မဟာဆေးပညာ
Vol. 25 Ch. 370
တာအို.... နဂါးနန်းတော်၏စွမ်းအား......
"တင်းထျန်းခေတ် ၁၄၄ နှစ်မြောက်တွင် နန်းတော်သခင်ကျိကို ကောင်းကင်သူတော့စင်ပုက တုနှိုင်းမဲ့နိဗ္ဗန်ဖန်ဆင်းခြင်းနည်းစနစ်ကို ရှာဖွေရန် အမိန့်ပေးသဖြင့် အောက်ကမ္ဘာသို့ ဆင်းသက်လာသည်။ထိုသူ၏စိန်ခေါ်မှုမှ သင်အောင်မြင်စွာ လွတ်မြောက်ခဲ့ပြီး ဘေးဆိုးတစ်ခုကို ရှောင်ရှားနိုင်ခဲ့သည်။ထို့ကြောင့် ရှင်သန်ခြင်းဆုလာဘ်အဖြစ် အင်မော်တယ်ကျင့်စဉ်တခုဖြစ်သော 'မဟာဆေးပညာတာအို' ကို ရရှိထားသည်"
သူ့ရှေ့မှာရှိတဲ့ အသိပေးချက်ကို ကြည့်ပြီး ကျန်းချန်ရှန်း ပြုံးလိုက်မိသည်။
မဟာဆေးပညာတာအိုပညာသည် သူကြာမြင့်စွာစောင့်မျှော်ခဲ့သည့်အရာဖြစ်သည်။
ယင်းမတိုင်မီက သူသည် အခြေခံအကျဆုံး ဆေးပညာကိုသာ သင်ယူခဲ့ရပြီး ဆေးလုံးဖော်စပ်နည်းကို သဘောပေါက်ခဲ့သည်။ သူဖန်တီးထားသော ဆေးလုံးများကို အင်မော်တယ်ဆေးလုံးများအဖြစ် မယူမှတ်နိုင်ခဲ့ပေ။
မျှော်လင့်ထားသည့်အတိုင်း တုနှိုင်းမဲ့လေဟာနယ်နယ်ကပယ် ကျွမ်းကျင်သူတစ်ဦးထံမှရရှိသော ရှင်သန်ခြင်းဆုလာဘ်က အကျိုးရှိပေသည်။
ကျန်းချန်ရှန်း စိတ်လက်ကြည်သာစွာဖြင့် မဟာဆေးပညာတာအို အချက်အလက်များကို အမွေဆက်ခံခဲ့သည်။
ပိုင်ချီက သူ၏မျက်နှာအနေအထားပြောင်းလဲမှုကို သတိပြုမိပြီး လျှို့ဝှက်စွာသိချင်နေသသည်။ သူ့သခင်က ယခုပင် တိုက်ခိုက်ဖို့ ထွက်သွားခဲ့သည်မဟုတ်လော....
ကျန်းချန်ရှန်းနှင့် နန်းတော်သခင်ကျိ တို့၏ တိုက်ပွဲက တိုတောင်းသော်လည်း နန်းတော်သခင်ကျိ၏ တိုက်ပွဲဆန္ဒမှ လာသော ဖိအားများက အလွန်ပြင်းထန်ခဲ့သည်။ ထို့အပြင် ထိုဓားချက်က မဟာကန္တာရသိုင်းကမ္ဘာတစ်ခုလုံးကို ထိတ်လန့်စေခဲ့ပြီး ပိုင်ချီကို ထိတ်လန့်တုန်လှုပ်စွာ နှိုးဆော်ခဲ့သည်။ သူသည် ပိုင်လုံလောက် အိပ်မပျော်နိုင်ခဲ့ချေ။
ပိုင်ချီက သိလိုစိတ်သာရှိပြီး နောက်ထပ်မေးဝံ့မှုမရှိခဲ့ချေ။
အချိန်အတော်ကြာပြီးနောက်.....
