အခန်း (၁၇၁)
Vol. 12 Ch. 171
“နဂါးကလန်နဲ့ ထိပ်တိုက်ရင်ဆိုင်ရဲတယ်ဆိုတာ သေလမ်းရှာတာနဲ့ အတူတူပဲ” အောင်းကန့်သည် မတ်မတ်ရပ်လျက် ရှိ၏။ သူ၏ ခန္ဓာကိုယ်ဆီမှ နဂါးကဲ့သို့ ပုံရိပ်ယောင်တစ်ခု ဖြစ်တည်လာခဲ့ပြီး ခန္ဓာကိုယ်ကို လွှမ်းခြုံလျက် ရှိနေလေ၏။ လေဟာနယ်ထဲတွင် သွေးမြူများ ပျံ့နှံ့လျက် ရှိနေ၏။ သူသည် မျက်လုံးကို ကျဉ်းမြောင်းကာဖြင့် သတ်ဖြတ်လိုခြင်း ဆန္ဒအပြည့်ဖြင့် ကြည့်ရှုနေ၏။
“ဟမ့်”
လင်းကျန်သည် ပေါ့ပေါ့ပါးပါး ရယ်သွမ်းသွေးလိုက်၏။ သူသည် ကောင်းကင်ယံပေါ်သို့ ခုန်တက်လိုက်၏။ သူ၏ ဝတ်စုံသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေ၏။ သူသည် ရှေးဟောင်းမှန်ကြီး တစ်ချပ်ကို ဆင့်ခေါ် ပြီးသည့်နောက် ဒါဇင်နှင့်ချီသော အလင်းတန်းများကို ထုတ်ဖော်နေ၏။ သူသည် လေးလေးနက်နက်နှင့် ပြောလိုက်သည်။ “ဒီနေ့မှာ ဒီလင်းက မွန်းစတားကလန် ကောင်းကင်ပါရမီရှင်စာရင်းမှာ နံပါတ်ခြောက် အဆင့်နဲ့လူ ဘယ်လောက်အားကောင်းတယ်ဆိုတာကို သိချင်တယ်”
“မင်း စိတ်ပျက်သွားအောင် ငါလုပ်ပြမယ်”
အောင်းကန့်သည် အေးစက်စက် အော်ဟစ်လိုက်၏။ နဂါးအော်သံ တစ်ခုသည် သူ၏ပါးစပ်ဆီမှ ထွက်ပေါ်လာခဲ့သည်။ သူသည် ကြီးမားလှသည့် လက်ကြီးကို ဆန့်တန်းလိုက်သည့် အချိန်မှာတော့ မိုးကောင်းကင် နဂါးတစ်ကောင် ဆင်းသက်လာသကဲ့သို့ပင် တည်နေရာတစ်ခုလုံးကို ထိုးခွင်းသွားလေ၏။ များပြားလှသော နတ်ဘုရားအလင်းတန်းများ ဆင်းသက်လာခဲ့ပြီးသည့်နောက် လင်းကျန်ကို လွှမ်းခြုံသွားလေ၏။
“ဟင်း.... ညံ့လိုက်တဲ့ စွမ်းရည်”
လင်းကျန်၏ အမူအရာသည် မပြောင်းလဲလှချေ။ သူ၏ ခေါင်းထက်တွင် ရှိနေသည့် ကြေးမှန်သည် ဆင်းသက်လာခဲ့သည့် အလင်းတန်းများကို ရောင်ပြန်ဖြစ်စေခဲ့၏။ လက်သီးတစ်ချက် ထိုးခွင်းပြီး သည့်နောက် ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးသည် ပြန်လည်ကာ ရှင်းလင်းသွားခဲ့ပြီး အရာအားလုံးသည် ပျောက်ကွယ်သွားခဲ့၏။ မည်သည့်အခါကမှ ဘာမှ မရှိခဲ့သလိုပင်။
ဤပါရမီရှင် နှစ်ယောက်ကြား တိုက်ခိုက်မှုသည် တကယ်ပင် ကြမ်းတမ်းလွန်းလှ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ရောင်စဉ်ရောင်ဝါများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့ပြီး မိုင်ရာချီ အကွာအဝေးဆီသို့ လွင့်စင်သွားခဲ့၏။
ခပ်ဝေးဝေး တည်နေရာတွင် ကြည့်ရှုနေသည့် လူများသည် တစ်ယောက်ပြီးတစ်ယောက် အဝေးဆုံး တည်နေရာဆီသို့ ဆုတ်ခွာသွားရသည်။ မည်သူမှသည် အနားသို့ မကပ်ရဲတော့ချေ။ ကောင်းကင်အသွင်ပြောင်းခြင်း အဆင့်တွင် ရှိနေသည့် ကျင့်ကြံသူများ မဟုတ်ဘူး ဆိုလျှင်တောင်မှ ၎င်းတို့၏ သွေးပျက်ဖွယ်ရာ တိုက်ခိုက်မှုသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
..................
