← Chapters

အကြီးအကဲများပေါ်ထွက်လာခြင်း

Vol. 146 Ch. 2179

အကြီးအကဲများပေါ်ထွက်လာခြင်း

Vol. 146 Ch. 2179

“မင်းက အပြင်ဂိုဏ်းတပည့်တစ်ယောက်ပဲ... ဒါကမင်းစကားပြောရမယ့်နေရာမဟုတ်ဘူး... ထွက်သွားစမ်း”

ဆူဇီမိုထိုသို့ပြောလိုက်ပြီးနောက် ဖန့်ချင်းယွင်က အမူအရာကင်းမဲ့နေ၏။ သူကတစ်ခုခုမပြောခင်မှာပင် ထန်ပန်က ရှေ့သို့ထွက်လာပြီး အော်ငေါက်လိုက်လေသည်။

“ဟဟား..”

ဆူဇီမိုက အသံထွက်ရယ်မောကာ နောက်တစ်ဖန်မေးလိုက်၏။

“ဘာလို့လဲ... စီနီယာအစ်ကိုဖန့်က တခြားသူတွေအပေါ် အခွင့်အရေးယူအမြတ်ထုတ်ချင်တယ်... ဒါပေမဲ့ အဲ့ဒါနဲ့ပတ်သက်ပြီးဘယ်သူ့ကိုမှ ပြောခွင့်မပေးနိုင်ဘူးလား”

တက္ကသိုလ်မှာ အတွင်းဂိုဏ်းတပည့်များပင်လျှင် ဖန့်ချင်းယွင်၏ ရှေ့မှာ ဤကဲ့သို့သောစကားများကို ပြောဆိုရဲလိမ့်မည် မဟုတ်ပေ။

ကျင့်ကြံသူများက တုန်လှုပ်သွားပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွား၏။

ဖန့်ချင်းယွင်ပေါ်ထွက်လာပြီးနောက် သူ၏ အမူအရာကတစ်ချိန်လုံး တည်ငြိမ်နေခဲ့၏။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။ သူကမျက်လုံးကိုအနည်းငယ်မှေးကျဥ်းပြီး ဆူဇီမိုရှိရာသို့လှမ်းကြည့်လိုက်၏။

ဆူဇီမိုသည် ဖန့်ချင်းယွင်၏ အကြည့်ကို သတိထားပြီး သူ၏ ထင်မြင်ချက်က ပို၍ပင်သေချာသွား၏။

ဖန့်ချင်းယွင်၏ စောစောကစကားလုံးများနှင့် အပြုအမူများသည် စီးပိုးခြယ်လှယ်သော အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။

အတွင်းဂိုဏ်း၏ နံပါတ်တစ်အနေဖြင့် သူသည် သေချာပေါက်အလွန်ဘဝင်မြင့်ပြီး သူ၏ နာမည်ဂုဏ်သတင်းကို တန်ဖိုးထားပေလိမ့်မည်။

ယခုလူတိုင်းက စောင့်ကြည့်နေကြပြီး သူကဖန်းယွီအတွက် တတ်နိုင်သမျှမြန်မြန် လက်စားချေလိုသည်ဆိုလျှင်တောင် သူက လောလောဆယ်မှာအလျှော့ပေးရပေတော့မည်။ မဟုတ်ပါက သူကအနိုင်ရခဲ့မည်ဆိုလျှင်တောင် သူသည် အခြေအနေအပေါ်အမြတ်ထုတ်ခဲ့သောကြောင့် အဲ့ဒါကမျှတသော နိုင်ပွဲတစ်ခုဖြစ်လာလိမ့်မည် မဟုတ်ပေ။

အတွင်းဂိုဏ်းနှင့် တက္ကသိုလ်မှာ သူ၏ နာမည်ဂုဏ်သတင်းက ကြီးမားစွာသက်ရောက်ခံရပေလိမ့်မည်။

