မျှတသောအခွင့်အရေး
Vol. 146 Ch. 2178
ထန်ပန်သည် ယန်လောရှု၏ ဘေးပတ်လည်မှာ တိုက်ခိုက်ခြင်းမရှိဘဲ အဆက်မပြတ်လှည့်ပတ်နေ၏။
သို့သော်လည်း သူက အချန်မရွေးတိုက်ခိုက်လာနိုင်သည်ဟုဆိုလိုလေသည်။
မှားယွင်းသောအကဲဖြတ်မှုတစ်ခုက ဒဏ်ရာအပြင်းအထန်ရရှိသွားနိုင်၏။
ယန်လောရှုသည် သက်ပြင်းရှည်တစ်ချက်ကိုမှုတ်ထုတ်ပြီး ရုတ်တရက် သူ၏မျက်လုံးကိုမှိတ်လိုက်၏။
သူက လက်တစ်ဖက်ဖြင့် ဓားကိုဆုပ်ကိုင်ပြီး အလျှော့ပေးလိုက်ပုံရလေသည်။
ထိုအခိုက်အတန့်မှာ ဆူဇီမိုကလည်း တိုက်ပွဲနယ်မြေမှာရှိနေပြီး ထွက်ခွာမသွားနိုင်ပေ။
ရုတ်တရက်ဆိုသလို...
ဆူဇီမို၏ စိတ်ထဲသို့ သတိပေးချက်တစ်ခုဖျတ်ခနဲဝင်ရောက်လာ၏။
ဘယ်ဘက်ခြမ်းမှာ...။
ထိုအတွေးက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည့်ခဏမှာပင် ယန်လောရှုကတိုက်ခိုက်လိုက်ပြီဖြစ်ပြီး ဘယ်ဘက်သို့ သူ၏ ဓားဖြင့် လှမ်းထိုးလိုက်၏။
တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းတစ်ခုက ဖျတ်ခနဲလက်သွားပြီး ဓားသွားကိုဖမ်းဆုပ်ကာ မီးပွားများကို စင်ထွက်သွားစေ၏။
ထန်ပန်သည် သူ၏ တိုက်ခိုက်မှု လွဲချော်သွားပြီးနောက် ရပ်နားခြင်းမရှိဘဲ ဆက်လက်၍ ပြေးလွှားသွားလေသည်။
သိပ်မကြာခင်...
ဆူဇီမို၏ စိတ်ထဲသို့ သတိပေးချက်တစ်ခုကနောက်တစ်ဖန် ဖျတ်ခနဲ ဝင်ရောက်လာ၏။
တစ်ချိန်တည်းမှာပင် ယန်လောရှုက နောက်တစ်ဖန်တိုက်ခိုက်လိုက်၏။
ချွမ်း...
ဓားနှင့်လက်သည်းက ထိတွေ့ရိုက်ခတ်ပြီး ထန်ပန်၏ ပုံရိပ်က ဖျတ်ခနဲလက်ကာ ယန်လောရှု၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားပြန်၏။
အစကနေယခုအချိန်ထိ ယန်လောရှုသည် သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်မလာခဲ့ပေ။
ဆူဇီမိုသည် စိတ်ထဲကနေကြိတ်၍ချီးကျူးလိုက်၏။
သူ၏ အာရုံခံသတိစိတ်သည် တျဲယွဲ့ထံကနေ ဆင်းသက်လာခဲ့ခြင်းဖြစ်ပြီး သူက အန္တရာယ်၏ ဇာစ်မြစ်ကို ဆုံးဖြတ်နိုင်လေသည်။
ယန်လောရှု၏ နည်းလမ်းများကလည်း တကယ့်ကိုပြောက်မြောက်လေသည်။
မှန်ကန်ဖြောင့်မတ်မှုက သူ့ကိုရစ်သိုင်းနေပြီး မမြင်ရသောအော်ရာတစ်ခုကိုဖြစ်ပေါ်လာစေ၏။
ထန်ပန်က တိုက်ခိုက်လိုက်သည်နှင့်အမျှ သူသည် ထိုအော်ရာ၏ မျှခြေကို သေချာပေါက်နှောက်ယှက်မိပေလိမ့်မည်။ ထို့ကြောင် ယန်လောရှုက သေချာပေါက် အဲ့ဒါကို ချက်ချင်းအာရုံခံမိနိုင်ခြင်းဖြစ်၏။
