အခန်း (၆၉)
Vol. 5 Ch. 69
လင်းဖေးဟန် စိတ်တိုသွားသလို ဟန်ဆောင်ပြီး အော်လိုက်သည်။
“ အားသောင် ရှင်းပြတာကို သေချာ ကောင်းကောင်းရှင်းပြ။ လူတွေကို မှားပြီး မစွပ်စွဲနဲ့”
ယဲ့ဖန်းက လင်းဖေးဟန်ရဲ့ အနောက်က လိုက်ပြောသည်။
“ ဟုတ်တယ်။ ဒီကမိတ်ဆွေ ပြောတာ အကျိုးအကြောင်းသင့်တယ်။ မင်း တစ်ကယ် မှားစွပ်စွဲခဲ့တာ”
အားသောင် ရုပ်တည်ဖြင့် ပြန်ပြော လိုက်သည်။
“ သခင်လေး ကျွန်တော်မှားပြီး မစွပ်စွဲဘူး။ ဒီလူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတာ!”
အားသောင်က ရုပ်ကြမ်းကြီးပေမဲ့ ရိုးသားပုံ ပေါက်သည်။ ဒီလိုအခြေအနေမှာ အားသောင် ပြောသည့်စကားမှန်သည် ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ လူတွေကို အမှန်ပြောနေတာလို့ ယုံကြည်လာစေသည်။
လင်းဖေးဟန် အနည်းငယ် စိတ်ပူစွာ ပြောလိုက်သည်။
“ ဘာတွေ ဖြစ်နေတာလဲပြော? မင်းဘာလို့ ဒီလို ဖြစ်နေတာလဲ?”
အားသောင်က ယဲ့ဖန်းကို လက်ညိုးထိုးပြီး အေးစက်စွာ ပြောလိုက်သည်။
“ ဒီကောင်လေး မနေ့က ပန်းဆိုင်ကိုလာပြီး မစ္စစွန်းနဲ့ တွေ့ခဲ့တယ်”
ယဲ့ဖန်း ပြုံးတုံ့တုံ့နှင့် ပုခုံးတွန့်ပြပြီး ပြန်ပြော လိုက်သည်။
“ အဲ့ဒါ တစ်ခုခု မှားနေလို့လား?”
“ မနေ့ကမင်း ပန်းဆိုင်မှာ မစ္စစွန်းနဲ့ စကားများနေတာကို တွေ့ခဲ့တယ်။ ထွက်သွားတော့လဲ တန်းမပြန်ပဲ ဒီအနီးအနားမှာ အကြာကြီး ဝေ့လည်ကြောင်ပတ် လုပ်နေသေးတာ။ နောက်ဆုံး မစ္စစွန်း ဆိုင်ပိတ်တော့မှ မင်း ပြန်သွားတာပဲ”
“ သခင်လေးက မစ္စစွန်းကို မနှောက်ယှက်ဖို့ ကျွန်တော့်ကို မှာထားပြီး သူက မစ္စစွန်းကို နာကျင်အောင် မလုပ်ခဲ့တာမို့ ဒီကိစ္စကို မတင်ပြမိခဲ့တာပါ”
“ငါသာ တင်ပြခဲ့ရင် မစ္စစွန်း ဒီနေ့ဆိုင်ကို လာဖို့ကို သခင်လေးက ခွင့်ပြုမှာတောင် မဟုတ်ဘူး”
“ ဒင်! စနစ်မှ အသိပေးချက်; ဇာတ်လိုက်မ ဆီမှာ နှစ်သက်မှု ၁၀ မှတ် ရသွားတဲ့အတွက် အသုံးပြုသူကို ဂုဏ်ပြုပါတယ်။ ၁၀ မှတ် ရရှိပါတယ်”
တော်လိုက်တဲ့ အားသောင်! တော်လိုက်တဲ့ သရုပ်ဆောင်ပညာရှင်လေး!