ထင်မှတ်ထားသည့်အတိုင်းပင်... ။

ဖန့်ချင်းယွင်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဂျူနီယာညီယန်... ငါမင်းကို ပြန်ပြီးအားဖြည့်ဖို့အချိန်ပေးမယ်... ငါဒီမှာစောင့်နေမယ် မင်းပြန်အားဖြည့်လို့ပြီးတာနဲ့ ငါတို့တိုက်ခိုက်ကြမယ်”

တိုက်ပွဲကို ရှောင်လွှဲလို့မရနိုင်ပေ။

ယန်လောရှုက ထပ်မံ၍ရှင်းပြမနေတော့ဘဲ လက်သီးနှစ်ဖက်ကိုသာယှက်ပြပြီး တင်ပျဥ်ခွေထိုင်ချလိုက်၏။

ဆူဇီမိုက သူလိုရာပန်းတိုင်ကိုရရှိသွားခဲ့ပြီဖြစ်၏။

သူသည် ရှေ့သို့ထွက်လာပြီး ထိုသို့ပြောခဲ့သည်မှာ အချိန်ဆွဲဖို့ဖြစ်လေသည်။

အဲ့ဒါသည် ယန်လောရှု အားအင်ဖြည့်တင်းဖို့အတွက် အချိန်ဆွဲပေးခြင်းဖြစ်သလို ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်ကနေ တုံ့ပြန်လာဖို့ အချိန်ဆွဲထားခြင်းလည်းဖြစ်၏။

အဲ့ဒါက လုံလောက်အောင်ကြာမြင့်ပြီး ဤကိစ္စက ဆက်လက်၍ အရှိန်အဟုန်မြင့်တက်လာမည်ဆိုလျှင် အဲ့ဒါသည် အတွင်းဂိုဏ်း သို့မဟုတ် အမွေခံတပည့်များကြားသို့ပင် သေချာပေါက်ရောက်ရှိသွားပေလိမ့်မည်။ ထိုအခါ တရားမျှတမှုကိုဆောင်ရွက်ပေးဖို့အတွက် တက္ကသိုလ်၏ အဆင့်အတန်းမြင့်မားသော စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲများကိုပင် ဆွဲဆောင်မိပေလိမ့်မည်။

ဖန့်ချင်းယွင်သည် အတွင်းဂိုဏ်း၏ နံပါတ်တစ်သာလျှင်ဖြစ်လေသည်။ ဖန့်ချင်းယွင်သည် ထိုဂုဏ်ပုဒ်တစ်ခုကြောင့် တက္ကသိုလ်မှာ သူလုပ်ချင်ရာလုပ်နိုင်မည်ဟု ဆူဇီမိုက မယုံကြည်ပေ။

“မင်းနာမည်ဘယ်သူလဲ”

ဆူဇီမိုက စဥ်းစားတွေးတောနေစဥ်မှာပင် သူက ထက်ရှသောအကြည့်နှစ်ခုဆင်းသက်လာသည်ကို ရုတ်တရက်ခံစားမိလိုက်ပြီး ဖန့်ချင်းယွင်၏ အသံက အေးဆေးတည်ငြိမ်စွာထွက်ပေါ်လာ၏။

“ဆူဇီမို...”

ဆူဇီမိုက တည်ငြိမ်နေသောအမူအရာနှင့်အတူ ပွင့်ပွင့်လင်းလင်းပြောလိုက်၏။

“အို”

ဖန့်ချင်းယွင်က သူ၏မျက်ခုံးကို အနည်းငယ်ပင့်လိုက်၏။

“ဆိုတော့... အဲ့ဒါမင်းပဲ”

ထိုအခိုက်အတန့်မှာ ထန်ပန်နှင့် ယန်ဖေးယင်က ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်သို့ ဆင်းသက်လာခဲ့ပြီး ဖန့်ချင်းယွင်၏ နောက်ဘက်မှာ မတ်တတ်ရပ်လိုက်ကြ၏။

