အခန်း (၁၆၉)
Vol. 12 Ch. 169
“တိုင်ချူးနတ်သားတော်က တကယ်ပဲ အရှေ့ကို ရောက်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး”
လူပေါင်းများစွာတို့၏ မျက်လုံးများသည် လင်းလက်သွား၏။ သို့ပေမဲ့ မကြာခင်မှာပဲ ၎င်းတို့၏ အမူအရာများသည်လည်း မှေးမှိန်သွားခဲ့ လေ၏။ တိုင်ချူးနတ်သားတော်သည် လူသားမျိုးနွယ် ပါရမီရှင်စာရင်းထဲတွင် အဆင့်မြင့်မြင့်မားမား ရှိလှသည် မဟုတ်ပေ။ သို့ပေမဲ့ မကြာသေးခင်က ရွှေတောင်ပံ တော်ဝင်ဖန်းကလန်မှ သခင်လေးနှင့် တိုက်ခိုက်ခဲ့ဖူး၏။ တစ်ယောက်ချင်း တိုက်ခိုက်မှုတွင် ရှုံးနိမ့်ခဲ့သေး၏။
ယနေ့ မွန်းစတားကလန်မှ ပါရမီရှင်နှစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်သည့် နေရာတွင် ကောင်းကင် ပါရမီရှင်စာရင်း၏ နံပါတ် နှစ်ဆယ့်လေးယောက်မြောက်သည် ဘာလုပ်နိုင်မည်နည်း။ ဖြစ်ပေါ်လာနိုင်သည့် ရလဒ် သည် အရှုံးတစ်ခုတည်းသာလျှင် ရှိပေလိမ့်မည်။ အခြေအနေဆိုးလျှင် ဒီထက်ပင် ပိုမိုကာ ဆိုးရွားသည့်ဘက်သို့ ရောက်ရှိသွားနိုင်သည်။
“တိုင်ချူးနတ်သားတော် အခုလိုအချိန် ဝင်ပြောတယ်ဆိုတာ ပညာရှိတဲ့ လုပ်ရပ်မျိုး မဟုတ်ဘူး” တစ်စုံတစ်ယောက် သည် ဦးခေါင်းကို အသာခါယမ်းလိုက်မိ၏။ အရှေ့သို့ တိုးသွားခြင်း ဆိုသည်မှာ ဂုဏ်သိက္ခာအရ ကြီးကျယ်မြင့်မြတ်လှသည့်အရာ ဖြစ်သည်ဆိုလျှင်တောင်မှ တခြားသောသူများ နင်းတက်သွားရမည့် နင်းလျှောက်ခံ ကျောက်တုံးတစ်ခု အဖြစ်ပင် ပြောင်းလဲသွားပေမည်။
တစ်ပွဲ ရှုံးနိမ့်ခြင်းသည် စိတ်အခြေအနေကို အလွန်အမင်း ထိခိုက်စေခြင်း မဟုတ်သည် ဆိုလျှင်တောင် ဆက်တိုက် ရှုံးနိမ့်မည်ဆိုပါက စိတ်ပိုင်းဆိုင်ရာတစ်ခုလုံး ကျိုးပြတ်သွားမှာ သေချာ၏။
“တိုင်ချူးနတ်သားတော်ဆီမှာ ဝှက်ဖဲတစ်ခုခု ရှိနိုင်လောက်တယ် မဟုတ်လား”
“မွန်းစတားကလန်နှစ်ခုရဲ့ အနောက်မှာရှိတဲ့ အားအင်အဆင့်က တိုင်ချူးနတ်နယ်မြေထက် ဘယ်လိုမှ အားမနည်းဘူးလေ။ သူတို့ဆီမှာလည်း ဝှက်ဖဲတွေ ရှိနေမှာပဲ မဟုတ်လား”
“လူသားမျိုးနွယ် ကောင်းကင်ပါရမီရှင်စာရင်းရဲ့ တခြားသော ပါရမီရှင်တွေသာ ရောက်လာမယ်ဆိုရင် အခြေအနေက ပြောင်းလဲကောင်း ပြောင်းလဲသွားလိမ့်မယ်။ ထားလိုက်ပါတော့”