တခြားတစ်ဖက် ကျယ်ပြောလှသည့် ကောင်းကင်ယံကြီးထက်တွင် အမျိုးသမီး နှစ်ယောက်တို့သည် မတ်မတ် ရပ်လျက်ရှိသည်။ ၎င်းတို့သည် ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးနှင့် ပေါင်းစပ်နေသကဲ့သို့ပင်။ သာမန်လူ များသည် ၎င်းတို့ တည်ရှိနေခြင်းကို သိရှိနိုင်ရန် ခက်ခဲလှ၏။ ဤအမျိုးသမီး၏ အနောက်ဘက်မှာတော့ နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်က ရပ်တန့်လျက် ရှိနေလေ၏။
“စီနီယာအစ်မ.. ဘယ်လောက်ကြာကြာအထိ ပုန်းနေမှာလဲ” ပိန်သွယ်သွယ်နှင့် ကြည့်ကောင်းလှသည့် အမျိုးသမီး ဖြစ်သော ရမ်ချင်းရှောင်သည် ကောင်းကင်ယံထက်တွင် မတ်မတ်ရပ်လျက် ရှိနေပြီး အသံပို့လွှတ်လိုက်၏။ သူတို့သည် ဖန်တီးခြင်းလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်၏။ ဦးဆောင်လာသူသည် ဖန်းနီရှန်ပင် ဖြစ်သည်။
အောက်ဘက်တွင်တော့ တော်ဝင်သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင်က တည်ရှိလို့နေ၏။ သူတို့သည် ဓားကျင့်ကြံသူများ ဖြစ်သည်နှင့်အညီ အမြန်နှုန်းမှာ တကယ်ပင် ကောင်းမွန်လှသည် ဖြစ်သောကြောင့် ဤတည်နေရာသို့ ပထမဆုံး ရောက်ရှိလာသူများထဲတွင် သူတို့လည်း ပါဝင်နေ၏။ သူတို့ ဆေးပင်ကို ယူကာ ထွက်ခွာသွားသည်ဆိုပါက အားလုံးသော သူများသည် တားဆီးနိုင်ရန် ခက်ခဲပေလိမ့်မည်။
သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ပင် စီနီယာအစ်မကြီးဖြစ်သည့် ဖန်းနီရှန်သည် မတူညီသည့် အစီအစဉ်တစ်ခု ရှိပုံပေါ်၏။ ဆေးပင်များကို စုဆောင်းရမည့်အစား သူမသည် ပုန်းအောင်းလျက် ရှိနေလေ၏။ ကြက်ပမ်းမှ ဆန်ယူမည်ဆိုသည့် ပုံစံမျိုး ဖန်တီးချင်နေသည့်ပုံ ပေါ်သည်။
ရမ်ချင်းရှောင်သည် အလုံးစုံ နားမလည်သည် ဆိုသော်လည်း ငြိမ်ငြိမ်သက်သက်နှင့် လိုက်ပါလာခဲ့ရ၏။ အထူးသဖြင့် သူမ၏ဆရာသည် ဖန်းနီရှန်ကို အလုံးစုံ ယုံကြည်ရန် မှာကြားထားသည် မဟုတ်ပါလား။ သူမ၏ ယုံကြည်ရာ ပြုလုပ်မှုကို ငြင်းဆန်သည် ဆိုပါက မလိုအပ်သည့် ဘေးဒုက္ခများ ဖြစ်ပွားနိုင်စွမ်း ရှိပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဂိုဏ်းတူဂိုဏ်းသား အချင်းချင်း ပြဿနာများ တက်လာနိုင်၏။
“နည်းနည်းလေး ထပ်ပြီးစောင့်ရအောင်”
ဖန်းနီရှန်၏ အသံက ထွက်ပေါ်လာခဲ့သည်။ သူမသည် ယုံကြည်ချက် ရှိရှိနှင့် ပြောလိုက်သည်။ “ဘိုးဘေးအကြီးအကဲကြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်ကနေ ဝယ်ခဲ့တဲ့ သတင်း အချက်အလက်တွေကို မေ့သွားပြီလား”
