အခန်း (၁၆၆)
Vol. 12 Ch. 166
“ကျေးဇူးပါပဲ စီနီယာ”
ယန်ရှိုသည် ကျောက်စိမ်းပြားကို လက်ခံရယူပြီးသည့်နောက် မြန်မြန်ဆန်ဆန်ပဲ သတင်းအချက်အလက်များကို ပေးပို့လိုက်၏။ သူသည် တုံ့ပြန်မှုတစ်ခုကို ချက်ချင်း ရလိုက်၏။
“သားရဲရိုင်းဥကို ခွဲပစ်ရမှာ ဟုတ်လား”
လျှို့ဝှက်နယ်မြေ၏ အတွင်းဘက်မှတော့ ကျန်းပိုင်ချွမ်း၏ မျက်လုံးများသည် ချက်ချင်း လင်းလက်သွားခဲ့၏။ ဤကဲ့သို့ ရွေးချယ်ပြုလုပ်စရာများ ရှိနေလေသည်လား။
သူသည် ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက် မိုင်ဒါဇင်ချီ အဝေးတွင် ရှိနေသည့် ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးကို ကြည့်ရှုလိုက်၏။ မကြာခင်မှာပဲ သားရဲရိုင်း အသိုက်အမြုံကို လှမ်းကာ မြင်လိုက်ရ၏။
ကြီးမားလှသည့် ငှက်သားရဲ သိုက်ကြီးတစ်ခု တောင်စောင်း၏ဘေးတွင် ရှိလို့နေ၏။ ထိပ်တွင် မည်သည့် သားရဲရိုင်းမှ မရှိပေ။ ကြည့်ရသည်မှာ အပြင်ဘက်သို့ သွားနေသည့်ပုံပင်။
ရွှေကျီးကန်းကလန်မှ အဖွဲ့ဝင်များသည် ဤတည်နေရာသို့ ပွင့်ပွင့်လင်းလင်းနှင့် လာရောက်ကာ တိုက်ခိုက် နေသည့်အချိန်တွင် တခြားသော သားရဲရိုင်းများ သတိမပြုမိသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
“ဒါပဲလား”
ကျန်းပိုင်ချွမ်းသည် မနီးမဝေးရှိ ရွှေကျီးကန်းကလန်မှ အဖွဲ့ဝင်သုံးယောက်တို့ကို လှမ်းကြည့်လိုက်၏။ သူ၏ နှုတ်ခမ်းထက်တွင် အေးစက်သည့် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ ရွှေကျီးကန်း ကလန်နှင့် ရင်ဆိုင်ရန် တွက်ကြည့်လိုက်သည့် အချိန်မှာတော့ သူသည် တကယ်ပင် စိတ်လှုပ်ရှားလျက် ရှိနေသည်။
ကောင်းကင်ယံထက်တွင်တော့ ....
ရွှေရောင်ဆံပင်များ ဖြန့်ကျက်ထားသော ရွှေကျီးကန်းကလန်မှ တတိယမင်းသားသည် နတ်သားတစ်ပါးကဲ့သို့ ရပ်လျက်ရှိ၏။ ၎င်းသည် ၎င်း၏ လက်နက်ကို အသာသိမ်းဆည်းပြီးသည့်နောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြောလိုက်၏။ “ကလန်က အကြီးအကဲနှစ်ယောက်တို့ စပြီး လှုပ်ရှားကြတော့”
ရွှေကျီးကန်းကလန်မှ တခြားသော အကြီးအကဲနှစ်ယောက်တို့သည် လေဟာနယ်ထဲမှ ဆင်းသက်လာပြီးသည့် နောက် သူတော်စင်အဆင့် ဆေးပင်၏ ရှေ့တွင် မတ်မတ်ရပ်လိုက်၏။ ၎င်းတို့သည် အစီအရင်ကို ချိုးဖြတ်နိုင်မည့် နည်းလမ်းကို စတင်ကာ လေ့လာတော့သည်။
ဤတစ်ကြိမ်မှာတော့ ရွှေကျီးကန်းကလန်မှ မင်းသားသုံးယောက်စလုံး ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ အကြီးဆုံး မင်းသားသည် ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်ကို ရယူရန် လျှို့ဝှက်နယ်မြေ၏ အတွင်းဘက်သို့ အစောကြီးကတည်းက သွားနှင့်နေပြီဖြစ်ပြီး ဒုတိယမင်းသားမှာတော့ တော်ဝင်သူတော်စင်အဆင့် စိတ်ဝိညာဉ် ဆေးပင်ကို ရယူနိုင်ရန်အတွက် ကြိုးစားလျက် ရှိနေလေ၏။ ရွှေကျီးကန်းကလန်မှ တတိယမင်းသားမှာတော့ တော်ဝင်သူတော်စင်အဆင့် အောက်တွင် ရှိနေသည့် ဆေးပင်များအားလုံးကို ခူးယူရန် တာဝန်ကျ၏။
