မနာလိုဝန်တိုသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒ
Vol. 146 Ch. 2182
ဓားအင်မော်တယ်ယွဲ့ဟွားသည် တည်ငြိမ်၍ အကြောက်အလန့်ကင်းမဲ့သော အပြင်ဂိုဏ်းတပည့်ကိုကြည့်ကာ မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
သူသည် တစ်နေရာရာမှာ ထိုသူ့ကိုတွေ့မြင်ဖူးနေသည့်အလား ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူကို ရင်းနှီးနေပုံရသည်ဟု သူကခံစားရ၏။
သို့သော်လည်း သူက ထိုအခိုက်အတန့်မှာ မည်သည့်အရာကိုမှ ပြန်လည်စဥ်းစား၍မရပေ။
“စီနီယာအစ်မမိုချင်”
ဆူဇီမိုက စကားပြောပြီးနောက် သူကနောက်တစ်ဖန်ဦးညွှတ်၍ လေးနက်သောအသံဖြင့် ပြောလိုက်၏။
“လက်ရှိလူတိုင်းက ဖြစ်စဥ်တစ်ခုလုံးကို တွေ့မြင်ခဲ့ရတယ်... သူတို့က ကျုပ်အတွက် သက်သေခံပေးနိုင်တယ်... ဘယ်ဟာကမှားတယ် ဘယ်ဟာက မှန်တယ်ဆိုတာကို တက္ကသိုလ်က အကဲဖြတ်ပေးနိုင်လိမ့်မယ်လို့ ကျုပ်ယုံပါတယ်”
“စီနီယာအစ်မမိုချင်... ကျေးဇူးပြုပြီး ဒီပြဿနာကို တက္ကသိုလ်ထံတင်ပြပြီး တရားသဖြင့်ဆောင်ရွက်ပေးပါခင်ဗျာ”
ဆူဇီမို၏ တောင်းဆိုမှုက အတော်လေးပါးနပ်လေသည်။ သူက ဓားအင်မော်တယ်ယွဲ့ဟွားနှင့် အခြားသူများနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ နတ်မိမယ်မိုချင်ကို တိုက်ရိုက်အကူအညီမတောင်းခဲ့ပေ။ ထိုအစားသူက ဤပြဿနာကို တက္ကသိုလ်ထံတင်ပြဖို့ အကူအညီတောင်းခဲ့၏။
နတ်မိမယ်မိုချင်က အသာအယာခေါင်းညိတ်ပြီး ပြောလိုက်လေသည်။
“ကောင်းပြီလေ... ငါအခုပဲ တက္ကသိုလ်ဆီကို သတင်းစကားပို့ပေးမယ်”
ရှောင်လီနှင့် အခြားသူများသည် ဓားအင်မော်တယ်ယွဲ့ဟွားကို စူးစမ်းလိုသောအကြည့်ဖြင့် ကြည့်လိုက်ကြ၏။
ဓားအင်မော်တယ်ယွဲ့ဟွားက သူ၏ ခေါင်းကိုညင်သာစွာ ခါပြလိုက်၏။
နတ်မိမယ်မိုချင်ပေါ်ထွက်လာသောအခါ ဤပြဿနာကိုမဖြေရှင်းဘဲ ထားခဲ့ရတော့မည်ကို သူကနားလည်သွားပြီဖြစ်၏။
“အဲ့ကိစ္စနဲ့ပတ်သက်ပြီး ငါသိပြီးသွားပြီ”
ရုတ်တရက် အပြင်ဂိုဏ်း၏ အထက်ကနေ အလွန်တရာခံ့ညားထည်ဝါသောအသံတစ်သံထွက်ပေါ်လာ၏။
“တတိယအကြီးအကဲပဲ”
ထိုအသံကိုကြားသောအခါ ဓားအင်မော်တယ်ယွဲ့ဟွား၊ နတ်မိမယ်မိုချင်နှင့် အခြားသူများ၏ အမူအရာများက ပြောင်းလဲသွားပြီး တက္ကသိုလ်ရှိရာဘက်သို့ အနည်းငယ်ဦးညွှတ်လိုက်ကြ၏။
တက္ကိသိုလ်၏ တတိယအကြီးအကဲသည် အပြစ်ဒဏ်ပေးခြင်းများအားလုံးကို တာဝန်ယူထားပြီး သူက တက္ကသိုလ်၏ အစစ်အမှန် စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲဖြစ်လေသည်။
တက္ကသိုလ်၏ အမွေခံတပည့်များပင်လျှင် စည်းမျဥ်းစည်းကမ်းများကိုချိုးဖောက်ပါက အပြစ်ပေးခံရပေလိမ့်မည်။
“ချန်ရှန်နဲ့ လူဝမ်ပင်းက တက္ကသိုလ်ရဲ့ အစေခံတန်းလျားကိုပို့ဆောင်ခံရမယ်... သူတို့က သူတို့ရဲ့လက်ကျန်ဘဝတစ်လျှောက်လုံး အပြင်ဂိုဏ်းကို ဘယ်တော့မှပြန်မဝင်စေရဘူး”
