← Chapters

အခန်း (၆၄)

Vol. 5 Ch. 64

အခန်း (၆၄)

Vol. 5 Ch. 64

အဲ့ဒီနောက် လင်းဖေးဟန်က တိတ်ဆိတ်သွားတဲ့ လေထုကို ဖြိုခွင်းတဲ့အနေနဲ့ ရယ်ချလိုက်၏။

“တောင်းပန်ပါတယ် ဦးလေး။ ကျွန်တော် စကားလမ်းကြောင်းလွဲသွားတယ်။ စီးပွားရေးအကြောင်း ပြောကြရအောင်။ မဟုတ်ရင် ကျွန်တော်ဒီကိုလာတာ အချည်းနှီးဖြစ်သွားလိမ့်မယ်”

လုရှော့ချွန်းက ရယ်လိုက်ကာ သက်ပြင်းချပြီးပြောလိုက်သည်။

“မင်းတို့ ခုခေတ်လူငယ်တွေများ ခက်ခက်ခဲခဲကွာ။ အမြဲတမ်း အကုန်လုံးကို အတွေးလွန်နေတော့တာပဲ။ ငါတို့အချိန်တုန်းကဆို အသားလေးစားရရင်ကို နေ့တစ်၀က်လောက်ပျော်နေပြီ။ ငါတကယ်ကို အိုနေပါပြီ။ ခေတ်ကို လိုက်မမီတော့ဘူး”

“ဒါပေမဲ့ ရှောင်ဟန်ရေ။ ဦးလေးက အတွေ့အကြုံရှိတဲ့သူဆိုတော့ မင်းကို တစ်ခုတော့ပြောချင်တယ်”

လုရှော့ချွန်းက လေသံပြောင်းကာ လင်းဖေးဟန်ကို လေးနက်တဲ့အကြည့်တွေနှင့် ကြည့်လိုက်သည်။ လင်းဖေးဟန်က ပုံမှန်မဟုတ်ပဲ ၀မ်းနည်းနေတယ်လို့ သူက ခံစားလိုက်ရ၏။ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ အတွေးရှိနေသလိုပင်။ ဉာဏ်ကြီးရှင်တိုင်း ဒီလိုပဲလား။

“ဆက်ပြောပါ ဦးလေး”

“တကယ်တော့ လူတွေက ပစ္စုပ္ပန်အတွက်ရော အနာဂတ်အတွက်ပါ အရမ်းကြီး စိုးရိမ်နေဖို့မလိုဘူး။ ခုခေတ်လူတွေပြောကြတဲ့ဟာသရှိတယ်လေ။ လက်ရှိကိုတန်ဖိုးထားပြီး မင်းရဲ့အရှိအတိုင်းနေပါတဲ့။ ကိစ္စတချို့ကို ကြုံပြီးသွားရင် နောက်ပြန်လှည့်ကြည့်လိုက်။ မင်းမှတ်မိထားတဲ့အရာတွေက ပြောင်းလဲသွားတာကို တွေ့ရလိမ့်မယ်။ တစ်ချိန်က မင်းစိတ်ထဲ မြင်မှတ်ဖူးတာနဲ့ မတူတော့ဘူး”

လင်းဖေးဟန်က လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ ကျေးဇူးတင်စွာပြောလိုက်၏။

“ကျေးဇူးနော် ဦးလေး။ ဦးလေးကို ချီး‌မြှောက်တဲ့အနေနဲ့ ဝိုင်အစား လက်ဖက်ရည်တစ်ခွက်သောက်လိုက်မယ်”

အဲ့ဒီနောက် လင်းဖေးဟန်က ရင်းနှီးမြှုပ်နှံမှုအပိုင်းကို လှည့်လိုက်သည်။

“ဒီတစ်ကြိမ် ကျွန်တော် ဦးလေးနဲ့လက်တွဲပြီး ရင်းနှီးမြှုပ်နှံချင်တယ်။ ကျွန်တော်ရွေးချယ်လိုက်တဲ့ ပရောဂျက်ကလည်း ဦးလေးအတွေ့အကြုံရှိဖူးပြီးသားဟာပဲ။ ဆေးဝါးလုပ်ငန်း”

ဆေးဝါးလုပ်ငန်းက တိုးတက်ဖို့အလားအလာ ကြီးမားသည်။ ဆေးတော်တော်များများရဲ့ ထုတ်လုပ်စရိတ်က ယွမ်အနည်းငယ် ဒါမှမဟုတ် ပြားစေ့မျှသာ ရှိသော်လည်း အာနိသင်ကောင်းရင် မြင့်မားသည့်ဈေးနှင့် ရောင်းထွက်နိုင်၏။ အဲ့ဒါက ဒီတစ်ကြိမ် လင်းဖေးဟန် ဆေးဝါးလုပ်ငန်းကို ရွေးချယ်လိုက်ရတဲ့ အကြောင်းအရင်းပင်ဖြစ်သည်။

