ဆရာဖြစ်သူကိုအိမ်ထောင်ချပေးရန်
Vol. 12 Ch. 161
အခန်း (၁၆၁) ဆရာဖြစ်သူကိုအိမ်ထောင်ချပေးရန်
အမှန်တရားမျက်လုံးက ရှောင်ယွိ၏ လူသားပုံစံကို ထုတ်ဖော်မပြဘဲ နဂါးအသွင်ကိုသာ ပြသခဲ့လေသည်။
"သူက အခုမှ အမှန်တရားမျက်လုံး တန်ခိုးစွမ်းအား ရရှိထားလို့လား ၊ ဒါမှမဟုတ် သူ့ရဲ့ တန်ခိုးစွမ်းအားက နိမ့်ပါးနေလို့လား" ဟု ကျန်းလန် မကျေမနပ်ဖြင့် တွေးလိုက်သည်။
သို့သော် စိတ်ထဲမထားတော့ဘဲ ရှောင်ယွိ၏ သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ကို ထည့်သွင်းပေးလိုက်သည်။
ရှောင်ယွိကတော့ ကျန်းလန်မေးသည့်မေးခွန်းကို မသိချင်ယောင်ဆောင်လိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်၏။
"ဒီတစ်ခေါက် ဓားဝိညာဉ်ထည့်ပေးတာက (၁၁) ကြိမ်ပြည့်ပြီနော်…"
ထို့နောက် သူမက ကျန်းလန်ကို အလေးအနက်ဖြင့် ကြည့်လိုက်ရင်း…
"အရင်က ဂိုဏ်းတူမောင်လေးထည့်ပေးထားတဲ့ ဓားဝိညာဉ် (၁၀)ခုက ကျွန်မပို့ပေးတဲ့ တောင်သခင်တွေရဲ့ သင်ကြားပို့ချချက် (၁၀)နှစ်စာနဲ့ ကျေသွားပြီနော်… ၊ အခု ဒီတစ်ကြိမ်ထည့်ပေးတဲ့ ဓားဝိညာဉ်က အကြွေးတင်သွားပြီပေါ့… ၊ ဒီတော့ ဒီဓားဝိညာဉ်အတွက် ဂိုဏ်းတူမောင်လေး လိုချင်တာရှိရင် ပြောလို့ရတယ်နော်…"
ထိုစကားကိုကြားသည်နှင့် ကျန်းလန်က ရှောင်ယွိကို လှမ်းကြည့်လိုက်ရင်း…
"အခုတော့ ဘာမှ မလိုသေးဘူး… ၊ နောက်ပိုင်း ကျွန်တော် အကူအညီလိုရင် ဂိုဏ်းတူအစ်မကို ပြောမယ်လေ… ၊ အဲဒီကျ မငြင်းရဘူးနော်…"
"မရပါဘူး…"
ရှောင်ယွိက ချက်ချင်း ပြန်ပြောလိုက်သည်။
"အဲဒီလိုဆိုရင် ကျွန်မက ဂိုဏ်းတူမောင်လေးဆီက ဓားဝိညာဉ်အလကားလာတောင်းပြီး အမြတ်ထုတ်သလို ဖြစ်နေမှာပေါ့…"
"…………………"
ရှောင်ယွိစကားကြောင့် ကျန်းလန် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
သူက ရှောင်ယွိကို နူးညံ့စွာ ကြည့်လိုက်ရင်း…
"ဒါဖြင့် ဂိုဏ်းတူအစ်မက ကျွန်တော့်ကို ဘာလက်ဆောင်ပေးမယ်လို့ တွေးထားလို့လဲ…"
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေး လက်ရေးလှစာလုံးတွေ လေ့ကျင့်ပြီးသွားပြီလား…"
