မိုချင် ပေါ်ထွက်လာခြင်း
Vol. 146 Ch. 2181
ဖျောက်.. ဖျောက်.. ဖျောက်..
အစစ်အမှန် အမြုတေလက်ဖဝါးက ယန်လောရှုနှင့် ဆူဇီမို၏ ဦးခေါင်းများပေါ်သို့ ဆင်းသက်လာတော့မည့်ဆဲဆဲမှာပင် အဲဒါကို ရုတ်တရက် နှင်းခဲတစ်လွှာက ဖုံးအုပ်သွား၏။
တစ်ခဏချင်းမှာပင် ၎င်းက ရေခဲများအဖြစ် အေးခဲသွားပြီး လေထဲမှာ ရပ်တန့်သွား၏။
ရှောင်လီ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားလေသည်။
အေးစက်ချီက သူ၏ အစစ်အမှန်အမြုတေကနေ သူ၏ လက်တံတစ်လျှောက် လျင်မြန်စွာ ဖြန့်ကြက်လာခဲ့၏။
အေးစက်နေသော ရေခဲသလင်းကျောက်တစ်လွှာက သူ့လက်တစ်ဖက်လုံးပေါ်မှာ ဖြစ်ပေါ်လာပြီး သူ၏ လက်ထဲရှိ မျိုးဆက်သွေးကပါ ချက်ချင်းအေးခဲသွား၏။
ပို၍ပင် ကြောက်စရာကောင်းသည့် အရာမှာ အေးစက်အော်ရာက ရပ်တန့်မည့် မည်သည့် လက္ခဏာမှ မပြဘဲ သူ၏ လက်တံတစ်လျှောက် လိုက်ပါကာ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံချင်နေ၏။
“အား..”
ရှောင်လီက မာန်သွင်းအော်ဟစ်ပြီး နောက်သို့ ဆုတ်လိုက်၏။ သူ၏ တာအိုသစ်သီးကို လှည့်ပတ်ရင်း အလင်းလုံးတစ်လုံးက သူ၏ ဦးခေါင်းနောက်မှာ တောက်ပလာကာ သူ၏ ခန္ဓာကိုယ်ထဲရှိ အစစ်အမှန်အမြုတေများ အားလုံးက သူ၏ အေးခဲနေသော လက်ဖဝါးဆီသို့ တလိပ်လိပ် တိုးဝင်လာ၏။
ဝုန်း..
ရှောင်လီ၏ လက်ပေါ်မှ ရေခဲများက ကြေမွသွားပြီး သူက အန္တရာယ်ကနေ လွတ်မြောက်လာခဲ့၏။
သို့သော်လည်း ရှောင်လီ၏ အမူအရာက အလွန်တရာ ပျက်ယွင်း၍ ဖြူဖျော့နေ၏။ သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေပြီး သူ၏ ဝင်သက် ထွက်သက်တိုင်းက အေးစက်လေဖြင့် ပြည့်နှက်နေ၏။ သူက ထိခိုက်ဒဏ်ရာ ရရှိသွားသည်မှာ သိသာလေသည်။
ထိုစဉ်မှာပင် နှင်းဖြူရောင် လိပ်ပြာတစ်ကောင်က ရုတ်တရက် ဘယ်ဆီဘယ်ဝယ်ကရယ်မသိ ပျံသန်းလာပြီး ယန်လောရှုနှင့် ဆူဇီမို၏ ဘေးပတ်လည်မှာ ကခုန်နေသည်ကို လူတိုင်းက တွေ့ရှိလိုက်ရ၏။
အပြင်ဂိုဏ်းမှ တပည့်အများစုသည် လိပ်ပြာ၏ ဇာစ်မြစ်ကို မသိရှိကြပေ။
သို့သော်လည်း ရှောင်လီနှင့် အခြားသော အမွေခံတပည့်များက မျက်မှောင်ကြုတ်လိုက်၏။
“ဟမ်”
တိမ်စိုင်များပေါ်မှာ မတ်တတ်ရပ်ပြီး တစ်ချိန်လုံး ပါဝင်ပတ်သက်ခြင်း မရှိသည့် ဓားအင်မော်တယ် ယွဲ့ဟွားပင်လျှင် အမူအရာ ပြောင်းလဲသွား၏။ သူက ဓားဆွေးနွေးပြိုင်ပွဲကွင်း ရှိရာဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်၏။
