အခန်း (၆၃)
Vol. 5 Ch. 63
“ဟုတ်ပြီ။ ဘာပြဿနာမှ မရှိဘူး။ ဒီနေ့ ရေမချိုးနဲ့ဦး။ မင်းရဲ့ မွေးညှင်းပေါက်တွေက ပွင့်သွားတဲ့အတွက် ရေချိုးလိုက်မယ်ဆိုရင် ခန္ဓာကိုယ်ထဲ အစိုဓာတ်၀င်ရောက်ပြီး ဖျားသွားလိမ့်မယ်”
လင်းဖေးဟန်က လေးလံစွာ အသက်ရှူလိုက်၏။ ခြေချင်း၀တ်က သွေးလေကြောတွေကို ဖွင့်ရတာက တကယ်ကို ပင်ပန်းတာပဲ။
“ကျေးဇူး”
လုရွှယ်ယင်က ကျေးဇူးတင်စွာနှင့် ပြောလိုက်သည်။ နောက်ကျောချွေးရွဲနေတဲ့ လင်းဖေးဟန်ကိုကြည့်ပြီး လုရွှယ်ယင်က မနေနိုင်မထိုင်နိုင်ဖြစ်သွား၏။
“ဘာမှမဟုတ်ပါဘူး ဒါလေးက။ ကောင်းကောင်းနားလိုက်။ ငါသွားနှင့်ပြီ။ တာ့တာ”
လင်းဖေးဟန်က ထရပ်လိုက်သည်။ တံခါးဆီကို လျှောက်သွားပြီးနောက် လုရွှယ်ယင်ကို လက်ပြနှုတ်ဆက်လိုက်၏။
“တာ့တာ”
လုရွှယ်ယင်က လက်ပြနှုတ်ဆက်ချင်ခဲ့သော်လည်း လင်းဖေးဟန်က လှည့်တောင်မကြည့်ပဲ ချက်ချင်းထွက်သွားသည်။သူမ လက်ပြတာကို လင်းဖေးဟန် မမြင်လိုက်ပါ။ လုရွှယ်ယင်ရဲ့လက်က လေထဲမှာတင် ရပ်တန့်သွား၏။ သူမတံခါး၀ကို လှမ်းကြည့်လိုက်တော့ မည်သူမျှ ရှိမနေတော့ချေ။
အမှန်က သူမအနေနဲ့ လင်းဖေးဟန်ကို ပြောစရာအများကြီး ရှိနေခဲ့သည်။ ဥပမာပြောရရင် လင်းဖေးဟန်ကချွေးတွေနဲ့ရွဲနစ်နေ၏။ သူမအဖေရဲ့အ၀တ်တွေကို လဲ၀တ်နိုင်ကြောင်း သူမ ပြောချင်ခဲ့သည်။ သူအဲ့လိုကြီးပြန်သွားတော့ ဖျားတော့မှာမဟုတ်လား။ ဆိုရရင် သူအဆင်ပြေရဲ့လား၊ရေဆာလား၊ ဖျော်ရည်သောက်မလား စသည်ဖြင့် မေးမလို့ပေါ့။ ဒါပေမဲ့ လုရွှယ်ယင် ဘာမှမပြောနိုင်ခဲ့ပါ။ အခွင့်ကို မရလိုက်ပေ။
လင်းဖေးဟန်က လှည့်မကြည့်ပဲ ထွက်သွားခဲ့သည်။ အဲ့ဒါက ပြောင်းလဲလို့မရတဲ့ အမှန်တရားဖြစ်၏။ လုရွှယ်ယင်ရဲ့မျက်နှာက ရှုံ့မဲ့သွားသည်။ ထို့နောက်သူမက ဖုန်းခေါ်ကာ ပြောလိုက်သည်။
“အခန်းက ပေပွနေတယ်။ လာပြီးရှင်းပေး”
လုရွှယ်ယင်က ဖုန်းကို တင်းတင်းကိုင်ထားပြီး အတွေးအများကြီးတွေးနေမိ၏။ သူမကိုယ်သူမ ဘာတွေးနေမှန်းကိုမသိပါ။
လင်းဖေးဟန် တကယ်ပဲ ပြောင်းလဲသွားတာကို သူမ တွေ့မြင်ခဲ့ရသည်။ စစချင်းမှာ ဘာပြောင်းလဲသွားမှန်း သေချာမပြောတတ်လို့ သိချင်စိတ်ဖြစ်ခဲ့ရပေမဲ့ နောက်ဆုံးမှာတော့ လင်းဖေးဟန် ဘာပြောင်းလဲသွားတာလဲဆိုတာ သူမ သေချာပြောနိုင်ခဲ့ပြီ။ လင်းဖေးဟန်က အရင်ကလိုမျိုး ရက်စက်ခြင်းမရှိတော့ပါ။ သူ့စကားတွေမှာ ရန်လိုတာလည်း လုံး၀မပါပေ။ သူ့မျက်လုံးတွေကလည်း ပိုမိုကြည်လင်ကာ သူမကို မသက်မသာဖြစ်စေတဲ့ လိုချင်တပ်မက်မှုတွေ မရှိတော့ချေ။