ထန်ပန်က ဘယ်လောက်ပင်မြန်ဆန်သည်ဖြစ်စေ သူက ယန်လောရှု၏ ဓားကို မယှဥ်နိုင်ပေ။ ထို့ကြောင့် ကျင့်ကြံသူများစွာ၏ ရှေ့မှောက်မှာ ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်ရှိတိုက်ပွဲက အလွန်တရာထူးဆန်းလာခဲ့၏။
မသိသာမထင်ရှားသော ပုံရိပ်တစ်ခုက အလွန်တရာမြန်ဆန်စွာဖြင့် အဆက်မပြတ်လှုပ်ရှားနေပြီး ပတ်ဝန်းကျင်လေဟာနယ်ကို တွန့်လိမ်သွားစေ၏။
ယန်လောရှုကတော့ သူသည် လက်တစ်ဖက်ဖြင့် ဓားကို ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကို နောက်သို့ပစ်ထား၏။ သူက ဂုဏ်ယူဝင့်ကြွားစွာ မတ်တတ်ရပ်နေပြီး မကြာမကြာဆိုသလို သူ၏ ဓားဖြင့် တစ်ဘက်ဘက်ကို ပစ်ထိုးတတ်လေသည်။
သူဓားဖြင့်တစ်ချက်ပစ်ထိုးလိုက်တိုင်း ဓားဆွေးနွေးပြိုင်ပွဲကွင်းထံကနေ သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာတတ်၏။
ဆယ်မိနစ်မှာ ထန်ပန်က အကြိမ်တစ်ရာတိုက်ခိုက်ခဲ့ပြီးလေပြီ။
သို့သော်လည်း ယန်လောရှုက နေရာကနေ လုံးဝလှုပ်ရှားမလာခဲ့ပေ။
“စီနီယာအစ်ကိုထျန်... မင်းက စီနီယာအစ်ကိုဖန်းနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခုရှိတယ်ဆိုတာ ငါသိတယ်.. ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို အတည်ပြုပြီးမှ ငါတို့လက်ရည်စမ်းကြမယ်ဆိုရင်လည်း နောက်မကျသေးဘူး”
ထိုစဥ်မှာပင် ယန်လောရှုက သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ထားပြီး ရုတ်တရက်စကားပြောလိုက်ကာ အာမေဋိတ်သံများကို ထွက်ပေါ်လာစေ၏။
ဤကဲ့သို့ အကြိတ်အနယ်ရှိသော တိုက်ပွဲတစ်ခုမှာ စိတ်အာရုံပျက်ယွင်းလို့မရဘူးဆိုတာကို လူတိုင်းက သိရှိထား၏။
အမှားတစ်ချက်က သေခြင်းတရားဆီသို့ ဦးတည်သွားနိုင်၏။ သို့သော်လည်း ယန်လောရှုသည် ဤကဲ့သို့ အကြိတ်အနယ်ရှိသောတိုက်ပွဲတစ်ခုမှာ စကားပြောဖို့ခွန်အားကျန်ရှိနေသေး၏။ အနည်းဆုံးတော့... ယန်လောရှုက သက်တောင့်သက်သာရှိနေပြီး သူ့မှာခွန်အားကျန်ရှိနေသေးသည်ဟု အဓိပ္ပါယ်ရလေသည်။
“စီနီယာအစ်ကိုထန်... သူ့စကားမှာကျဆင်းမသွားနဲ့... သူက ရှင််ကိုစကားပြောလာအောင် မျှားခေါ်နေတာပဲ”
ယန်ပင်းယင်က ရှေ့သို့ထွက်လာပြီး လှောင်ရယ်လိုက်၏။
“အသက်တစ်သက်အတွက် အသက်တစ်သက်ပဲ... ဘာမှငြင်းဆန်လို့မရဘူး... နင့်လိုနိမ့်ကျသက်ရှိက ဘာများပြောဦးမလို့လဲ”
ဖန်းယွီကို သတ်ဖြတ်ခဲ့သောသူက သူဖြစ်သည်ဟုဝန်မခံဖို့ ယန်လောရှုက သူ့ကိုဘာ့ကြောင့်ပြောခဲ့သလဲ ဆူဇီမိုက ယခုအချိန်မှသာ နားလည်သဘောပေါက်လာခဲ့၏။
ဖန့်ချင်းယွင်၊ ထန်ပန်၊ ယန်ဖေးယင်နှင့် အခြားသူများက ဖန်းယွီ၏ သေဆုံးမှုနှင့်ပတ်သက်၍ သူ့ကိုသေချာပေါက်ခွင့်လွှတ်မည်မဟုတ်သည်ကို ယန်လောရှုက သိရှိထားသောကြောင့်ဖြစ်၏။
