← Chapters

အခန်း (၁၇၅)

Vol. 12 Ch. 175

အခန်း (၁၇၅)

Vol. 12 Ch. 175

“ရောင်စဉ်အလင်းနတ်နယ်မြေရဲ့ နည်းစနစ်တွေလား”

လီယွင်သည် နည်းစနစ်၏ နာမည်များကို ကြည့်ရှုပြီး လက်ထဲသို့ အသာဆွဲယူပြီးသည့်နောက် အမှတ်မထင်ဆိုသလို ဖြန့်ကာ ကြည့်ရှုလိုက်မိသည်။ အရာအားလုံးကို မှတ်သားပြီးသည့်နောက် တိုက်ရိုက်ဆိုသလိုပဲ သူသည် ကောင်းကင်အမှတ်များနှင့် လဲလှယ်လိုက်၏။

ရိုးသားစွာ ပြောဆိုရမည်ဆိုလျှင် တခြားသူများ၏ နတ်ဘုရားနည်းစနစ်များနှင့် လဲလှယ်ရသည်ကို သူက ပိုနှစ်သက်၏။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် သူသည် ကောင်းကင်လျှို့ဝှက်အမှတ်များကို ရရှိရုံသာမက ထိုနည်းစနစ်နှင့် နတ်ဘုရားအတက်များ အားလုံးကိုလည်း တတ်မြောက်သည်။

“ကောင်းပြီ”

လီယွင် သည် တစ်ချက်ကလေးမှ ဖုံးကွယ်မနေတော့ချေ။ ချက်ချင်းပဲ ခေါင်းညိတ်လိုက်မိ၏။ “လုံလောက်လု နီးပါးပါပဲ”

လီယွင်သည် ကျောက်စိမ်းပြားတစ်ခုကို ပစ်ပေးလိုက်၏။ ထိုအရာသည် ယန်ရှို၏ လက်ထဲသို့ ကျဆင်းသွားခဲ့သည်။

သူသည် ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။ “ဒီကျောက်စိမ်းပြားပေါ်မှာရှိတဲ့ ညွှန်ကြားချက်အတိုင်း လိုက်လုပ်၊ ခင်ဗျားတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအနေနဲ့ ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်ကို ပြည့်ပြည့်စုံစုံ ရမလား၊ မရဘူးလားဆိုတာကိုတော့ ကျုပ် အာမ မခံနိုင်ဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ ခင်ဗျားတို့ ဝေစုအနေနဲ့ ရလိမ့်မယ်”

“ကျေးဇူးတင်ပါတယ် စီနီယာ” ယန်ရှိုသည် ပျော်ရွှင်သွားမိ၏။ ကျန်းပိုင်ချွမ်း၏ အားအင်အဆင့်အရ ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်တစ်ခုလုံးကို ရယူဖို့ သူမမျှော်လင့်ထားချေ။ အနည်းငယ်လောက်သော ဝေစုကို ရရှိလျှင်ပင် လုံလောက်ပြီဖြစ်၏။

“ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်ကို ရယူဖို့ ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ ကျန်းပိုင်ချွမ်း တစ်ယောက်တည်းကိုသာ လျှို့ဝှက်နယ်မြေထဲကို စေလွှတ်ခဲ့တဲ့အတွက် ခင်ဗျားရဲ့အတွေးက သာမန်လူတွေထက် ပိုပြီးတော့ ခြားနားနေတာပဲ” လီယွင်သည် ရိသဲ့သဲ့ ပြောဆိုလိုက်သည်။

ကွာစီအင်ပါယာလို လူတစ်ယောက်၏ အသက်အတွက် ထမ်းဆောင်ရမည့် တာဝန် ဝတ္တရားကို ကောင်းကင်ပါရမီရှင်စာရင်းတွင် ပါဝင်ခြင်းမရှိသည့် လူတစ်ယောက်အား ဝကွက်အပ်ထားသည်ဆိုခြင်းသည် တကယ်ပင် စွန့်စားရ ကျလွန်းလှ၏။ ကျန်းပိုင်ချွမ်း သည်သာ တစ်စုံတစ်ခု ဖြစ်သည်ဆိုပါက မုန့်ရှင်းကျီ တစ်ယောက် အသက်ရှင်နိုင်လိမ့်မည် မဟုတ်သလို ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း တစ်ခုလုံးသည်လည်း ကြီးမားသည့် ဒုက္ခကို ခံစားရမှာ သေချာ၏။

