆရာဝန်နော်။ နင် ကုသနိုင်တာ သေချာလား”
လောလောဆယ်မှာ လုရွှယ်ယင်ရဲ့ ခြေထောက်က ထိလိုက်ရုံနဲ့တင် နာနေ၏။ လမ်းလျှောက်တာကို ထားဦး။ လင်းဖေးဟန်ရဲ့အပြုံးက နောက်နေ့ကျရင် သူမ ထပြီးလမ်းလျှောက်နိုင်မယ်ဆိုတဲ့ သဘောလား။
လင်းဖေးဟန်က ဆေးပညာထူးချွန်ပြီး သူမရဲ့အဘိုးကို ကုပေးခဲ့တယ်ဆိုပေမဲ့ လုရွှယ်ယင်က ဒီဟာလေးကို လင်းဖေးဟန်ကုနိုင်မယ်လို့ မယုံကြည်သေးပါ။ ရောဂါကြီးတွေကို ကုသနိုင်တဲ့ ဆရာဝန်တစ်ယောက်က အမြဲလိုလို အသေးစားပြဿနာလေးတွေကိုတော့ မကုစားနိုင်ပါ။ ခဏလောက် တွေးပြီးနောက်မှာတော့ လုရွှယ်ယင်က လင်းဖေးဟန်ကို ကြိုးစားခွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။ သူမကပြောလိုက်၏။
“ကောင်းပြီလေ။ ဝင်လာပြီးစမ်းကြည့်လိုက်”
ဝင်လာပြီး စမ်းကြည့်ရမယ်တဲ့လား။ စမ်းကြည့်။ ကိုးခါ တိမ်တိမ် တစ်ခါနက်နက်(ဟိုဒင်းဟိုဟာ)။
ရှေ့သွားနောက်မလွတ်တဲ့ လုရွှယ်ယင်ရဲ့စကားကိုနားထောင်ပြီး လင်းဖေးဟန်စိတ်ထဲ အတွေးများစွာ ဖြတ်သွားသည်။
“မင်းအခန်းထဲမှာလားအဲ့ဒါဆို”
လင်းဖေးဟန်က မေးလိုက်၏။
“အင်း”
လုရွှယ်ယင်က တံခါးကို တွန်းဖွင့်လိုက်သည်။ လင်းဖေးဟန်က လုရွှယ်ယင်ကို အထဲသို့တွန်းပေးလိုက်၏။ ဒီတစ်ကြိမ်တော့ လင်းဖေးဟန်က လုရွှယ်ယင်ရဲ့ ကိုယ်ပိုင်အခန်းကို မြင်တွေ့လိုက်ရသည်။ ပုံမှန်အတိုင်းဆို မိန်းကလေးတစ်ယောက်ရဲ့အခန်းဆိုတာ အတော်လေးသိုဝှက်တတ်ကြတာလေ။ ကြည့်ရတာ လုရွှယ်ယင်ကတော့ အဲ့ဒါတွေကို ဂရုမစိုက်ပုံပဲ။ လုရွှယ်ယင်ကို မိန်းကလေးဆန်တဲ့စိတ်ရှိမယ်လို့ သူ မထင်ထားပါ။ အခန်းထဲတွင် နံရံပန်းရောင်, အဖြူရောင်စားပွဲနှင့် စားပွဲပေါ်တွင်တော့ ထူးဆန်းတဲ့ ပန်းရောင်ကွန်ပျူတာကြီးရှိနေသည်။ မည်သည့်အပြင်အဆင်မှမပါပဲ အင်မတန်ရိုးရှင်း၏။
“မီးဖွင့်”
လုရွှယ်ယင်က ပြောလိုက်သည်နှင့် မီးပွင့်သွားသည်။
“သီချင်းငြိမ့်ငြိမ့်လေးဖွင့်လိုက်”
သီချင်းပွင့်လာပြန်၏။ ဒါကြီးက အသံနဲ့ ထိန်းချုပ်လို့ရတဲ့အခန်း ဖြစ်နေတာပဲ။