"…………………"
ကျန်းလန် ဆွံ့အသွားသည်။
ဘာပြန်ဖြေရမှန်းမသိသဖြင့် ဘာမှ ပြန်မဖြေမိတော့ပေ။ သစ်သားဓားထဲသို့သာ ဓားဝိညာဉ်ကို အသဲအသန် အာရုံစိုက်ကာ ထည့်သွင်းပေးနေမိတော့သည်။
သူတို့ (၂)ယောက် အတန်ကြာအောင် စကားမပြောဖြစ်ကြတော့ပေ။
ညနေပိုင်းတွင်တော့ ကျန်းလန်က သစ်သားဓားလေးကို ရှောင်ယွိထံ ပြန်ပေးလိုက်၏။
ရှောင်ယွိက သစ်သားဓားလေးကို ယူလိုက်ပြီး စိတ်ကျေနပ်သွားဟန်ဖြင့် တစ်ချက်ဝှေ့ရမ်းလိုက်သည်။
နဂါးသုတ်သင်ဓားဝိညာဉ်က အပိုအလိုမရှိ ယခင်ကနှင့် အတူတူပင် ဖြစ်ပြီး (၃)နှစ်ကြာလျှင်တော့ ဓားဝိညာဉ်က ပျက်စီးသွားမည်ဖြစ်သည်။
"ဂိုဏ်းတူမောင်လေး… ရှင်သာ အချိန် ရှစ်နှစ် ၊ ဆယ်နှစ်လောက် ခရီးရှည်ထွက်မယ်ဆိုရင် ဒီ နဝမတောင်ထွတ်မှာလုပ်ထားတဲ့ အစီအရင်တွေက စွမ်းအားလျော့နည်းသွားနိုင်မလား…"
မက်မွန်တောဆီ အပြန်လမ်းတွင် ရှောင်ယွိက ကျန်းလန်ကို မေးလိုက်ခြင်း ဖြစ်၏။
"ဟင့်အင်း… ဒီအစီအရင်တွေက စွမ်းအားလျော့မသွားနိုင်ဘူး… ၊ ထူးခြားတဲ့ပြောင်းလဲမှုတစ်ခုခု မဖြစ်ဘူးဆိုရင် နောင်နှစ် (၁၀၀)အတွင်း ဘာပြဿနာမှ မရှိနိုင်ဘူး…"
ကျန်းလန်က ရှင်းပြလိုက်သည်။
အစီအရင်များပြုလုပ်ထားသည့် မြေအောက်တွင် ဝိညာဉ်စွမ်းအားများစွာ စုစည်းထားသည်။ ထို့ပြင် အစီအရင်တိုင်းတွင်လည်း ခိုင်မာသည့် အခြေခံအုတ်မြစ်များရှိသည်။
ထိုအရာများအားလုံး တစ်ပြိုင်နက်တည်း ပျက်စီးသွားရန်မှာ မဖြစ်နိုင်ပေ။
"ဒါဖြင့် သူ တကယ်ပဲ ခရီးအကြာကြီး ထွက်သွားတော့မှာပဲ… ၊ (၃)နှစ်နေလို့လည်း ပြန်ရောက်ချင်မှ ရောက်လာမှာပေါ့…"
ရှောင်ယွိ တွေးလိုက်သည်။
ထို့နောက် သူမက…
"အင်း… ခရီးရှည်ထွက်မယ်ဆိုတော့ ဂိုဏ်းတူမောင်လေးမှာ ဓားကောင်းတစ်လက်တော့ လိုမှာပဲ… ၊ ရှင့်မှာ ဓားကောင်းကောင်း မရှိဘူးမဟုတ်လား…"
ကျန်းလန် ဓားအသုံးပြုသည်ကို ရှောင်ယွိ အကြိမ်အနည်းငယ် တွေ့မြင်ဖူးသည်။ သူ အသုံးပြုသည့်ဓားများက သာမန်ဝိညာဉ်ဓားများသာ ဖြစ်သည်။
ကျန်းလန်က ခေါင်းညိတ်ပြလိုက်သည်။