ယန်ဖေးယင်က ဆူဇီမိုကိုအေးစက်စွာစိုက်ကြည့်ပြီး သူ၏ မျက်လုံးထဲရှိ အထင်အမြင်သေးမှုကို ဖုံးကွယ်မထားပေ။

“လက်စသတ်တော့ နောက်ထပ်နိမ့်ကျသက်ရှိပဲ... သူကဘယ်လိုပြုမူနေထိုင်ရမလဲမသိတာ အံ့ဩစရာမရှိတော့ဘူး”

ထိုစဥ်မှာပင် ပုံရိပ်တချို့က အတွင်းဂိုဏ်းရှိရာဘက်ကနေ ပျံသန်းလာကြ၏။

သူတို့၏ ခေါင်းဆောင်က အသက်ကြီးကြီး အမျိုးသားတစ်ယောက်ဖြစ်၏။ သူ၏ ခါးပေါ်ရှိတံဆိပ်ပြားက အတွင်းဂိုဏ်းတံဆိပ်ပြားပင်ဖြစ်သော်လည်း သူ၏ အော်ရာက စွမ်းအားကြီးမားပြီး ဖန့်ချင်းယွင်နှင့် အခြားသူများထက်ပင်သာလွန်လေသည်။ မထင်မှတ်ထားစွာပင် ဦးဆောင်လာသောလူအိုကြီးက ပကတိအင်မော်တယ်တစ်ဦးဖြစ်ရပေမည်။

အပြင်ဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲအများစုက အဆင့်-၁ နှင့် အဆင့်-၂ ကောင်းကင်အင်မော်တယ်များသာဖြစ်ကြ၏။

ဆူဇီမိုက သူ့ဘာသာသူတွေးလိုက်၏။

'ဒါဆိုရင် အခုရောက်လာတဲ့... ဒီပကတိအင်မော်တယ်လူအိုကြီးက...'

“အတွင်းဂိုဏ်း စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ... အကြီးအကဲကျန့်”

ထိုစဥ်မှာပင် ယန်လောရှုက သူ၏ မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ဝင်ရောက်လာသူကိုတွေ့မြင်သောအခါ တီးတိုးရေရွတ်လိုက်၏။

ထန်ပန်နှင့် ယန်ဖေးယင်က အကြီးအကဲကျန့်ကိုတွေ့မြင်သောအခါ မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ဖန့်ချင်းယွင်၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်ပြီး ဆူဇီမိုကို နက်ရှိုင်းစွာကြည့်နေ၏။

စောစောက ဆူဇီမို၏ ရန်စမှုသည် တက္ကသိုလ်မှ အခြားသူများရောက်လာဖို့ အချိန်ဆွဲလိုက်ခြင်းဖြစ်နိုင်သည်ကို သူကတဖြည်းဖြည်းနားလည်သဘောပေါက်သွား၏။

“ဘာတွေဖြစ်နေတာလဲ”

ရောက်ရှိလာပြီးနောက် အကြီးအကဲကျန့်က သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှလူတိုင်းကိုကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဂျူနီယာညီဖန်းက ဓားဆွေးနွေးပြိုင်ပွဲကွင်းမှာ ယန်လောရှုရဲ့သတ်ဖြတ်ခြင်းခံလိုက်ရတယ်... အကြီးအကဲကျန့်... ကျုပ်ကိုပြောပါ သူကသူ့အသက်နဲ့ပြန်ပေးဆပ်သင့်တယ်မလား”

ထန်ပန်က အရင်ဆုံးရှေ့သို့ထွက်လာပြီး အော်ပြောလိုက်၏။

“ဟမ်...”

အကြီးအကဲကျန့်က ဖန်းယွီ၏ အလောင်းကိုတစ်ချက်လှည့်ကြည့်ပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားကာ တီးတိုးရေရွတ်လိုက်၏။

“အချိန်စွမ်းအားလား...”

