အခန်း (၁၇၇)
Vol. 12 Ch. 177
ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ နတ်သားတော်အနေနှင့် ဘာများ လုပ်နိုင်မည်နည်း။ သို့ပေမဲ့ သူတို့ အတွေးများပင် မဆုံးသေးချိန်မှာပဲ အားလုံးသောသူတို့သည် ဤအရာမှာ ရယ်စရာမဟုတ်မှန်း နားလည်သွား မိကြ၏။ မြေပြင်တစ်ခုလုံးသည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါလာခဲ့ပြီး ငလျင်လှုပ်သကဲ့သို့ပင် ဖြစ်တည် လာခဲ့၏။
ဝုန်း
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လွန်းလှသည့် အော်သံကြီးသည် မြေပြင်တစ်ခုလုံး ပွင့်ထွက်လုမတတ် ဖြစ်လာခဲ့၏။ ပေထောင်နှင့်ချီကာ ကြီးမားလွန်းပြီး ကြမ်းတမ်းလှသည့် သားရဲရိုင်းကြီးတစ်ကောင် ထွက်ပေါ်လာခဲ့၏။ ၎င်းသည် နဂါးကြီးတစ်ကောင်ကဲ့သို့ပင် ကြီးမားလွန်းလှ၏။ ရှည်လျားလွန်းလှသည့် လက်သည်းကြီးများကို ထုတ်ဖော်ကာဖြင့် တွေ့သမျှ မြင်သမျှကို စတင်ကာ တိုက်ခိုက်တော့သည်။
တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေသည့် ကျန်းပိုင်ချွမ်းသည် တစ်ချက်ကလေးမှ မလှုပ်ခဲ့ချေ။ သူသည် လက်ထဲတွင် ကျောက်စိမ်းပြားကို အသာကိုင်ဆောင်ထားခဲ့၏။ ဤကျောက်စိမ်းပြားသည် သူ၏ဆရာ လက်ဆောင်ပေးခဲ့သည့် အရာတစ်ခုဖြစ်ပြီး သူတော်စင်တစ်ယောက်၏ တိုက်ခိုက်ချက် ခြောက်ချက်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်၏။ နတ်အဆင့် သားရဲတစ်ကောင်၏ တိုက်ခိုက်မှုဆိုလျှင် အကြိမ်ခြောက်ဆယ်၊ ခုနှစ်ဆယ် လောက်ပင် ခံနိုင်မှာ သေချာ၏။
တဘုန်းဘုန်း အသံများ ကြားထဲမှာပင် ကျန်းပိုင်ချွမ်းသည် တည်တည်ငြိမ်ငြိမ် တည်ရှိလျက် ရှိနေ၏။ ၎င်းသည် အားလုံးသော အသံများအားလုံးကို လျစ်လျှူရှုထားခဲ့၏။ ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင် တည်ရှိရာ တည်နေရာဆီသို့ သူသည် အသာလှမ်းဝင်လိုက်၏။ လက်ထဲတွင် လက်စည်း သင်္ကေတတစ်ခုကို ဖန်တီးပြုလုပ်ပြီးသည့်နောက် အကန့်အသတ်အစီအရင်ထဲသို့ တိုးဝင်လိုက်သည်။
ကျန်းပိုင်ချွမ်း တောင်ကြားထဲသို့ ဝင်သွားသည်ကို မြင်သည့်အချိန်မှာတော့ သားရဲရိုင်းတော်တော်များများ ထွက်ပေါ်လာခဲ့ပြန်၏။ ၎င်းတို့သည် တည်နေရာတစ်ခုလုံးကို ဝိုင်းပတ်ပြီး အော်ဟစ်ကာဖြင့် ဝင်ရောက်လာခဲ့ကြ၏။
"သောက်ကျိုးနည်း"