ကျန်းချန်ရှန်း မျက်စိကို တဖြည်းဖြည်း ဖွင့်လိုက်သည်။ မဟာဆေးပညာတာအိုက သူထင်ထားသည်ထက် ပို၍ ကျယ်ပြန့်သည်။ ဆေးလုံးဖော်နည်းများအပြင် ဆေးဝါးပါဝင်ပစ္စည်းများစွာလည်း မှတ်တမ်းတင်ထားသည်။ အရေးကြီးဆုံးမှာ မဟာဆေးပညာတာအိုက စစ်မှန်သောသမာဓိမီးလျှံများ၏ ကျင့်ကြံနည်းကို အမှန်တကယ် မှတ်တမ်းတင်ထားခြင်းဖြစ်သည်။
စစ်မှန်သောသမာဓိမီးဆိုသည်မှာ အမြုတေ၊ချီဓာတ်နှင့်ဝိဉာဉ်စွမ်းအင်တို့ကို သမာဓိမီးအဖြစ်သို့ သန့်စင်ခြင်းဖြစ်သည်။ထိုမီးက အရာအားလုံးကို လောင်ကျွမ်းနိုင်ပြီး အလွန်ပြင်းထန်ပြီး တုနှိုင်းမဲ့ယန်အလင်းတန်းနှင့်တူသည်။ စစ်မှန်သောသမာဓိမီးသည်အမြုတေ၊ချီဓာတ်နှင့်ဝိဉာဉ်စွမ်းအင် ဖြစ်ပေါ်လာသောကြောင့် ယင်းကို အလွန်ကျွမ်းကျင်ပြီးနောက် ဆေးပညာရှင်က မီး၏အပူချိန်ကို ပို၍ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ပေမည်။
အဲဒါက အမြတ်အစွန်းကြီးမားသော ရိတ်သိမ်းမှုပင်.....
သူသည် အင်မော်တယ်ဆေးလုံးစွယ်စုံကျမ်းတစ်အုပ်ကို ရရှိခဲ့ရုံသာမက နတ်ဘုရားစွမ်းရည်နှင့်ညီမျှသော စစ်မှန်သောသမာဓိမီးလျှံကိုလည်း ရရှိခဲ့သည်။
ကျန်းချန်ရှန်း ချက်ချင်း မကျင့်ကြံခဲ့ပေ။ ယင်းအစား သူ၏နတ်ဘုရားအာရုံကို ဘူးသီးခြောက်ထဲသို့ ထည့်သွင်းခဲ့သည်။
နန်းတော်သခင်ကျိ၏ခန္ဓာကိုယ် ပြာဖြစ်သွားပြီး သူ၏နတ်ဘုရားလက်နက်ကိုပင် ထိုကောင်းကင်သူတော်စင်ပု လျှို့ဝှက်ဆန်းကြယ်သောခြေရာ၍မရအောင် ရှောင်ရှားရန် သန့်စင်ခံခဲ့ရသည်။
သို့သော် နန်းတော်သခင်ကျိ၏ဝိဉာဉ်သည် ထိုနေရာတွင်ရှိနေဆဲဖြစ်ပြီး ကျန်းချန်ရှန်းက နတ်ဘုရား သိုင်းနယ်ပယ်နှင့် ကောင်းကင်နတ်ဘုရားပုတို့အကြောင်း နားလည်ရန် သူ၏မှတ်ဉာဏ်များကို ရှာဖွေရန် ပြင်ဆင်ခဲ့သည်။
သူသည် နန်းတော်သခင်ကျိ၏ဝိဉာဉ်ကို ဦးဆုံးစစ်ဆေးခဲ့ပြီး အမှတ်အသားမရှိကြောင်း သေချာစေပြီးနောက် သူ၏မှတ်ဉာဏ်များကို စတင်ဖတ်ရှုခဲ့သည်။
မဟာတာအို၏မျက်လုံ၏ နတ်ဘုရားစွမ်းရည်က ဝိဉာဉ်ကိုဆန်းစစ်နိုင်ခဲ့သည်။ သိုင်းပညာရှင်များသည် မိမိတို့၏ခန္ဓာကိုယ်ကို လေ့ကျင့်ပေးကြသော်လည်း ဝိဉာဉ်ကိုမလေ့ကျင့်ကြသောကြောင့် မဟာတာအိုမျက်လုံးကို ရင်ဆိုင်ရသည့်အခါ သူတို့၏ဝိဉာဉ်များ မခုခံနိုင်ခဲ့ချေ။
နန်းတော်သခင်ကျိ၏မှတ်ဉာဏ်သည် တိုင်ရှီးချန်၏မှတ်ဉာဏ်ထက် များစွာကြီးမားသည်။ နှစ်ဉီးသား၏ မှတ်ဉာဏ် များက တူညီသောအဆင့်တွင် မရှိခဲ့ပေ။
နန်းတော်သခင်ကျိသိသလောက် နတ်ဘုရားသိုင်းနယ်မြေသည် ၎င်းတို့၏ အဆင့်အတန်းကို အနိမ့်ဆုံးမှ အမြင့်ဆုံးအထိ ခွဲခြားလိုက်သည်။ ကောင်းကင်သူတော်စင်ထက် ရာထူးပိုမြင့်မားသည်ဟု ဆိုကြသော်လည်း သူကဲ့သို့သော နန်းတော်သခင်တစ်ဦး မတွေ့နိုင်ခဲ့ချေ။ ကောင်းကင်သူတော်စင်ပုက ကြီးမြတ်သောကောင်းကင်သူတော်စင်တစ်ဦးဖြစ်သည်။