“ကောင်းကင်ပါရမီရှင်စာရင်းရဲ့ ထိပ်ဆုံးသုံးယောက်စာရင်းထဲမှာ ဝင်နေတဲ့လူတွေနဲ့ သွားပြီးတော့ ယှဉ်ပြိုင် တိုက်ခိုက်ဖို့ ဆိုတာ လွယ်တာ မဟုတ်ဘူး”
လူပေါင်းများစွာတို့သည် တစ်ယောက် နှင့် တစ်ယောက် ဆွေးနွေးငြင်းခုံလျက် ရှိ၏။ အားလုံးသော သူများသည် တိုင်ချူးနတ်သားတော်၏ စွမ်းဆောင်ရည်ကို သံသယဝင်နေပုံ ပေါ်၏။ မကြာခင်သေးခင်က အားလုံး မှတ်မိသည်မှာ ၎င်းသည် ရွှေတောင်ပံ တော်ဝင်ဖန်းကလန်၏ သခင်လေးနှင့် တိုက်ခိုက်ပြီး ရှုံးနိမ့်ခဲ့ခြင်းပင်။
ယခု မွန်းစတားကလန်မှ ပါရမီရှင်နှစ်ယောက်နှင့် တိုက်ခိုက်ရန် ကြိုးစားနေခြင်း ဆိုသည်မှာ မိမိကိုယ်ကို သေလမ်းရှာနေခြင်းနှင့် ဆင်တူနေပေ၏။
များပြားလှသည့် မွန်းစတားကလန်မှ စွမ်းအားမြင့် ကျင့်ကြံသူများသည် နှာခေါင်းကိုပင် ရှုံ့လိုက်မိသည်။
လူသားမျိုးနွယ် ကောင်းကင်ပါရမီရှင်စာရင်း၏ နှစ်ဆယ့်လေးယောက်မြောက် လူသည် ရွှေတောင်ပံ တော်ဝင်ဖန်းကလန်မှ သခင်လေးကိုပင် တစ်ယောက်ချင်း တိုက်ခိုက်အနိုင်ယူနိုင်စွမ်း မရှိချေ။ ယနေ့ နှစ်ယောက်တစ်ယောက် တိုက်ခိုက်မည့် တည်နေရာထဲသို့ ဝင်ရောက်လာခြင်းဆိုသည်မှာ သေခြင်းတရား၏ အဓိပ္ပာယ်ကို ကောင်းကောင်းနားမလည်သေးဟု ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။
ဤတည်နေရာသည် ဖန်တီးခြင်းလျှို့ဝှက်နယ်မြေသာလျှင် ဖြစ်၏။ လူတစ်ယောက်ချင်းစီတိုင်း၏ ဂုဏ်အရှိန်အဝါနှင့် လွှမ်းမိုးနိုင်မှုသည် အနိမ့်ဆုံးအခြေအနေတွင် ရှိ၏။ တစ်စုံတစ်ယောက် ဤတည်နေရာတွင် သတ်ဖြတ်ခြင်း ခံရမည်ဆိုပါက အချိန်ကိုက် မည်သူမှ လာရောက်ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။
“တိုင်ချူးနတ်နယ်မြေ ကောင်းကင်လျှို့ဝှက်နန်းဆောင်က ဝယ်ယူခဲ့တဲ့ သတင်းအချက်အလက်တွေက ဒီတော်ဝင် သူတော်စင် စိတ်ဝိညာဉ်ဆေးပင်လည်း ပါဝင်နေတာလား” ရွှေကျီးကန်းကလန်က ဒုတိယမင်းသားသည် ထကာ ပြောဆိုလိုက်၏။
