အခန်း (၁၆၈)
Vol. 12 Ch. 168
ကျန်းပိုင်ချွမ်းတစ်ယောက် အစီအရင်ထဲမှ မည်ကဲ့သို့ ထွက်ရမည်ဆိုသည်ကို အဖြေရှာလျက် ရှိနေတုန်းမှာပဲ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ၏ အတွင်းဘက် နတ်ဘုရားတောင်ထွတ် တစ်ခုပေါ်မှာတော့ ဆေးနံ့များသည် လေထုတစ်ခုလုံး၌ ကြိုင်ကြိုင်သင်းလျက် ရှိနေ၏။ အလင်းတန်းပေါင်းများစွာသည် လေဟာနယ်ထဲမှ ထိုးခွင်းကာ ရောက်ရှိလာပြီး ဆန်းကြယ်လှသည့် အော်ရာများ လွှမ်းခြုံလျက် ရှိနေလေ၏။ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး တာအိုအရိပ်အယောင်များ လှည့်ပတ်နေ၏။
နတ်ဘုရားတောင်တန်း၏ ထိပ်တည်နေရာတွင် တလက်လက်နှင့် တောက်ပလျက်ရှိနေသည့် အရာများ ဖြစ်တည်လျက် ရှိနေပြီး မွှေးရနံ့များနှင့် သင်းကြိုင်နေ၏။ မာကျောပြီး တောင့်တင်းလွန်းလှသည့် သစ်ပင်ငယ်လေး တစ်ခု တည်ရှိနေပြီး လေနှင့်အတူ ယိမ်းခါလျက် ရှိနေသည်။
နှစ်ပေါင်းများစွာအတွင်း ထိုအရာသည် မားမားမတ်မတ် တည်ရှိနေခဲ့ပုံပေါ်၏။ သစ်ကိုင်း၊ သစ်ခက်များတွင် နတ်ဘုရားသစ်သီး ခြောက်လုံး သီးလျက်ရှိနေပြီး နေငယ်လေးတစ်ခုကဲ့သို့ပင် စူးရှသည့် ရွှေရောင်အလင်းတန်း များကို ထုတ်ဖော်နေ၏။ တစ်လုံးချင်းစီတိုင်းသည် လှပပြီး အပြစ်အနာအဆာ ကင်းမဲ့လွန်းလှ၏။
ထိုအသီးတစ်လုံးချင်းစီ၏ အရွယ်အစားသည် ကလေးလက်သီးဆုပ်သာသာခန့် ရှိ၏။ ၎င်းတို့ဆီမှ ထွက်ပေါ်လာသည့် မွှေးပျံ့မှုများသည် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးပေါ်သို့ ပျံ့နှံ့လျက် ရှိနေပြီး အားလုံးသော သူတို့ကို သွားရည်ယိုစေခဲ့သည်။
လူတစ်ယောက်ချင်းစီတိုင်း၏ မွှေးညှင်းပေါက်ထဲသို့ ထိုအမွှေးနံ့များ ဝင်ရောက်ခဲ့ပြီးသည့်နောက် အားအင်အဆင့် များ တိုးလက်လာသည်ကို ခံစားနေမိ၏။ နေ၏ အဆီအနှစ်ကို စုပ်ယူပြီး ဖြစ်တည်လာခဲ့သည့် အရာဖြစ်သောကြောင့် ကြည့်ရှုလိုက်သည်နှင့် ဆန်းကြယ်ပြီး စွမ်းအားကြီးလှသည့်ပုံ ပေါ်၏။
“တော်ဝင်သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင်လား” အဝေးရှိ ကောင်းကင်ယံထက်တွင် မတ်တပ်ရပ်လျက် ရှိနေသည့် လူသားကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။
များပြားလှသည့် လူသားကျင့်ကြံသူများသည်လည်း ဤတည်နေရာတွင် တည်ရှိလျက် ရှိနေပြီး တခြား မျိုးနွယ်စုများဖြစ်သည့် နတ်ဆိုးများ၊ မွန်းစတားများသည်လည်း တည်ရှိနေ၏။ ၎င်းတို့ အားလုံးသည် ဖန်တီးခြင်း လျှို့ဝှက်နယ်မြေ ဖွင့်သည်နှင့်တပြိုင်နက် အတွင်းပိုင်းဆီသို့ရောက်အောင် လာခဲ့ကြ၏။
