အခန်း (၁၇၃)
Vol. 12 Ch. 173
"ဘယ်သူလဲ"
ရွှေကျီးကန်းကလန်မှ ဒုတိယမင်းသားသည် ဒေါသတကြီး အော်ဟစ်လိုက်၏။ သူသည် မြန်မြန်ဆန်ဆန် ချဉ်းကပ်လာသည့် ဓားအလင်းတန်းကို ကြည့်ရှုပြီး စိတ်ဝိညာဉ်တစ်ခုလုံးပင် တုန်ခါသွား၏။ သူ ထွက်ခွာရန် ပြင်လိုက်သည့် အချိန်မှာပဲ အကန့်အသတ်မဲ့ များပြားလှသော ဓားချီများ၏ လွှမ်မိုးခြင်းကို ခံလိုက်ရ၏။
ဝုန်း ……။
ကျယ်လောင်လှသော အသံကြီးသည် ထွက်ပေါ်လာခဲ့ပြီး တလက်လက်တောက်ပနေသော ဓားချီများသည် မြေပြင်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့၏။ သူတို့တည်ရှိနေသည့် နေရာကို ဗဟိုပြု၍ ပတ်ဝန်းကျင်တွင် ရှိနေသည့် အရာအားလုံးတို့သည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားကြ၏။ ဤဓားတိုက်ခိုက်ချက်သည် ရေတွက်၍မရအောင် များပြားလှသော သူများကို တုန်လှုပ်စေခဲ့၏။ ပတ်ဝန်းကျင်တွင် ရှိနေသည့် သူများပင်လျှင် ထိုအရာကို အာရုံခံမိကြသည်။
"သူတော်စင်တစ်ယောက်ရဲ့ အော်ရာတွေပဲ။ ဒီထဲကို သူတော်စင်တစ်ယောက် ဝင်လာတာလား"
"မဖြစ်နိုင်ဘူး။ သူတော်စင်အဆင့် လျှို့ဝှက် နည်းစနစ်ကို တစ်စုံတစ်ယောက်က ထုတ်သုံးနေတာပဲ ဖြစ်ရမယ်" အားလုံးသောသူတို့သည် လှမ်းကာကြည့်ရှုလိုက်၏။ သို့ပေမဲ့ မည်သူမှ ထိုနေရာဆီသို့ မချဉ်းကပ်ရဲကြချေ။ တစ်စုံတစ်ယောက်သည် သူတော်စင်အဆင့် နည်းစနစ်ကို ထုတ်ဖော် အသုံးပြုခဲ့မှတော့ အနီးသို့ မသွားခြင်းကသာ သူတို့အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သာမန်ထက်ပိုသည့် အရာမျိုးကို ထုတ်ဖော်နိုင်ပါက ထိုတည်နေရာသည် လုံခြုံသည့် တည်နေရာမျိုး မဟုတ်တော့ချေ။ ဓားအလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက် ရွှေရောင်အလင်းတန်းများ တောက်ပလျက် ရှိနေသော အကျွင်းအကျန် ဝိညာဉ် တစ်ခုသည် ကောင်းကင်ယံထက်သို့ လွင့်ပျံတက်သွား၏။ ဤအရာသည် ရွှေကျီးကန်းကလန် ဒုတိယမင်းသား၏ နတ်ဘုရားဝိညာဉ်သာလျှင် ဖြစ်၏။ အထူးရတနာတစ်ခု၏ ကာကွယ်ပေးခြင်းကို ခံထားရခြင်းသာ ဖြစ်၏။ နတ်ဘုရားဝိညာဉ်သည် စောင့်ရှောက်ခြင်း ခံထားရသည် ဆိုသော်လည်း ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာတော့ ပျောက်ကွယ်သွားခဲ့လေ၏။
ပိုင်ဖန်ကလန်မှ သခင်လေးနှင့် ကာကွယ်စောင့်ရှောက်သူ အသီးသီးမှာလည်း ကံမကောင်းလှချေ။ ၎င်းတို့၏ အကာအကွယ်များသည် သူတော်စင်အဆင့် ဓားချက်ကို ကာကွယ်နိုင်လောက်အောင် အားမကောင်းလှသောကြောင့် ဘာတစ်ခုမှပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားလေသည်။