“ဟုတ်တယ်” တိုင်ချူးနတ်သားတော်သည် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်း၏ အဝတ်များသည် လေနှင့်အတူ လွင့်မျောလျက်ရှိသည်။ ၎င်း၏ အသံသည် ခပ်မာမာနှင့် စူးရှလွန်းလှ၏။ များပြားလှသည့် လူများသည် သူ၏ အနောက်ဘက်တွင် ပေါ်ပေါက်လာခဲ့၏။ ၎င်းတို့သည် လေဟာနယ်ကို ထိုးခွင်းကာ ရောက်ရှိလာသကဲ့သို့ပင်။ အသက်ဓာတ်များလည်း ပြည့်နှက်လျက် ရှိနေပြီး ဖျက်ဆီးနိုင်မှု စွမ်းအင်များသည်လည်း အလွန်ပင် ကြီးကြီးမားမား ပါဝင်နေ၏။ သူသည် ထိုသူများ၏အလယ်ဗဟိုတွင် မတ်မတ်ရပ်လျက် ရှိနေပြီး ကောင်းကင်နှင့် မြေကြီးမှ ဆင်းသက်လာခဲ့သည့် နတ်သားတစ်ပါးကဲ့သို့ပင်။
“ဆိုးတာပဲ”
ရွှေကျီးကန်းကလန်မှ ဒုတိယမင်းသားသည် ခေါင်းကို အသာခါယမ်းလိုက်သည်။ သူသည် လေဟာနယ်ထဲသို့ လှမ်းတက်ပြီးသည့်နောက် အေးစက်စက် ပြောလိုက်သည်။ “တိုင်ချူးနတ်နယ်မြေက ဒီတစ်ကြိမ်တော့ လက်ဗလာနဲ့ ထွက်ခွာသွားရတော့မယ်”
“ဒီလို မထင်ဘူး”
တိုင်ချူးနတ်သားတော်သည် နတ်ဘုရားတောင်ထွတ်ဆီသို့ အသာဝေ့ကာ ကြည့်ရှုလိုက်၏။ ကျင်းချန်ကို မြင်ရပြီးသည့်နောက် သူသည် တွန့်ဆုတ်မနေခဲ့ချေ။ တိုက်ရိုက်ဆိုသလိုပဲ စတင်ကာ လှုပ်ရှား၏။ လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်ပြီးသည့်နောက် စိတ်ဝိညာဉ်စွမ်းအင်များသည် အကန့်အသတ်မဲ့ ထွက်ပေါ်လာ၏။
တခြားသောသူအားလုံးတို့သည် သူတော်စင်ဘုရင်အဆင့် စိတ်ဝိညာဉ်ဆေးပင်နှစ်ခုကို တူးထုတ်ရန် ပြင်ဆင်နေကြပြီ ဖြစ်၏။ ဤတစ်ကြိမ်မှာမှ သူ မလှုပ်ရှားဘူးဆိုလျှင် နောက်ကျသွားပေလိမ့်မည်။
“ရဲတင်းလိုက်တာ”
ရွှေကျီးကန်းကလန်မှ ဒုတိယမင်းသားသည် အေးစက်စက် အော်ဟစ်လိုက်၏။ ၎င်းသည် တောက်ပလျက်ရှိနေသည့် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင် အရှေ့ဆီသို့ လှမ်းတက်ပြီး တိုင်ချူးနတ်သားတော်၏ ရှေ့သို့ ရောက်ရှိသွား၏။ လက်ထဲတွင် ရှိနေသည့် ဓားရှည်ကို ဝှေ့ယမ်းပြီးသည့်နောက် ချက်ချင်းပဲ ခုတ်ပိုင်းလေ၏။
အစပိုင်းတုန်းက ကျင်းချန်ကို ရှုံးနိမ့်သူတစ်ယောက်သည် ဤကဲ့သို့ ရဲရဲတင်းတင်းနှင့် တိုက်ခိုက်ရဲလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ သူတို့ကို မျက်စိထဲပင် မထည့်လေသည်လား။
ဘုန်း
နားကွဲလောက်စရာ အသံကြီး ထွက်ပေါ်လာခဲ့၏။ ပါရမီရှင်နှစ်ယောက်၏ တိုက်ခိုက်မှုသည် ထိပ်တိုက် တွေ့ဆုံလေ၏။ တည်နေရာတစ်ခုလုံးသည် ပြင်းထန်လှသည့် တိုက်ခိုက်မှု တည်နေရာကြီးအဖြစ် ပြောင်းလဲသွားခဲ့ တော့သည်။ ၎င်းတို့၏ သတ်ဖြတ်ခြင်း တိုက်ကွက်များသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ တောင်ထွတ်များ အားလုံးကိုပင် ပျက်စီးစေခဲ့၏။
ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အပူချိန်ကြီးသည် တည်နေရာကို လွှမ်းခြုံလျက် ရှိနေပြီး အရှေ့တွင် ရှိနေသည့် ရေခိုးရေငွေ့ အားလုံးပင်လျှင် ကောင်းကင်ပေါ်သို့ လွင့်တက်သွားခဲ့လေသည်။
အားလုံးသော သူတို့သည် အနောက်ဘက်သို့ ဆုတ်ခွာလိုက်ပြီး မိုင်ငါးရာပတ်လည် အနီးအနားဆီသို့ ရောက်ရှိမှသာလျှင် တိုက်ပွဲကို အလုံးစုံ ကြည့်ရှုနိုင်ကြ၏။
“အခြေအနေက မဟုတ်သေးဘူး”
တစ်စုံတစ်ယောက်သည် တိုက်ပွဲကို ကြည့်ရှုပြီးသည့်နောက် မျက်မှောင်ကုတ် လိုက်၏။ “တိုင်ချူးနတ်သားတော်က ရွှေကျီးကန်းကလန်ရဲ့ ဒုတိယမြောက် မင်းသားကို တကယ်တမ်း တိုက်ခိုက်မှု ပုံစံမှာ ဖိနှိပ်ထားနိုင်ခဲ့တာပဲ။ မွန်းစတားကလန်ရဲ့ ကောင်းကင်ပါရမီရှင်စာရင်း ဆယ့်ခုနှစ်နဲ့ ဆယ်ရှစ်ကြားကာ ခြားနားချက်က ကြီးနေတာလား”
လူပေါင်းများစွာတို့သည် ဇဝေဇဝါ ဖြစ်လို့နေ၏။ ဤတိုက်ပွဲသည် ၎င်းတို့၏ ထင်မြင်ချက်နှင့် လုံးဝပင် ကွဲလွဲလျက် ရှိနေ၏။ အောက်စည်းတွင် ရောက်ရှိနေသင့်သည့် တိုင်ချူးနတ်သားတော်သည် မထင်မှတ်ထားလောက်အောင်ဘဲ ကြမ်းတမ်းလှသည့် စွမ်းအင်လှိုင်းများကို ထုတ်ဖော်ကာဖြင့် ရွှေကျီးကန်းကလန်မှ ဒုတိယမင်းသားကို ဖိနှိပ်ထား ခဲ့၏။ တစ်ဖက်လူသည် ခုခံရန်ပင် မနည်းကြိုးစားလျက် ရှိနေလေသည်။
လူပေါင်းများစွာတို့သည် ဤအရာကို မျက်စိနှင့် ကိုယ်တိုင်မြင်နေရသည်သာ မဟုတ်ပါက လုံးဝပင် ယုံကြည်လိမ့်မည် မဟုတ်ချေ။
“ဖန်တီးခြင်းလျှို့ဝှက်နယ်မြေကို မဝင်ခင်က တိုင်ချူးနတ်နယ်မြေက ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို တစ်ကြိမ်သွားလည်ခဲ့တယ်လို့ ကြားခဲ့တယ်လေ။ ပြီးတော့ တိုင်ချူးနတ်နယ်မြေက ဖန်တီးခြင်းသော့ကို ရယူခဲ့တယ်” အဘိုးကြီးတစ်ယောက်သည် သူ၏ မုတ်ဆိတ်များကို အသာပွတ်သပ်ကာဖြင့် သေသေချာချာ စဉ်းစား တွေးခေါ်ကာ ပြောလိုက်သည်။