လင်းဖေးဟန်က အဲ့လိုပြောတော့ လုရှော့ချွန်းမှာ မျက်မှောင်ကြုတ်လိုက်မိ၏။

“ရှောင်ဟန်ရေ။ ဆေးဝါးနယ်ပယ်က လူကောင်း‌နဲ့ လူဆိုး ရောထွေးနေတာ။ နက်ပြီးမည်းမှောင်နေတဲ့ ရေကန်လိုပဲ။ မင်းမှာ ဒီလိုအတွေးရှိတယ်ဆိုတော့ ကန့်လန့်ကာနောက်ကွယ်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ မင်းသိပြီးပြီလို့ ဆိုလိုတာပဲ။ ဆိုတော့ မေးပါရစေ။ ငါ့ရင်းနှီးမြှုပ်နှံမှုက ဘယ်နားလွဲသွားတာလို့ မင်းထင်လဲ”

လင်းဖေးဟန်က ပြုံးပြီးပြောလိုက်သည်။

“ဟိုးအရင်ကတည်းက ဆေးဝါးနယ်ပယ်ကိုခြေချဖို့ ဦးလေးတွေးမိခဲ့တယ်ဆိုကတည်းက ဦးလေးက အမျှော်အမြင်ရှိတယ်ဆိုတာ ပြနေတာပဲ။ ဦးလေးက ဘယ်လိုလုပ်ပြီး မှားနိုင်မှာလဲ”

“ဒါပေမဲ့ နှစ်နေရာမှာတော့ ဦးလေး ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးလို့ ကျွန်တော်ထင်တယ်”

“ပထမအချက်က ဦးလေးက စက်ရုံအသေးလေးတစ်ခုမှာ တစ်ကိုယ်တည်း ရင်းနှီးမြှုပ်နှံခဲ့တယ်။ အဲ့ဒါက ကိုယ်ပိုင်ဘရန်းလေးတစ်ခုဖြစ်ပြီး လုရွှမ်လုပ်ငန်းစုရဲ့ ဂုဏ်သတင်းကို မမှီခိုဘူး။ နာမည်မကြီးသလို ရှေ့ပြေးခြေကုပ်ယူထားတဲ့ လုပ်ငန်းရဲ့လွှမ်းမိုးမှုမရှိမှတော့ ဦးလေးလုရဲ့ ဆေးလုပ်ငန်းက ကောင်းကောင်းမတိုးတက်ဘူးပေါ့”

လင်းဖေးဟန်က ပွင့်ပွင့်လင်းလင်းပဲပြောလိုက်သည်။

“ဒုတိယတစ်ချက်က ကြော်ငြာတာလိုနေတယ်။ အထူးသဖြင့် ကြော်ငြာဆောင်ပုဒ်ပဲ။ ခိုင်မာပြီး မှတ်မိလွယ်တဲ့ ဆောင်ပုဒ်တစ်ခုက ယက်ကန်ယက်ကန်ဖြစ်နေတဲ့ လုပ်ငန်းတစ်ခုကိုကယ်တင်ပြီး ဘရန်းနာမည်ကို လူတွေမှတ်မိအောင် ကူညီပေးနိုင်တယ်။ အဲ့ဒါက စစ်မှန်တဲ့ ကြော်ငြာစွမ်းအားပဲ”

လင်းဖေးဟန်က စီကာပတ်ကုံးပြောနေပေမဲ့ လုရှော့ချွန်းက နားလည်နေပြီဖြစ်၏။ လင်းဖေးဟန်ဆိုလိုတာက လုရှော့ချွန်းက မထင်ပေါ်ဘူး။ သူသာ လုလုပ်ငန်းစုရဲ့နာမည်ကို အမှီသဟဲမပြုရင် သူတည်ထောင်တဲ့ကုမ္ပဏီကလည်း လူသိမှာမဟုတ်ဘူး။ လူတွေက နာမည်ကြီးကုမ္ပဏီတွေကိုပစ်ပြီး ဘာနာမည်မှမရှိတဲ့ အလုပ်ရုံကထုတ်တဲ့ ထုတ်ကုန်တွေကို ၀ယ်မှာတဲ့လား။ ဆေးဝါးဆိုတာ တခြားဟာတွေနဲ့မတူဘူး။ ၀ယ်သောက်ရတာ အန္တရာယ်ကင်းစိတ်ချရဖို့လိုတယ်။ အဲ့ဒါကို ရှေ့ဆောင်လွှမ်းမိုးမှုလို့ခေါ်သည်။

