← Chapters

အခန်း (၁၇၀)

Vol. 12 Ch. 170

အခန်း (၁၇၀)

Vol. 12 Ch. 170

“မဖြစ်နိုင်ဘူး”

တချို့သော မွန်းစတားကလန်မှ လူများသည် ရုတ်တရက် ထကာ အော်ဟစ်လိုက်၏။ ရွှေကျီးကန်း ကလန်သည် သာမန်ထက်ပိုကာ ထူးခြားလှသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်ပြီး ရွှေကျီးကန်းကလန်မှ မင်းသား သုံးယောက်တို့သည်လည်း ကောင်းကင်ပါရမီရှင်စာရင်းတွင် ပါဝင်ကြသည့် သူများသာဖြစ်၏။ ၎င်းတို့ထဲမှ တစ်ယောက်၏ လက်သည် တိုင်ချူးနတ်သားတော်နှင့် တိုက်ခိုက်ရင်း ပျက်စီးခဲ့ရပြီဖြစ်၏။ ထိုအရာကို များပြားလှသည့် မွန်းစတားကလန်မှ လူများသည် လက်မခံနိုင်သလို ဖြစ်မိနေ၏။

“မဖြစ်နိုင်ဘူး”

“အခု ရှုံးသွားတဲ့လူက ရွှေကျီးကန်းကလန်ရဲ့ ဒုတိယမင်းသားလေ။ ရွှေကျီးကန်း ကလန်ရဲ့ အကြီးဆုံးမင်းသား ပေါ်လာမယ်ဆိုရင်တောင်မှ ကျုပ်တို့ လူသားမျိုးနွယ်တွေရဲ့ နံပါတ်နှစ် ရီကလန် လှုပ်ရှားတာကို စောင့်ဖို့ မလိုတော့ဘူး။ တတိယနေရာမှာ ရှိတဲ့ လင်းကျန်ကတင် ရွှေကျီးကန်းကလန်ကို ကျိန်းသေပေါက် ချိုးဖြတ်နိုင်မှာပဲ” တချို့သော လူများသည် နှာခေါင်းရှုံ့လိုက်မိကြသည်။

လက်ရှိ မြင်ကွင်းကို ကြည့်ရမည်ဆိုလျှင် အလွန်အမင်း စိတ်ကျေနပ်စရာပင် ဖြစ်၏။ မွန်းစတားကလန်မှ ပါရမီရှင်နှစ်ယောက်သည် စောဏတုန်းက မောက်မာလွန်းခဲ့၏။ အခွင့်အရေးကို လုယူသည့်နေရာတွင် လူတချို့ကို သတ်ဖြတ်ခဲ့ရုံသာမက များပြားလွန်းသည့် သားရဲရိုင်း များကိုလည်း သတ်ဖြတ်ပစ်ခဲ့သေး၏။ ထိုကဲ့သို့သော လူများသည် ကံကြမ္မာတစ်ပတ်လည်ကာဖြင့် လက်ရှိ တိုင်ချူးနတ်သားတော်၏ တိုက်ခိုက်မှုကို ခံနေရလေ သည်လား။

ဘုန်း ...။

လောက၏ ပုံရိပ်ယောင် တစ်ခုသည် ပေါ်ပေါက်လာခဲ့၏။ တိုင်ချူးနတ်သားတော်ကို လွှမ်းခြုံကာဖြင့် ပတ်ဝန်းကျင် တစ်ခုလုံးတွင် ကုန်းမြေတိုက်ကြီးတစ်ခု ဖြစ်တည်လာခဲ့၏။ ကြည့်ရသည်မှာ တခြားသော လောကတစ်ခုတွင် ၎င်းသည် မတ်မတ်ရပ်နေသကဲ့သို့ပင်။ ဖန်တီးခြင်းစွမ်းအင်များသည် ၎င်းကို ဖုံးအုပ်လျက် ရှိနေ၏။

“ဖန်တီးခြင်းစွမ်းအင်တွေလား”