"သူတို့ရဲ့ သိုလှောင်လက်စွပ်တွေ ပျောက်ကွယ်မသွားဖို့ မျှော်လင့်မိတယ်"
ဖန်းနီချန်သည် သက်ပြင်းချလိုက်၏။ သူမနေဖြင့် ကြောက်မက်ဖွယ်ကောင်းလှသည့် ဝှက်ဖဲကို ပထမဆုံးအကြိမ် ထုတ်ဖော်အသုံးပြုခဲ့ခြင်း ဖြစ်၏။ သူတော်စင်တစ်ယောက်၏ တိုက်ခိုက်ချက်သည် ဤမျှ ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်ဟု မထင်မိခဲ့ချေ။ အရာအားလုံးသည် ပျက်စီးခဲ့လေ၏။ သိုလှောင်လက်စွပ်များ ကျန်မလား ဆိုသည်တော့ မသေချာတော့ချေ။
သူမသည် လေဟာနယ်ထဲမှ လျှောက်ထွက်ပြီးသည့်နောက် မြေပြင်ပေါ်တွင် သေသေချာချာ ရှာဖွေလိုက်၏။ ကံကောင်းစွာဖြင့် သိုလှောင်လက်စွပ်များသည် ပျက်စီးမသွားခဲ့ချေ။ ကောင်းမွန်လှသည့် ပစ္စည်းများနှင့် ပြုလုပ်ထားသည့် သိုလှောင်လက်စွပ် သုံးကွင်းသည် ဤအတိုင်း ကျန်ရှိနေ၏။ ထိုပစ္စည်းများသည် သူမ၏ လက်ထဲသို့ ရောက်ရှိလာပြီးသည့်နောက် ထိုအရာ၏ စည်းကိုတစ်ခါတည်း ဖွင့်လိုက်၏။
ရွှေကျီးကန်းကလန်နှင့် ပိုင်ဖန်ကလန်မှ လူများ၏ အားအင်အဆင့်သည် ကောင်းမွန်လှသောကြောင့် ၎င်းတို့၏ သိုလှောင်လက်စွပ်ထဲတွင် ရှိသော ပစ္စည်းများသည် တကယ့်ကို အရည်အသွေး မြင့်မားလွန်းလှ၏။ သူမသည် နတ်ဘုရားအသိစိတ်ကို သိုလှောင်လက်စွပ်ထဲသို့ ပို့လွှတ်လိုက်၏။ သူမသည် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။ သိုလှောင်လက်စွပ် တစ်ခုတည်းနှင့်ပင် သူတော်စင်အဆင့် စိတ်ဝိညာဉ် ဆေးပင် လေးပင် ပါဝင်နေ၏။ သူတော်စင် ဘုရင်အဆင့် ဆေးပင်တစ်ပင်လည်း ပါဝင်နေသေးသည်။တခြားသော သိုလှောင်လက်စွပ် နှစ်ကွင်းမှာတော့ အနည်းငယ် နည်းပါးသည် ဆိုလျှင်တောင်မှ သူတော်စင်အဆင့် ဆေးပင် သုံးပင် ရှိနေသည်။
"ထင်ထားတဲ့အတိုင်းပဲ တစ်ခါတည်း လုယက်ခြင်းက အရင်းအမြစ်တွေ ရှာဖို့အကောင်းဆုံး နည်းလမ်းပဲ"
ကံကောင်းစွာဖြင့် သူမသည် သိုလှောင်လက်စွက် သုံးကွင်းကို ရှာဖွေ တွေ့ရှိခဲ့၏။ ထို့ကြောင့် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ သိုလှောင်လက်စွပ် သုံးကွင်းထဲတွင်တော့ တကယ့်ကို ကောင်းမွန်လှသည့် ပစ္စည်းများ တည်ရှိလို့နေခဲ့၏။
တော်ဝင်ဓားဂိုဏ်းမှ အဖွဲ့ဝင်များသည် သူတော်စင်ဆေးပင်များကို စတင်ကာသိမ်းဆည်းလျက် ရှိနေတုန်းမှာပဲ ရွှေရောင်အလင်းတန်းတစ်ခုသည် လေဟာနယ်ကို ထိုးခွင်းကာဖြင့် ရောက်ရှိလာခဲ့၏။ ထိုမြင်ကွင်းကို အားလုံးသောသူတို့က မြင်လိုက်ရသည်။
"ဘာပါလိမ့် "
လူငယ်ပါရမီရှင်တစ်ယောက်သည် မယုံကြည်နိုင်ပဲ ခေါင်းကိုမော့ကာဖြင့် ကြည့်ရှုလိုက်၏။ “ရွှေကျီးကန်းကလန် ဒုတိယမင်းသားရဲ့ အကြွင်းအကျန် ဝိညာဉ်လား"
ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားသည်ကို ကြည့်ရှုပြီးသည့်နောက် မည်သူ ဖြစ်ကြောင်း နားလည်လိုက်မိ၏။ ထို့ကြောင့် လူငယ်သည် အံ့အားသင့်သွား၏။ တစ်စုံတစ်ယောက်သည် ရွှေကျီးကန်းကလန်၏ ဒုတိယမင်းသားကို သတ်ဖြတ်ခဲ့သည်လား။ ဤလောကကြီးသည် တကယ်ပင် ဆန်းကြယ်လွန်းလှ၏။ တစ်စုံတစ်ယောက်သည် ရွှေကျီးကန်းကလန်ကိုပင် တိုက်ခိုက်ရဲနေ၏။ သူတော်စင်တစ်ယောက်၏ နတ်ဘုရားပညာကို အသုံးပြုကာဖြင့် သတ်ဖြတ်ခဲ့ခြင်းပင်။ ဒုတိယမင်းသားသည်သာ အနည်းငယ် အားနည်းသည် ဆိုပါက ဝိညာဉ်ပင်လျှင် ပျောက်ကွယ်သွားနိုင်၏။
"ဒီလျှို့ဝှက် နယ်မြေက ထင်ထားတာထက် ပိုပြီးတော့ ကြမ်းတမ်းတာပဲ။ အစစ်အမှန်နဂါးကလန်ရဲ့ အောင်းကန် ကလည်း လင်းချန်ရဲ့ တိုက်ခိုက်ချက်ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသေးတယ်တဲ့။ သူသာ မြန်မြန်ဆန်ဆန် ထွက်ပြေးမသွားရင် အဲမှာသေတာကြာပေါ့" ဘေးတစ်ဖက်ဆီမှ အသံတစ်ခုသည် ထွက်ပေါ်လာသည်။
"ဒီတော့ မွန်စတားမျိုးနွယ်ရဲ့ ခြောက်ယောက်မြောက် ပါရမီရှင်က လူသားမျိုးနွယ်ရဲ့ တတိယပါရမီရှင်ကို မယှဉ်နိုင်ဘူးပေါ့" တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်၏။
"အဓိပ္ပာယ်မရှိတာ"
ပထမ ပြောဆိုခဲ့သော ပါရမီရှင်သည် မျက်လုံးများပင် ချာချာလည်သွားမိသည်။
"လူသားနဲ့ မွန်းစတားတွေကြားမှာ အခြေအနေက တစ်ကယ့်ကို ရုန်းရင်းဆန်ခတ်ဖြစ်နေတာပဲ။ ထျန်းဖန်နဲ့ အစစ်အမှန် ဖီးနစ်ကလန်က ပါရမီရှင် နှစ်ယောက်က အတူတူပူပေါင်းပြီးတော့ လူသားကလန်ရဲ့ ခုနှစ်ယောက်မြောက် ပါရမီရှင် ကျောင်းချန်းဖန်ကို သေဆုံးလုနီးပါး အခြေအနေထိ တိုက်ခိုက်ခဲ့ကြတယ်။ လူသားကလန်ရဲ့ ခြောက်ယောက်မြောက် ပါရမီရှင် ရောက်ရှိလာတာတောင်မှ အကူအညီ မဖြစ်ခဲ့ဘူး။ အဆုံးသတ်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရှိခဲ့သေးတယ်"
ခရမ်းရောင် ဝတ်စုံနှင့်လူသည် လေဟာနယ်ထဲသို့ လှမ်းကြည့်ကာ ပြောလိုက်၏။
"ထျန်းဖန်နဲ့ ဖီးနစ်ကလန်ရဲ့ ပါရမီရှင်နှစ်ယောက်က မွန်းစတားမျိုးနွယ်ရဲ့ နံပါတ်လေးနဲ့ငါးနေရာမှာ ရှိတာလေ။ ဒီတော့ သူတို့အတူတူ လက်တွဲလိုက်ရင် လျို့ဝှက်နယ်မြေ တစ်ခုလုံးကို လွှမ်းမိုးနိုင်တော့မှာပေါ့"
မွန်းစတားပါရမီရှင်တို့ ပူးပေါင်းနေချိန်တွင် လူသားပါရမီရှင် အဆင့်ခြောက်နှင့် အဆင့်ခုနှစ်တို့သည် မပူးပေါင်းဘဲ တစ်ယောက်နှင့်တစ်ယောက် ရန်သူကဲ့သို့ပင် တိုက်ခိုက်လျက် ရှိနေသည်။