လင်းဖေးဟန်က သူ့အပြစ်တွေကို ထောက်ပြနေပေမဲ့ လုရှော့ချွန်းက စိတ်မဆိုးပါ။ သူမအောင်မြင်ရတဲ့အကြောင်းအရင်းကို အကျဉ်းချုပ် တွေးထားနှင့်ပြီးဖြစ်သည်။ လင်းဖေးဟန်က အမြင်စူးရှပြီး တစ်ခေါက်တည်းနဲ့ သူမှားတာတွေကို မြင်သွားသည်ဟု ဆိုနိုင်၏။ လုရှော့ချွန်းက သဘောတူသည့်အနေနဲ့ ခေါင်းငြိမ့်ပြလိုက်ပြီး မေးလိုက်သည်။

“ရှောင်ဟန်။ မင်း လင်းအုပ်စုကို အမှီပြုဖို့ စဉ်းစားထားတာလား။ ဒါပေမဲ့ မင်းအနေနဲ့ ကျန်းမာရေးထုတ်ကုန်နယ်ပယ်ကို၀င်မှာလား ဘယ်ကို၀င်မှာလဲဆိုတာ ငါသိချင်တယ်”

လင်းဖေးဟန်က ခေါင်းငြိမ့်ကာ ဖြေလိုက်၏။

“ကျွန်တော့် အတွေးက ချောင်းဆိုးပျောက်ဆေးရည်လုပ်ဖို့ပါ။ လင်းအုပ်စုကို အမှီပြုဖို့လည်း တကယ်စီစဉ်ထားပါတယ်။ စကားပုံဟောင်းတစ်ခုလိုပေါ့။ သစ်ပင်ကြီးအောက်မှာ အရိပ်ခိုတာကောင်းတယ်တဲ့။ ဘာဖြစ်ဖြစ် ဘယ်သူမှ ငွေကို မလွန်ဆန်နိုင်ပါဘူး။ လင်းအုပ်စုက ကျန်းပိုင်မြို့မှာ နှစ်ပေါင်းများစွာနာမည်ရှိလာခဲ့တာ။ ကျန်းပိုင်မြို့ရဲ့ ပင်မကျောရိုးလို့တောင် ယူဆကြတယ်။ ဒီတစ်ကြိမ် အမှားကြီးကြီးမားမားသာ မလုပ်မိဘူးဆိုရင် အောင်မြင်မှုအကြီးကြီးရမယ်လို့ ကျွန်တော်ယုံကြည်တယ်”

လုရှော့ချွန်းက ခဏစဉ်းစားပြီးနောက် မေးလိုက်သည်။

“ချောင်းဆိုးပျောက်ဆေးရည်တဲ့လား။ စိတ်၀င်စားစရာပဲ။ ဒီချောင်းဆိုးပျောက်ဆေးရည်က ချောင်းဆိုးပျောက်ဆေးရည်တွေအများကြီးထဲမှာ ထင်ပေါ်မယ်လို့ ဘာလို့ထင်ရတာလဲ။ လင်းအုပ်စုကိုချည်း မှီခိုမယ်ဆိုရင် နောက်ပိုင်းကျ ရင်းနှီးမြှုပ်နှံမှု မလုံလောက်ပဲနေမယ်။ ဈေးကွက်ကလည်း ထိုင်းမှိုင်းသွားလိမ့်မယ်”

လင်းဖေးဟန်က ပြုံးလိုက်သည်။ ထို့နောက်ခေါင်းငြိမ့်ကာ ပြောလိုက်၏။

“ဦးလေးပြောသလို ကျွန်တော် တွေးကြည့်ပြီးပါပြီ။ ဒါပေါ့။ ကျွန်တော်တို့ရဲ့ ချောင်းဆိုးပျောက်ဆေးက တခြားဟာတွေနဲ့ အာနိသင်အတူတူပဲလေ။ လူတွေမှတ်မိလွယ်စေတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ကြော်ငြာဖို့လိုတယ်။ ကြော်ငြာတာက လူတွေရဲ့ အာရုံကိုဖမ်းစားပြီး ကျွန်တော်တို့ထုတ်ကုန်ကို မှတ်မိစေနိုင်သရွေ့ ကျွန်တော်တို့က တိုက်ပွဲတစ်၀က်ကို အောင်နိုင်နေပြီပဲ”

“ဘာဆောင်ပုဒ်လဲ”

လုရှော့ချွန်းရဲ့ မျက်လုံးများ အရောင်လက်သွားသည်။ လင်းဖေးဟန်မှာ တွေးထားတဲ့ ဆောင်ပုဒ်ရှိရမယ်လို့ သူသိနေပြီးသားဖြစ်၏။ မဟုတ်ရင် ဒီလိုနည်းလမ်းကို သူပြောနေမှာမဟုတ်ဘူး။