ဤတည်နေရာသည် ပထမဦးဆုံး တည်နေရာဖြစ်ပြီး အားလုံးသော သူတို့၏ အရှေ့တွင် ပေါ်ပေါက်လာခဲ့သည့် တော်ဝင်သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင်သာလျှင် ဖြစ်၏။ ဤစိတ်ဝိညာဉ်ဆေးပင်၏ ဘေးတစ်ဖက်တွင်တော့ သူတော်စင်ဘုရင်အဆင့် စိတ်ဝိညာဉ်ဆေးပင်နှစ်ခုသည် လေနှင့်အတူ ယိမ်းယိုင်လျက် ရှိနေသေးသည်။
ဤတည်နေရာတွင် ရှိနေသည့် အစီအရင်ကို ချိုးဖြတ်နိုင်မည်ဆိုပါက သာမန်ထက်ပိုကာ ထူးခြားသည့် အခွင့်အရေးကို ရရှိမည်ဆိုသည်မှာ သံသယရှိစရာပင် မလိုချေ။ ဤကဲ့သို့သော စိတ်ဝိညာဉ်ဆေးပင်များကို မြင်နေရသည့် အချိန်မှာတော့ အဓိက အင်အားစု အသီးသီးတို့ပင်လျှင် လိုချင်တပ်မက်စိတ် ရှိလာကြ၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ တစ်စုံတစ်ယောက်သည် ထိုအရာကို လိုချင်သည် ဆိုလျှင်တောင်မှ မိုးကြိုး ရေကန်ကြီး၏ အနောက်ဘက်တွင် တည်ရှိနေသည် ဖြစ်သောကြောင့် ခြေတစ်လှမ်း မလှမ်းရဲကြချေ။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရားတောင်ထွတ်၏ ဘေးတစ်ဖက်တွင် ပုံရိပ်ယောင်နှစ်ခုသည် ကောင်းကင်ဘုံ၏ နတ်ဘုရားများကဲ့သို့ပင် စောင့်ကြပ်လျက် ရှိနေသောကြောင့်ပင်။ ၎င်းတို့၏ အော်ရာများသည် ခန့်မှန်း၍ မရအောင် အားကောင်းလှပြီး မျက်လုံးများသည်လည်း အေးစက်သည့် အလင်းတန်းများ တောက်ပနေ၏။ ၎င်းတို့၏ ခြေထောက်အောက်တွင် အလောင်းပေါင်း တစ်ရာကျော် လဲလျောင်းလျက် ရှိနေပြီး ကြက်သွေးရောင် သွေးများသည် တည်နေရာတစ်ခုလုံးတွင် စီးဆင်းလျက် ရှိနေလေ၏။ တကယ့်ကို သွေးစီးကြောင်းများနှင့် ပြည့်နှက်နေသည်။
အလောင်းပေါင်း တစ်ရာကျော်တို့သည် သာမန်လူများ မဟုတ်ကြချေ။ ထိုသူများထဲတွင် အဓိကဂိုဏ်းအသီးသီးဆီမှ ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူများလည်း ပါဝင်လျက် ရှိနေ၏။ တချို့သော နတ်နယ်မြေများမှ အစောင့် အရှောက်များအပြင် အနီးပတ်ဝန်းကျင်တွင် နတ်အဆင့် သားရဲရိုင်းကြီး နှစ်ကောင်ပင်လျှင် အစိတ်စိတ်၊ အပိုင်းပိုင်း ဖြစ်နေလေ၏။ ဤကဲ့သို့ စွမ်းအားမြင့် ကျင့်ကြံသူများပင်လျှင် သတ်ဖြတ်ခြင်းကို ခံလိုက်ရသည် ဖြစ်သောကြောင့် မည်သူက အဆင်ခြင်မဲ့ အရှေ့သို့ ထိုးတက်သွားရဲမည်နည်း။
“ရွှေကျီးကန်းကလန်နဲ့ ရွှေတောင်ပံ တော်ဝင်ဖန်းကလန်” သွေးနီရောင်ဆံပင်များနှင့် နတ်ဆိုးကဲ့သို့သော ပုံပန်း သွင်ပြင်တစ်ခုသည် အဝေးတစ်နေရာတွင် ရှိနေသော လူနှစ်ယောက်ကို အေးစက်စက်ဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ သူသည် အနီးသို့ ချဉ်းကပ်လာခြင်း မရှိဘဲ အသာရေရွတ်လိုက်မိ၏။