သူ့တွင် သာမန်ဓားများသာရှိပြီး အမှန်တကယ်ကောင်းမွန်သည့် ဝိညာဉ်ဓားများ မရှိပေ။
သို့သော် သူက လက်သီးဖြင့်သာ တိုက်ခိုက်သူဖြစ်ရာ ဓားသုံးလေ့မရှိပေ။ ဓားကိုအသုံးပြုတိုက်ခိုက်ခြင်းက အလွန်နှေးကွေးသလို စွမ်းအားနည်းသည်ဟု ခံစားရသည်။
ရှောင်ယွိက လက်တစ်ဖက်ဝှေ့ရမ်းလိုက်လေရာ သူမလက်ထဲတွင် ဓားတစ်လက် ထွက်ပေါ်လာသည်။ ထိုဓားက သူမအသုံးပြုနေကျ ကြည်ပြာရောင်ဓား ဖြစ်၏။
သူမက…
"ဒါဖြင့်… ကျွန်မရဲ့ ဓားကို ဂိုဏ်းတူမောင်လေးကို ငှားလိုက်မယ်လေ…"
အတန်ကြာမှ သူမက စကားဆက်ပြောသည်။
"ဒီဓားကို ဆောင်းဝိညာဉ်ဓားလို့ ခေါ်တယ်… ၊ အကောင်းဆုံးဓားတစ်လက်မဟုတ်ပေမယ့် ဓားကောင်းတစ်လက်ပါပဲ… ၊ ဒါပေမဲ့ ဂိုဏ်းတူမောင်လေး ခရီးကပြန်လာရင်တော့ ဒီဓားကို ကျွန်မကို ပြန်ပေးရမယ်နော်… ၊ ဒီဓားက ကျွန်မ အမြဲအသုံးပြုတဲ့ ဓားမို့လို့ပါ…"
"ကျေးဇူးအများကြီးတင်ပါတယ်… ဂိုဏ်းတူအစ်မ…"
ကျန်းလန်က ကျေးဇူးတင်စကားနှင့်အတူ ရှောင်ယွိ၏ဓားကို လှမ်းယူလိုက်သည်။
အမှန်ဆိုလျှင် ကျန်းလန်အတွက် ဓားကောင်းတစ်လက် မလိုအပ်ပေ။
မည်မျှကောင်းသည့်ဓားဖြစ်ပါစေ ကျန်းလန်အတွက်တော့ လက်သီးကိုအသုံးပြုရခြင်းလောက် အဆင်မပြေလှပေ။
သို့သော် ကျန်းလန် ရှောင်ယွိ၏ဓားကို ယူလိုက်သည်က အကြောင်းရှိ၏။ ထိုဓားကို ယူထားခြင်းအားဖြင့် ခရီးမှ ပြန်ရောက်သည်နှင့် ဓားပြန်ပေးရန် အကြောင်းပြချက်ဖြင့် ချက်ချင်း ရှောင်ယွိနှင့် တွေ့ဆုံနိုင်မည် ဖြစ်လေသည်။
"ကဲ… ဒါဖြင့် ခရီးက အမြန်ဆုံးပြန်လာခဲ့နော်… ဂိုဏ်းတူမောင်လေး…"
ရှောင်ယွိက ကျန်းလန်ကို အမှာစကား ပြောလိုက်သည်။
သို့သော် ထိုမျှလောက်သောအမှာစကားလေးက ယေဘူယျဆန်လွန်းသည်ဟု သူမ ခံစားလိုက်ရသည်။
သူမနှင့် စေ့စပ်ထားသည့် ခင်ပွန်းလောင်းက ခရီးရှည်ထွက်မည်ဖြစ်လေရာ သူမအနေဖြင့် ဒီထက်ရှည်လျားသည့် အမှာစကာတစ်ခုခု ထပ်ပြောရန် လိုအပ်သည် မဟုတ်ပါလား။
ထို့နောက် ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေး… ခရီးရှည်ထွက်မယ်ဆိုတော့ … ခရီးထွက်ရတဲ့အကြောင်းရင်းကို အမြဲတမ်း အမှတ်ရနေပါ… လမ်းပျောက်မသွားပါစေနဲ့…"