ကောင်းကင်သူတော်စင်ကြီး ၇၂ ယောက်ရှိပြီး သူတို့အားလုံး အလွန်သန်မာကြသည်။ နန်းတော်သခင်ကျိက ၎င်းတို့ထဲမှ အနည်းငယ်ကိုသာ တွေ့မြင်ခဲ့ပြီး ယင်းသည် ကောင်းကင်သူတော်စင်ပု၏ မိတ်ဆက်မှုမှတစ်ဆင့်ဖြစ်သည်။
နတ်ဘုရားသူတော်စင်တဉီးက မဟာကောင်းကင်သူတော်စင်တစ်ဦးထက် အဆင့်နိမ့်သော်လည်း၊ မဟာကောင်းကင် သူတော်စင်တစ်ဦးသည် နတ်ဘုရားသူတော်စင်လို တိုက်ရိုက် လှုပ်ရှား ရန် အခွင့်အရေး မရှိပေ။ နတ်ဘုရားသူတော်စင်အဆင့်အတန်းကို နတ်ဘုရားသိုင်းနယ်မြေက ရှေးဟောင်း မိသားစု များအတွက် ရည်စူးထားခြင်းဖြင်သည်။ နတ်ဘုရားသူတော်စင် တစ် ဦး ၏ ခွန်အားကို တိုင်းတာရန် ခက်ခဲပေသည်။ သူသည် မဟာကောင်းကင်သူတော်စင်တစ်ဦးထက် အားနည်းနိုင်သည်၊ သို့မဟုတ် ပိုသန်မာပေမည်။ အရေအတွက်အတိအကျနဲ့ပတ်သက်ပြီး နန်းတော်သခင်ကျိလည်း သေချာမသိပေ။
မဟာရွှမ်းဟန်ကမ္ဘာကြီးတွင် သိုင်းကမ္ဘာတွေရှိသလောက် နတ်ဘုရား များစွာရှိပေသည်။ နန်းတော်သခင်များက ဒေသများစွာကို ဖွဲ့စည်းအုပ်ချုပ်ထားပြီး ရာနှင့်ချီရှိသည်။
ယင်းသည် သိုင်းကမ္ဘာများကို ကြီးကြပ်ရန် အာဏာစနစ်မျှသာဖြစ်သည်။ နတ်ဘုရားသိုင်းနယ်မြေအတွင်း သာ၍ကြီးမားသော အာဏာစနစ်တစ်ခု ရှိခဲ့သည်။ နတ်ဘုရားသ်ိုင်းနယ်မြေသည် မဟာရွှမ်းဟန်ကမ္ဘာကြီးကို နှိမ်နင်းနိုင်လောက်အောင် စွမ်းရည်ကြီးမားသည်။
နန်းတော်သခင်ကျ်ရဲ့ မှတ်ဉာဏ်ထဲမှတဆင့် ရှေးဟောင်းဂိုဏ်းများနှင့်ပတ်သက်သော ပုံပြင်အချို့ကိုလည်း သိရှိခဲ့သည်။
နန်းတော်သခင်ကျိ၏ရှုထောင့်မှကြည့်လျှင် ရှေးဟောင်းဂိုဏ်းများသည် သံသယဝင်ပြီး ရူးနေကြသူများဖြစ်သည်။ သူတို့ဟာ ရှေးဟောင်းနည်းစနစ်တွေကို လိုက်စားတဲ့ သိုင်းရူး အုပ်စုတစ်စုဖြစ်သည်။ ရှေးဟောင်းနည်းစနစ်များကို ရှာဖွေလေ့လာရန် အရာရာတိုင်းကို လျစ်လျူရှုနိုင်ကြသည်။
နန်းတော်သခင်ကျိက ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးနှင့် တစ်ချိန်က ရင်ဆိုင်ခဲ့ဖူးသည်။ ကျန်းချန်ရှန်း တိုက်ပွဲဖြစ်စဉ်ကို ကြည့်လိုက်တော့ တဖက်လူက ထူးဆန်းသောမှော်စာလုံးများကို စုစည်းပြီး ထိုမှော်စာလုံးများ၏စွမ်းအားကို အသုံးပြု၍ တိုက်ခိုက်နိုင်သည်။ ယခုအချိန်တွင် ထိုသူက အင်မော်တယ် ကျင့်ကြံမှုနှင့် ဆက်စပ်နေမလားဆိုတာ သူမပြောနိုင်သေးပေ။
ရှေးဟောင်း သိုင်းပညာသည် ကျင့်ကြံခြင်း၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်နိုင်သည်၊ သို့မဟုတ် အင်မော်တယ်ကျင့်ကြံမှုက ပို၍ရှေးကျခဲ့ပေမည်။
မှော်စာလုံး......