ဤနှစ်ယောက်သည် တကယ်ပင် အားကောင်းလွန်းလှချေ၏။ တစ်ယောက်သည် ရွှေတောင်ပံ တော်ဝင်ဖန်း ကလန်မှ သခင်လေးဖြစ်ပြီး မွန်းစတားကလန်၏ ပါရမီရှင်စာရင်းတွင် နံပါတ်ဆယ့်ခုနှစ်ယောက်မြောက် နေရာတွင် ချိတ်သူဖြစ်၏။ တခြားသော တစ်ယောက်မှာတော့ ရွှေကျီးကန်းကလန်၏ ဒုတိယမြောက်မင်းသားဖြစ်ပြီး နံပါတ် ဆယ့်ရှစ်နေရာတွင် ချိတ်သည်။
၎င်းတို့နှစ်ယောက်သည်သာ ပူးပေါင်းလိုက်မည်ဆိုလျှင် ကောင်းကင်ပါရမီရှင်စာရင်း၏ ထိပ်တန်းဆယ်ယောက်တို့ ရောက်ရှိလာမည် ဆိုလျှင်တောင်မှ မည်သူက အလေးသာမည် ဖြစ်ကြောင်းကို ခန့်မှန်းရန် ခက်ခဲလွန်းလှပေမည်။ လူငယ်မျိုးဆက်များ အနေဖြင့် ၎င်းတို့ကို တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်သလို အစောင့်အရှောက် အဖြစ် လိုက်ပါလာခဲ့သည့် အကြီးအကဲတချို့သည်လည်း ဝင်ရောက် တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် မည်သူမှသည် ဝင်ရောက်ကာ ရူးကြောင်ကြောင်ဖြင့် တိုက်ခိုက်ခြင်းကို မပြုလုပ်ကြချေ။ တစ်ချို့သော အစောင့်အရှောက်များ သည် တချို့သော လေဟာနယ်ထဲတွင် ပုန်းအောင်းကာဖြင့် အေးစက်စက် ကြည့်ရှုကောင်း ကြည့်ရှု့နေပေလိမ့်မည်။
“ကြည့်ရတာ ပထမဦးဆုံး တော်ဝင်သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင် ပေါ်ပေါက်လာတဲ့ တည်နေရာက မွန်းစကားကလန်တွေရဲ့ လက်ထဲကို ကျဆင်းဖို့ အခြေအနေ ဖြစ်သွားပြီပဲ” လူပေါင်းများစွာတို့သည် ဦးခေါင်းကို ခါယမ်းလိုက်မိကြ၏။
တချို့သော လူသားပါရမီရှင်များသည် အစောပိုင်းတုန်းက ဖြတ်လျှောက်သွားကြသည်ဆိုသော်လည်း တစ်ချက် လှမ်းကြည့်ပြီးသည့်နောက် ချက်ချင်းဆိုသလိုပဲ ထွက်ခွာသွားခဲ့ကြ၏။ ကြည့်ရသည်မှာ သူတို့၌ တခြားသော ရည်မှန်းချက်များ ရှိပုံပေါ်သည်။ ဤနှစ်ယောက်ကို သွားရောက်ကာ ရန်မစချင်သည့် ပုံပန်းသွင်ပြင်မျိုးလည်း ရှိပုံပင်။
လူသားပါရမီရှင်များ မလှုပ်ရှားသည် ဖြစ်သောကြောင့် ၎င်းတို့ထက် အားနည်းလှသည့် ကျင့်ကြံသူများသည် ဘာတစ်ခုမှ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် တော်ဝင်သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင်ကို မွန်းစတားကလန်များ ယူဆောင်သွားခြင်းကိုသာလျှင် အတိုင်းသား ကြည့်ရှုရပေတော့မည်။
“ကြည့်အုံး... ရွှေတောင်ပံ တော်ဝင်ဖန်းကလန်ရဲ့ သခင်လေးက စပြီး လှုပ်ရှားနေပြီ” တစ်စုံတစ်ယောက်က ထကာ အော်ဟစ်လိုက်၏။
ပြီးသည့်နောက် ကျင်းချန်သည် လေဟာနယ်ထဲမှ ဆင်းသက်လာသည်ကို မြင်လိုက်ရ၏။ ၎င်း၏ လက်ဝါးဆီမှ သင်္ကေတများ ဖြစ်တည်လျက် ရှိနေပြီး ၎င်းသည် အစီအရင်ကို အသာပုတ်ပြီးသည့်နောက် အစီအရင်ဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ပြီးနောက် လူတစ်ယောက်ဝင်၍ ရနိုင်သည့် အပေါက်တစ်ခုသည် ပေါ်ပေါက် လာသည်။