အားသောင်ရဲ့ စကားဆုံးတာနဲ့ ယဲ့ဖန်းရဲ့ မျက်နှာကြီး မဲမှောင်သွားသည်။
သူ မနေ့က သတိထားခဲ့ပေမဲ့ အားသောင်က မြင်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
မနေ့က စွန်းရှင်းယွဲ့ရဲ့မျက်နှာကို မြင်လိုက်ရချိန်မှာ သူတစ်ကယ်ကို မှင်သက် ငေးမောမိခဲ့ရတာ။ မနေ့က သူ ပန်းဆိုင်က ထွက်သွားချိန်မှာ တန်းမပြန်ပဲ အနီးအနားကို ပတ်သွားရင် နယ်မြေနဲ့ ရင်းနီးအောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။ စွန်းရှင်းယွဲ့နဲ့ ဘယ်လို နီးစပ်အောင် လုပ်ရမလဲလည်း တွေးရင်းပေါ့။
ဒါပေမဲ့ ဒါတွေ အကုန်လုံးကို အားသောင်ဆီမှာ ပြောပြတာခံလိုက်ရမယ်လို့ မတွေးထားမိခဲ့ဘူး။
မူလတည်းက စွန်းရှင်းယွဲ့သည် ယဲ့ဖန်းအပေါ် အကောင်းမြင်စိတ် အလွန်နည်းနေခဲ့သည်။ ယဲ့ဖန်း အခုလိုမျိုးလုပ်လိမ့်မယ်လို့ သူမ မထင်ထားမိဘူး။ သူ့ကို အရမ်းရွံသွားမိတယ်။ စွန်းရှင်းယွဲ့ရဲ့ မျက်နှာက ချက်ချင်းကို ဖြူလျော့သွားခဲ့သည်။
“ ဒင်! စနစ်မှ အသိပေးချက်; စွန်းရှင်းယွဲ့က ဇာတ်လိုက် ယဲ့ဖန်းအပေါ် ကြိုက်နှစ်သက်မှု လျော့ကျသွားပါပြီ။ အမှတ် ၁၀၀ ရရှိသွားတဲ့ အတွက် အသုံးပြုသူကို ဂုဏ်ပြုပါတယ်”
စနစ်ရဲ့ အသိပေးချက်ကို ကြားတော့ လင်းဖေးဟန် အလွန် သက်တောင့် သက်သာ ဖြစ်သွား၏။
သူရလိုက်တဲ့ အမှတ်တွေထက် စွန်းရှင်းယွဲ့က ယဲ့ဖန်းအပေါ် အကောင်းမမြင်တော့ဘူး ဆိုတဲ့ အချက်က သူ့ကိုပိုပြီး ပျော်ရွှင်စေသည်။
နှလုံးသားထဲမှာ အပျော်တွေ ပြည့်နှက်နေပေမဲ့ လင်းဖေးဟန် အေးစက်စက် လေသံနဲ့ ပြောလိုက်သည်။
“ မိတ်ဆွေ ဘာတွေဖြစ်နေလဲဆိုတာ ရှင်းပြပေးပါ။ ဒါက နားလည်မှု လွဲတာ မဟုတ်လောက်တော့ဘူးမလား?”.
“ဒါက..”
ယဲ့ဖန်းက ဘယ်လိုပင် ဉာဏ်ကောင်းတယ် ဆိုဆို အခုချိန်မှာ သူက လှံထိပ်ပေါ်မှာ မတ်တပ်ရပ်နေရသလို ဖြစ်နေပြီး သူ့ကိုယ်သူ မခုခံနိုင်တော့ဘူး။
အားလုံးကို သက်သေပြလိုက်ပြီပဲ။ သူဘာ ပြောရတော့မှာတုန်း?
စွန်းရှင်းယွဲ့ရဲ့ သူ့အပေါ် ပြောင်းလဲသွားတဲ့ သဘောထားကို ယဲ့ဖန်း သတိထားမိသည်။
သူ့ရဲ့ ဒီတစ်ခေါက် လုပ်ဆောင်ချက်က စွန်းရှင်းယွဲ့ရဲ့ စိတ်ထဲမှာ အောက်ဆုံး အေးခဲ အဆင့်အထိ ရောက်သွားခဲ့ပြီး ဘယ်တော့မှ ပြန်ကောင်းအောင် မလုပ်နိုင်တော့တာကို ယဲ့ဖန်း သိလိုက်သည်။
ဒါပေမဲ့ အခု ယဲ့ဖန်း အလွန်မှားယွင်းနေသလို ခံစားနေရသည်။ သူ့မှာ တစ်ခြားအတွေး တစ်ချို့ ရှိခဲ့တယ်ဆိုပေမဲ့ သူ့ရဲ့အပြုအမူက ကြင်နာပြရုံသက်သက်ပဲ ဖြစ်ခဲ့တာလေ။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး တစ်ခုခုမှားနေသလို သူ တစ်ကယ် ခံစားနေရတယ်။
ဒါဘယ်လို ဖြစ်နိုင်မှာလဲ?
သူ့ရဲ့ ဇာတ်ညွှန်းက ဒီလိုရေးထားတာ မဟုတ်ဘူးလေ။
သူ့စိတ်ထဲမှာ အကြောင်းအရင်းကို ဖမ်းမိမလို ဖြစ်လိုက် လွတ်သွားလိုက် ဖြစ်နေတယ်။
ယဲ့ဖန်းရဲ့ အစီအစဥ်အရ သူက သဘောကောင်းတဲ့ မင်းသားလေး ဟန်ဆောင်ပြီး စွန်းရှင်းယွဲ့ အကြိုက်ကို လိုက်မယ်။ ပြီးရင် သူမခြေထောက်ကို ကုပေးမယ်။ ဒီလိုဆို သူမက သူ့ကို ကျေးဇူးတင်နေတော့မှာလေ။
ဒါပေမဲ့ အခုတော့…..