ပြောပြီးသည်နှင့် ရှောင်ယွိ အဝေးသို့ ထွက်ပြေးသွားလေသည်။
ပြီးမှ ကျန်းလန်ရှိရာသို့ နောက်ပြန်လှည့်ကြည့်ရင်း နောက်ပြောင်ကျီစယ်ဟန် လျှာထုတ်ပြလိုက်ပြီး ဓားကိုစီးနှင်ကာ ကျောက်စိမ်းရေကန်သို့ တစ်ချိုးတည်းလစ်လေတော့သည်။
"………………"
ကျန်းလန် ဆွံ့အသွားသည်။
ရှောင်ယွိက ထိုသို့ မျက်နှာပြောင်လေတိုင်း ခံစားချက်ကင်းမဲ့သည့်လုန်ယွိ၏ မျက်နှာကို ကျန်းလန် အမြဲတမ်း အမှတ်ရမိသည်။
ရှောင်ယွိနှင့် လုန်ယွိ မည်သည်က နဂါးမယ်လေးရဲ့ ပုံစံအမှန်လဲ...။
နှစ်မျိုးလုံးသည်လည်း ပုံစံအမှန် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
သိပ်အများကြီး မတွေးတော့ဘဲ ကျန်းလန် ခြံဝန်းထဲ ပြန်လာခဲ့သည်။ ရှောင်ယွိကို နှုတ်ဆက်ပြီးပြီ ဖြစ်လေရာ မနက်ဖန်ခရီးထွက်ရန်အတွက် ပြင်ဆင်ရပေတော့မည်။
မည်သည့်နေရာသို့ ခရီးထွက်ရမည်ကို ကျန်းလန် ဆုံးဖြတ်ရပေမည်။
………………
ည…
ကျန်းလန် အိမ်ခေါင်မိုးထက်သို့တက်လာလေသည်။
ထို့နောက် မြေပုံတစ်ခုကိုထုတ်ယူလိုက်ပြီး ကြယ်ရောင်များအောက်တွင် အချိန်ကြာမြင့်စွာ လေ့လာနေလေသည်။
ပျက်သုဉ်းတစပြင်လောကကြီးကို အရှေ့ဘက်စွန့်ပစ်နယ်မြေ ၊ အနောက်ဘက်စွန့်ပစ်နယ်မြေ ၊ တောင်ဘက်စွန့်ပစ်နယ်မြေ ၊ မြောက်ပိုင်းစွန့်ပစ်နယ်မြေနှင့် အလယ်ပိုင်းလွင်ပြင်ဒေသဟု အကြမ်းဖျင်းခွဲခြားနိုင်သည်။
ခွန်လွန်တောင်က အနောက်ဘက်စွန့်ပစ်နယ်မြေဒေသ၏ အလယ်ဗဟိုတွင် တည်ရှိသည်။
အနောက်ဘက်စွန့်ပစ်နယ်မြေ ၊ မြောက်ဘက်စွန်းတွင်တော့ မှော်ဝင်တိမ်တိုက်တောင် တည်ရှိပြီး မြောက်ပိုင်းစွန့်ပစ်နယ်မြေနှင့် တစ်ဆက်တည်းဖြစ်သည်။
ထိုနေရာက နတ်မိစ္ဆာများနှင့် နဂါးမျိုးနွယ်များ တိုက်ပွဲဖြစ်ရာနေရာနှင့် အလွန်နီးကပ်၏။
အရှေ့ဘက်စွန့်ပစ်နယ်မြေဒေသသို့ သွားမည်ဆိုလျှင် အလယ်ပိုင်းလွင်ပြင်ဒေသကို ဖြတ်ကျော်ရမည် ဖြစ်သည်။
အလယ်ပိုင်းလွင်ပြင်ဒေသက နတ်လူသားမျိုးနွယ်များ နေထိုင်ရာ နေရာဖြစ်လေရာ ကျန်းလန် ထိုနေရာသို့ သွားရောက်လိုခြင်း မရှိပေ။