အခန်းက လင်းသွားတာနဲ့ လင်းဖေးဟန်က လုရွှယ်ယင်ရဲ့ခြေထောက်ကို စစ်ဆေးရန်ဒူးထောက်ချလိုက်ပြီး ပြောလိုက်သည်။
“အဲ့ဒါဆို အခု စလိုက်တော့မယ်နော်”
“အင်း”
လုရွှယ်ယင်က ခေါင်းငြိမ့်လိုက်ပြန်၏။ လင်းဖေးဟန်က သူ့အိတ်ကပ်ထဲကနေပြီး ငွေပင်အပ်များကို ထုတ်ယူကာ ပိုးသတ်ရန် ဖြည်းဖြည်းချင်းသုတ်လိုက်သည်။
“နင်…မြန်မြန်လုပ်…”
လင်းဖေးဟန်သာ ဒီတစ်ကြိမ် မော့ကြည့်လိုက်မယ်ဆိုရင် လုရွှယ်ယင်ရဲ့ စိတ်လှုပ်ရှားနေတဲ့ပုံစံကို ကျိန်းသေမြင်တွေ့ရမည်သာဖြစ်၏။
ထင်မထားပဲ တစ်ချိန်လုံး တည်ငြိမ်နေခဲ့တဲ့ မမလေးလုက အပ်ထိုးတာကိုတော့ ကြောက်တာပဲ။ လင်းဖေးဟန်က စိတ်ထွေပြားမနေပါ။ ဂုဏ်ရှိတဲ့သမားတော်တစ်ယောက်အနေနဲ့ သူက ကူညီပေးဟန်ပြပြီး ဘယ်သောအခါမှ အမြတ်ထုတ်မှာမဟုတ်ပေ။အဲ့ဒါက အမျိုးသမီးများတင်မက သူ့ကိုယ်သူပါ မလေးစားရာရောက်သည်။ ပန်းလေးလိုလှသူတစ်ယောက်က ခုချိန်မှာ ပါးစပ်ချင်းတေ့ပြီး လေမှုတ်ထည့်ပေးဖို့လိုနေတယ်ဆိုရင်တောင် သူက တွေဝေမနေပဲ ကျိန်းသေလှည့်ထွက်လာမှာဖြစ်၏။ စိတ်မကောင်းပါဘူး။ သူ(မ)က ရုပ်ဆိုးလွန်းလို့ ဆက်မလုပ်နိုင်တော့ဘူး။
လင်းဖေးဟန်က လုရွှယ်ယင်ကို အသေအချာ စတင်ကုသလိုက်သည်။ လင်းဖေးဟန် အာရုံစိုက်နေပုံကိုကြည့်ပြီး လုရွှယ်ယင်ရဲ့ မျက်လုံးထဲက အေးစက်မှုက အနည်းငယ် ပြေလျော့သွား၏။ နွေးထွေးမှုအရိပ်အယောင်ကို ပြသလာသည်။
ဒီရက်တွေအတွင်း လင်းဖေးဟန်က သူမကို အများကြီး အံ့အားသင့်စေခဲ့ပြီး လင်းဖေးဟန်ပြောင်းလဲတာကို သူမ မျက်မြင်တွေ့ခဲ့ရလို့သာ မဟုတ်ရင် လုရွှယ်ယင်က လင်းဖေးဟန်ကို သူမအခန်းထဲဝင်ပြီး သူမခြေထောက်ကို သူ့လက်တွေနဲ့ ကိုယ်တွယ်ခွင့်ပြုမည် မဟုတ်ပေ။ လင်းဖေးဟန်နားမှာရှိရင် ဘာကြောင့်မှန်းမသိ သူမ စိတ်ပေါ့ပါးသလို ခံစားရသည်။ ဒီတစ်လော လင်းဖေးဟန်က ပိုမိုကြည့်ကောင်းလာရုံတင်မက အပြစ်ပြောစရာမရှိတဲ့လူလိုမျိုးပါ ပြုမူလာခဲ့၏။ ပြည့်စုံတယ်။ ပြည့်စုံလွန်းလို့ ယုံနိုင်စရာတောင်မရှိဘူး။ ဒီလောကကြီးမှာ တကယ်ပဲ ပြီးပြည့်စုံတဲ့သူဆိုတာရှိလို့လား။ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး အပြစ်ပြောစရာမရှိရတာလဲ။