ယဲ့ဖန်းရဲ့ စိတ်ဓာတ်က အနည်းငယ် ကျချင်လာတယ်။
သူအခုမှ ကျင်းပိုင်မြို့ကို ရောက်လာခဲ့ပြီး ကျင်းပိုင်မြို့ရဲ့ စည်းစိမ်ချမ်းသာတွေကို လိုချင်ခဲ့တယ်၊ လှပတဲ့ ကောင်မလေးတွေနဲ့ အီစီကလီ လုပ်ချင်ခဲ့တယ်။ ဒါပေမဲ့ ရလဒ်က ဆိုးဝါးလှတယ်။ သူ လင်းဖေးဟန်နဲ့ တွေ့ခဲ့ရတယ်။ လင်းဖေးဟန်ရဲ့ ပုံစံက အန္တရယ် မရှိပုံပေါက်ပေမဲ့ အကြံအစည် များတယ်။
ဒီအချိန်မှာ သူ လင်းဖေးဟန်ကို နှလုံးသားထဲကနေပါ မုန်းတီးမိတယ်။
ယဲ့ဖန်းသူ့ရဲ့ ဦးနှောက်ကို အမြန် အလုပ်ပေးလိုက်သည်။ ဘယ်လို ရင်ဆိုင်ရမလဲ တွေးပြီးတာနဲ့ သူ တန်းပြီး ပြောလိုက်တော့တယ်။
“ တစ်ကယ်တော့ ကျွန်တော် ဒီမှာ လှည့်ပတ်သွားနေခဲ့တာ အကြောင်းအရင်း ရှိတယ်။ ဘာလို့ဆို ကျွန်တော် ကျင်းပိုင်မြို့ကို ရောက်ရောက်ချင်းပဲ အခုလို မိန်းမလှလေး စွန်းရှင်းယွဲ့နဲ့ ဆုံလိုက်ရလို့ပဲ။ ကျွန်တော် ဝန်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ကျွန်တော်သူမကို လေးစားမိရုံတင်ပါ…”
ယဲ့ဖန်းရဲ့ ခုခံမှုက အလွန်ရိုးရှင်းသည်။ သူက အခုမှ ကျင်းပိုင်ကို ပထမဆုံးရောက်ကြောင်း ပြောပြရင်း စွန်းရှင်းယွဲ့ရဲ့ အလှကို အံ့သြမှင်သက် သွားရကြောင်း ပြောပြီး အားနွဲ့တဲ့ သူတစ်ယောက် အသွင်ရောက်အောင် ပုံဖော်ခဲ့သည်။
အဲ့ဒီလိုသူမျိုးကိုဆိုရင် လူတွေက သနား စာနာကြသည်လေ။
အဲ့ဒါအပြင် ယဲ့ဖန်းမှာ ဇာတ်လိုက်ရဲ့ အရှိန်အဝါ ရှိတာမို့ သူ့ရဲ့စကားက လူတွေကို ယုံကြည်စေသည်။
ဒါပေမဲ့ အခုဒီမှာ လင်းဖေးဟန် ရှိနေတာမို့ သူ အခွင့်အရေး ရမှာ မဟုတ်တော့ဘူး။
လင်းဖေးဟန်က အားသောင်ကို မျက်စိမှိတ်ပြီး အချက်ပြတာနဲ့ နားလည်သော အားသောင်ကလဲ ကျယ်လောင်စွာ ပြောလိုက်သည်။
“ သခင်လေး အဲ့ဒီကောင်လေးရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို နားမထောင် ပါနဲ့။ ကျွန်တော့်အထင် သူက ကလိမ်ကကျစ် ကျတတ်တဲ့ ကောင်ပဲ။ သူဒီနေ့ ဒီကို ပန်းဝယ်ဖို့ ရောက်လာခဲ့တယ်။ ဒါပေမဲ့ အခုသူ ပန်းတွေကို ဘယ်လို လွှင့်ပစ်ထားလဲ ကြည့်ပါအုံး။ တစ်ကယ် ပန်းကြိုက်တဲ့သူက ဝယ်ပြီးတာနဲ့ ပန်းတွေကို လွှင့်ပစ်နိုင်ပါ့မလား?