“စီနီယာက နောက်ကွယ်ကနေ လမ်းညွှန်ပေးထားတဲ့အတွက် ဘယ်သူပဲဝင်ဝင် ကိစ္စမရှိပါဘူး။ နတ်အဆင့် အကြီးအကဲ ဒါမှမဟုတ် ပါရမီရှင် ဘာပဲဖြစ်ဖြစ် သူတို့က လျှို့ဝှက်နယ်မြေ အကြောင်းကို ကောင်းကောင်း နားမလည်ဘူး ဆိုရင် ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ် မဟုတ်လား” ယန်ရှိုသည် အသာပြုံးကာဖြင့် ပြောလိုက်သည်။

သူ၏ စကားများသည် အမှန်ပင် လေးနက်လွန်းလှ၏။ သူ သို့မဟုတ် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းမှ မည်သူဖြစ်ဖြစ် ယနေ့ အောင်မြင်မှုများ ရရှိသည်ဆိုပါက ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ လမ်းညွှန်ပြသမှုကြောင့်သာ ဖြစ်ပေလိမ့်မည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ လမ်းညွှန်ပြသမှုသာ မရှိသည်ဆိုပါက ရောင်စဉ်အလင်းနတ်နယ်မြေကို သူတို့ မည်ကဲ့သို့ အနိုင်ရရှိမည်နည်း။ သူ့အနေနှင့် မည်ကဲ့သို့ သူတော်စင် ဖြစ်လာမည်နည်း။

“အင်း.. မြှောက်ပေးတဲ့ စကားလုံးတွေ ပြောနေစရာ မလိုပါဘူး။ အခု ခင်ဗျားဆီမှာ အချိန်သိပ်မရှိတော့ဘူး” လီယွင်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

“အင်း.. နာလည်ပါတယ် စီနီယာ” ယန်ရှိုသည် လေးလေးနက်နက် ပြုံးပြလိုက်၏။ ပြီးသည့်နောက် သတင်း အချက်အလက်များကို ပြန်လည်ကာ ပေးပို့လိုက်သည်။

ထိုအတောအတွင်း လျှို့ဝှက်နယ်မြေထဲမှာတော့ ကျန်းပိုင်ချွမ်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် ကျောက်စိမ်းပြားဆီမှ သတင်းအချက်အလက်များကို လက်ခံရယူလိုက်၏။ သူ၏ အမူအရာ တစ်ခုလုံးသည် သာမန်ထက်ပိုကာ လေးနက်သွား၏။ သူက တီးတိုးရေရွတ်လိုက်၏။

“ဆရာ... ကျုပ်ကို တကယ်ပဲ ကွာစီအင်ပါယာအဆင့် ဆေးပင်ကို လုယက်စေချင်တာလား။ ဒါက ကျုပ်ကို အရမ်း ယုံကြည်ချက် ထားလွန်းနေပြီလို့ မထင်ဘူးလား”

သူ့အနေနှင့် ကျောက်စိမ်းပြားတွင် ရှိနေသည့် သတင်းအချက်အလက်များကို သေသေချာချာ နားထောင်ပြီးသည့် ‌နောက် သူ၏ ကုတ်လျက်ရှိနေသည့် မျက်မှောင်သည် တဖြည်းဖြည်း လျော့ကျသွားခဲ့သည်။ “ဪ... ဒီလိုကိုး”