“အမြဲတမ်း မှတ်ထားပါတယ်” ရမ်ချင်းရှောင်သည် အသာပြန်ပြောလိုက်၏။
“ကောင်းပြီ”
ဖန်းနီရှန်၏ မျက်လုံးများသည် တောက်ပလျက်ရှိ၏။ သူမ၏ လှပလွန်းလှသည့် မျက်နှာသွင်ပြင် ပေါ်တွင် ယုံကြည်ချက် ပြည့်နှက်လွန်းသည့် အမူအရာများ တည်ရှိနေ၏။ သူမသည် ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးသည့် နောက် အသံပို့လွှတ်လိုက်သည်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်က ဝယ်ယူခဲ့တဲ့ သတင်းအချက်အလက်တွေ အရဆိုရင် ငါတို့က ဒီနေရာကို ရောက်လာတာ တတိယမြောက် အဖွဲ့ပဲ။ အဆုံးသတ်မှာ သူတော်စင်အဆင့် ဆေးပင်တစ်ဝက်ကိုပဲ လုယူနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီနေရာကို အရင်ဆုံး ရောက်အောင် လာနိုင်ခဲ့ပြီ။ တကယ်တမ်း ရှေ့မှာ ရောက်ရမယ့် ကလန်တစ်ခုက ပိုင်ဖန်ကလန်ရဲ့ သခင်လေး၊ ကောင်းကင်ပါရမီရှင်စာရင်းမှာ ကိုးဆယ့်ရှစ်ယောက် မြောက်လူဖြစ်ပြီး မွန်းစတားကလန်တွေထဲမှာ ပါရမီရှင်လို့ သတ်မှတ်နိုင်တယ်။ နောက်ရောက်လာမယ့်သူကတော့ ရွှေကျီးကန်းကလန်ရဲ့ ဒုတိယမင်းသားပဲ”
“စီနီယာအစ်မ ဘာလုပ်ချင်လို့လဲ” ရမ်ချင်းရှောင်သည် မျက်မှောင်ကုတ်ကာဖြင့် ဇဝေဇဝါ ဖြစ်နေ၏။
“ရူးကြောင်ကြောင် ဂျူနီယာညီမလေး.. ငါတို့ လက်ထဲမှာ ဒီလို အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရှိနေပြီ ဆိုမှတော့ တစ်စုံတစ်ခုလုပ်ဖို့ဆိုတာ ဖြုန်းတီးလွန်းရာ မကျဘူးလား။ ငါတို့ ဒီကို မရပ်မနားနဲ့ လာခဲ့တယ်ဆိုတာ တော်ဝင်သူတော်စင်အဆင့် စိတ်ဝိညာဉ်ဆေးပင် တစ်ခုတည်းကို ရယူဖို့အတွက်လား။ ဒီလောက်နဲ့ မင်း ကျေနပ် မှာလား” ဖန်းနီရှန်သည် မျက်ခုံးကို ပင့်ကာဖြင့် မေးလိုက်မိသည်။
“စီနီယာအစ်မကြီး... ဆိုလိုတာက”
ရမ်ချင်းရှောင်သည် လက်ရှိအချိန်မှာတော့ နားလည်လိုက်မိ၏။ သူမ၏ စီနီယာ အစ်မကြီးသည် တခြားသူများကို ချုံခိုကာ တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းပင်ဖြစ်၏။
တိုက်ခိုက်ရမည့်လူများသည် သာမန်ကလန်များလည်း မဟုတ်ချေ။ ပိုင်ဖန်ကလန်နှင့် ရွှေကျီးကန်းကလန်တို့ ဖြစ်လို့နေ၏။ နှစ်ဖွဲ့လုံးသည် မွန်းစတားကလန်များ ကြားထဲတွင် တကယ့်ကို နာမည်ကျော်ကြားလှသည့် အဖွဲ့လည်းဖြစ်၏။ အထူးသဖြင့် ရွှေကျီးကန်းကလန်ဖြစ်သည်။ သာမန်လူများသည် သူတို့အား သွားရောက်ကာ ရန်ပြုရဲကြသည် မဟုတ်ချေ။
“မင်း ခန့်မှန်းတာ အမှန်ပဲ”