"ဒါဖြင့် ငါသွားနိုင်တဲ့နေရာဆိုလို့ တောင်ပိုင်းစွန့်ပစ်နယ်မြေဒေသပဲ ရှိတော့တာပေါ့…"
မြေပုံကိုကြည့်ရင်း ကျန်းလန် ရေရွတ်လိုက်သည်။
မည်သည့်နေရာသို့ သွားရပါမည်လဲ သူ စဉ်းစားနေမိသည်။ စဉ်းစားရင်းဖြင့် ကျန်းလန် တစ်စုံတစ်ခု တွေးလိုက်မိသည်။
သူ့အနေဖြင့် အခြား စွန့်ပစ်နယ်မြေဒေသများသို့ နယ်ကျော်ပြီး သွားရောက်ရန် မလိုအပ်ပေ။ ခွန်လွန်တောင်တည်ရှိရာ အနောက်ဘက်စွန့်ပစ်နယ်မြေသည်ပင် အလွန်ကျယ်ပြန့်သည်ဖြစ်ရာ သွားစရာနေရာများ များစွာရှိလေသည်။
ထို့ကြောင့် မည်သည့်နေရာသို့ သွားမည်ဖြစ်စေ အနောက်ဘက်စွန့်ပစ်နယ်မြေဒေသမှ နယ်မကျော်ရန် သူ ဆုံးဖြတ်လိုက်သည်။
ထို့ပြင် အင်မော်တယ်မဖြစ်သေးသရွေ့ နယ်ကျော်ပြီး မထွက်ခွာသည်က အကောင်းဆုံး ဖြစ်သည်။
သူက တန်ခိုးစွမ်းအားမြင့်မားလွန်းခြင်းလည်း မရှိသလို အချိန်လည်းသိပ်မရလေရာ အဝေးကြီးလျှောက်သွားရန် မဖြစ်နိုင်ပေ။
ထိုသို့ဆိုလျှင် အလယ်ပိုင်းလွင်ပြင်ဒေသကိုပါ အလိုလိုရှောင်ရှားပြီးသား ဖြစ်သွားပေလိမ့်မည်။
ပျက်သုဉ်းတစပြင်လောကကြီးတွင် ခရီးရှည်တစ်ခုထွက်မည်ဆိုပါက စွမ်းအားကြီးမားသည့် မျိုးဗီဇပြောင်းသားရဲများနှင့် ရင်ဆိုင်ရနိုင်သလို ထူးဆန်းနယ်မြေများနှင့်လည်း ကြုံတွေ့ရနိုုင်သည်။
ကျန်းလန် သိသလောက် ထူးဆန်းနယ်မြေများအတွင်းသို့ ဝင်ရောက်သွားမိသူများသည် ဤလောကကြီးမှ ထာဝရပျောက်ကွယ်သွားတတ်ကြသည်။
ထိုသူများ မည်သည့်နေရာသို့ ရောက်ရှိသွားကြောင်း မည်သူမှ မသိကြပေ။
ထိုသူများ အခြားလောကတစ်ခုသို့ ရောက်ရှိသွားခြင်း ဖြစ်နိုင်ကြောင်း အင်မော်တယ်တစ်ယောက်ကတော့ ရှင်းပြဖူးသည်။
ယခင်က ကျန်းလန် အနောက်ဘက်စွန့်ပစ်နယ်မြေတွင် သာမန်လူအဖြစ်နေထိုင်စဉ်က သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးသည်။
ထိုသူငယ်ချင်းမှာ သူနေထိုင်သည့်နေရာမှ ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပြီး အရှေ့ဘက်စွန့်ပစ်နယ်မြေသို့ ရောက်ရှိသွားခဲ့သည်။
နောက်မှ အခက်အခဲများစွာကိုကျော်ဖြတ်ကာ ထိုသူငယ်ချင်း အနောက်ဘက်ဒေသသို့ ပြန်ရောက်လာခဲ့သည်။