“သူ ဘယ်လိုဖြစ်ပြီးတော့ အစီအရင်ကို ချိုးဖြတ်နိုင်ခဲ့တာလဲ”
“ဒီလိုမျိုး ဝင်သွားတာလား” များပြားလှသည့် လူပေါင်းများစွာတို့သည် နဝေတိမ်တောင် ဖြစ်လို့နေခဲ့ကြ၏။
“ကြိုပြီး ပြင်ဆင်လာတာဖြစ်မယ်”
“အရူးပဲ။ သူ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို သွားခဲ့သေးတယ်လေ။ ဒီလျှို့ဝှက်နယ်မြေနဲ့ ပတ်သက်ပြီး သူ့ရဲ့ နားလည်မှုက သာမန်ထက်ပိုတာ ဖြစ်နိုင်တယ်”
“ရီကလန်ရဲ့ လက်ထဲမှာရှိတဲ့ သတင်းအချက်အလက်တောင်မှ ရွှေကျီးကန်းကလန်နဲ့ ရွှေတောင်ပံ တော်ဝင်ဖန်း ကလန်ကလူတွေ ပေါင်းစပ်ထားတဲ့ သတင်းအချက်အလက်နဲ့ နှိုင်းယှဉ်ရင် မှီမှာ မဟုတ်ဘူး”
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကနေ အဓိက ဂိုဏ်းအသီးသီးက သတင်းအချက်အလက်တွေ ဝယ်ယူခဲ့တာ ဖြစ်မယ်”
“တစ်ဖွဲ့တစ်လေတောင် မဟုတ်ဘူး။ အနည်းဆုံး ခြောက်ဆယ်၊ ခုနှစ်ဆယ် ရာခိုင်နှုန်းလောက် သွားပြီးတာ ဖြစ်မယ်”
“ရွှေကျီးကန်းကလန်နဲ့ ရွှေတောင်ပံ တော်ဝင်ဖန်းကလန်က လူတွေအကုန်လုံးကလည်း အဲကို ရောက်ခဲ့ပြီးတာ သေချာတယ်လေ”
“ရွှေတောင်ပံ တော်ဝင်ဖန်းကလန်နဲ့ ရွှေကျီးကန်းကလန်တို့က ပူးပေါင်းထားခဲ့တယ်။ ဒီအတိုင်းဆိုရင် လျှို့ဝှက်နယ်မြေထဲမှာ ရှိနေတဲ့ တခြားလူသားပါရမီရှင်တွေက သူတို့ကို ယှဉ်ပြိုင်နိုင်ပါ့မလား။ မွန်းစတားကလန် တွေရဲ့ လက်ထဲကို ဒီလျှို့ဝှက်နယ်မြေတစ်ခုလုံး ရောက်သွားမယ်လို့ အဓိပ္ပာယ်ပေါက်နေပြီ မဟုတ်လား”
အားလုံးသော သူတို့သည် တွေးတွေးဆဆနှင့် ပြောဆိုလိုက်ကြ၏။ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေသည် လူသား အင်ပါယာတစ်ယောက် ချန်ခဲ့သည့် လျှို့ဝှက်နယ်မြေတစ်ခုသာလျှင်ဖြစ်၏။ သို့ပေမဲ့ ယနေ့ ကြည့်ရသည်မှာ မွန်းစတားကလန်များ၏ လက်ထဲသို့ ကျဆင်းသွားတော့မည့်ပုံပင်။
ရီကလန်သည်သာမဟုတ် တခြားသောသူများ ဆိုလျှင်တောင် ထိုအရာကို လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။ လူသား မျိုးနွယ်များ ဝင်ရောက် ယူငင်သည့်အချိန်တွင် ပျော်ပျော်ရွှင်ရွှင်နှင့် ကြည့်ရှုနိုင်မည် ဖြစ်သော်လည်း တခြားသော ပြင်ပလူများ ဝင်ရောက်ပတ်သက်လာမည်ဆိုလျှင်တော့ အဓိပ္ပာယ်မှာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
“မုန်းစရာပဲ”
တစ်စုံတစ်ယောက်သည် နာနာကျင်ကျင်နှင့် ပြောလိုက်၏။ “ကျုပ်တို့ လူသားပါရမီရှင်စာရင်းရဲ့ နံပါတ်တစ် ယုရှင်းချန်က ပေါ်မလာလို့ပဲ။ ကောင်းကင်ပါရမီရှင်စာရင်းရဲ့ နံပါတ်တစ်သာ ဒီနေရာကို ရောက်လာမယ်ဆိုရင် မွန်းစတားကလန်က လူတွေ ဘာလုပ်နိုင်မှာလဲ”