ကျောက်စိမ်းပြားကို ပြန်လည် သိမ်းဆည်းပြီးသည့်နောက် ကျန်းပိုင်ချွမ်းသည် အတားအဆီးအစီအရင်ထဲမှ လှမ်းထွက်ကာဖြင့် လျှို့ဝှက်နယ်မြေ၏ အတွင်းဆုံး တည်နေရာဆီသို့ ပျံသန်းသွားလေသည်။ သူ၏ ဆရာသည် အနည်းငယ် မယုံရသည်ဆိုသော်လည်း ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ဆိုသည့် စကားလုံးကတော့ ယုံကြည်ရလွန်းလှ၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်မှ ပေးသည့် သတင်းအချက်အလက်များနှင့်ဆိုလျှင် ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်ကို ကျိန်းသေ‌ပေါက် ရရှိမှာ သေချာ၏။ ရီကလန် သို့မဟုတ်‌ ရွှေကျီးကန်းကလန်မှ အိမ်ရှေ့စံမင်းသားတို့နှင့် တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်ရမည် ဆိုလျှင်တောင်မှ သူသည် ကျိန်းသေပေါက် လှုပ်ရှားရဲလေသည်။

ကျန်းပိုင်ချွမ်းသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ရှိနေသည့် အော်ရာများကို သိမ်းဆည်းပြီးသည့်နောက် လေဟာနယ်ထဲသို့ ဝင်ရောက်ပြီး လျှို့ဝှက်နယ်မြေ၏ အတွင်းဆုံးတည်နေရာဆီသို့ ချဉ်းကပ်သွားခဲ့၏။ သို့ပေမဲ့ သူ နီးကပ်လာလေ မကောင်းသည့် ခံစားချက်များ ပိုမိုကာ ရရှိလာလေပင်။

ဘုန်း ဘုန်း ဘုန်း

ဆက်တိုက်ဆိုသလိုပဲ မြေပြင်ကြီး တစ်ခုလုံး အက်ကွဲလုမတတ် အသံကြီးများသည် ပေါ်ပေါက်လျက် ရှိနေ၏။ သူ၏ ရှေ့တည်နေရာ တစ်ခုလုံးသည် ငလျင်လှုပ်သလိုပင် တုန်ခါနေ၏။ တောင်များသည် ပြိုကျလျက်ရှိနေပြီး အနီးကပ် သွားသည်နှင့်တပြိုင်နက် ရေတွက်၍ မရအောင် များပြားသည့် ကျင့်ကြံသူများ တိုက်ခိုက်လျက် ရှိနေသည်ကို သူက ခပ်ရေးရေး မြင်လိုက်ရ၏။

ဤလူများသည် ရီကလန်နှင့် ရွှေကျီးကန်းကလန်မှ အိမ်ရှေ့စံမင်းသားတို့ပင် ဖြစ်၏။ ရီချန်ကို တိုက်ခိုက်သည့်နေရာ၌ ရွှေကျီးကန်းကလန်၏ အိမ်ရှေ့စံ မင်းသားအား ကူညီသည့် လူတစ်ယောက်ရှိပြီး အဲလူမှာတော့ ခွန်ဖန်ကလန်မှ သခင်လေးပင် ဖြစ်လေသည်။

“နှစ်ယောက် တစ်ယောက်လား” ကျန်းပိုင်ချွမ်းသည် အံကိုကြိတ်ကာ ကြည့်ရှုလိုက်၏။ မွန်းစတားကလန်၏ ကောင်းကင်ပါရမီရှင်စာရင်း နံပါတ်နှစ်နှင့် နံပါတ်သုံးတို့သည် အသင်းအဖွဲ့ဖွဲ့ကာဖြင့် လူသားမျိုးနွယ်၏ ပါရမီရှင်စာရင်း နံပါတ်နှစ်ကို တိုက်ခိုက်လျက် ရှိနေသည်။ ကြည့်ရသည်မှာ မမျှတသည့် တိုက်ပွဲတစ်ခုပင်။

ရီချန်သည် အောက်စည်းသို့ ရောက်ရှိနေ၏။ အချိန်မရွေး ရှုံးနိမ့်သွားတော့မည့် အရိပ်သင်္ကေတမျိုးလည်း ပေါ်ပေါက် နေ၏။