“ကြည့်ရတာ တိုင်ချူးနတ်နယ်မြေက ဒီတစ်ကြိမ်မှာ ဝင်ပြီး လှုပ်ရှားတယ်ဆိုတာ ရိုးရှင်းတဲ့ကိစ္စ မဟုတ်တော့ဘူး။ ဖြစ်နိုင်တာ တိုင်ချူးနတ်နယ်မြေက ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီက ဖန်တီးခြင်းသော့ ဘယ်နေရာမှာရှိလဲ ဆိုတာကို ဝယ်ယူခဲ့ရုံတင်မကဘူး သူတို့ရဲ့ နတ်သားတော်ရဲ့ အားအင်အဆင့် ကြီးကြီးမားမား တိုးတက်စေနိုင်တဲ့ အခွင့်အရေးကိုလည်း ဝယ်ယူခဲ့တာ ဖြစ်ရမယ်”
“ကျုပ်နားလည်ပြီ”
လူများသည် ရုတ်တရက် နားလည်သွားခဲ့ကြ၏။ ဖန်တီးခြင်းလျှို့ဝှက်နယ်မြေ အထဲတွင်သာ ရှိနေသည်မဟုတ်ပါက သူတို့သည် တိုင်ချူးနတ်သားတော်၏ လက်ရှိအဆင့်ကို သိရှိနိုင်ရန်အတွက် သူတို့သည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရောက်မိမှာ သေချာ၏။ လက်ရှိအခြေအနေကို ကြည့်ရှုရမည်ဆိုလျှင် တိုင်ချူးနတ်သားတော်၏ အားအင်အဆင့်သည် ကျိန်းသေပေါက် နှစ်ဆယ့်လေးနေရာတွင် ရှိနေသည့် အရာမျိုး မဟုတ်တော့ချေ။။ ထိပ်ဆုံးဆယ့်ငါးယောက်စာရင်းပင် ဝင်လျှင် ဝင်နေနိုင်၏။
“အား..”
လေဟာနယ်ထဲတွင် အော်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရွှေကျီးကန်းကလန် ဒုတိယမင်းသား၏ ဆံနွယ်များ သည် စုတ်ပြတ်သတ်လျက် ရှိနေ၏။ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရွှေရောင်အလင်းတန်းများ တောက်ပလျက် ရှိနေပြီး စကြဝဠာ တစ်ခုလုံးပင် တုန်ခါသွားနိုင်သည့် အော်သံကြီးကို ထုတ်ဖော်လိုက်၏။ ကျယ်လောင်လှသည့် အသံကြီး တစ်ခုနှင့်အတူ သူ၏လက်တစ်ဖက်သည် သွေးမြူများအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားလေသည်။
ရွှေကျီးကန်းကလန်သည် မည်မျှအားကောင်းလိုက်သနည်း။ ရွှေကျီးကန်းကလန်၏ တစ်ယောက်ချင်းစီတိုင်းသည် ကောင်းကင်ပါရမီရှင်စာရင်းတွင် ဝင်နေကြသူများဖြစ်၏။ သို့ပေမဲ့ တိုင်ချူးနတ်သားတော်နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရင်း အချိန်အတိုင်းအတာ အတောအတွင်းမှာပဲ ဒုတိယမင်းသား၏ လက်သည် ပြတ်တောက်သွားခဲ့ရ၏။
အလုံးစုံ ရှုံးနိမ့်သွားခြင်း မဟုတ်ဘူး ဆိုသော်လည်း အရှိန်အဟုန်သည် ချက်ချင်းပင် ကျဆင်းသွားခဲ့၏။ ဆက်လက်ကာ တိုက်ခိုက်မည်ဆိုပါက ရွှေကျီးကန်းကလန်၏ ဒုတိယမင်းသားသည် ကျိန်းသေပေါက် ဆိုးဆိုးရွားရွား အခြေအနေမျိုးနှင့် ရှုံးနိမ့်တော့မှာ သေချာသည်။