လင်းဖေးဟန်ရဲ့ လက်တွေကတော့ နားမထောင်ပါ။ ငွေပင်အပ်များက လုရွှယ်ယင်ရဲ့ ညာဘက်ခြေထောက်က အပ်စိုက်မှတ်တွေကို ဖောက်ထွင်းဝင်သွားသည်။ လုရွှယ်ယင်က သူမရဲ့ညာဘက်ခြေထောက်က စူးရှတဲ့နာကျင်မှုကို ခံစားလိုက်ရတဲ့အတွက် လေအေးတစ်ချက်ရှူသွင်းလိုက်၏။
“ဘာမှမဖြစ်ဘူး။ သည်းခံထားဦး။ မကြာခင်ပြီးတော့မယ်”
လင်းဖေးဟန်က လုရွှယ်ယင်ကို နှစ်သိမ့်လိုက်သည်။ ထို့နောက် သူက ငွေအပ်ကို လှည့်လိုက်၏။ တစ်ချက်လှည့်လိုက်တိုင်း လုရွှယ်ယင်က ပြင်းထန်တဲ့နာကျင်မှုကို ခံစားလိုက်ရသည်။ ခဏတွင်းချင်းမှာပဲ သူမနဖူးမှာ ချွေးသီးချွေးပေါက်တွေ ထွက်လာခဲ့၏။ မကြာခင်မှာပင် သူမရဲ့ နူးညံ့တဲ့ ခြေထောက်သေးသေးလေးကနေပြီး မည်းနက်နေတဲ့သွေးတွေ ထွက်ရှိလာခဲ့သည်။ လုရွှယ်ယင်က အနည်းငယ် ကြောက်လန့်မိသွား၏။
လင်းဖေးဟန်က သူမကို နှစ်သိမ့်လိုက်သည်။
“ဘာမှမဖြစ်ဘူး အဲ့ဒါတွေက သွေးပုတ်တွေပါ။ အကုန်ထွက်သွားပြီးရင် မင်းအဆင်ပြေသွားလိမ့်မယ်”
အချိန်တွေ ကုန်ဆုံးသွား၏။
တဖြည်းဖြည်း သူမရဲ့ ခြေချင်းဝတ်က ပြင်းထန်တဲ့နာကျင်မှုက လျော့ပါးလာတာကို လုရွှယ်ယင် ခံစားမိလိုက်သည်။ အဲ့ဒီအစား မမျှော်လင့်ထားပဲ နေလို့ကောင်းတဲ့ ခံစားမှုတစ်ခုက အစားထိုးသွား၏။ ခြေထောက်အနှိပ်ခံနေရသလိုမျိုးပင်။
“ရလား။ နားဖို့လိုသေးလား”
လင်းဖေးဟန်ရဲ့ ခန္ဓာကိုယ် ယိုင်သွားတာကိုမြင်ပြီး လုရွှယ်ယင်က စိတ်ပူကာပြောလိုက်သည်။
“စီစဉ်ထားတာထက် ရက်နည်းနည်းနောက်ကျပြီးမှ ငါလမ်းလျှောက်နိုင်လည်း အရေးမကြီးဘူး။ နားလိုက်”
လင်းဖေးဟန်က ပြန်မတုံ့ပြန်ပါ။ သူက အပ်ဆက်စိုက်ပေးနေခဲ့ပြီး မကြာခင်မှာပဲ ပြီးဆုံးသွား၏။ နောက်ဆုံး ငွေအပ်ကို သူက ဆွဲထုတ်လိုက်လေတော့သည်။