မနီးမဝေးမှာတော့ လင်းကျန်နှင့် မွန်းစတားကလန်၏‌ ကောင်းကင်ပါရမီရှင်စာရင်း နံပါတ်တစ်တို့သည် တိုက်ခိုက်လျက် ရှိနေ၏။ ကြမ်းတမ်းလှသည့် တိုက်ပွဲကြီး တစ်ခုပင်။ အချိန်အတိုင်းအတာ အတောအတွင်း အနိုင်ရရှိသူ မည်သူဖြစ်သည်ကို သုံးသပ်ရန် ခက်ခဲလှသည်။

“လူသားမျိုးနွယ် ကောင်းကင်ပါရမီရှင်စာရင်းနှင့် မွန်းစတားကလန် ကောင်းကင်ပါရမီရှင်စာရင်းတို့က တကယ့်ကို ပြည့်ပြည့်ဝဝနဲ့ တိုက်ခိုက်နေကြပြီပဲ” ကျန်းပိုင်ချွမ်းက တီးတိုးရေရွတ်လိုက်၏။ ထိပ်တန်းဆယ်ယောက်စာရင်းတွင် ရှိနေသည့် လူများအားလုံးတို့သည် တကယ်ပင် အားကောင်းလှသည့်လူများဖြစ်၏။ ၎င်းတို့ တိုက်ခိုက်လိုက်သည့် အချိန်တွင် ၎င်းတို့၏ ကာကွယ်စောင့်ရှောက်သူများ အားလုံးတို့သည် တိုက်ပွဲထဲသို့ ဝင်ကာ တိုက်ခိုက်လျက်ရှိ၏။ နှစ်ဘက်ခြမ်းသည် ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်ကို ရရှိရန်အတွက် ပြင်းပြင်းထန်ထန်နှင့် တိုက်ခိုက်လျက် ရှိနေ၏။

“ဒီလောက် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေပြီ ဆိုမှတော့ ငါတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းအတွက် အခွင့်အရေးက ရောက်ရှိလာသင့်နေပြီ” ကျန်းပိုင်ချွမ်းသည် အသာရယ်မောလိုက်သည်။

အရာအားလုံးသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ခန့်မှန်းခဲ့သည့်အတိုင်း ဖြစ်လို့နေ၏။ သူ၏ အကြည့်များသည် တိုက်ပွဲ တည်နေရာဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုလိုက်ပြီး လူပေါင်းများစွာတို့ တိုက်ခိုက်နေသည့် မနီးမဝေး တည်နေရာဆီသို့ ရောက်ရှိသွား၏။ ထိုနေရာတွင် တောင်ကြားတစ်ခု တည်ရှိနေပြီး ပန်းရနံ့များ မွှေးပျံ့လျက် ရှိနေ၏။ ကမ္ဘာခြားမှ နတ်ဘုံနတ်နန်း တစ်ခုကဲ့သို့ပင်။

တောင်ကြား၏ အလယ်တည်နေရာမှာတော့ တူညီသည့် အလင်းတန်းများ ထွက်ပေါ်နေသည့် အရောင်လေးမျိုး နှင့်ပန်းများ ပွင့်လန်းလျက်ရှိနေတော့၏။ ထိုအရာဆီမှ မတူညီသည့် အော်ရာလေးမျိုး ထွက်ပေါ်လျက်ရှိသည်။ မြေ၊ မီး၊ ရေ၊ လေ စသည့် အော်ရာများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံသွားစေ၏။ တကယ်ပင် ဆန်းကြယ်လွန်းလှ၏။ ဤအရာသည် ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်များပင် ဖြစ်သည်။

တကယ်တမ်း တိုက်ခိုက်နေသည့် လူများသည် ဤတည်နေရာကို ရှောင်ရှားကာ တိုက်ခိုက်နေ၏။ စိတ်ဝိညာဉ် ဆေးပင်များ တစ်ခုခု သက်ရောက်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေမည်။

All Chapters