ကျန်းချန်ရှန်း ရုတ်တရက် ကျန်းရှန် ကို စဉ်းစားမိလိုက်သည်။
ကျန်းရှန်ရဲ့ အရိုးတွေပေါ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့မှော်စာလုံးတွေ ရှိသည်။အဆုံးမဲ့သတ်ဖြတ်ခြင်းကြယ်စင်က ရှေးဟောင်း နည်းစနစ်များနှင့် ဆက်စပ်နေပါသလော......
ရှေးဟောင်း သိုင်းပညာယဉ်ကျေးမှု ပြန်လည်ရှင်သန်စေရန် သတ္တဝါအားလုံးကို သတ်ဖြတ်မည်လော.......
ကျန်းချန်ရှန်း စဉ်းစားလေ ဖြစ်နိုင်ချေရှိသည်ဟုခံစားရလေပင်.....
သူသည် နတ်ဘုရား သိုင်းနယ်မြေနှင့် ရှေးဟောင်းဂိုဏ်းဂဏများကို နားလည်ရန် နန်းတော်သခင်ကျိ၏မှတ်ဉာဏ်များကို ဆက်လက်ဖတ်ရှုခဲ့သည်။
သူပိုနားလည်လေ ရှေးဟောင်းဂိုဏ်းများသည် အင်မော်တယ် ကျင့်ကြံခြင်းကို မလိုက်စားကြကြောင်း ခံစားရလေလေဖြစ်သည်။ အင်မော်တယ်ကျင့်ကြံမှုတွင် သိသာထင်ရှားသော လက္ခဏာတစ်ခုရှိပြီး ယင်းသည် ဝိဉာဉ်ကျင့်ကြံခြင်းဖြစ်သည်။ ရှေးဟောင်းဂိုဏ်းသားတို့သည် စွမ်းရည်ကြီးမားသောဝိဉာဉ်စွမ်းရည်များကို မသုံးန်ိုင်ကြပေ။
အပြစ်ပေးအကြီးအကဲနှင့် ယဲ့ကျန်းရဲ့ ကိုယ်ခန္ဓာထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ ဝိဉာဉ်လိုမျိုး ဒီကမ္ဘာပေါ်မှာ ဆိုးသွမ်းတဲ့သတ္တဝါတွေ ရှိကြသည်။ သို့သော် ဤဝိညာဉ်ခန္ဓာများသည် ပြန်ဝင်စားခြင်း၏ ကန့်သတ်ချက်မှ ထွက်ခွာသွားသော်လည်း သိုင်းပညာအသုံးပြု၍ တိုက်ခိုက်နေကြဆဲဖြစ်သည်။ သူတို့၏ဝိဉာဉ်ခန္ဓာကို စစ်မှန်သောချီဖြင့် ဖျက်ဆီးနိုင်သည်။ ကျင့်ကြံသူတစ်ဦးရဲ့ ဝိဉာဉ်စွမ်းရည် အဆင့်တစ်ခု ရောက်သွားတဲ့အခါ သိုင်းပညာရှင်တစ်ဦးက ၎င်းကို လုံးဝသတိမထားမိနိုင်ပေ။ ဒါက အခြေခံကျတဲ့ ကွာခြားချက်ပင်....
ယခုလောလောဆယ်တွင် သိထားသော သိုင်းပညာနည်းစနစ်တစ်ခုမျှ ဝိဉာဉ်ကို လေ့လာခြင်းမပါဝင်ခဲ့ချေ။ နတ်ဘုရား သိုင်းနယ်မြေတွင် တစ်ခုရှိနိုင်သော်လည်း နန်းတော်သခင်ကျိက ၎င်းနှင့် မထိတွေ့နိုင်ခဲ့ပေ။
ကျန်းချန်ရှန်းက နန်းတော်သခင်ကျိရဲ့ မှတ်ဉာဏ်အားလုံးကို ဖတ်ပြီးတဲ့နောက် သူ့ဝိဉာဉ်ကို ဖျက်ဆီးလိုက်သည်။
သူသည် ကောင်းကင်သူတော်စင်ပု၏ခွန်အားကို စိတ်ထဲတွင် တွက်ချက်ခဲ့သည်။
ဝမ်းနည်းစရာမှာ သူသည် ယခုအချိန်တွင် ယင်းကို တွက်ချက်၍မရနိုင်ခဲ့ချေ။ သူသည် အမျိုးမျိုးသော အစွမ်းထက်ဆုံးကျွမ်းကျင်သူများကို တွက်ချက်ရုံမှလွဲ၍ ရွေးချယ်စရာမရှိခဲ့ပေ။ လောလောဆယ်တွင် သူသည် ကောင်းကင်မြစ်အနီးရှိ ကြယ်အရေအတွက်အတိအကျကိုလည်း တွက်ချက်နိုင်ခဲ့သည်။
ကံကောင်းတာက သူသိထားတဲ့နေရာမှာ အစွမ်းထက်ဆုံးတိုက်ပွဲအင်အားက နန်းတော်သခင်ကျိထက် အများကြီးနိမ့်ကျသည်။
ကျန်းချန်ရှန်း သက်ပြင်းချပြီး အဲဒါကို မစဉ်းစားတော့ဘဲ စစ်မှန်သောသမာဓိမီးကို စတင်ကျင့်ကြံခဲ့သည်။
အဆုံးမဲ့သမုဒ္ဒရာထဲ၌......