လင်းဖေးဟန်က အနည်းငယ်ပြုံးကာ စတင်ရှင်းပြလိုက်သည်။

“လူတိုင်းက ချောင်းဆိုးပျောက်ဆေး ထိရောက်ပုံကိုသိကြတယ်။ ကျွန်တော်တို့ရဲ့ ကြော်ငြာပုံက လက်ရှိဟာတွေနဲ့ တူလို့မဖြစ်ဘူးလို့ထင်တယ်။ သရုပ်ဆောင်တစ်ယောက်ကိုခေါ်ပြီး ကျွမ်းကျင်သူလိုဟန်ဆောင်ခိုင်း။ သူ့ကိုယ်သူ မျိုးဆက်ဘယ်နှဆက်မြောက်ပါလို့ပြောခိုင်းပြီး သူဘာအဖိုးတန်ဆေးဝါးပစ္စည်းတွေသုံးသလဲဆိုတာရယ် ဆေးရဲ့ထိရောက်ပုံရယ်ကိုပြောခိုင်းတာစသဖြင့်တွေပေါ့။ ပြည်သူတွေက အဲ့ဒါတွေကို စိတ်ကုန်နေပြီ။ တစ်ခုခုထူးခြားတာ လုပ်ကြရအောင်”

“ထူးခြားတာတဲ့လား”

“ဒီတစ်ခါတော့ ကွန်ပျူတာ 3D နည်းပညာလိုမယ်ထင်တယ်။ မြက်ခင်းပြင်ကျယ်တစ်ခုမှာ အမျိုးသမီးတစ်ယောက်က ကျွန်တော်တို့ရဲ့ထုတ်ကုန်ကိုကိုင်ပြီးပြေးနေမယ်။ အနောက်ကနေ သူ့ကို ကျားသစ်တစ်ကောင်ကလိုက်မယ်။ အမျိုးသမီးကမေးမယ်။ ဘာလို့ငါ့နောက်လိုက်တာလဲ။ အနောက်ကကျားသစ်ကပြန်ပြောမယ်။ ငါ ချောင်းဆိုးပျောက်ဆေးလိုချင်လို့”

“ပြီးတော့ ချောင်းဆိုးပျောက်ဆေးတံဆိပ်ကိုပါ ကျွန်တော်စဉ်းစားပြီးပြီ။ လုဟန်လုပ်ငန်းလို့ခေါ်မယ်”

လုရှော့ချွန်းက အဲ့ဒါကိုကြားလိုက်ရတော့ စိတ်လှုပ်ရှားသွားသည်။ ကြည့်ရတာ လင်းဖေးဟန်က သူနဲ့ တကယ်ပူးပေါင်းဖို့ ရည်ရွယ်ထားပုံပဲ။ မဟုတ်ရင် လူနာမည်နှစ်ခုပေါင်းပြီး ကုမ္ပဏီနာမည်ပေးမှာမဟုတ်ဘူး။

လင်းဖေးဟန်ရှင်းပြအပြီးမှာပဲ လုရှော့ချွန်းက အနည်းငယ် မကျေမနပ်ဖြစ်ကာ မေးလိုက်၏။

“ရှောင်ဟန်။ ဆေးဝါးလုပ်ငန်းလောက‌အကြောင်း မင်းတကယ်ပဲ မသိတာလား။ ဒီကြော်ငြာမှာ ပါ၀င်ပစ္စည်းနဲ့ ထိရောက်ပုံကို မဖော်ပြပဲ တကယ်ဖြစ်ပါ့မလား”

ဒီလင်းဖေးဟန်က တကယ်ကို ထောင်လွှားတာပဲ။ တစ်ခါမှ ဒီနယ်ပယ်ကို ခြေမချဖူးပဲ သူ့ကိုယ်ပိုင်ဘရန်းအတွက် ဆောင်ပုဒ်ကို သူထုတ်လာနိုင်မယ်လို့ ထင်တယ်ပေါ့။ မာကတ်တင်းအဖွဲ့ရှိနေတာက ဘာလုပ်ရမှာလဲ အဲ့ဒါဆိုရင်။ အဲ့ဒီအပြင် အပြင်လူတွေအတွက် ဒီကြော်ငြာကြီးက ရှိုးတိုးရှန်းတန်းနိုင်လွန်းသည်။ သေချာစဉ်းစားကြည့်ရင်တော့ ကာရံနဘေညီသားပဲ။

လုရွှယ်ယင်တောင် အဲ့ဒီစာသားကို ပြန်မှတ်မိနိုင်သေး၏။

“ဘာလို့ငါ့နောက်လိုက်တာလဲ။ ငါချောင်းဆိုးပျောက်ဆေးလိုချင်လို့”

All Chapters