တစ်စုံတစ်ယောက်သည် အံ့အားသင့်သွားမိ၏။ တိုင်ချူးနတ်နယ်မြေမှလူသည် ဖန်တီးခြင်းကျမ်းစာ၏ အော်ရာများကို အဘယ်ကြောင့် ထုတ်လွှတ်နေသနည်း။ ဤအရာသည် ပုံမှန် မဟုတ်ချေ။

အားလုံးသော သူများသည် ဘာတွေဖြစ်နေသည်ကို အဖြေရှာမရသေးခင်မှာပဲ တိုင်ချူးနတ်သားတော်သည် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ ရွှေကျီးကန်းကလန်၏ ဒုတိယမင်းသားကို တိုက်ခိုက်အနိုင်ယူပြီးသည့်နောက် ၎င်းသည် နတ်ဘုရားတောင်ထွတ်ပေါ်သို့ ဆင်းသက်လိုက်၏။ ၎င်း၏ လက်ဝါးတွင် သင်္ကေတများနှင့် ပြည့်နှက်လျက် ရှိနေလေ၏။ ၎င်းသည် ရှေ့ဆီသို့ ရိုက်ချလိုက်ပြီးသည့်နောက် အစီအရင်ကြီးကို ချိုးဖြတ်လိုက်၏။ ကြီးမားလှသည့် လက်ကြီးတစ်ဖက်သည် သူတော်စင်ဘုရင်အဆင့် စိတ်ဝိညာဉ်ဆေးပင် များကို တစ်ခါတည်း ရယူလိုက်၏။

“တိုင်ချူးနတ်သားတော်... မင်းလုပ်ရဲတယ် ဟုတ်လား” ကျင်းချန်က ထကာ အော်ဟစ်လိုက်၏။ အပြင်ဘက်တွင် ဖြစ်နေသည့် အခြေအနေကို သူသည် သတိပြုမိပြီးဖြစ်၏။ သို့ပေမဲ့ စိတ်ဝိညာဉ်ဆေးပင်၏ မျက်နှာကြောင့် သူသည် လှုပ်ရှားရန် မပြင်ဆင်ခဲ့ချေ။ ကျန်သည့် ဆေးပင်နှစ်ခုကို အရင်ဆုံး သိမ်းဆည်းရန် စီစဉ်လျက် ရှိနေသည်။

ရွှေကျီးကန်းကလန်မှ ဒုတိယမင်းသားသည်သာ တိုင်ချူးနတ်သားတော်ကို ဖိနှိပ်နိုင်မည်ဆိုလျှင် သူသည် အေးအေး သက်သာဖြင့် ထိုအရာများကို ရယူနိုင်စွမ်း ရှိပေလိမ့်မည်။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ဘဲ ဒုတိယမင်းသားသည် ဒဏ်ရာရရှိခဲ့၏။ သူသည် ဆေးပင်များကို သိမ်းဆည်းရန် အချိန်ပင် လုံလုံလောက်လောက် မရရှိခဲ့ချေ။ အဖြစ်အပျက်များမှ မြန်ဆန်လွန်းလှချေ၏။

“အင်း... ကျုပ် ပြောင်းလဲသွားခဲ့တာကြာပြီ။ ဒါပေမဲ့ မင်းကတော့ တည်နေရာမှာ ရပ်နေတုန်းပဲ။ အခု မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး” တိုင်ချူးနတ်သားတော်၏ နတ်ဘုရားရောင်စဉ်များသည် ၎င်းအား လွှမ်းခြုံလျက် ရှိနေသည်။ ၎င်းသည် အားလုံးက ကြောက်လန့်ရလောက်သည် အော်ရာများကို ထုတ်ဖော်လျက် ရှိနေသည်။

အရှေ့တစ်ချက်ဆီသို့ လက်ညှိုးညွှန်လိုက်သည်နှင့်တပြိုင်နက် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်များ ထွက်ပေါ်လာခဲ့၏။ သူသည် ကျင်းချန်၏ လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းသေတ္တာကို တစ်ခါတည်း ချိုးဖြတ် လိုက်လေ၏။