နဂါးရဲ့ ဟိန်းဟောက်သံ ပေါက်ကွဲထွက်လာကာ သမုဒ္ဒရာကျွန်းစုပေါ်က လူသားတွေကို ထိတ်လန့်စေသည်။ လူတိုင်းမော့ကြည့်လိုက်တော့ ကောင်းကင်ပေါ်မှာ အပြာရောင်နဂါးတစ်ကောင် ကူးခတ်ပျံသန်းနေတာကို တွေ့လိုက်ရသည်။ ၎င်း၏ကိုယ်ခန္ဓာက ပေတစ်သောင်းရှည်ပြီး ၎င်း၏ခြေလေးချောင်းက တိမ်များထဲမှ ပေါ်ထွက်လာသည်။
မရေမတွက်နိုင်သော လူတို့ ဤမြင်ကွင်းကြောင့် အံ့အားသင့်ခဲ့ကြသည်။ သမုဒ္ဒရာထဲက နတ်ဆိုးသားရဲတွေတောင် ပေါ်ထွက်လာပြီး ကောင်းကင်ကို တုန်လှုပ်ချောက်ချားစွာ ကြည့်နေကြသည်။
အပြာရောင်နဂါးနောက်တွင် နဂါးနက်နှင့် နဂါးနီလည်းရှိသည်။ နဂါးသုံးကောင်မိုးတိမ်ပင်လယ်ကို ဖြတ်သန်းသွားပြီး သမုဒ္ဒရာထဲရှိ သတ္တဝါများအား သူတို့၏နတ်ဘုရားစွမ်းရည်ကို ပြသရန် ကိုယ်ခန္ဓာကို ဆန့်ထုတ်လိုက်သည်။
၎င်းတို့က မြွေနဂါးများမဟုတ်ဘဲ နဂါးစစ်များဖြစ်သည်!
ဒီနှစ်မှာ နဂါးနန်းတော်ကို အဆုံးမဲ့သမုဒ္ဒရာထဲမှာ ဖန်တီးခဲ့သည်။!
အောင်းတုန်,အောင်းရှီ နှင့်အောင်းပိုင်တို့က မိမိတို့ကိုယ်ကို မဟာနဂါးဘုရင်သုံးပါးဖြစ်သည်ဟု အခိုင်အမာပြောဆိုခဲ့ကြသည်။ သူတို့သည် ကောင်းကင်တရားရုံး၏ အထောက်အကူတပ်ဖွဲ့ဖြစ်ပြီး အဆုံးမဲ့သမုဒ္ဒရာ၏ ပင်လယ်ဧရိယာကို ကြီးကြပ်ခဲ့ကြသည်။ နဂါးစစ်မှန်နဲ့ ကောင်းကင်တရားရုံးနာမည်ကိုသုံး၍ နတ်ဆိုးစစ်သားအမြောက်အမြားကို စုဆောင်းနိုင်ခဲ့ပြီး သူတို့ရဲ့အရှိန်အဟုန်ကို မတားဆီးနိုင်ခဲ့ပေ။
ငါးနှစ်မပြည့်မီ နဂါးနန်းတော်၏အမည် အဆုံးမဲ့သမုဒ္ဒရာတစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။ လူသားမင်းဆက်အားလုံးလည်း ယင်းကို သတိပြုမိကြသည်။
ကံကောင်းတာက နဂါးနန်းတော်က သူတို့ကို အန္တရာယ်ပြုဖို့ မရည်ရွယ်ခဲ့ခြင်းပင်။ နဂါးနန်းတော်က သမုဒ္ဒရာထဲမှာ ငြိမ်ဝပ်မှုကို ထိန်းသိမ်းပြီး သတ်ဖြတ်မှုကို လျှော့ချဖို့ဖြစ်သည်။
နဂါးနန်းတော်ပေါ်ထွက်လာခြင်းက နတ်ဆိုးမျိုးနွယ်အပေါ် အကြီးမားဆုံးအကျိုးသက်ရောက်မှုရှိခဲ့သည်။
လူသားမျိုးနွယ်၏ နတ်ဘုရားမင်းဆက် သူတို့အနိုင်ယူခဲ့ချိန်မှစ၍ နတ်ဆိုးမျိုးနွယ်သည် သမုဒ္ဒရာရှိ နတ်ဆိုးကျွမ်းကျင်သူများကို စိတ်ပျက်စေသည့် အရှိန်အဟုန်ကို မပြသခဲ့ချေ။ ယခု နဂါးနန်းတော်က သူတို့ကို စုဆောင်းလိုက်ပြီဖြစ်ရာ သူတို့ သဘာဝအတိုင်း ငြင်းဆိုမည်မဟုတ်ပေ။ နဂါးနန်းတော်ထဲဝင်မယ်ဆိုရင် နတ်ဆိုးနတ်ဘုရားဖြစ်လာဖို့ အရည်အချင်းရှိပါလိမ့်မည်....