ပျက်သုဉ်းတစပြင်လောကကြီးတွင် နေထိုင်သူများအနေဖြင့် အချိန်မရွေးလေထဲသို့ လွင့်ပြယ်ပျောကွယ်သွားနိုင်လေသည်။
ထို့ကြောင့် ခရီးရှည်ထွက်မည်ဆိုလျှင် ထိုကိစ္စများအားလုံးကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
အချိန်အတန်ကြာ တုန့်ဆိုင်းနေပြီးနောက် ကျန်းလန် အနောက်ဘက်တောင်တန်းများဆီသို့ ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။
အနောက်ဘက်တောင်တန်းများက အနောက်ဘက်စွန့်ပစ်နယ်မြေ ၊ အနောက်စူးစူးတွင် တည်ရှိသည်။ ခွန်လွန်တောင်မှ ခရီးနှင်မည်ဆိုလျှင် အချိန် (၃)လခန့် ကြာမြင့်မည် ဖြစ်၏။
ထိုဒေသက လူနေကျဲပါးပြီး ဝိညာဉ်သားရဲများစွာ နေထိုင်ကြသည်။
ဝိညာဉ်သားရဲများက တန်ခိုးစွမ်းအားသိပ်မကြီးမားကြသလို ပတ်ဝန်းကျင်အခြေအနေကလည်း သိပ်မဆိုးလှပေ။ တောင်တန်းဒေသဖြစ်သောကြောင့် မြေပြင်အနေအထားကတော့ မတ်ဆောက်သည်။
သို့သော် အနောက်ဘက်တေင်တန်းများက လူစားသည့်တောင်တန်းများဟု ကျော်ကြား၏။ အဘယ်ကြောင့်ဆိုသော် ထိုဒေသမှ သစ်ပင်များကြောင့် ဖြစ်သည်။
လူတစ်ယောက်ချဉ်းကပ်လာသည်နှင့် သစ်ပင်များက အလွယ်တကူပင် ဆွဲယူမြိုချပစ်ကြသည်။ ထို့ကြောင့်လည်း ထိုဒေသတွင် လူနေကျဲပါးခြင်း ဖြစ်သည်။
ထိုနေရာတွင် အဖိုးတန်မှော်ဝင်ပစ္စည်းများလည်း မရှိသောကြောင့် ကျင့်ကြံသူများလည်း သိပ်ပြီးသွားလာလေ့ မရှိကြပေ။
"မဖြစ်သေးဘူး… အဲဒီနေရာက အဆင်မပြေရင် ပြောင်းဖို့အတွက် နောက်ထပ်တစ်နေရာလောက် ရှာထားရမယ်…"
တွေးရင်း ကျန်းလန် မြေပုံကို ဆက်လေ့လာလိုက်သည်။
ကျန်းလန်ရွေးခြယ်လိုက်သည့် ဒုတိယနေရာကတော့ အနောက်ဘက်စွန့်ပစ်နယ်မြေ ၊ တောင်ပိုင်းရှိ အထီးကျန်ကန္တရာဒေသ ဖြစ်သည်။
ထိုကန္တာရက အန္တရယ်တော့များ၏။
သို့သော် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားဖြင့်ဆိုလျှင် အန္တရယ်ရှိလာသည်နှင့် ကန္တာရထဲမှ ချက်ချင်းထွက်ခွာသွားနိုင်မည် ဖြစ်သည်။
ကျန်းလန်က အစီအရင်ပညာလည်းတတ်ကျွမ်းသလို မှော်ဝင်ပစ္စည်းများစွာလည်း ပိုင်ဆိုင်ထားလေရာ အန္တရယ်ကျရောက်ပါက သေချာပေါက် ရှောင်တိမ်းနိုင်မည် ဖြစ်သည်။