"အင်း အချိန်ဘယ်လောက် ကြာသွားပြီလဲ ထိပ်တန်းပါရမီရှင် တော်တော်များများ ရှုံးနိမ့်ပြီး လျို့ဝှက်နယ်မြေထဲက ထွက်ခွာသွားကြပြီ။ ရွှေကျီးကန်းကလန်ရဲ့ ဒုတိယမြောက် မင်းသားက ပထမဆုံး ထွက်ခွာသွားရတာ မဟုတ်ဘူး။ အဲလိုပဲ နောက်ဆုံးထွက်ခွာသွားတဲ့လူလည်း ဖြစ်မှာမဟုတ်ဘူး။ သူက ကံမကောင်းတဲ့ လူတွေထဲက တစ်ယောက်ဖြစ်ရုံပဲလေ။ သူရှုံးနိမ့်ခဲ့တယ်။ အနည်းဆုံးတော့ လုံးဝ သေဆုံးသွားခဲ့တာ မဟုတ်ဘူး။ သူတော်စင်တစ်ယောက်ရဲ့ ဓားအလင်းနဲ့ တိုက်ခိုက်ခံရတဲ့ အချိန်မှာ အသက်ရှင်နေသေးတာကကို ကံကြမ္မာ အလှည့်အပြောင်း ဖြစ်နေပြီ"
"ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းက ကျန်းပိုင်ချွမ်းက လက်ရှိမှာ ထင်ပေါ်နေတယ်လို့လည်း ကျုပ်ကြားတယ်" တစ်စုံတစ်ယောက်က လှမ်းကာပြောလိုက်၏။
"ထားလိုက်ပါတော့ ဒီလူက တကယ့်ကို ဘေးဒုက္ခကောင်ပဲ။ သွားလေရာမှာ သားရဲရိုင်းတွေ လိုက်လာခဲ့တယ်။ သူနဲ့တွေ့တဲ့ လူတွေအကုန်လုံး ကံဆိုးတာပဲ။ ဒင်းက အချိန်တိုင်း လွတ်မြောက်သွားတယ် ဆိုပေမဲ့ ကျန်ခဲ့တဲ့သူတွေက ဒုက္ခရောက်ခဲ့တာပေါ့" လူတစ်ယောက်သည် မှုန်ကုတ်ကုတ်ဖြင့် ပြောလိုက်သည်။
ကျန်းပိုင်ချွမ်း၏ အားအင်အဆင့်သည် အထင်ကြီးလောက်စရာ မဟုတ်ချေ။ သူတို့အနေဖြင့် တစ်ဖက်လူအား လွယ်လွယ်ကူကူနှင့် အနိုင်ယူနိုင်၏။ သို့ပေမဲ့ ကံတရားသည် အရေးကြီးသည့် အခန်းဂဏ၌ တွင် ပါဝင်လျက် ရှိနေ၏။ ကျန်းပိုင်ချွမ်းကို သူတို့ သတ်ဖြတ်၍မရနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းနှင့်အတူ သားရဲရိုင်းများ ပေါ်ပေါ်လာသောကြောင့်ပင်။
"အခု ငါတို့ရှေ့မှာ ရှိနေတဲ့ သူတော်စင်ဆေးပင် ကို ကျန်းပိုင်ချွမ်း စိတ်ဝင်စားမလား မသိနိုင်ဘူး" သက်လတ်ပိုင်း လူတစ်ယောက်သည် တီးတိုးရေရွတ်လိုက်၏။
သူ ပြောပြောပြီးချင်းမှာပဲ မြေပြင်တစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွားခဲ့၏။ သူတို့၏ ခြေထောက်အောက်တွင် ရှိနေသည့် တောင်ထွတ် တစ်ခုလုံးသည် စတင်ကာ တုန်ခါလာခဲ့၏။ အားလုံးသောသူတို့သည် ခေါင်းမော့ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ ခပ်ဝေးဝေးတည်နေရာရှိ မိုးကုတ်စက်ဝိုင်းအောက်တွင် ထောင်နှင့်ချီသော မြင်းများသည် ပြေးလာသကဲ့သို့ ဖုန်များ တထောင်းထောင်း ထလာသည်ကို မြင်လိုက်ရသည်။
ထိုဖုန်များ၏ ရှေ့တွင်တော့ အမဲရောင်ဝတ်စုံနှင့် လူတစ်ယောက် သည် ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာဖြင့် ၎င်းတို့ဆီသို့ အသားကုန် အူယားဖားယား ပြေးလာလေ၏။