နတ်ဆိုးဘုရား!
ဤစကားလုံးနှစ်လုံးသည် နတ်ဆိုးကျွမ်းကျင်သူများစွာ၏ နှလုံးသားကို ထိမိခဲ့သည်။
အဆုံးမဲ့သမုဒ္ဒရာသည် မဟာကန္တာရ၏အစွန်အဖျားတွင် တည်ရှိသည်။
ကြီးမားသော ကျောက်သားခန်းမတစ်ခုတွင်.....
နတ်ဆိုးအုပ်စု တစ်စု စုဝေးနေကြသာ်။ ၎င်းတို့အားလုံးက ၎င်းတို့၏ ကနဦးစရိုက်အချို့ကို ထိန်းသိမ်းထားဆဲဖြစ်သည်။
စားပွဲထိပ်ပိုင်းတွက် ထိုင်နေသော နတ်ဆိုးကတော့ လူသားနှင့်အတော်တူသည်။ နတ်ဆိုးအဓိပတိက အဖြူရောင်အဝတ်အစားကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူဖြူနှင့် နတ်ဆိုးမျက်လုံးများရှိသည်။ သူသည် စကားတစ်ခွန်းမျှမပြောဘဲ စားပွဲထိပ်ပိုင်းတွင်ထိုင်ခဲ့သော်လည်း အကြီးအကျယ်ဖိနှိပ်နိုင်စွမ်းရှိသည်။
"နဂါးနန်းတော်ရဲ့ အရှိန်အဟုန်ကို မထိန်းချုပ်ဘူးဆိုရင် နတ်ဆိုးမျိုးနွယ်ရဲ့ နာမည်ပဲ ကျန်ရစ်လိမ့်မယ်!"
" ဟုတ်တယ်... ကျွန်တော့်လက်အောက်ခံအတော်များများ နဂါးနန်းတော်ထဲဝင်သွားကြတယ်။ တကယ့်ကို စက်ဆုပ်ရွံရှာစရာပါပဲ....."
" နတ်ဆိုးမျိုးနွယ်က မျိုးနွယ်စု အများအပြားနဲ့ ပေါင်းစည်းထားတဲ့ မျိုးနွယ် တစ်ခုမို့ ကျွန်တော်တို့ကြားမှာ သွေးမျိုးဆက်မရှိဘူး....နတ်ဆိုးအတော်များများက ခွန်အားကြီးသူကိုပဲ ရွေးချယ်ကြတယ်... "
"အဲဒါကို ဘယ်လိုထိန်းချုပ်နိုင်မလဲ... သူတို့မှာ နဂါးစစ်သည်တွေရှိတယ်... ကောင်းကင်တရားရုံး ဘယ်လောက်စွမ်းလိုက်သလဒ မဟာဗိုလ်ချုပ့လေးဦးထဲက တစ်ယောက်ဖြစ်တဲ့ တိချန်က ကျွန်တော်တို့ ကိုင်တွယ်နိုင်တဲ့သူမဟုတ်ဘူး..သိုင်းဧကရာဇ်နယ်ပယ်ထက် ကျော်လွန်တဲ့ ကောင်းကင်စစ်သားနှစ်ယောက်ရှိတယ်ဆိုတာ ကြားသိရတယ်... ဒါက ရယ်စရာ ကောင်းလွန်းတယ်.... "
"ဒီအတိုင်းဆို တာအိုဘိုးဘေးက ပြင်ပလောကကနေ လာတာဖြစ်ရမယ်... ကျွန်တော်တို့တော့ ကံဆိုးတာပဲ... "
နတ်ဆိုးအကြီးအကဲတွေရဲ့ ဆွေးနွေးချက်ကို နားထောင်ရင်း နတ်ဆိုးအဓိပတိက ဘာမှမပြောခဲ့ပေမဲ့ သူ့မျက်လုံးတွေက အရမ်းအေးစက်နေသည်။
တာအိုဘိုးဘေးအကြောင်း သူဦးဆုံးကြားရချိန်တွင် နတ်ဆိုးအဓိပတိ နာလန်ထူနေဆဲဖြစ်သည်။ ထိုအချိန်တွင် သူသည် တာအိုဘိုးဘေးနှင့် တိုက်ပွဲကို စောင့်မျှော်ခဲ့သည်။
ဒါပေမဲ့ အခုတော့.....