အရင်ကဆို လင်းဖေးဟန်မှာ သူမကို နီးစပ်ဖို့မဖြစ်စေနိုင်တဲ့ အထက်စီးဆန်သော ကိုယ်ယောင်ကိုယ်ဝါတွေရှိနေခဲ့သည်။ ခုတော့ အဲ့ဒီ လင်းဖေးဟန်က မရှိတော့ပါ။ အရင်လင်းဖေးဟန်သာဆို သူမကို ကုသပေးဖို့ ခေါင်းငုံ့မှာလည်းမဟုတ်သလို ဒူးကွေးထိုင်ချမှာလည်း မဟုတ်ပေ။ အဲ့လို လုံး၀ကို ဖြစ်လာမှာမဟုတ်ပါ။
စွန်းရှင်းယွဲ့ကို ကုပေးဖို့ လင်းဖေးဟန် ထိုင်ချလိုက်တဲ့ မြင်ကွင်းကို လုရွှယ်ယင်ပြန်စဉ်းစားမိလိုက်တော့ သူမရင်ထဲ ခံစားချက်များ ရောပြွန်းသွားသည်။ လင်းဖေးဟန်က သူမကိုကုပေးဖို့ ဒူးကွေးထိုင်ချလိုက်တာဆိုရင် သူမတို့နှစ်ဦးက အဆင့်အတန်းတူတာမို့ နားလည်လို့ရသေး၏။ ဒါပေမဲ့ လင်းဖေးဟန်က သာမန်လူတစ်ယောက်ကို တစ်ပုံစံတည်းဆက်ဆံတာကလား။ ကြီးကျယ်မြင့်မြတ်တဲ့လင်းဖေးဟန်က ဘယ်တုန်းက အဲ့လိုလုပ်ဖူးလို့လဲ။
ပြောင်းလဲမှုတွေအများကြီးအပြီးမှာ လင်းဖေးဟန်က လုရွှယ်ယင်အတွက် ညကို ခြုံထည်လုပ်ပြီး ညအမှောင်ရိပ်ထဲ ရောထွေးပျောက်ကွယ်သွားသလိုဖြစ်နေသည်။ သူမ ဘယ်လောက်ကြိုးစားရှာကြည့်ပါစေ သူ့ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါ။ လောလောဆယ်မှာ လင်းဖေးဟန်က အတော်လေးဆန်းကြယ်နေ၏။
လုရွှယ်ယင်က ခေါင်းငုံ့ကာ သူမရဲ့ ခြေထောက်ကို ကြည့်လိုက်သည်။ ပြီးတော့ ဖြည်းဖြည်းလေး ခါကြည့်လိုက်၏။ မနာတော့ပါ။ လင်းဖေးဟန် အောက်ကိုဆင်းလာတာမြင်တော့ လုရှော့ချွန်းက လင်းဖေးဟန်ကို လက်ခါပြပြီးပြောလိုက်သည်။
“ရှောင်ဟန်ရေ။ လာသောက်ကြည့်။ ဒါက ထူးရှယ်တဟုန်ပေါင်း(လက်ဖက်ရည်တစ်မျိုး)။ နှစ်တိုင်း ဘူးသေးသေးလေတစ်ဘူးးပဲထုတ်တယ်။ အရမ်းတန်ဖိုးရှိတာ”
ဘေးနားက ကျန်းချွန်းယန်က ရယ်ကာ ဆူလိုက်၏။
“အဘိုးကြီး။ ရှင့်ရဲ့ ခါးတူးနေပြီး အာခြောက်စေတဲ့ လက်ဖက်ရည်ကို ဘယ်သူကသောက်ချင်မှာလဲ။ ခုခေတ်လူငယ်တွေက ကော်ဖီသောက်ရတာပဲ ကြိုက်ကြတာ”
“ဟုတ်သားပဲ။ ငါ့ဦးနှောက်ကိုကြည့်ပါဦး။ အစ်မကြီးကျန်းရေ။ ကော်ဖီသွားဖျော်ပေးပါဦး”
လင်းဖေးဟန်က အမြန်ဆင်းသွားကာ ပြောလိုက်သည်။
“ဒုက္ခခံစရာမလိုပါဘူး။ ကျွန်တော်က ခုတလော လက်ဖက်ရည် သောက်ကျင့်နေတာ”