ဖန်းနီရှန်သည် သူမ၏ ဂျူနီယာညီမလေးကို ချီးကျူးလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ကိုယ့်ဘာသာကိုယ် အခွင့်အရေးကို ရှာဖွေတယ်ဆိုတာ နှေးကွေးတယ်လေ။ တကယ်လို့ ပိုင်ဖန် ကလန်နဲ့ ရွှေကျီးကန်းကလန် ဒုတိယမင်းသားရဲ့ လက်ထဲမှာရှိတဲ့ ပစ္စည်းတွေကိုသာ လုယက်နိုင်မယ်ဆိုလို့ရှိရင် သူတို့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ရှိနေတဲ့ အရာအားလုံးကို ငါတို့ ရပြီ မဟုတ်လား”
“အင်း” ရမ်ချင်းရှောင်သည် ဆွံ့အလျက် ရှိနေလေ၏။ ဤအရာသည် တစ်ကိုယ်တော် ကျင့်ကြံသူများ ပြုလုပ်တတ်သည့် အရာပင် ဖြစ်လေ၏။ ထည်ဝါလှသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်သည့် ဂိုဏ်းမှ တပည့်များ အားလုံးသည် ထိုကဲ့သို့သော အပြုအမူမျိုးကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။ ဂိုဏ်းဂုဏ်သိက္ခာ ကျဆင်းသောကြောင့်ပင်။ ရန်သူကို သတ်ဖြတ်နိုင်မည်ဆိုပါက လက်ခံနိုင်သေး၏။ ရန်သူသာ မသေဆုံးသွားပါက ထိုသတင်းသည် လောကကြီးအနှံ့သို့ ပျံ့နှံ့သွားမည်ဖြစ်ပြီး ဂိုဏ်းဂုဏ်သိက္ခာကို ကျဆင်းပေလိမ့်မည်။
အနောက်ဘက်တွင် ရှိနေသည့် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူ နှစ်ယောက်တို့သည် မျက်နှာကို အုပ်ကာကာဖြင့် သက်ပြင်းချလျက် ရှိနေလေ၏။ ဂိုဏ်းချုပ်သည် ဖန်းနီရှန်အား ဂိုဏ်းထဲသို့ ခေါ်ဆောင်လာသည့် အပြုအမူနှင့်ပတ်သက်၍ ၎င်းတို့သည် တကယ်ပင် နဝေတိမ်တောင် ဖြစ်လို့နေခဲ့၏။
မွန်းစတားကလန်မှ ပါရမီရှင်နှစ်ယောက်၏ လက်ထဲမှ အရာများကို လုယူရန် ဆိုသည်မှာ တစ်ကိုယ်တော် ကျင့်ကြံသူများသာ တွေးသည့်အရာ ဖြစ်သည် မဟုတ်ပါလား။
“စိတ်မပူနဲ့။ ခုဏလေးတင် သတင်းရထားတယ် မဟုတ်လား။ တိုင်ချူးနတ်သားတော်က ရွှေကျီးကန်းကလန်ရဲ့ ဒုတိယမင်းသားကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်တဲ့။ ပြီးရင် ငါတို့ ဂိုဏ်းချုပ်ပေးထားတဲ့ ကျောက်စိမ်းပြားကို အသုံးပြုဖို့ လိုလိမ့်မယ်။ ဓားအော်ရာတစ်ခုကို ထုတ်ဖော်လိုက်ပြီ ဆိုတာနဲ့ သူတို့ မယုံကြည်နိုင်လောက်အောင် အားကောင်းတယ်ဆိုရင်တောင် ထွက်ပြေးနိုင်တော့မှာ မဟုတ်ဘူး”
ဖန်းနီရှန်သည် ကျောက်စိမ်းပြားကို ထုတ်ယူပြီးသည့်နောက် အသာ ယမ်းခါလိုက်၏။ တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက်အနေနှင့် သူမသည် ထိုကဲ့သို့သော အရာများကို ယခင်တုန်းက ပြုလုပ်ခဲ့ဖူး၏။ ထိုအခြင်းအရာများနှင့် ပတ်သက်၍ ရင်းနှီးနေပြီဖြစ်၏။ သူတော်စင်အဆင့် ဓားအော်ရာများ ဆင်းသက်လာသည့် အချိန်တွင် ပါရမီရှင် မဆိုနှင့် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူများပင်လျှင် ဒူးထောက်ကာ ခစားရပေလိမ့်မည်။