ဖန်းယွီသည် သာမန်တပည့်ဂိုဏ်းသားတစ်ယောက်မဟုတ်ပေ။ သူသည် အတွင်းဂိုဏ်း၏ ထိပ်ဆုံးပြိုင်စံရှားငါးဦးထဲမှ တစ်ဦးဖြစ်၏။

ဒါ့အပြင် သူ၏ နောက်ခံက အတော်လေးမြင့်မြတ်လေသည်။ သူ၏ မိသားစုသည် ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်မှာ အလွန်တရာကျော်ကြားပြီး စွမ်းအားကြီးမားသော မိသားစုတစ်ခုဖြစ်၏။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ဖန်းယွီ၏ သေဆုံးမှုက သေးငယ်သောပြဿနာမဟုတ်ပေ။

“ယန်လောရှု... အဲ့ဒါနဲ့ပတ်သက်ပြီး မင်းမှာဘာပြောစရာရှိလဲ”

အကြီးအကဲကျန့်က နက်ရှိုင်းသောအသံဖြင့် မေးခွန်းထုတ်လိုက်၏။

ဤနှစ်များအားလုံးမှာ အကြောင်းအရင်းတချို့ကြောင့် တက္ကသိုလ်၏ ခေါင်းဆောင်ပိုင်းအကြီးအကဲတချို့သည် အတွင်းဂိုဏ်းမှယန်လောရှုကို မြင့်မြင့်မားမားသတ်မှတ်လာကြ၏။

ပုံမှန်အခြေအနေမှာဆိုလျှင် ယန်လောရှုသည် သူ၏ နောက်ခံ၊ တိုက်ခိုက်ရည်ခွန်အား၊ ပါရမီအရည်အချင်းနှင့် အခြားသော အချိုးအစားများအရ အတွင်းဂိုဏ်းမှာ နံပါတ်တစ်အဖြစ်ရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။

ယန်လောရှုသည် အလွန်တရာခက်ခဲသော မှန်ကန်ဖြောင့်မတ်ခြင်းသုတ္တန်ကို ကျင့်ကြံဖို့ရွေးချယ်ခဲ့သည့် တက္ကသိုလ်မှ တစ်ဦးတည်းသောသူဖြစ်သော်လည်း ဤကျင့်ကြံရေးနည်းစနစ်၏ အားနည်းချက်ကကြီးမားပြီး အဲ့ဒါသည် တက္ကသိုလ်၏ ထိပ်တန်းကျင့်ကြံရေးနည်စနစ်တစ်ခုမဟုတ်ပေ။

ထိုအချက်တစ်ချက်တည်းကြောင့် သူ့ကိုမြင့်မြင့်မားမားသတ်မှတ်ထားမည်ဆိုလျှင် အဲ့ဒါကမျှတမှုသိပ်ရှိလိမ့်မည် မဟုတ်ပေ။

အကြီးအကဲကျန့်သည် အချက်တစ်ချက်ကိုသာ သိရှိထားလေသည်။ လူတစ်ယောက်သည် မှန်ကန်ဖြောင့်မတ်ခြင်းသုတ္တန်ကို ကျင့်ကြံသည့်အခါ သူတို့သည် စိတ်အားထက်သန်စွာနှင့် ရိုးသားဖြောင့်မတ်စွာ ကျင့်ကြံကြပေလိမ့်မည်။ သူတို့ပြုလုပ်လိုက်သောအရာရာတိုင်းမှာ ရှင်းလင်းသော အသိစိတ်တစ်ခု(လိပ်ပြာလုံခြင်း)ရှိနေပေလိမ့်မည်။

မဟုတ်ပါက ဤကျင့်ကြံရေးနည်းစနစ်၏ စွမ်းအားက ကြီးမားစွာ လျော့ကျသွားပြီး ချီသွေဖယ်ခြင်းသို့ပင် ဝင်ရောက်သွားနိုင်၏။

တက္ကသိုလ်မှာ တပည့်ဂိုဏ်းသားများစွာရှိသော်လည်း ဤကျင့်ကြံရေးနည်းစနစ်ကို မည်သူကမှ ရွေးချယ်ကြလိမ့်မည် မဟုတ်ပေ။