“အိုး။ အဲ့ဒါဆိုလည်း ဒီလာပြီး သောက်ကြည့်ကွာ ရှောင်ဟန်။ ဒီလက်ဖက်ရည်ရော ဘယ်လိုလဲ”
လင်းဖေးဟန်က လက်ဖက်ရည်သောက်ချင်တယ်ဆိုတာ လုရှော့ချွန်းကကြားလိုက်ရတော့ သူက ကျန်းချွန်းယန်ကို ပညာသားပါပါကြည့်လိုက်သည်။ မင်းတွေ့လား။ ရှောင်ဟန်က လက်ဖက်ရည်သောက်ချင်ပါတယ်ကွဆိုပြီး ပြောချင်နေသလိုပင်။
“ကျွန်တော်က လက်ဖက်ရည်နဲ့ပတ်သက်ရင် လုံး၀ကိုအစိမ်းသက်သက်ပဲ။ ကောင်းလား မကောင်းလားဆိုတာ မပြောတတ်ဘူး။ လက်ဖက်ရည် ဖြစ်နေသရွေ့ သောက်မှာပဲ”
လုရှော့ချွန်းက ရယ်လိုက်ကာ ပြောလိုက်၏။
“ဒါပေမဲ့ လက်ဖက်ရည်က အကောင်းစားနဲ့ အညံ့စားဆိုပြီးရှိတယ်။ အရည်အသွေးအမျိုးမျိုး ခွဲလို့ရတာပေါ့”
လင်းဖေးဟန်က တစ်ငုံသောက်လိုက်ပြီးနောက် လုရှော့ချွန်းကို ရုပ်တည်နဲ့ကြည့်ကာ ပြောလိုက်သည်။
“အကောင်းစားနဲ့ အညံစားဆိုတာ ဘာလဲ ဦးလေး။ သူတို့အားလုံး သဘာ၀အတိုင်းပဲလေ။ သဘာ၀တရားကြီးက တရားပါတယ်။ သဘာ၀တရားကြီးမှာ တည်ရှိသမျှအရာအားလုံးက သူ့တန်ဖိုးနဲ့သူရှိပါတယ်။ အကောင်းစား အညံ့စားရယ်လို့ မဟုတ်ပါဘူး”
လုရှော့ချွန်းက လင်းဖေးဟန်ကိုကြည့်ကာ ခေါင်းခါပြီးပြောလိုက်၏။
“မင်းက ငယ်ပါသေးတယ် ရှောင်ဟန်။ မင်း နားမလည်တာ ပုံမှန်ပဲပေါ့။ အဆင့်မြင့်နဲ့ အဆင့်နိမ့် ကွာခြားမှုရှိတယ်။ ဂုဏ်သရေရှိနဲ့ အခြေခံလူတန်းစားပေါ့။ လူတွေကလည်း သဘာ၀ရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ။ အဲ့ဒီနောက်ကွယ်က သဘောတရားကို မင်းနားလည်သွားတာနဲ့ လက်ဖက်ရည်ရဲ့ အရည်အသွေးကို မင်းခံစားတတ်သွားလိမ့်မယ်”
လင်းဖေးဟန်က ပြန်မငြင်းခုံခဲ့ချေ။ လုရှော့ချွန်းပြောတာကိုသာ သံယောင်လိုက်ပြီးပြောလိုက်သည်။
“ဦးလေးပြောတာမှန်ပါတယ်။ လက်ဖက်ရည်က အကောင်းစားနဲ့ အညံ့စားဆိုပြီး ခွဲခြားလို့ရတယ်။ ဒါပေမဲ့ အဲ့ဒါက လက်ဖက်ရည်ရဲ့ အရည်အသွေးနဲ့ ခွဲခြားထားတာမဟုတ်ဘူး။ လူတွေက သတ်မှတ်ထားတာ။ ကျွန်တော်တို့ လူ့လောကမှာ အကောင်းစား အညံ့စား ယူဆကြတာနဲ့ သတ်မှတ်ထားတာ”
“လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့။ ဦးလေးက အချိုကြိုက်ပြီး ကျွန်တော်က အငန်ကြိုက်တယ်ထားပါတော့။ ဦးလေးက ချိုတာကို အကောင်းဆုံးထင်ပြီး ကျွန်တော်က ငန်တာကိုပဲ အကောင်းဆုံးထင်မှာလေ။ ချိုတာကကောင်းတယ် ငန်တာကမကောင်းဘူးဆိုပြီး လျှောက်ပြောလို့ရလို့လား။ လူတွေက အရာရာကို ချုပ်ကိုင်နိုင်တယ်။ ဆိုတော့ ဒါကိုအခြေခံပြီးတော့ ကျွန်တော်က ရွေးချယ်မှုလုပ်မှာမဟုတ်ဘူး”