ရွှေကျီးကန်းကလန်၏ ရည်ရွယ်ချက်သည် တကယ်ပင် ကြီးမားလွန်းသည်ဟု ဆိုရမည်။ သူတို့သည် အရာအားလုံးကို လိုချင်၏။ တခြားသူများအတွက် တစ်ခုကလေးမှပင် ချန်ထားခြင်း မရှိရလောက်အောင် အရာအားလုံးကို သိမ်းဆည်းရန် စီစဉ်ထားသည်။
ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ တော်ဝင်သူတော်စင်အဆင့် ဆေးပင်နှင့် ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်များ၏ လမ်းကြောင်း တည်နေရာကို ဝယ်ယူခဲ့ပြီးပြီ ဖြစ်သောကြောင့် ၎င်းတို့၏ စိတ်ဝိညာဉ်ဆေးပင်များကို ခူးဆွတ်သည့် အမြန်နှုန်းသည် ပုံမှန်ထက် ပိုမိုကာ အဆပေါင်းများစွာ မြန်ဆန်လျက် ရှိနေ၏။
“အမ်”
ထိုအချိန်မှာပဲ ရွှေကျီးကန်းကလန်မှ တတိယမင်းသားသည် အသံထွက်လာခဲ့၏။ ၎င်း၏ မျက်လုံးထဲတွင် လျှပ်စီးတန်းများပင် ပြည့်နှက်သွားခဲ့တော့၏။ အနောက်ဘက်တွင် အမဲရောင်အရိပ်တစ်ခု ဖြတ်ပြေးသွားသည်ကို သူ မြင်လိုက်ရသည်။ သေသေချာချာ ကြည့်ရှုပြီးသည့်နောက် သူ၏အကြည့်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။
“အင်း… ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းကလား”
လက်ရှိအချိန်တွင် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းသည် ရောင်စဉ်အလင်းနတ်နယ်မြေကို သုတ်သင်ရှင်းလင်းပြီး ကြီးမားသည့် ဂုဏ်သိက္ခာကို ရရှိခဲ့သည်။ နှစ်သန်းပေါင်းများစွာ ရယူသိမ်းဆည်းထားခဲ့သည့် အရင်းအမြစ်ပေါင်း များစွာတို့ကို ရယူပြီးသည့်နောက် တကယ်ပင် တိုးတက်ကြီးပွား လာခဲ့ကြ၏။
ရွှေကျီးကန်းကလန်မှ အဖွဲ့ဝင်များသည် ထိုသတင်းကို ကြားခဲ့သည်ဆိုလျှင်တောင်မှ သိပ်ပြီး ဂရုမစိုက်ခဲ့ကြချေ။ ရောင်စဉ်အလင်းနတ်နယ်မြေသည် မဆိုးလှသော်လည်း ရွှေကျီးကန်းကလန်၏ မျက်လုံးထဲတွင်တော့ သာမန်ဆန်လွန်းလှ၏။ အင်ပါရီယာ ရီကလန်နှင့် သိပ်ပြီး ခြားနားလှသည် မဟုတ်ချေ။ နှစ်ဖက်လုံးသည် အင်ပါယာတစ်ယောက်ကို မွေးဖွားပေးနိုင်စွမ်းရှိသည့် ကလန်များ ဖြစ်ခဲ့သည်။
တခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင် ရွှေကျီးကန်းကလန်သည် ရှေးယခင်တုန်းက အင်ပါယာ အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့ပြီး မွန်းစတားမျိုးနွယ် တစ်ခုလုံးကိုပင် အုပ်စိုးခဲ့၏။ ၎င်းတို့၏ အမွေအနှစ် သည် သာမန် အင်ပါရီယာကလန်များ လိုက်ပါတုပနိုင်သည့် အရာမျိုး မဟုတ်ချေ။
ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအတွက်တော့ ၎င်းတို့သည် သာမန်ချမ်းသာသည် ဆိုသည့်အရာသာ ဖြစ်ပေလိမ့်မည်။ ရောင်စဉ်အလင်းနတ်နယ်မြေတွင် ရှိနေသည့် အမွေအနှစ်များကို ရယူပြီးသည် ဆိုလျှင်တောင် ဘာဖြစ်မည်နည်း။