အားလုံးသော သူတို့သည် အံ့အားသင့်သွားမိ၏။ ဤကဲ့သို့ လုပ်၍ရနေသည်လား။ များပြားလှသည့် ကလန်အသီးသီးမှ ပါရမီရှင်များသည် တိုက်ခိုက်မှုကို ပြုလုပ်နေကြသော်လည်း လှမ်းကာ ကြည့်ရှုလိုက် မိကြသည်။
သားရဲရိုင်းများသည် သာမန်ထက်ပိုကာ အားကောင်းလွန်းလှ၏။ နတ်အဆင့် ထိပ်ဆုံးတွင်ရှိသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။ ဤလျှို့ဝှက်နယ်မြေ၏ ဖိနှိပ်မှုကြောင့်သာ မဟုတ်ပါက ထိုသတ္တဝါများသည် သူတော်စင်အဆင့် သားရဲအဖြစ်သို့ပင် ရောက်ရှိနေနိုင်လောက်၏။
တစ်ကောင်တည်း ဆိုလျှင် ကိစ္စမရှိဘူးဆိုသော်လည်း သားရဲရိုင်းများအားလုံး ပူးပေါင်းပြီး တိုက်ခိုက်မည်ဆိုလျှင် တကယ့်ကို ပြဿနာများလှသည့်အရာ ဖြစ်လာခဲ့လေ၏။ ထို့ကြောင့် အခြေအနေသည် တကယ့်ကို ရုန်းရင်းဆန်ခတ် နိုင်လွန်းလှသည်။
တောင်ကြားထဲမှာတော့ ကျန်းပိုင်ချွမ်းသည် သူ၏ ဝတ်စုံပေါ်တွင် ရှိနေသည့် ဖုန်များကို အသာသုတ် ပြီး ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်၏။ ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင် နားဆီသို့ ချဉ်းကပ်ပြီးသည့်နောက် အကိုင်းအခတ်တစ်ခုကို ခုတ်ယူပြီး ကျောက်စိမ်း သေတ္တာထဲသို့ ထည့်သွင်းကာ စည်းခတ်လိုက်လေ၏။
ဖြစ်စဉ်တစ်ခုလုံးကို ကြည့်ရှုလျက် ရှိနေသည့် အားလုံးသော သူတို့သည် နှမျောသလို ခံစားနေမိ၏။ ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်၏ အကိုင်းအခတ်တစ်ခုကို ထိုကဲ့သို့ ကျန်းပိုင်ချွမ်းက ကြားဖြတ် ယူငင်သွားခဲ့လေသည်လား။
"ဒါ နည်းနည်း မနည်းလွန်းဘူးလား"
ကျန်းပိုင်ချွမ်းသည် မေးစေ့ကို ပွတ်သပ်ကာဖြင့် စဉ်းစားလိုက်မိ၏။ သူခုတ်ဖြတ်လိုက်သည့် ပန်းပင်၏ အကိုင်းအခတ်သည် အနည်းငယ် နည်းပါးလို့ နေခဲ့၏။ သို့ပေမဲ့ သူ့အနေနှင့် ထပ်မံ မလှုပ်ရှားရသေးခင်မှာပဲ ရေခဲကဲ့သို့ အေးစက်လွန်းသည့် အော်ရာများသည် တည်နေရာအနှံ့ဆီမှ ထွက်ပေါ် လာခဲ့၏။
ရီချန်နှင့် အားလုံးသော သူတို့သည် ရတနာပေါ်ပေါက်လာခဲ့ပြီးသည့်နောက် ၎င်းတို့၏ ဓားချီများကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်ကြသည်။
ကျန်းပိုင်ချွမ်းသည် တကယ်ပင် ဉာဏ်ကောင်းလွန်းလှ၏။ သူသည် ကျောက်စိမ်းပြားကို အသာထုတ်ယူပြီးသည့်နောက် လေထဲသို့ ဝှေ့ယမ်းလိုက်၏။
"ကျုပ်ကို လိုက်ပို့ပေးဖို့ မလိုပါဘူး"