ခရီးထွက်ရန် နေရာ (၂)ခုကို အတည်ပြုပြီးနောက် ကျန်းလန် ကောင်းကင်ထက်မှ ကြယ်စင်များကို မော့ကြည့်လိုက်သည်။
မဟူရာညကောင်းကင်တွင် ကြယ်စင်များက တောက်ပစွာ လင်းလက်လျှက် ရှိလေသည်။
တစ်နေ့တွင်တော့ ထိုကြယ်စင်များထဲမှ ကြယ်စင်တစ်စင်းကို သေချာပေါက် ဆွတ်ခြူနိုင်ရမည်ဟု ကျန်းလန် တွေးလိုက်မိလေသည်။
…………………
နောက်တစ်နေ့နံနက်…
ရောင်နီမလာခင်မှာပင် ကျန်းလန် အိပ်ယာမှ နိုးလာလေသည်။
လေပြေအေးက သူ့ဆံနွယ်များကို ဖြတ်သန်းတိုက်ခတ်သွားသည့်အခါ အေးစိမ့်မှုက သူ့စိတ်ကို လန်းဆန်းသွားစေသည်။
"ဆရာ့ကို သွားနှုတ်ဆက်ရမယ်…"
မနေ့ညက မြေပုံကို လေ့လာပြီးနောက် ကျန်းလန် တစ်ညလုံး အိပ်နေခဲ့လေသည်။
ကျင့်ကြံသူတစ်ယောက်ဖြစ်လာပြီးနောက်ပိုင်း သူ့ဘဝတွင် ပထမဆုံးအကြိမ်အိပ်ခြင်း ဖြစ်၏။ ခရီးရှည်ထွက်ရမည်ဖြစ်ရာ သူ့အခြေအနေက အကောင်းဆုံးဖြစ်နေရန် လိုအပ်သည်။
ခရီးထွက်ရန်အတွက် ကျန်းလန် ပြင်ဆင်မှုများစွာ ပြုလုပ်ထားခဲ့ပြီး မှော်ဝင်ပစ္စည်းများ ၊ အင်းသင်္ကေတများ ၊ ပြဒါးဆေးများနှင့် အစီအရင်များစွာကို စုဆောင်းထားခဲ့သည်။
အရေးပေါ် အခြေအနေဆိုလျှင် ထိုပစ္စည်းများကို အသုံးပြုရမည် ဖြစ်သည်။
ကျန်းလန် နဝမတောင်ထွတ်အစွန်းသို့ ရောက်လာလေသည်။ မော့ကျန်းသုန့်က ထုံးစံအတိုင်းပင် တောင်ထွတ်အစွန်းတွင် မတ်တတ်ရပ်လျှက် ရှိလေ၏။
သူက…
"မင်း ဒီနေ့ ခရီးထွက်တော့မယ်ပေါ့..."
ကျန်းလန်က...
"ဟုတ်... ကျွန်တော် စောစောသွားပြီး စောစောပြန်လာခဲ့ပါ့မယ်..."
မော့ကျန်းသုန့်က...
"မင်းအတွက် ခရီးထွက်တယ်ဆိုတာ ခပ်ရှားရှားကိစ္စပဲ မဟုတ်လား... ၊ လောကကြီးကို များများမြင်အောင်ကြည့်ပြီး များများတွေးခေါ်နိုင်အောင် ကြိုးစားခဲ့ပါ… ၊ အရမ်းလည်း မလောနဲ့ ခရီးကို အေးအေးဆေးဆေးပဲ သွားပေါ့…"
ကျန်းလန်က ဦးညွှတ်အရိုအသေပြုလိုက်ရင်း...
"တပည့် နားလည်ပါပြီ..."
မော့ကျန်းသုန့်က လက်တစ်ဖက်ဝှေ့ရမ်းလိုက်ရင်း...
"သွား... သွား... ပြင်ပလောကရဲ့ အတွေ့အကြုံတွေ ရှာလာခဲ့..."