လင်းဖေးဟန်ရဲ့စကားလုံးများက အံ့ဩဖွယ်ကောင်းလှသည်။ လုရှော့ချွန်းက လင်းဖေးဟန်ရဲ့စကားတွေကို သုံးသပ်ရင်း အချိန်အတော်ကြာ ဆိတ်ငြိမ်နေခဲ့၏။
အပေါ်ထပ်မှာ တံခါးဖွင့်ပြီး ခိုးနားထောင်နေတဲ့ လုရွှယ်ယင်က ပိုပြီးတောင် အံ့အားသင့်သွားသည်။ တိတ်ဆိတ်ပြီးခဏအကြာမှာတော့ လုရှော့ချွန်းက လင်းဖေးဟန်ကို လက်ဖက်ရည်ငှဲ့ပေးပြီး မေးလိုက်၏။
“ဘာလို့လဲ”
လင်းဖေးဟန်က တစ်ငုံထပ်သောက်ကာ ပြုံးပြပြီး ပြောလိုက်သည်။
“အဲ့လောက်မရှုပ်ပါဘူး ဦးလေးရယ်။ လက်ဖက်ရည်သောက်တာက ခံစားချက်တစ်ခုပဲလေ။ ခံစားချက်ကောင်းနေရင် ဘာလက်ဖက်ရည်သောက်လဲဆိုတာက အရေးကြီးသေးလို့လား”
“ဥပမာအနေနဲ့ အချစ်ပေါ့။ အကောင်းဆုံးက ကိုယ့်အတွက် အသင့်တော်ဆုံးရယ်လို့ မဟုတ်ဘူးလေ။ ကိုယ်နဲ့ သင့်တော်နေသရွေ့ အဲ့ဒါကအရေးအကြီးဆုံးပဲပေါ့။ ဖိနပ်ကတော်မတော်ဆိုတာ ခြေထောက်ပဲသိတာလေ”
လင်းဖေးဟန်က ကောင်းကင်ကို မော်ကြည့်လိုက်သည်။ ထို့နောက် လေးနက်ဟန်ပြုကာ ပြောလိုက်၏။
“အမှန်အတိုင်းပြောရရင် ကျွန်တော်မကြာခဏတွေးမိတယ်။ ကျွန်တော့်ခန္ဓာကိုယ်ကို ဘယ်သေတ္တာအသေးထဲမဆို ထည့်လိုက်လို့ရပေမဲ့ ကျွန်တော့်ဝိညာဉ်ကရော ဘယ်သွားမှာလဲ။ နတ်ပြည်လား။ ငရဲပြည်လား”
“ကျွန်တော့်မှာ မိသားစုနောက်ခံရှိတယ်။ စကားလေးတစ်ခွန်းနဲ့တင် သာမန်လူတွေ ဆယ်ဘ၀ကူးတောင် မရနိုင်တဲ့အောင်မြင်မှုကို ရနိုင်တယ်။ ပိုက်ဆံအများကြီးဖြုန်းပြီး လူတွေအများကြီးကို ခစားခိုင်းလို့ရတယ်။ အပြောနဲ့တင် စက်ရုံတစ်ရုံပိတ်သိမ်းလို့ရတဲ့အပြင် စကားတစ်ခွန်းနဲ့ ကျန်းပိုင်တစ်မြို့လုံးကို စီးပွားရေးကပ်ဆိုက်သွားအောင် လုပ်လို့ရတယ်။ ဒါပေမဲ့ အဲ့ဒါက ဘာလုပ်ရမှာလဲ”
လုရွှယ်ယင်က အပေါ်ထပ်ကနေ ကြားလိုက်ရချိန်မှာ တုန်လှုပ်သွားသည်။ တစ်ချိန်တည်းမှာပဲ လုရှော့ချွန်းကလည်း လင်းဖေးဟန်ရဲ့စကားထဲက နက်ရှိုင်းတဲ့၀မ်းနည်းမှုကို ခံစားလိုက်ရ၏။ အလုပ်တွေရှုပ်ပြီး သူ့ညီအစ်ကိုတွေနဲ့ ကြံစည်တိုက်ခိုက်နေရတာ ဘာအတွက်လဲ။ သေပြီးရင် ပြာအိုးတစ်အိုးပဲ ဖြစ်သွားကြမှာမဟုတ်လား။