“လိပ်ပြာလေး.. နင် ဘယ်သွားမလို့လဲ”
ထိုစဉ်မှာပင် ခပ်လှမ်းလှမ်းကနေ အမျိုးသမီးတစ်ယောက်၏ အသံက ထွက်ပေါ်လာ၏။ ထိုအသံက နူးညံ့သိမ်မွေ့ပြီး စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စနှင့်အတူ နှစ်လိုဖွယ်ရာကောင်းနေ၏။
ထိုအသံကို ကြားသောအခါ ဓားအင်မော်တယ် ယွဲ့ဟွား၏ ထက်ရှမှုက ရုတ်တရက် လျော့ကျသွားပြီး သူ၏ မျက်လုံးထဲမှာ နူးညံ့သော အကြည့်တစ်ခု ပေါ်ထွက်လာ၏။
သိပ်မကြာခင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် ကြော့ရှင်းတင့်တယ်သော အမျိုးသမီးတစ်ဦးက လျှောက်လှမ်းလာ၏။ သူမ၏ အနက်ရောင် ဆံပင်များကို စုချည်၍ ထုံးထား၏။ သူမက မျက်နှာချေ ခပ်ပါးပါးကို လိမ်းခြယ်ထားပြီး သူမ၏ လှပသော မျက်လုံးများက အလွန်တရာ ဆွဲဆောင်မှုရှိကာ တစ်ချက်ကြည့်လိုက်တိုင်း တဖျပ်ဖျပ်လက်နေ၏။
အမျိုးသမီး ပေါ်ထွက်လာသည့် ခဏမှာပင် အပြင်ဂိုဏ်း၏ ဆူညံပွက်လောရိုက်နေသော အသံများက တိတ်ဆိတ်ငြိမ်သက်သွား၏။
လူတိုင်းနီးပါး၏ အကြည့်များက ဤအမျိုးသမီးပေါ်သို့ ရောက်ရှိသွားကြ၏။
လေထဲမှာ မတ်တတ်ရပ်နေရုံဖြင့် သူမသည် ဘေးပတ်ဝန်းကျင်နှင့် တစ်သားတည်းကျပြီး ပြီးပြည့်စုံသော ပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်နေ၏။
ကျင့်ကြံသူများစွာသည် အသက်ရှူဖို့ပင် မေ့လျော့သွားပြီး စကားမပြောဆိုရဲကြပေ။
ပန်းချီအင်မော်တယ် မိုချင်..။
ဆူဇီမိုသည် အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲမှာတုန်းက နတ်မိမယ် မိုချင်ကို တစ်ခါတွေ့မြင်ခဲ့ဖူး၏။
သို့သော် ယခု နတ်မိမယ် မိုချင်ကို ဒုတိယအကြိမ် တွေ့မြင်ရသည့်အခါ သူက စိတ်လှုပ်ရှားမှုကို ခံစားလာရဆဲဖြစ်၏။
ရုပ်ရည်သွင်ပြင်သက်သက်ဆိုလျှင် နတ်မိမယ် မိုချင်သည် သူ တွေ့မြင်ဖူးသည့် အချောအလှဆုံး အမျိုးသမီးတစ်ဦး ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။ အနည်းဆုံးတော့ သူမသည် ကြင်ရာတော်ယုကို မယှဉ်နိုင်ပေ။
သို့သော်လည်း နတ်မိမယ် မိုချင်သည် လူတစ်ယောက်၏ စိတ်နှလုံးကို လှုပ်ရှားယိမ်းယိုင်သွားစေသော တစ်မူထူးခြားသည့် အော်ရာတစ်ခုကို ပိုင်ဆိုင်ထား၏။
သူမ၏ တည်ရှိမှုသည် အစကတည်းက ပြီးပြည့်စုံသော ပန်းချီကားတစ်ချပ် ဖြစ်၏။
တကယ်တော့ သူသည် နှင်းဖြူရောင် လိပ်ပြာ ပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ အနီးအနားဝန်းကျင်မှာ နတ်မိမယ် မိုချင် ရှိလောက်သည်ဟု ဆူဇီမိုက ခန့်မှန်းမိခဲ့ပြီးသားဖြစ်၏။