ဤလူများကို ဖန့်ချင်းယွင်က ဦးဆောင်လာခဲ့၏။ အတွင်းဂိုဏ်းမှာ သူတို့သည် အစကတည်းက ယန်လောရှုနှင့် ရန်ငြိုးရန်စများစွာရှိထားပြီး တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်မရပ်နိုင်ကြပေ။
ဖန်းယွီ၏ သေဆုံးမှုသည် သူတို့နှစ်ဦးနှစ်ဖက်ကြား ပဋိပက္ခကို လုံးဝအရှိန်အဟုန်မြင့်တက်လာစေ၏။
ယန်လောရှုသည် ဤလူများအကြောင်းကို ကောင်းကောင်းသိထားလေသည်။
သူတို့သည် ဖန်းယွီ၏ သေဆုံးမှုနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းဖို့ အရေးလုပ်နေမည်မဟုတ်ဘဲ ချက်ချင်းပင်တိုက်ခိုက်ကြပေလိမ့်မည်။
သို့သော်လည်း ဆူဇီမိုက အောက်ဘုံလောကကနေတက်လှမ်းလာသည့် အပြင်ဂိုဏ်းတပည့်တစ်ယောက်သာဖြစ်၏။ သူက သူတို့ကို လုံးဝခုခံနိုင်မည်မဟုတ်ပေ။
ဤကိစ္စ၏ အရင်းအမြစ်သည် သူနှင့်အခြားသော အတွင်းဂိုဏ်းတပည့်များကြား ရန်ငြိုးရန်စကနေ စတင်လာခဲ့၏။
ဆူဇီမိုက သက်ရောက်ငြိစွန်းခံရခြင်းဖြစ်လေသည်။ သူသည် ဆူဇီမိုကို မုန်တိုင်း၏ အလယ်သို့ တွန်းပို့ပြီး ထိုသူကို ဖန့်ချင်းယွင်နှင့် အခြားသူများ၏ အမျက်ဒေါသကို ခံယူခိုင်းစရာအကြောင်းမရှိပေ။
ဆူဇီမိုကလည်း အဲ့ဒါကို ဘယ်လိုမှခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
ချွင်... ချွင်... ချွင်...
ဓားနှင့်လက်သည်း၏ ထိခတ်သံက ပို၍ပင်ပြင်းထန်ကြမ်းတမ်းလာခဲ့၏။
နှစ်ဦးနှစ်ဖက်ကြား တိုက်ခိုက်မှုက အထွတ်အထိပ်သို့ ချဥ်းကပ်လာနေခဲ့၏။
ထန်ပန်၏ တိုက်ခိုက်မှုက ပို၍ပြင်းထန်ကြမ်းတမ်းလာပြီး သူက သူ၏ ခွန်အားအပြည့်အဝကို အသုံးပြုလာခဲ့လေပြီ။
ယန်လောရှုအပေါ် သူ၏ ထပ်ဖန်တလဲလဲတိုက်ခိုက်မှုများက ဆက်တိုက် မအောင်မြင်ဖြစ်လာပြီးနောက် သူက စိတ်တိုဒေါသထွက်နေခဲ့ပြီဖြစ်၏။
သို့သော်လည်း ယန်လောရှု၏ မျက်လုံးများက တစ်ချိန်လုံးမှိတ်ထားပြီး သူကတည်ငြိမ်နေ၏။
ရုတ်တရက် ဖန့်ချင်းယွင်က သူ၏ ခေါင်းကိုခါပြီး ညင်သာစွာပြောလိုက်၏။
“ထန်ပန်က ပျာဖြစ်နေပြီ... သူကသိပ်မကြာခင်ရှုံးတော့မယ်”
သူ့စကားမဆုံးသေးခင်မှာပင် ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ ယန်လောရှုက သူ၏ မျက်လုံးများကို ရုတ်တရက်ဖွင့်ပြီး ခပ်အုပ်အုပ်အော်ငေါက်လိုက်၏။
“ထိစမ်း”
ရွှစ်
ဓားအလင်းတန်းတစ်ခုက ညကောင်းကင်ယံမှာ လျှပ်စီးကဲ့သို့ ဖျတ်ခနဲလက်သွားလေသည်။ အဲ့ဒါကအရမ်းကိုမှင်တက်စရာကောင်းပြီး သွေးစီးကြောင်းတစ်ခု ပေါ်ထွက်လာစေ၏။