သူတို့၏ ဘဝတစ်လျှောက်မှာ ရှင်းလင်းသောအသိစိတ်တစ်ခုကို အမြဲတမ်းထားရှိနိုင်လိမ့်မည်ဟု ဘယ်သူက အာမခံနိုင်ပါ့မလဲ။

သူတို့သည် ကိုယ်ကျိုးအတ္တတစ်စုံတစ်ရာမရှိဘဲ သူတို့ဘဝတစ်လျှောက်လုံးမှာ အပြစ်ကင်းစင်သောလူတစ်ယောက်ကို ဘယ်တော့မှသတ်ဖြတ်ခြင်းမပြုဟု ဘယ်သူက အာမခံနိုင်ပါ့မလဲ။

ထို့ကြောင့် ထန်ပန်က ထိုစကားကိုပြောသောအခါ အဲ့ဒါနှင့်ပတ်သက်၍ ပိုမိုအသေးစိတ်ကျသောအချက်အလက်များရှိနေမည်ဟု အကြီးအကဲကျန့်က သိရှိလိုက်၏။

ယန်လောရှုက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အပြင်ဂိုဏ်းဘဏ္ဍာစိုးတစ်ယောက်က အပြင်ဂိုဏ်းတပည့်တစ်ယောက်ရဲ့ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေကို ကြားဖြတ်လုယူရာကနေ ဒီပြဿနာက စလာခဲ့တာပဲ……….”

“အကြီးအကဲထန်က ဓားဆွေးနွေးပြိုင်ပွဲကွင်းမှာ ဂျူနီယာညီဆူနဲ့လက်ရည်စမ်းတဲ့အချိန်မှာ အကြီးအကန်ထန်က သူ့ကိုမယှဥ်နိုင်ခဲ့ဘူး.... စီနီယာအစ်ကိုဖန်းရဲ့ သွေးထိုးလှုံ့ဆော်မှုနဲ့ သူက အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုကို အသုံးပြုခဲ့တယ်”

လက်ရှိကျင့်ကြံသူအများစုက ဖြစ်စဥ်တစ်ခုလုံးကို သိရှိထားလေသည်။

ဖန့်ချင်းယွင်၊ ထန်ပန်၊ ယန်ဖေးယင်နှင့် အခြားသူများက တကယ့်အသေးစိတ်အချက်အလက်များကို ပထမဆုံးအကြိမ်သိရှိရခြင်းဖြစ်လေသည်။

ထန်ပန်နှင့် ယန်ဖေးယင်က မျက်နှာပျက်ယွင်းသွား၏။

ယန်လောရှုပြောသည့်အတိုင်းသာဆိုလျှင် အကြီးအကဲထန်ဖြစ်စေ... ဖန်းယွီဖြစ်စေ... သူတို့က စတင်မှားယွင်းခဲ့ကြပြီး ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ သတ်ဖြတ်ကွက်များကိုအရင်ဦးစွာ ထုတ်ဖော်ခြင်းဖြင့် တက္ကသိုလ်၏ စည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်ခဲ့လေသည်။

ပုံမှန်အခြေအနေမှာဆိုလျှင် ယန်လောရှုနှင့် ဆူဇီမို၏ အပြုအမူများသည် ခုခံရုံမျှသာဖြစ်လေသည်။

တစ်နည်းအားဖြင့်ဆိုလျှင် တက္ကသိုလ်၏ စည်းမျဥ်းစည်းကမ်းများအရ အကြီးအကဲထန်နှင့် ဖန်းယွီက သေသင့်သေထိုက်လေသည်။

ထန်ပန်က အေးစက်စွာ နှာတစ်ချက်မှုတ်ပြီးပြောလိုက်၏။

“မင်းက ဒီကိစ္စမှာ မင်းကိုယ်မင်း ကာကွယ်နိုင်မယ့်အချက်တွေကိုပဲ ရွေးပြီးပြောမှာပေါ့... ငါတို့က မင်းစကားကို ဘယ်လိုယုံရမှာလဲ”