အထဲတွင်တော့ ဆန်းကြယ်ပြီး ခမ်းနားလွန်းလှသည့် တော်ဝင်သူတော်စင်အဆင့် စိတ်ဝိညာဉ် ဆေးပင် တည်ရှိလို့နေ၏။ ၎င်းဆီမှ တလက်လက် တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လျက် ရှိနေပြီး နတ်ဘုရားသစ်သီး ခြောက်လုံးလည်း ပါဝင်လျက် ရှိနေ၏။ နတ်ဘုရားသစ်သီး ခြောက်လုံးသည် လေဟာနယ် ထဲတွင် ပြန်လည်ကာ ပေါ်ပေါက်လာခဲ့သည်။

“တကယ့်ကို ကြမ်းတာပဲ” အားလုံးသော သူများ၏ အော်ဟစ်သံက ထွက်ပေါ်လာ၏။

တချို့သော နတ်နယ်မြေမှ လူများပင်လျှင် ငြိမ်ငြိမ်သက်သက် ထိုင်မနေရဲကြချေ။ လူငယ်မျိုးဆက်များသည် တစ်ဖက်မှ မွန်းစတားပါရမီရှင်များကို တိုက်ခိုက် အနိုင်ယူရန် အခွင့်အရေး မရှိသည့်အချိန်တွင် တိုင်ချူးနတ်သားတော်သည် အကောင်းဆုံး အစွမ်းပြလျက် ရှိနေသည်။

သို့ပေမဲ့ နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်သည် မွန်းစတား ကလန်၏ ဘေးတစ်ဖက်ဆီမှ ထွက်ပေါ်လာခဲ့၏။ ၎င်းတို့သည် ကောင်းကင်ယံတွင် မတ်မတ်ရပ်လျက် ရှိနေပြီး အဆုံးစွန်အထိ တိုက်ခိုက်ရန် အခြေအနေမျိုး ကို ထုတ်ဖော်ထားခဲ့၏။

“ဒီတော်ဝင်သူတော်စင်အဆင့် ဆေးပင်ဆိုတာ တစ်ယောက်တည်း ရယူနိုင်တဲ့ အရာမျိုး မဟုတ်ဘူး” တိုင်ချူး နတ်သားတော်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ လက်ငါးချောင်းကို ဖြန့်ကျက်လိုက်ပြီးသည့်နောက် သူသည် ချက်ချင်းဆိုသလိုပဲ နတ်ဘုရားသစ်သီး သုံးလုံးကို လှမ်းယူလိုက်၏။ ပြီးနောက် သူသည် လက်သီးကို ဆုပ်ကာဖြင့် မွန်းစတားကလန်မှ လူငယ်ပါရမီရှင် နှစ်ယောက်နှင့် တိုက်ခိုက်ခြင်းမှ ဆုတ်ခွာလိုက်သည်။

“တိုင်ချူးနတ်သားတော်က တကယ့်ကို မထင်မှတ်ထားလောက်အောင် အားကောင်းလာခဲ့တာပဲ။”

“မွန်းစတား ကလန်ရဲ့ ပါရမီရှင်နှစ်ယောက်နဲ့ ရင်ဆိုင်တဲ့အချိန်မှာ သူက တည်တည်ငြိမ်ငြိမ်နဲ့ နောက်ဆုတ်သွားနိုင်ရုံတင် မကဘူး သူတော်စင်ဘုရင်အဆင့် ဆေးပင်တွေနဲ့ နတ်ဘုရားသစ်သီး တစ်ဝက်ကိုလည်း ယူသွားသေးတယ်။ မယုံနိုင်စရာပဲ”