နောက်ခဏ၌ ယန်လောရှုက သူ၏ ဓားကိုရုပ်သိမ်းလိုက်၏။
ထန်ပန်၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာပြီး သူကညာဘက်လက်ဖြင့် သူ၏ ရင်ဘတ်ကို အုပ်ကိုင်ထား၏။ သူ၏ လက်ချောင်းများကြားကနေ သွေးများကစီးကျလာပြီး သူက မုန်းတီးမှုနှင့် မကျေမချမ်းမှုနှင့်အတူ ယန်လောရှုကိုစိုက်ကြည့်နေ၏။
ယန်လောရှု၏ ဓားက သူ၏ နှလုံးကို ထို့းဖောက်ခဲ့၏။ ကောင်းကင်အင်မော်တယ်များသည် သွေးကနေပြန်လည်မွေးဖွားခြင်းကို အသုံးပြုနိုင်သော်လည်း ဓားချီက သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး သူတို့၏ နှလုံးကို ကြေမွပျက်စီးစေသည်နှင့် သူတို့သည် အပြည့်အဝ ပြန်သက်သာဖို့ အနည်းဆုံး အသက်ဆယ်ရှိုက်စာလောက်အချိန်ယူရပေလိမ့်မည်။
အနိုင်ရလဒ်ကို ဆုံးဖြတ်ပြီးသွားလေပြီ။
“ယန်လောရှု... သိပ်ပြီးတော့အူမြူးမနေနဲ့ ခဏပဲစောင့် ငါတို့ထပ်ပြီးတိုက်ခိုက်ကြမယ်”
ထန်ပန်က အံကိုကြိတ်ကာပြောလိုက်၏။
ယန်လောရှုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး အေးစက်စွာပြောလိုက်၏။
“ငါက ငါ့ရဲ့တိုက်ခိုက်မှုမှာ သနားညှာတာမှုကိုပြပြီးသွားပြီပဲ... ငါတို့ကြားမှာ အနိုင်ရလဒ်က ဆုံးဖြတ်ပြီးသွားပြီ... မင်းက ဆက်ပြီးတိုက်ခိုက်ဦးမယ်ဆိုရင် အဲ့ဒါကသိပ်ပြီးတော့ ဂုဏ်သိက္ခာမဲ့ရာကျမနေဘူးလား”
“အနိုင်ရလဒ်ကို ဘယ်သူကဂရုစိုက်မှာလဲ... ငါမင်းနဲ့အသေအကြေတိုက်ခိုက်မယ်”
ထန်ပန်၏ သတ်ဖြတ်လိုစိတ်က လျော့ကျမသွားပေ။
“အသေအကြေတိုက်ခိုက်မှုကို ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ ခွင့်ပြုမထားဘူး”
ယန်လောရှုက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ထန်ပန်.... ပြန်ဆုတ်လာခဲ့”
ထန်ပန်က စကားပြောမည့်ဆဲဆဲမှာပင် ဖန့်ချင်းယွင်က ရုတ်တရက်ပြောဆိုလိုက်ပြီး သူ၏ လက်ကိုညင်သာစွာဝေ့ယမ်းကာ ထန်ပန်ကို ထွက်ခွာလာဖို့အချက်ပြလိုက်၏။
ထန်ပန်က မကျေမနပ်ဖြစ်နေသော်လည်း သူက ဖန့်ချင်းယွင်၏ စကားကို မနာခံဘဲမနေရဲပေ။ သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး လှည့်ထွက်သွား၏။
ဖျတ်ခနဲဆို ဖန့်ချင်းယွင်က ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်သို့ ဖြည်းဖြည်းချင်းဆင်းသက်လာပြီး မတ်တတ်ရပ်လိုက်၏။
ဖန့်ချင်းယွင်သည် မည်သည့်ခြိမ်းခြောက်မှုကိုမှ ထုတ်ဖော်မထားပေ။ သို့သော်လည်း သူနှင့်ရှေ့တည့်တည့်မှာမတ်တတ်ရပ်နေသော ဆူဇီမိုသည် ကျောရိုးတစ်လျှောက်ချမ်းစိမ့်လာခဲ့၏။