အရင်းအမြစ်များ ဆိုသည်မှာ အရင်းအမြစ်များသာလျှင်ဖြစ်၏။ အရင်းအမြစ်များကို အတိုင်းအတာတိုအတွင်း အားအင်အဆင့်အဖြစ် ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် လက်ရှိ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း သည် ယခင်ကထက်ပို၍ ချမ်းသာလာသည်ထက်စာလျှင် ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားသည် မဟုတ်ချေ။ အများဆုံးအနေနှင့် ၎င်းတို့သည် အင်ပါရီယာလက်နက်တစ်ခုကိုသာလျှင် ရရှိခဲ့သည်ဖြစ်၏။ ရွှေကျီးကန်းကလန်၏ မျက်လုံးထဲမှာတော့ ၎င်းတို့သည် ညီငယ်လေးများကဲ့သို့ပင် သေးငယ်လွန်းလှသည်။
“ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ နတ်သားတော်က ဒီလူများလား။ သူ့ရဲ့အော်ရာတွေက မထင်မှတ် ထားလောက်အောင် အားနည်းနေတာပဲ” ရွှေကျီးကန်းကလန်မှ တတိယမင်းသားသည် ကျန်းပိုင်ချွမ်းကို လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံးထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။
ယခင် လူသားမျိုးနွယ်ပါရမီရှင်စာရင်းသာ ထွက်ပေါ်မလာပါက သူ့အနေနှင့် အများကြီး ပြောဆိုနေလိမ့်မည် မဟုတ်ဘဲ အားအင်အဆင့်ကို စမ်းသပ်ရန် သွားရောက်ကြိုးစားပေလိမ့်မည်။ သို့ပေမဲ့ ကျန်းပိုင်ချွမ်းကို မြင်ရသည့်အချိန်မှာတော့ သူ၏ တိုက်ချင်ခိုက်ချင်စိတ်များ ပျောက်ကွယ်သွားခဲ့သည်။
ဤလူသည် အားနည်းလွန်းလှ၏။ သူ အားအင်စိုက်ထုတ်ရလောက်အောင် ထိုက်တန်လှသည့်လူမျိုး မဟုတ်ခဲ့ချေ။ အလကားနေ အလကား ပုရွက်ဆိတ်တစ်ကောင်ကို သွားရောက်သတ်ဖြတ်ရန် သူ စိတ်ဝင်စားမှု မရှိချေ။ ထို့ကြောင့် လက်ရှိ သူတော်စင်အဆင့် ဆေးပင်ကိုသာလျှင် အာရုံစိုက်ထား၏။
တစ်ဖက်လူသည် မြန်မြန်ဆန်ဆန် ထွက်ခွာသွားမည်ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ မထွက်ခွာ သွားဘူးဆိုပါကလည်း ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။ ဤပုရွက်ဆိတ်ကလေးသည် သူ့ကို ဘာမှ ပြုလုပ်နိုင်မည်လည်း မဟုတ်ချေ။
“ဟမ်”
ရွှေကျီးကန်းကလန်မှ တတိယမင်းသားသည် ကျန်းပိုင်ချွမ်းကို လှမ်းကာ ကြည့်ရှုလိုက်၏။ တစ်ဖက်လူသည် လက်နှစ်ဖက်ကို ရှေ့သို့မြှောက်ပြီးသည့်နောက် စည်းသင်္ကေတတစ်ခုကို ဖန်တီး ပြုလုပ်နေကြောင်း သူက မြင်လိုက်ရ၏။
နက်မှောင်လှသည့် အလင်းတန်းများ ထွန်းတောက်လာပြီးသည့်နောက် ကောင်းကင်ယံတွင် အမဲရောင်မြူများ ဖြစ်တည်လာခဲ့၏။ ထိုမြူများသည် ကောင်းကင်ယံသို့ပင် ထိုးတက်သွား၏။ ပြီးနောက် ထိုမြူများသည် ကြီးမားလှသည့် လက်ကြီးတစ်ခု အသွင်ပြောင်းကာဖြင့် ဆယ်မိုင်အကွာအဝေးတွင် တည်ရှိနေသည့် တောင်ကုန်းပေါ်သို့ ကျဆင်းသွားခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ”
ရွှေကျီးကန်းကလန်မှ တတိယမင်းသားသည် သူ့ဆီသို့ တိုက်ခတ်လာသည့် လေများကို ခံစားမိချိန်မှာတော့ ရှောင်ရှားခြင်း မပြုသလို၊ လှုပ်လည်း မလှုပ်ချေ။ အမဲရောင်လက်ကြီးသည် သူကို ကျော်ဖြတ်ကာဖြင့် တခြားသော တစ်ဖက်ဆီသို့ ကျဆင်းသွားခဲ့၏။ ပြောရမည်ဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးကို သူ့အနေနှင့်ပထမဦးဆုံး ကြုံရခြင်းဖြစ်၏။