“အမှန်ပဲ”
ထိုကဲ့သို့သော ပြောဆိုမှုကို ကြားရပြီးသည့်နောက် အားလုံးသော သူတို့သည် လက်ခံလာမိကြ၏။ ယုရှင်းချန် မလာခဲ့သောကြောင့် ၎င်းတို့သည် ခွန်လွန်လေဟာနယ်ဆီသို့ သွားရောက်ပြီး အကူအညီ တောင်းရန်လည်း မရဲကြချေ။ ဤကဲ့သို့ အန္တရာယ် များလှသော တည်နေရာထဲသို့ ဝင်ရောက်သွားခဲ့သည့် သူများသည် ရီကလန်ကဲ့သို့ ကံကောင်းလိမ့်မည်ဟု သူတို့က သိရှိပြီးဖြစ်၏။
“သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင်က မွန်းစတားကလန်တွေရဲ့ လက်ထဲကို ရောက်သွားပြီ။ ဒီတော့ တခြား ဆေးပင်တွေကို ကျုပ်တို့လူသားမျိုးနွယ်တွေ ပိုင်ဆိုင်ဖို့ပဲ မျှော်လင့်ထားကြတာပေါ့” အကြီးအကဲတစ်ယောက်သည် လေးလေးနက်နက်ဖြင့် သက်ပြင်းချလိုက်သည်။
အားလုံးသော သူများသည် ကျင်းချန်တစ်ယောက် သူ၏ လက်ဝါးကို အသုံးပြုပြီး လေဟာနယ်ထဲသို့ ဓားကဲ့သို့ ခုတ်ပိုင်းကာဖြင့် တော်ဝင်သူတော်စင်အဆင့် ဆေးပင်ကို ပိုင်းဖြတ်လျက် ရှိနေသည်ကို သူတို့မြင်ခဲ့ပြီးဖြစ်၏။ ကျင်းချန်သည် သစ်ပင်ကြီးတစ်ခုလုံးကိုပင် သိမ်းဆည်းသွားရန် ပြင်ဆင်လျက် ရှိနေ၏။
လူပေါင်းများစွာတို့၏ နှလုံးသားသည် သွေးစက်စက်ယိုလျက်ရှိ၏။ သူတို့သည် မည်သူမှထကာ အော်ဟစ် မပြောဆိုရဲကြချေ။ အားလုံးသော သူတို့၏ စိတ်များ အလွန်အမင်း ကျဆင်းလျက် ရှိနေတုန်းမှာပဲ ကြည်လင် ရှင်းလင်းလျက်ရှိသည့် အသံတစ်ခုသည် ကောင်းကင်ယံအထက်ဆီမှ ချိုးဖြတ်ကာ ရောက်ရှိလာခဲ့၏။ ထိုအရာသည် အားလုံးသော သူတို့၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။
“စိတ်ဝိညာဉ်ဆေးပင်ကို ချလိုက်။ ဒါဆိုရင် ဒီချန်က မင်းရဲ့အသက်ကို ချမ်းသာပေးမယ်”
အသံထွက်ပေါ် လာလာခြင်းမှာပဲ ရွှေရောင်နတ်ဘုရားလူဝံကြီးသည် ထွက်ပေါ်လာခဲ့၏။ ထိုအကောင်ကြီးသည် အလွန်ပင် အရွယ်အစား ကြီးမားလွန်းလှပြီး ခန္ဓာကိုယ်ဆီမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေ၏။ အမြန်ဆန်ဆုံးနှုန်းဖြင့် ပျံသန်းလာခဲ့သည်ဖြစ်ပြီး ကောင်းကင်မှ မြေပြင်ပေါ်သို့ အသာပင် ခုန်ချလိုက်၏။
ထိုအကောင်ကြီး၏ အပေါ်တွင်တော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်က ထိုင်လျက်ရှိပြီး ထိုသူ၏ ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောနေ၏။ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်လှိုင်းများသည် တလိပ်လိပ်နှင့် ဖြစ်တည်လျက်ရှိပြီး ချက်ချင်းပဲ ၎င်းသည် ရေတွက်လို့ မရအောင် များပြားလှသည့် လူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
“တိုင်ချူးနတ်သားတော်”