နတ်ဆိုးအဓိပတိ ဘယ်လောက်ပဲ ယုံကြည်စိတ်ချနေပါစေ တာအိုဘိုးဘေး၏ပြိုင်ဘက်မဖြစ်နိုင်တော့ပေ။
သူသည် လူသားမျိုးနွယ်၏ မြင့်မြတ်သောမင်းဆက်ကို အနိုင်ယူလိုက်သည်နှင့်တစ်ပြိုင်နက် လူသားများအလယ်တွင် ထိုသို့တည်ရှိလာမည်ဟု သူမမျှော်လင့်ခဲ့ချေ။ ဒါပေမဲ့ အခုအချိန်မှာတော့ သူရွေးချယ်ရမယ်ဆိုတာ သူသိထားသည်။
"ကောင်းကင်တရားရုံးကို သွားဖို့ အသင့်ဖြစ်နေပြီ!"
နတ်ဆိုးအဓိပတိက နတ်ဆိုးသူတော်စင်အားလုံးရဲ့ အသံကို ချက်ချင်းဖုံးလွှမ်းလိုက်သည်။
ယင်းကိုကြားသောအခါ နတ်ဆိုးသူတော်စင်များစွာက သူတို့၏မျက်လုံးတွင် ရွှင်လန်းမှုကို ထုတ်ဖော်ပြသလိုက်ကြသည်။
တကယ်တော့ သူတို့လည်း ကောင်းကင်တရားရုံးမှာလည်း ပါဝင်ချင်ကြသည်။ အမှန်ဆိုရလျှင် ချင်းလျန်မျိုးနွယ်စုနှင့် မနတ်ဆိုးမျိုးနွယ်စုပင်လျှင် ကောင်းကင်တရားရုံးသို့ လက်နက်ချခဲ့ကြပြီ။ ဤ မျိုးနွယ်စုနှစ်ခု ရင်ဆိုင်ရန်ပင် သူတို့မသန်မာကြပေ။
နတ်ဆိုးမျိုးနွယ်က စွမ်းရည်ကြီးသော်လည်း ယင်းသည် အဆုံးမဲ့သမုဒ္ဒရာတွင်သာရှိသည်။ မဟာကန္တရ၌ နတ်ဆိုးမျိုးနွယ်ဟာ ဘာမှမဟုတ်ကြပေ။ သူတို့တစ်မျိုးလုံးတွင် သိုင်းဧကရာဇ်နယ်ပယ်တစ်ဦးသာရှိပြီး ယင်းသည် နတ်ဆိုးအဓိပတိဖြစ်သည်။ ထိုသို့သောမျိုးနွယ်စုက ကောင်းကင်တရားရုံးရှေ့တွင် မျှော်လင့်ချက်မရှိခဲ့ချေ။
နတ်ဆိုးအဓိပတိက သူတို့ရဲ့မျက်နှာထားတွေကို အကဲခတ်ပြီး အကူအညီမဲ့နေတယ်လို့ ခံစားခဲ့ရသည်။
အချိန်ဟာ ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ ရုတ်တရက် သဘောပေါက်သွားသည်။
သူသီးသန့်နေတဲ့နှစ်တွေအတွင်း ကောင်းကင်တရားရုံးက သူ့ကိုမျိုးဖြုတ်လုနီးပါး အလျင်အမြန် တိုးတက်လာသည်။
နတ်ဆိုးအဓိပတိက မတ်တတ်ရပ်ပြီး.....
"မင်းတို့ရဲ့စစ်တပ်ကို ထိန်းချုပ်ထားပါ... ငါပြန်လာတဲ့အခါ နတ်ဆိုးမျိုးနွယ်ရဲ့ ခွန်အားကို ကောင်းကင်တရားရုံးဆီ သက်သေပြမယ်!"
သူပြောပြီးတာနဲ့ ချက်ချင်းထွက်သွားလေသည်။
နတ်ဆိုးအကြီးအကဲတွေ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး သက်ပြင်းချလိုက်ကြသည်။
သူတို့ နတ်ဆိုးအဓိပတိကို အလျှော့ပေးလိုက်လျောရန် အတင်းအကျပ်တိုက်တွန်းဖို့ ဤနေရာသို့ရောက်ရှိလာကြသည်။ ကံကောင်းတာက နတ်ဆိုးအဓိပတိက မာနထောင်လွှားခြင်းမရှိခဲ့ပေ။
တင်းထျန်းခေတ် ၁၅၅ နှစ်......