သူ့ပုံစံက အရှင်းအလင်းကြီးကို မစ္စစွန်းအနားကို ကပ်ချင်နေတာပဲ”
အကုန်လုံး အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါမှာ ပန်းတွေသည် ယဲ့ဖန်းရဲ့ ခြေထောက်အောက်မှာ အနင်းခံရပြီး ကြေမွနေတာကို မြင်လိုက်ရသည်။
ထိုစကားကို ကြားတော့ စွန်းရှင်းယွဲ့ရဲ့ မျက်နှာ ချက်ချင်း အေးစက်သွားသည်။
ယဲ့ဖန်းရဲ့ ပြုမူပုံတွေက သူ့ကို ကြောင်သူတော်တစ်ယောက်အဖြစ် မြင်စေနေသည်။
“ ဒင်! စနစ်မှ အသိပေးချက်; ဇာတ်လိုက်အပေါ် ဇာတ်လိုက်မ စွန်းရှင်းယွဲ့ရဲ့ နှစ်သက်မှုက ၅၀ လျော့ကျသွားပါပြီ။ အသုံးပြုသူကို အမှတ် ၅၀ လက်ခံရရှိတဲ့အတွက် ဂုဏ်ပြုပါတယ်”
တော်တယ်။ အားသောင်လေး။ မင်းက ငါ့ရဲ့ စစ်မှန်တဲ့လက်ထောက်ပဲ။ ဒီနေ့ မင်းရဲ့ ကြိုးစားမှုအတွက် ပြန်ရောက်ရင် ဆုချမယ်။ ဒီညလဲမင်းအတွက် ပေါက်စီနှစ်လုံး ပိုပေးမယ်။
အားသောင်ရဲ့ ပူးပေါင်းပေးမှုက အလွန်ကောင်းသည်။
လင်းဖေးဟန်က အားသောင်ကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ ကြိုတင် ပြောထားပြီးသားဖြစ်သည်။ အားသောင်သည် ရိုးသားပုံပေါက်ပေမဲ့ တုံးအသူ မဟုတ်ပါ။ လင်းဖေးဟန်ရဲ့ ညွှန်ကြားချက်ကို သူ မှတ်မိသည်။
ဒါကြောင့်မို့ အားသောင်သည် အနာထဲ ဆားထပ် သိပ်ပေးလိုက်သည်။
“ သခင်လေး ဒီလူက တိုက်ခိုက်နေတုန်းက ဆိုင်ထဲက ပန်းတွေကို လုံးဝ ဂရုမစိုက်ခဲ့ဘူး။ ပြီး သခင်လေးရဲ့ နှင်းဆီဖြူအိုးကိုတောင် ဖျက်ဆီးခဲ့သေးတယ်”
ကံကောင်းစွာဖြင့် နှင်းဆီဖြူသည် မထိခိုက်ခဲ့ပေ။ ပန်းအိုးသာ ကွဲသွားခဲ့ခြင်းပင်။ ပန်းအိုးထဲမှ မြေကြီးများသည် ပတ်ပတ်လည်သို့ ပျံ့ကျဲသွားခဲ့သည်။ ပန်းအိုးကတော့ မြေပြင်ပေါ် ပြုတ်ကျရင်း အစိတ်စိတ်ကွဲနေလေပြီ။
လင်းဖေးဟန် အခန်းထဲကို ဝင်လာတုန်းက သူက ယဲ့ဖန်းကိုပဲဂရုစိုက်နေခဲ့တာမို့ ထိုကိစ္စကို သတိမထားမိခဲ့။ အားသောင်ရဲ့ စကားကို နားထောင်ပြီးမှ သူ သတိထားမိသွားသည်။
လင်းဖေးဟန်ရဲ့ မျက်လုံးက ရုတ်ချည်း အေးစက်သွားသည်။
ဒီတစ်ခါတော့ သူတစ်ကယ် မပျော်တော့ဘူး။
ဒီနှင်းဆီဖြူအိုးက သူနဲ့ စွန်းရှင်းယွဲ့အတွက် သာမာန်ပစ္စည်းလေး မဟုတ်ဘူး။ ဒီပန်းအိုးက လူနှစ်ယောက်ကြားက အချစ်သင်္ကေတလို့ ပြောရင်တောင် အဲ့ဒါချဲ့ကား ပြောတာ မဟုတ်ဘူး။
စွန်းရှင်းယွဲ့ ကိုယ်တိုင်လဲ ဒီနှင်းဆီဖြူအိုးကို အားလုံးထက် ပိုကြိုက်ပြီး သေချာလေး ဂရုစိုက်ထားခဲ့တာ။
စွန်းရှင်းယွဲ့ရဲ့ မျက်နှာသည် ပိုပြီး ကြည့်ရဆိုး လာတော့သည်။ အလွန် စိတ်တိုစရာ ကောင်းနေပြီ။