လူတိုင်း၏ မျက်လုံးထဲမှာ ရေခဲလိပ်ပြာသည် ယန်လောရှု၏ ဘေးပတ်လည်မှာ ကခုန်နေပုံရ၏။
သို့သော်လည်း တကယ်တမ်းမှာတော့ ယန်လောရှုသည် ဆူဇီမိုနှင့် အတူတကွ မတ်တတ်ရပ်နေခြင်းဖြစ်၏။
ရေခဲလိပ်ပြာ၏ ပေါ်ထွက်လာမှုသည် သူ့ကြောင့် ဖြစ်ပုံရသည်ဟု ဆူဇီမိုက ခံစားနေရ၏။
“ဂျူနီယာညီမ.. မင်း ဘာလို့ ဒီကိုရောက်လာတာလဲ”
ဓားအင်မော်တယ် ယွဲ့ဟွားက လှုပ်ရှားလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ သူမကို ကြိုဆိုလိုက်၏။
“စီနီယာအစ်ကို ယွဲ့ဟွား”
နတ်မိမယ် မိုချင်က ညင်သာစွာ ခေါင်းညိတ်ပြီး ပြောလိုက်၏။
“ဘာလို့လဲ မသိဘူး.. လိပ်ပြာလေးက ရုတ်တရက် ပြေးထွက်သွားတယ်.. သူက ပြဿနာရှာမှာစိုးလို့ ကျွန်မက သူ့နောက်ကို လိုက်ဖမ်းနေရတာ”
“ဂျူနီယာမောင်ရှောင်… နင့်ရဲ့လက် အဆင်ပြေရဲ့လား”
နတ်မိမယ် မိုချင်က မလှမ်းမကမ်းမှာ ရှိသော ရှောင်လီကို ကြည့်ပြီး ညင်သာစွာ မေးလိုက်၏။
“ရ.. ရပါတယ်”
ရှောင်လီက ဓားအင်မော်တယ် ယွဲ့ဟွားကို တစ်ချက်ကြည့်ပြီး ခြောက်ကပ်စွာ ရယ်မောလိုက်၏။
မိုချင်၏ အကြည့်က ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်ရှိ ရေခဲလိပ်ပြာပေါ်သို့ ဆင်းသက်သွားလေသည်။ သူမက မျက်မှောင် အနည်းငယ်ကြုတ်ပြီး ညင်သာစွာ ငေါက်ငမ်းလိုက်၏။
“လိပ်ပြာလေး.. နင် လူတွေကို ထိခိုက်ဒဏ်ရာရအောင် ထပ်လုပ်ပြန်ပြီလား… နင် အဲဒီမှာ ဘာလုပ်နေတာလဲ ပြန်လာခဲ့”
ဤရေခဲလိပ်ပြာသည် နတ်မိမယ် မိုချင်၏ အင်မော်တယ်အချစ်တော်(အလှမွေးတောကောင်) ဖြစ်သည်ဆိုတာကို အမွေခံတပည့်များ အားလုံးက သိရှိထား၏။ တစ်မူထူးခြားစွာပင် ၎င်းက နတ်မိမယ် မိုချင်၏ ဘေးကနေ ထွက်ခွာမသွားတတ်ဘဲ သူမ၏ စကားကိုသာ နာခံတတ်လေသည်။
ထူးဆန်းသောအရာမှာ ယနေ့ နတ်မိမယ် မိုချင်က လှမ်းခေါ်လိုက်သောအခါ ရေခဲလိပ်ပြာက ချက်ချင်းပြန်လှည့်မလာဘဲ ယန်လောရှုနှင့် ဆူဇီမိုကို ဆက်လက်၍ လှည့်ပတ်ကာ ပျံသန်းနေ၏။
ထိုသည်ကို တွေ့မြင်သောအခါ ဓားအင်မော်တယ် ယွဲ့ဟွား၏ မျက်လုံးထဲတွင် သုန်မှုန်သော အကြည့်တစ်ခုက ဖျတ်ခနဲ ပေါ်ထွက်လာ၏။
ထိုအခိုက်အတန့်မှာ နတ်မိမယ် မိုချင်ကလည်း ယန်လောရှုနှင့် ဆူဇီမိုကို သတိထားမိသွားပြီး အခြေအနေက တစ်မူထူးခြားနေသည်ကို ရှာဖွေတွေ့ရှိသွား၏။
“ဒီနေရာမှာ ဘာတွေဖြစ်နေကြတာလဲ”
နတ်မိမယ် မိုချင်က မေးလိုက်၏။