ပြောပြီးသည့်နောက် သူသည် အစီအရင်ထဲမှ ပျံသန်းထွက်ခွာလိုက်၏။ ကြမ်းတမ်းလှသည့် သားရဲရိုင်းကြီးတစ်ကောင်သည် သူ့အား ရိုက်နှက်လိုက်လေ၏။ သူသည် ထိုကဲ့သို့သော ရိုက်ချက်နှင့်အတူ ကောင်းကင်ယံအဝေးဆီသို့ လွင့်စင်သွားလေ၏။ သူသည် ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်၏ အစိတ်အပိုင်းတချို့ကို ယူငင်သွားလေပြီး ဖြစ်သည်။
"ဒီသားရဲရိုင်း ဒီနေရာမှာ ရှိတယ်ဆိုတာကို ကျန်းပိုင်ချွမ်း ဘယ်လိုသိတာလဲ"
"ကျုပ် မသေချာပါဘူး။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ကောင်းကင်လျှို့ဝှက်နန်းဆောင်မှာရှိတဲ့ သတင်း အချက်အလက်တွေ ဝယ်ယူထားတာနေမယ်။ ဒီသတင်း အချက်အလက်တွေက သားရဲရိုင်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေပဲနေမယ်"
"ဒါနဲ့ စောဏတုန်းက ပါရမီရှင်တွေ တိုက်ခိုက်လိုက်တာ သူတော်စင်အဆင့် နည်းလမ်းတွေ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ကျန်းပိုင်ချွမ်းက တောင့်ခံနိုင်တာလဲ"
"ကျန်းပိုင်ချွမ်းရဲ့ ကျောက်စိမ်းပြားက သူတော်စင်အဆင့် တိုက်ခိုက်ချက်တွေကို တောင့်ခံနိုင်တာပဲ ဖြစ်ရမယ်။ အားလုံးသော သူတွေဆီမှ ဝှက်ဖဲတွေ ရှိတယ်လေ။ သူလည်း တူတူပဲပေါ့"
"အင်း.. သူတော်စင်အဆင့် နည်းလမ်းတွေက တကယ့်ကို အားကောင်းလွန်းတယ်။ တစ်ကြိမ် အသုံးပြုပြီးပြီ ဆိုရင်တောင် မိုင်ထောင်ချီပတ်လည်အတွင်း သက်ရောက်နေမှာပဲ"
ကျန်းပိုင်ချွမ်းသည် ထွက်ခွာသွားခဲ့ပြီဖြစ်၏။ အားလုံးသော သူများသည် နဝေတိမ်တောင်ဖြင့် ကျန်ရစ်ခဲ့၏။
စောနကလေးတင် ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်ကို မည်သူမှ ယူဆောင်နိုင်လိမ့်မည် မဟုတ်ဟု အားလုံးက ယုံကြည်ထားကြသည်။ သို့ပေမဲ့ ကျန်းပိုင်ချွမ်းသည် ထိုအရာကို ဝင်ရောက်ကာ ယူငင်ရုံတင်မက တည်တည်ငြိမ်ငြိမ်နှင့်ပင် ပြန်လည်ကာ ထွက်ခွာသွားခဲ့သည်။
၎င်း၏ ထွက်ခွာသွားမှုပုံစံသည် ကြည့်မကောင်းလှသော်လည်း တကယ်ပင် ကွာစီအင်ပါယာအဆင့် စိတ်ဝိညာဉ်ဆေးပင်၏ အစိတ်အပိုင်းတချို့ကို ရယူသွားခဲ့လေ၏။
"မဆိုးဘူး။ ငါတော်တော်ကြီး စိတ်ဝင်စားနေမိပြီ။ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီက ဘယ်လိုသတင်းအချက်အလက်မျိုးကို ဝယ်ယူခဲ့တာလဲ" နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် မုတ်ဆိတ်မွှေးကို အသာပွတ်ကာ မျက်မှောင်ကုတ်ရင်း ပြောဆိုလိုက်မိသည်။