ခရမ်းရောင်တိမ်နန်းတော်တွင် ကျန်းချန်ရှန်း ဆေးလုံးများကို သန့်စင်နေသည်။ သူသည် စစ်မှန်သောသမာဓိမီးကို ထိန်းချုပ်နေပြီး နန်းတော်ထဲတွင် မီးတောက်များ တောက်လောင်နေသည်။
ပိုင်ချီ နန်းတော်ထဲဝင်ပြီး ဆေးအိုးဆီ ရောက်လာကာ.... "သခင်၊ နတ်ဆိုးအဓိပတိကို ဘယ်လိုကိုင်တွယ်ဖို့ ရည်ရွယ်ထားသလဲ...."
နတ်ဆိုးအဓိပတိ တောင်ဘက်ကောင်းကင်တံခါးသို့ ရောက်ရှိခဲ့ပြီး ကျန်းချန်ရှန်းနှင့် တွေ့လိုခဲ့သည်။ ယခုအချိန်တွင် ကွမ်းတုံးယု၊ကိုယ်တော်ပိုင်နှင့် ကျိဝူကျွင်းတို့က နတ်ဆိုးအဓိပတိကို အလှည့်ကျစိန်ခေါ်နေကြသည်။ တောင်ဘက်ကောင်းကင်တံခါးကစစ်သည်များ အရမ်းပျော်နေကြသည်။
ကွမ်းတုံးယုနှင့် အခြားနှစ်ဦးသည် သူတို့၏ဒေါသကို ထုတ်ဖော်လိုကြပြီး တိုင်ရှီးချန်နှင့် ဟေးဟူကိုပင် အကူညီမတောင်းခဲ့ပေါ။တိချန်သည်လည်း ဘေးဘက်မှ စောင့်ကြည့်နေသည်။
လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့ကြားက မကျေနပ်မှုများကို ဖြေရှင်းရန် ခက်ခဲပေသည်။ အထူးသဖြင့် မြင့်မြတ် သော မင်းဆက်၏ ယခင်အဖွဲ့ဝင်များ နှင့် နတ်ဆိုးအဓိပတိကကြားတွင် မကျေနပ်ချက် ပိုကြီးမားသည်။
"သူ့ကိုယ်သူ သက်သေပြဖို့ သူ့ကို ငါလိုအပ်တယ်...."
ကျန်းချန်ရှန်း အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
စစ်မှန်သောသမာဓိမီးကို ထိန်းချုပ်ရန် တကယ့်ကို ခက်ခဲသည်။ သူ၏အခြားနတ်ဘုရားစွမ်းရည်များနှင့်နှိုင်းယှဉ်လျှင်ပင် ထိန်းချုပ်ရန် ခက်ခဲသည်။
အဓိကအကြောင်းရင်းမှာ စစ်မှန်သောသမာဓိမီးကို ဆေးလုံးများပြုလုပ်ရန် အသုံးပြုနေခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်မယ်ဆိုရင် စစ်မှန်သောသမာဓိ
မီးကို အတားအဆီးမရှိဘဲ အသုံးပြုနိုင်သည်။ သို့သော်လည်း ဆေးလုံးများပြုလုပ်ခြင်းက ထိုမျှမလွယ်ကူပေ။ မီးတောက်ကို ထိန်းချုပ်နိုင်ဖို့က အလွန် အရေးကြီးသည်။ ဆေးလုံးဖော်စပ်ပုံ ပို၍ရှုပ်ထွေးလေ ပို၍အရေးကြီးလေဖြစ်သည်။ ရောစပ်ခြင်း လုပ်ငန်းစဉ်၏ အဆင့်တစ်ခုစီတွင် မီးတောက်၏ အပူချိန်ကို ပြောင်းလဲခဲ့ရသည်။
" ဘယ်လိုသက်သေပြရမှာလဲ...တိချန်ကိုအနိုင်ယူရမှာလား..."
ပိုင်ချီက သိလိုစိတ်နဲ့ မေးလိုက်သည်။ နတ်ဆိုးသားရဲတစ်ကောင်အနေနှင့် သူသည် သဘာဝအားဖြင့် နတ်ဆိုးအဓိပတိကို မနှစ်သက်ခဲ့ချေ။ နတ်ဆိုးအဓိပတိက ရဲရင့်စွာတစ်ဦးတည်း လာပြီး ဝိုင်းရံပိတ်ဆို့ခံရသည်ကို သူတွေ့မြင်သောအခါ သဘောကျကျေနပ်နေသည်။
လူတိုင်းမှာ ဒီလောက် ရဲစွမ်းသတ္တိမရှိဘူး.. တကိုယ်တည်းရောက်လာခြင်း၏
အကျိုးဆက်မှာ သေခြင်းဖြစ်ပေမည်။