အကြီးအကဲကျန့်က ညင်သာစွာ ချောင်းဟန့်လိုက်၏။
သူက စကားပြောတော့မည့်ဆဲဆဲမှာပင် ထက်ရှသော ဓားတစ်လက်ကဲ့သို့ အေးစက်နေသော စိတ်ဆန္ဒတစ်ခုက သူ၏ လည်ပင်းနားမှာ ရစ်ဝဲလာသည်ကို ခံစားလိုက်ရပြီး သူက တုန်လှုပ်ချောက်ချားသွား၏။
သူ၏ အကြည့်က လေထဲမှာ ရှိသော ဓားအင်မော်တယ် ယွဲ့ဟွားထံသို့ ရောက်ရှိသွား၏။
ဓားအင်မော်တယ် ယွဲ့ဟွားက အမူအရာကင်းမဲ့၍ တိတ်ဆိတ်ငြိမ်သက်နေပြီး သူ့ကို မှင်သေသေဖြင့်သာ တစ်ချက်ကြည့်လိုက်၏။
သို့သော်လည်း ထိုအကြည့်တစ်ချက်နှင့်အတူ ဓားအင်မော်တယ် ယွဲ့ဟွားက သူ့ကို သတိပေးနေခြင်းဖြစ်သည်ကို အကြီးအကဲကျန်းက သိရှိသွား၏။
သူက အတွင်းဂိုဏ်း စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲဖြစ်သော်လည်း သူသည် ဓားအင်မော်တယ် ယွဲ့ဟွားထက် များစွာနိမ့်ကျနေ၏။
ဓားအင်မော်တယ် ယွဲ့ဟွားသည် တက္ကသိုလ်၏ ထိပ်ဆုံး အမွေခံသုံးယောက်ထဲမှ တစ်ယောက်ဖြစ်၏။
အကြီးအကဲကျန့်က ကြိတ်၍ သက်ပြင်းချပြီး အသံတိတ်သွား၏။
ရှောင်လီက ဓားအင်မော်တယ် ယွဲ့ဟွား၏ အမူအရာကို တွေ့မြင်သောအခါ သူက နားလည်သဘောပေါက်သွားပြီး ပြုံးလိုက်၏။
“စီနီယာအစ်မ မိုချင်.. အဲဒါက ဘာမှ မဟုတ်ပါဘူး.. ဒါက အပြင်ဂိုဏ်းတပည့်တွေကြားက အသေးအဖွဲ့ ပဋိပက္ခလေးတစ်ခုပဲ.. အဲဒါကို သူတို့ဘာသာသူတို့ ကိုင်တွယ်နိုင်ပါတယ်”
“အို..”
နတ်မိမယ် မိုချင်က ခေါင်းညိတ်လိုက်၏။
ဆူဇီမိုက ယန်လောရှုကို ကြည့်လိုက်၏။
ထိုအခိုက်အတန့်မှာ ယန်လောရှုသည် သူ၏ ခေါင်းကို ငုံ့ထားပြီး အသံတိတ်နေ၏။ တကယ်ဆို သူသည် သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ မည်သည့်စိတ်ကူးမှ မရှိသည့်အလား နတ်မိမယ် မိုချင်ကို ကြည့်ပင် မကြည့်ပေ။
ဆူဇီမိုက တွေဝေသွား၏။
နတ်မိမယ် မိုချင်၏ ပေါ်ထွက်လာမှုသည် ယန်လောရှု၏ တစ်ခုတည်းသော အခွင့်အရေးဖြစ်၏။ သူက သူ့ကိုယ်သူ ဘာလို့ မကာကွယ်ရတာလဲ။
သိပ်မကြာခင် ဆူဇီမိုက တစ်စုံတစ်ရာကို တွေးမိသွားပြီး နားလည်သဘောပေါက်သွား၏။
ယန်လောရှုနှင့် နတ်မိမယ် မိုချင်ကြားမှာ ကောလာဟလများစွာ ရှိနေခဲ့ပြီးသား ဖြစ်၏။
ထိုအခိုက်အတန့်မှာ ယန်လောရှုက ရှေ့သို့ထွက်ပြီး သူ့ကိုယ်သူ ခုခံကာကွယ်ကာ နတ်မိမယ် မိုချင်ထံ အကူအညီတောင်းမည်ဆိုလျှင် သူတို့နှစ်ယောက်ကြား ကိစ္စများကို ရှင်းပြဖို့က ပို၍ပင် ခက်ခဲလာပြီး ကောလာဟလများက ထပ်မံ၍ ပျံ့နှံ့သွားပေလိမ့်မည်။