“တခြားနည်းလမ်းလည်း မရှိဘူးလေ။ တော်ဝင်သူတော်စင်အဆင့် ဆေးပင်က ကျောက်စိမ်းသေတ္တာထဲမှာ ထည့်ထားတယ် ဆိုပေမဲ့ အလုံးစုံ စည်းခတ်ထားတာ မဟုတ်ဘူး။ ဒါက တိုင်ချူးနတ်သားတော်ကို လှုပ်ရှားဖို့ အခွင့်အရေး ပေးလိုက်တာနဲ့ အတူတူပဲ”

“ပြောရမယ်ဆိုရင် တိုင်ချူးနတ်သားတော် ဒီတိုက်ပွဲမှာ ပြသခဲ့တဲ့ စွမ်းရည်က လောကအနှံ့ကို ပျံ့နှံ့သွားသင့်ပြီ”

“ဒါနဲ့ တိုင်ချူးနတ်သားတော် ဖန်တီးခြင်း စွမ်းအင်ကို အသုံးပြုနိုင်တာနဲ့ ပတ်သက်လို့ စိတ်ဝင်စားနေပြီ မဟုတ်လား။ ဒါ အင်ပါရီယာ ရီကလန်သာ တတ်ကျွမ်းတဲ့ သီးသန့်စွမ်းရည်တစ်ခု မဟုတ်ဘူးလား။ ဖန်တီးခြင်းကျမ်းစာရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားခဲ့ပြီလား”

“ဖြစ်နိုင်တာက ကောင်းကင်လျှို့ဝှက်နန်းဆောင်နဲ့ သက်ဆိုင်နေတာပဲ ဖြစ်ရမယ်” အားလုံးသော သူတို့သည် မယုံကြည်နိုင်လောက်အောင်ပင် တုန်လှုပ်လျက် ရှိနေလေ၏။

တိုင်ချူးနတ်သားတော် တစ်ယောက် ဤကဲ့သို့သော အားအင်အဆင့်များ ပိုင်ဆိုင်လာလိမ့်မည်ဟု မည်သူမှ မထင်မှတ်ခဲ့ချေ။ ရွှေကျီးကန်းကလန်မှ ဒုတိယမင်းသားကို အနိုင်ယူ ရရှိခဲ့ပြီး ကျင်းချန်၏ လက်ထဲတွင် ရှိနေသည့် စိတ်ဝိညာဉ်ဆေးပင်ကို လုယက်ခဲ့သေး၏။ မွန်းစတားကလန်မှ စွမ်းအားမြင့် ကျင့်ကြံသူ နှစ်ယောက်တို့သာ ထွက်ပေါ်မလာသည် ဆိုပါက သူသည် ဤတည်နေရာတွင် မတ်မတ်ရပ်ပြီး တစ်ယောက်ချင်းစီကို တိုက်ခိုက်အနိုင်ယူသွားနိုင်စွမ်း ရှိပေလိမ့်မည်။

တိုင်ချူးနတ်သားတော် ထွက်ခွာသွားပြီးသည့်နောက်မှာတော့ ဤသတင်းသည် တည်နေရာ အနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့ တော့၏။ အားလုံးသောသူတို့သည် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။ တိုင်ချူးနတ်သားတော်သည် သူ့ကို မကြာသေးခင်က အနိုင်ယူခဲ့သည် ကျင်းချန်ကို ပြန်လည်တိုက်ခိုက် အနိုင်ယူခဲ့သည်ဆိုသော သတင်း အချက်အလက်ကို အားလုံးသောသူတို့က မယုံကြည်နိုင်ဖြစ်မိနေကြ၏။

အချိန်အတိုင်းအတာတိုအတွင်း အားအင်အဆင့် တိုးတက်သွားခဲ့သည်မှာ သိသာထင်ရှားလွန်းလှ၏။ နှစ်ယောက်သားကို ရင်ဆိုင်တိုက်ခိုက်ပြီး အေးအေးသက်သာစွာဖြင့် ထွက်ခွာသွားခဲ့သည် ဆိုခြင်းမှာ လူငယ် ပါရမီရှင်များကြားထဲတွင် တကယ့်ကို ကောင်းမွန်လှသည့် စွမ်းဆောင်ရည်ကို ပိုင်ဆိုင်သူဖြစ်ကြောင်း သက်သေပြခဲ့ခြင်းပင်။