သူ့ရှေ့မှာ ယန်လောရှုရှိနေလျှင်တောင် သူသည် ထိုကြောက်စရာကောင်းသောခံစားချက်ကို ရှင်းမထုတ်နိုင်ပေ။
ဤလူက အရမ်းကိုသန်မာနေ၏။ သူသည် အတွင်းဂိုဏ်း၏ နံပါတ်တစ်ဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။
ဆူဇီမိုက တိတ်တဆိတ်သတိထားနေ၏။
ယန်လောရှု၏ အမူအရာကလည်း တည်ကြည်လေးနက်လာပြီး သူ၏ စိတ်က တင်းကျပ်လေးလံလာခဲ့၏။
သူကဓားကို တင်းကျပ်စွာဆုပ်ကိုင်ပြီး သူ၏ လက်ဆစ်များက ဖြူဖွေးလာ၏။
“စီနီယာအစ်ကိုဖန့်... ခင်ဗျားကလည်းတိုက်ခိုက်မလို့လား”
ယန်လောရှုက စိတ်အာရုံပျက်ယွင်းရဲခြင်းမရှိဘဲ ဖန့်ချင်းယွင်ကို မမှိတ်မသုန်စိုက်ကြည့်နေ၏။
“မလန့်ပါနဲ့”
ဖန့်ချင်းယွင်က မှင်သေသေအမူအရာတစ်ခုနှင့်အတူ လက်ကာပြလိုက်၏။
“ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ အသေအကြေတိုက်ခိုက်မှုတွေကို တကယ်ပဲခွင့်ပြုမထားဘူး... ဒါပေမဲ့ မင်းကတက္ကသိုလ်ရဲ့စည်းမျဥ်းစည်းကမ်းကို ချိုးဖောက်ပြီး ဂျူနီယာညီဖန်းကို သတ်ဖြတ်ခဲ့တဲ့အတွက် မင်းအသက်နဲ့ပြန်ပေးဆပ်ရမယ်”
“ဒီကိစ္စကတကယ်တော့...”
ယန်လောရှုက ရှင်းပြလိုက်လေသည်။
သို့သော်လည်း သူ့စကားမဆုံးသေးခင်မှာပင် သူက ဖန့်ချင်းယွင်၏ ဖြတ်အော်ခြင်းခံလိုက်ရ၏။
“ငါ... ဘာအကြောင်းပြချက်ကိုမှ မကြားချင်ဘူး... ငါမြင်ခဲ့ရတာတော့ ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ မင်းနဲ့ဂျူနီယာညီဖန်းက အသေအကြေတိုက်ခိုက်ပြီး တက္ကသိုလ်ရဲ့ စည်းမျဥ်းစည်းကမ်းကို ချိုးဖောက်ခဲ့တာပဲ... တက္ကသိုလ်ရဲ့ စည်းမျဥ်းစည်းကမ်းသက်သက်ကတင် မင်းရဲ့သေဆုံးမှုက မျှတတယ်ဆိုတာကိုပြောဖို့ လုံလောက်နေပြီ”
“ကျုပ်...”
ယန်လောရှုက စကားပြောလိုက်စဥ်မှာပင် ဖန့်ချင်းယွင်က သူ့ကိုနောက်တစ်ဖန်ဖြတ်ပြောလိုက်၏။
“ဂျူနီယာယန်... အခုငါမင်းကို မျှမျှတတတိုက်ခိုက်ဖို့အတွက် အခွင့်အရေးတစ်ခုပေးမယ်... မင်းနိုင်မယ်ဆိုရင် ငါကနောက်ပိုင်းမင်းကိုပြဿနာရှာမှာမဟုတ်ဘူး”
“ဘာပဲဖြစ်ဖြစ်မင်းကသေရလိမ့်မယ်... အနဲဆုံးတော့ တက္ကသိုလ်ကတပည့်ဂိုဏ်းသားတွေရဲ့ရှေ့မှာ ငါမင်းကို ဂုဏ်သိက္ခာရှိရှိသေခွင့်ပေးမယ်”
“ဟီးဟီး”
ရုတ်တရက်ဆူဇီမိုက ရယ်မော၍ပြောလိုက်၏။
“စီနီယာအစ်ကိုဖန့်... ခင်ဗျားကပြောတော့ မျှတတဲ့အခွင့်အရေးတစ်ခုပေးမယ်ဆို... ဒါပေမဲ့ စီနီယာအစ်ကိုယန်က အခုတင် ဖန်းယွီနဲ့ ထန်ပန်နဲ့ တိုက်ခိုက်ထားခဲ့ရတာ သူကစွမ်းအင်အမြောက်အမြားကို သုံးစွဲထားရတယ်... အဲ့ဒါက ဘယ်လိုလုပ်မျှတမှုရှိပါ့မလဲ”