လူတစ်ယောက်သည် မထင်မှတ်ထားလောက်အောင်ပင် နည်းစနစ်တစ်ခုကို ထုတ်ဖော်၍ ချောင်းမြောင်း တိုက်ခိုက်ခဲ့၏။ ဤကဲ့သို့သော သတင်းသည် ပျံ့နှံသွားသည်ဆိုပါက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအနေနှင့် ဟာသဖြစ်နေမည် မဟုတ်ပါလား။ ၎င်းတို့၏ နတ်သားတော်သည် ဤကဲ့သို့ ဆိုးယုတ်လှသည့် နည်းလမ်းများကို အသုံးပြုခဲ့၏။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအနေနှင့် မည်ကဲ့သို့ နောက်ပိုင်းတွင် ကျော်ကြားလာတော့မည်နည်း။
ဝုန်း
နားကွဲလောက်စရာအသံကြီး ထွက်ပေါ်လာပြီး ဆယ်မိုင်ပတ်ဝန်းကျင်တွင် ရှိနေသည့် တောင်ကုန်းကြီး တစ်ခုလုံးသည် ပြိုလဲသွားခဲ့၏။ ဖုန်နှင့် အငွေ့များသည် လေဟာနယ်ထဲတွင် ပြည့်နှက်လျက် ရှိနေ၏။ အသိုက်အမြုံတစ်ခုသည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ အထဲတွင် ရှိနေသည့် အဖြူရောင်ဥများ အားလုံးသည် အောက်သို့ ကျဆင်းပြီးနောက် ကွဲကြေကုန်လေ၏။
“သေလမ်းရှာနေတာလား”
ရွှေကျီးကန်းကလန်မှ တတိယမင်းသားသည် ကျယ်လောင်စွာ ပြောလိုက်၏။ သူ၏ ဆံပင်ရှည်များသည် လေထဲတွင် လွင့်မျောသွားခဲ့၏။ ထိုဆံပင်ရှည်၏ တစ်မျှင်ချင်းစီတိုင်းသည် သလင်းရောင် ကဲ့သို့ပင် တောက်ပလာခဲ့၏။ ခန္ဓာကိုယ် တစ်ခုလုံးဆီမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လျက် ရှိနေပြီး လေဟာနယ်ထဲတွင် နေလုံးငယ်လေး တစ်ခုကဲ့သို့ပင်။ ပတ်ဝန်းကျင် တည်နေရာ တစ်ခုလုံးတွင် အပူချိန်များ တိုးလာပြီး လူပေါင်းများစွာတို့၏ စိတ်များကို တုန်ခါစေခဲ့သည်။
ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ နတ်သားတော်သည် ဘာမှန်းမသိသည့် အရာကိစ္စကို ပြုလုပ်ခဲ့၏။ သို့ပေမဲ့ ထိုအရာသည် သူ့ဆီသို့ သက်ရောက်လာနိုင်သည့် အရာဖြစ်ကြောင်းကို သူက နားလည်လိုက်မိ၏။
ချလွမ်
ရွှေရောင်ဓားရှည်ကြီး ပေါ်ပေါက်လာခဲ့ပြီး အဝါရောင်အလင်းတန်းများအဖြစ် အသွင်ပြောင်းကာဖြင့် ခုတ်ပိုင်းရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ ရွှေကျီးကန်းကလန်မှ တတိယမင်းသား ခုတ်ပိုင်းလိုက်သည့် ဓားချက် ကျဆင်းမလာခင်မှာပဲ ဂီး ဟူသော အသံကြီးတစ်ခု သူ၏နားထဲတွင် ပေါ်ပေါက်လာသည်။ လောကကြီးတစ်ခုလုံး တုန်ခါသွားသကဲ့သို့ပင်။ ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးတွင် ရှိနေသော လေအခြေအနေ တစ်ခုလုံးသည်လည်း တင်းမာခက်ထန်သွားခဲ့သည်။
မီးတောင်ကြီးတစ်ခု ပေါက်ကွဲသွားပြီး သွေးမြူများ ကျဆင်းလာသကဲ့သို့ပင် ကြီးမားသည့် သားရဲရိုင်းကြီး နှစ်ကောင်သည် အတောင်ပံကို ဖြန့်ကားကာဖြင့် အဝေးတစ်နေရာဆီမှ သူ့ဆီသို့ အမြန်ဆုံးနှုန်းဖြင့် ဆင်းသက် လာခဲ့၏။ မြေပြင်ပေါ်တွင်တော့ တခြားသော သားရဲရိုင်းများ အားလုံးသည်လည်း ဒေါသတကြီး အဆင်ခြင်မဲ့စွာဖြင့် အရှေ့ဆီသို့ တိုးတက်လာခဲ့သည်။ ကြည့်ရသည်မှာ ဤတည်နေရာသို့ ပစ်မှတ်ထားသည့် ပုံပင်။