ပိုမိုကာ တုန်လှုပ်စရာ ရှိနေသည်မှာ တိုင်ချူးနတ်သားတော်သည် ဖန်တီးခြင်းစွမ်းအင်များကို ကိုင်ဆောင်ကာ တိုက်ခိုက်ခဲ့ခြင်းပင်။ ဤဖြစ်ရပ်များကြားထဲတွင် ဖုံးကွယ်ထားသည့် အသေးစိတ် အချက်အလက်များ တည်ရှိ နေမည်ဖြစ်ကြောင်း အားလုံးက သိရှိနေကြ၏။ ဖန်တီးခြင်းစွမ်းအင်များကို အသုံးပြုဖို့ ဆိုသည်မှာ ဖန်တီးခြင်းကျမ်းစာကို ကျင့်ကြံခြင်းကလွဲလျှင် တခြားမရှိနိုင်ချေ။

တိုင်ချူးနတ်သားတော်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရောက်လည်ပတ်ခဲ့သည်ကို စဉ်းစား လိုက်သည့်အချိန်မှာတော့ လူပေါင်းများစွာတို့၏ မျက်လုံးထဲတွင် စပ်စုလိုစိတ်များ ပြည့်နှက်လာခဲ့ကြ၏။

မြူများဖုံးလွှမ်းလျက် ရှိနေသည့် တောင်ကြားတစ်ခုထဲမှာတော့ လူငယ်နှစ်ယောက်သည် မျက်နှာချင်းဆိုင် ရပ်လျက် ရှိနေကြသည်။ တစ်ယောက်သည် ခေါင်းထက်တွင် နဂါးဦးချိုကဲ့သို့သော အရာတစ်ခု တည်ရှိနေပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။

သူ၏ အရှေ့တွင်တော့ လက်နှစ်ဖက်ကို နောက်သို့ပစ်ထားသည့် လူငယ်တစ်ယောက် တည်ရှိနေပြီး ၎င်း၏ အမူအရာသည် လေးနက်ကာ တည်ကြည်လျက် ရှိနေ၏။ ၎င်းတို့ နှစ်ယောက်ကြားထဲတွင် တော်ဝင်သူတော်စင် အဆင့် ဆေးပင် တည်ရှိနေပြီး ပေါကြွယ်လွန်းလှသည့် ဆေးရနံ့များသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့နေသည်။

လူငယ်၏ အမူအရာသည် သူ၏အရှေ့တွင် ရှိနေသည့် နဂါးကလန်မှ အဖွဲ့ဝင်ကို လှမ်းကြည့်ပြီး ပြောင်းလဲလျက် ရှိနေ၏။ သူသည် ကျောက်စိမ်းပြားကို အသာထုတ်ယူပြီးသည့်နောက် အထဲတွင် ရှိနေသည့် သတင်းအချက်အလက် များကို စစ်ဆေးလိုက်၏။

“အင်း.. တိုင်ချူးနတ်နယ်မြေလား။ ကြည့်ရတာ မွန်းစတားကလန်တွေက ဘာမှ ထူးခြားတာ မဟုတ်ပါဘူး။ ရွှေတောင်ပံ တော်ဝင်ဖန်းကလန်နဲ့ ရွှေကျီးကန်းကလန်တို့ ပူးပေါင်းထားတယ် ဆိုရင်တောင်မှ တိုင်ချုးနတ်သားတော်ကို ရှုံးနိမ့်ခဲ့သေးတယ်။ ကြည့်ရတာ နဂါးကလန်က အဖွဲ့ဝင်တွေက ဒီကိုလာမိတာ ဂုဏ်သိက္ခာ တိုးတက်စေချင်လို့ ဖြစ်ရမယ်”

All Chapters