တကယ်တော့... ထိုစကားများကိုပြောသည့်အခါ ထန်ပန်ကိုယ်တိုင်ပင်လျှင် သူ့ကိုယ်သူယုံကြည်မှုများစွာမရှိပေ။

ယန်လောရှုက မှန်ကန်ဖြောင့်မတ်ခြင်းသုတ္တန်ကို ကျင့်ကြံထားသည်ဆိုတာကို လူတိုင်းက သိရှိထား၏။ သူက မဟုတ်မမှန်သောစကားများကို ပြောဆိုမည်ဆိုလျှင် အဲ့ဒါက သူ၏ ကျင့်ကြံမှုအတွက် ကြီးမားသောပြဿနာများ သေချာပေါက် ဖြစ်လာစေပေလိမ့်မည်။

ယန်လောရှုက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ကျုပ်က ချဲ့ကားပြောဆိုတာ ဒါမှမဟုတ် လိမ်ညာတာရှိခဲ့မယ်ဆိုရင် ကျုပ်ကကောင်းကင်ဘုံရဲ့ အပြစ်ပေးခြင်းကို သေချာပေါက်ခံရပါစေလို့ တာအိုသစ္စာတစ်ခုကျိန်ဆိုပေးနိုင်တယ်”

ထန်ပန်က နှုတ်ခမ်းစူပြီး မည်သည့်အရာမှ ထပ်မံ၍မပြောဆိုတော့ပေ။

အစကနေယခုအချိန်ထိ ဖန့်ချင်းယွင်က မည်သည့်အရာကိုမှ ထုတ်ဖော်ပြသခြင်းမရှိပေ။

အတွင်းဂိုဏ်းစည်းကမ်းထိန်းသိမ်းရေးအကြီးအကဲများ ရောက်ရှိလာခြင်းနှင့်အတူ သူ၏ စကားများက သက်ရောက်မှုများစွာမရှိတော့မည်ကို သူ၏ ရင်ထဲမှာသိရှိထား၏။

သူသည် ဤအခြေအနေကို ပြန်လည်ပြောင်းလဲလိုသည်ဆိုလျှင် သူသည် ပို၍ပင်စွမ်အားကြီးမားသော တစ်ယောက်ယောက်အပေါ် မှီခိုရပေလိမ့်မည်။

အကြီးအကဲကျန့်က လှည့်ပတ်ကြည့်ရှုလိုက်ပြီး အခြေအနေကို နားလည်သဘောပေါက်သွားပြီဖြစ်၏။ လူတိုင်း၏ ရှေ့မှာဖြစ်ပျက်ခဲ့သော တစ်စုံတစ်ရာနှင့်ပတ်သက်၍ ယန်လောရှုက လိမ်ညာပြောဆိုမည်ဆိုလျှင် တစ်ယောက်ယောက်ကရှေ့သို့ထွက်လာပြီး သူ့စကားကိုငြင်းဆန်ပေလိမ့်မည်။

သူ့ရှေ့မှာရှိသော မြင်ကွင်းသည် ယန်လောရှု၏ စကားက မမှားဘူးဆိုတာကို သက်သေပြပေးနေ၏။

အကြီးအကဲကျန့်က ညင်သာစွာချောင်းဟန့်လိုက်၏။ သူက ဤကိစ္စကို မည်သို့မည်ပုံကိုင်တွယ်မည်ကို ဆုံးဖြတ်ကြေညာတော့မည့်ဆဲဆဲမှာ လူတိုင်း၏ ဦးခေါင်းထက်ကနေ အသံတစ်သံထွက်ပေါ်လာ၏။

“အပြင်ဂိုဏ်းက ဘာလို့အဲ့လောက်ထိ စည်ကားနေတာလဲ”

All Chapters