ကျန်းလန် ဆရာဖြစ်သူကို ဦးညွှတ်ဂါရဝပြုလိုက်ပြီး နဝမတောင်ထွတ်မှ ထွက်ခွာသွားလေတော့သည်။
သူကတော့ ဆရာဖြစ်သူကို စိတ်ပျက်စေတော့မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော သူက ပြင်ပလောကကို လေ့လာရန် ခရီးထွက်ခြင်းမဟုတ်ဘဲ အင်မော်တယ်အဖြစ် အဆင့်တက်ရန် နေရာရှာခြင်းသာ ဖြစ်သည် မဟုတ်ပါလား။
အင်မော်တယ်ဖြစ်သည်နှင့် သူက တောင်ပေါ်သို့ ချက်ချင်း ပြန်လာမည် ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက် အင်မော်တယ်ဖြစ်သွားပြီးသည်နှင့် ကျင့်ကြံခြင်းအရှိန်က သိသိသာသာ နှေးကွေးသွားမည် ဖြစ်သည်။
ထိုအချိန်ရောက်မှ ဆရာဖြစ်သူကို အိမ်ထောင်ချပေးရန် အေးအေးဆေးဆေး စီစဉ်ရပေမည်။
ဆရာဖြစ်သူတွင် ဇနီးတစ်ယောက် ရှိရန်လိုအပ်လေသည်။ မဟုတ်ပါက နောက်ပိုင်းနေ့ရက်များတွင် ဘဝကို အထီးကျန်စွာ ဖြတ်သန်းရပေလိမ့်မည်။
တပည့်ဖြစ်သည့်ကျန်းလန်က ဆရာဖြစ်သူကို အမြဲတမ်း ဂရုစိုက်ပေးနိုင်မည်မဟုတ်သလို ပျင်းရိငြီးငွေ့မှု ပြေပျောက်စေရန် စကားစမြည်လည်း ပြောပေးနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ဆရာဖြစ်သူအနေဖြင့် အိမ်ထောင်ပြုသည်က အသင့်တော်ဆုံး ဖြစ်သည်။
ကျန်းလန် နဝမတောင်ထွတ်မှ လမ်းလျှောက်ပြီး ဆင်းလာခဲ့သည်။ ဟိုဟိုဒီဒီ ကွေ့ပတ်မနေတော့ဘဲ ခွန်လွန်တောင်ခြေသို့သာ တန်းဆင်းလာခဲ့သည်။
နတ်လူသားမျိုးနွယ်များ သူ့ကို စောင့်ကြည့်နေကြမည်ဆိုလျှင်လည်း ခပ်မြန်မြန်ပင် သတိပြုမိသွားကြမည် ဖြစ်၏။
သတိမပြုမိဘူးဆိုလျှင်လည်း ကိစ္စ မရှိပေ။ ကျန်းလန်က သူတို့ သတိပြုမိလာစေရန် အရှေ့ဘက်သို့ (၇)ရက်ခန့် ဓားစီးပြီး ပျံသန်းပြလိုက်မည် ဖြစ်သည်။
ထိုသို့ လူလုံးထွက်ပြ၍မှ မည်သည့်ရန်သူမှ ထွက်မလာလျှင်တော့ အနောက်ဘက်တောင်တန်းများဆီ ခရီးနှင်ရမည် ဖြစ်သည်။
သို့သော် ကျန်းလန် ခွန်လွန်တောင်မှ ထွက်လာသည်နှင့် သူ့ကိုစောင့်ကြည့်နေသည့် ခံစားချက်ကို စတင်ခံစားလိုက်ရသည်။
"အမယ်… ငါထင်ထားတာထက်တောင် မြန်နေပါသေးလား… ၊ နတ်လူသားမျိုးနွယ်တွေလား ဘယ်သူတွေလဲတော့ မသိဘူး…"
ကျန်းလန်တွေးလိုက်သည်။
သို့သော် သူက အလျင်လိုခြင်း မရှိဘဲ တောင်ခြေရှိသေရည်ဆိုင်သို့ အရင်ဆုံးသွားရောက်ရန် ဆုံးဖြတ်လိုက်သည်။ သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုကို သူ သိချင်သည့်အကြောင်းအရာများ မေးမြန်းရန် ရှိနေလေသည်။
တောင်ပေါ်လမ်းအတိုင်း ကျန်းလန် အေးအေးဆေးဆေး လမ်းလျှောက်ဆင်းလာခဲ့သည်။
နှစ်ပေါင်း (၅၀) ကြာမြင့်ခဲ့ပြီးနောက် ခွန်လွန်တောင်လမ်းက အသစ်တစ်ဖန် ပြောင်းလဲသွားပြန်ပြီ ဖြစ်ကြောင်း ကျန်းလန် သတိပြုလိုက်မိလေ၏။