နတ်မိမယ် မိုချင်၏ နာမည်ဂုဏ်သတင်း ကျဆင်းမည်ကို စိုးရိမ်နေသောကြောင့် ယန်လောရှုက အသံတိတ်နေခြင်း ဖြစ်လေသည်။
ယန်လောရှုက လွဲလျှင် ဤကိစ္စကို မည်သူမဆို ထုတ်ဖော်ပြောဆိုနိုင်လေသည်။
ထိုအတွေးဖြင့် ဆူဇီမိုက ရှေ့သို့ထွက်လိုက်၏။
အခြားသူတိုင်းက ဓားအင်မော်တယ် ယွဲ့ဟွားနှင့် အခြားသူများ၏ စွမ်းပကားကြောင့် မှင်တက်နေပြီး မည်သည့်အရာကိုမှ ပြောဆိုရဲခြင်း မရှိပေ။ သူတို့သည် အမွေခံတပည့်များကို ဆန့်ကျင်မိမည်ကို စိုးရိမ်ပူပန်နေကြ၏။ သို့သော်လည်း ဆူဇီမိုကတော့ ကြောက်ရွံ့မနေပေ။
ယန်လောရှုသည် ဤကိစ္စမှာ သူ့ကို ကူညီပေးခဲ့သည်ဆိုမှတော့ ဓားအင်မော်တယ် ယွဲ့ဟွားနှင့် အခြားသူများ၏ ဖိအားကို ယန်လောရှုတစ်ယောက်တည်း ကြိတ်မှိတ်ခံနေရမည်ကို သူက သေချာပေါက် ခွင့်ပြုပေးလိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် သူနှင့် ဓားအင်မော်တယ် ယွဲ့ဟွားကြားမှာ ပဋိပက္ခတစ်ခုက ရှိနေခဲ့ပြီးသား ဖြစ်၏။
“မင်္ဂလာပါ စီနီယာအစ်မ မိုချင်”
ဆူဇီမိုက လက်နှစ်ဖက်ကို ယှက်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။
“ဒီကိစ္စက ကျုပ်ကြောင့် ဖြစ်ခဲ့ရတာပဲ.. အစတုန်းကတော့……..”
ဓားအင်မော်တယ် ယွဲ့ဟွား၊ ရှောင်လီနှင့် အခြားသူများ၏ ကြမ်းကြုတ်ခက်ထန်သော အကြည့်များအောက်မှာ ဆူဇီမိုသည် ဖြစ်စဉ်တစ်ခုလုံးကို အကြောက်အလန့် ကင်းမဲ့စွာ ပြန်ပြောပြလိုက်၏။
ရှောင်လီနှင့် အခြားသူများက နားထောင်ရင်း သူတို့၏ အမူအရာများက ပို၍ ပျက်ယွင်းလာခဲ့၏။
သူတို့ထဲမှ တချို့သည် ဆူဇီမိုကို ချက်ချင်းပင် ရှင်းထုတ်ပစ်ချင်နေကြ၏။
သို့သော်လည်း နတ်မိမယ် မိုချင် ရှိနေသည့်အတွက် မည်သူကမှ မတိုက်ခိုက်နိုင်ကြပေ။
ဓားအင်မော်တယ် ယွဲ့ဟွားပင်လျှင် သူ၏ ထက်ရှမှုကို ရုတ်သိမ်းထား၏။
နတ်မိမယ် မိုချင်သည် ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်ရှိ ဆူဇီမိုကို ကြည့်ပြီး ဤအစိမ်းရောင်ဝတ် စာပေသမားက လွန်ခဲ့သည့် နှစ်တစ်ထောင် အင်မော်တယ်ဂိုဏ်း ရွေးချယ်ပွဲကနေ သူမ ကယ်တင်ပေးခဲ့သည့် ကျင့်ကြံသူ ဖြစ်သည်ကို တဖြည်းဖြည်း မှတ်မိသွားလေသည်။
‘ဒီလူက တော်တော်ရဲဝံ့တာပဲ..။ စီနီယာအစ်ကို ယွဲ့ဟွားနဲ့ တခြားသူတွေရဲ့ ဖိအားအောက်မှာတောင် သူက ရှေ့ကို ထွက်ရပ်ပြီး အမှန်တရားကို ပြောဆိုရဲတယ်။’
နတ်မိမယ် မိုချင်က အမူအရာကင်းမဲ့နေသော်လည်း သူမက စိတ်ထဲကနေ ချီးကျူးလိုက်လေသည်။