တတိယအကြီးအကဲက အချိန်ဖြုန်းမနေဘဲ ဤပြဿနာအတွက် အပြစ်ဒဏ်များကို တိုက်ရိုက်ထုတ်ဖော်ကြေညာလိုက်၏။
ချန်ရှန်နှင့် လူဝမ်ပင်းအတွက် အပြစ်ဒဏ်များက အတော်လေးပြင်းထန်လေသည်။
သူတို့သည် တက္ကသိုလ်ကနေကန်ထုတ်မခံရသော်လည်း သူတို့နှစ်ယောက်သည် သူတို့၏ လက်ကျန်ဘဝတစ်လျှောက်လုံး ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အစေခံများအဖြစ် နေထိုင်ရတော့မည်ဖြစ်ပြီး တက္ကသိုလ်၏ အောက်ဆုံးအဆင့်ကနေ ကျင့်ကြံရတော့မည်ဖြစ်၏။
ချန်ရှန်နှင့် လူဝမ်ပင်း၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်သွားကြ၏။
အစကတော့ လူဝမ်ပင်းသည် အပြင်ဂိုဏ်းပြိုင်ပွဲမှာ ထိပ်ဆုံးအဆင့် ၂၀ ထဲပါဝင်ခဲ့၏။
သို့သော်လည်း သူကတစ်ခဏချင်းမှာပင် အောက်ခြေသို့ကျဆင်းသွားပြီး အစေခံတစ်ယောက်အဖြစ် လျှောကျသွားလေသည်။
ဤပြဿနာသည် ဤကဲ့သို့ အလှည့်အပြောင်းဖြစ်လာလိမ့်မည်ဟု သူတို့နှစ်ယောက်က ထင်မှတ်မထားခဲ့ပေ။ အမွေခံတပည့်များနှင့် တက္ကသိုလ်၏ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲများပင်လျှင် ထိတ်လန့်သွားကြ၏။
“ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ ထန်ယွင်နဲ့ ဆူဇီမိုကြားတိုက်ပွဲက အစတုန်းကတော့ သာမန်လက်ရည်စမ်းပွဲတစ်ပွဲပဲ... ဒါပေမဲ့ ထန်ယွင်က သူ့ရဲ့အမြုတေစိတ်ဝိညာဥ်အတတ်ကိုထုတ်ဖော်အသုံးပြုဖို့ သွေးထိုးလှုံ့ဆော်ခံရပြီး အရင်ဆုံးသတ်ဖြတ်ကွက်ကို လှုပ်ရှားခဲ့တယ်... ဒါပေမဲ့သူက ပြန်လှန်သတ်ဖြတ်ခံခဲ့ရတယ်... သူက သေသင့်သေထိုက်တယ်”
“ဖန်းယွီကအရင်ဆုံး ထန်ယွင်ကို သွေးထိုးလှုံ့ဆော်ခဲ့ပြီး နောက်ပိုင်း ဂိုဏ်းရဲ့စည်းမျဥ်းစည်းကမ်းတွေကိုလျစ်လှူရှုပြီး ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ ဆူဇီမိုကို တိုက်ခိုက်ခဲ့တယ်... ဒါပေမဲ့ သူက ယန်လောရှုရဲ့သတ်ဖြတ်ခြင်းခံခဲ့ရတယ်... အဲ့ဒါကလည်းထိုက်တန်တယ်”
ထိုစကားကိုကြားသောအခါ ကျင့်ကြံသူများစွာက နားလည်သဘောပေါက်လာခဲ့၏။
ယနေ့ကိစ္စကို ဆုံးဖြတ်ပြီးသွားပြီဖြစ်ပြီး အကြီးအကဲထန်နှင့် ဖန်းယွီက မည်သည့်အရာကိုမှပြန်မရဘဲ သေခဲ့ရလေသည်။
ထန်ပန်နှင့် ယန်ပင်းယင်၏ အမူအရာများကလည်း ပျက်ယွင်းသွား၏။
အခြားတစ်ဘက်မှာတော့ ဖန့်ချင်းယွင်၏ အမူအရာက တည်ငြိမ်၍ စိတ်ခံစားချက်ကင်းမဲ့နေ၏။
ဆူဇီမိုက စိတ်သက်သာစွာသက်ပြင်းချလိုက်၏။
ဤကိစ္စသည် ဖန့်ချင်းယွင်၊ ရှောင်လီ၊ ဓားအင်မော်တယ်ယွဲ့ဟွားနှင့် အခြားသူများကို ဆွဲဆောင်မိခဲ့သော်လည်း တက္ကသိုလ်က တရားမျှတမှုရှိလေသည်။
အနည်းဆုံးတော့ တက္ကသိုလ်သည် ဘက်လိုက်မှုတစ်စုံတစ်ရာကိုပြသခြင်း သို့မဟုတ် ၎င်း၏စွမ်းပကားနှင့်အတူ အခြားသူများကိုဖိနှိမ်ခြင်း မရှိပေ။
“ယန်လောရှုနဲ့ ဆူဇီမိုက အပြစ်ကင်းကြတယ်... သူတို့အတွက် ဘာအပြစ်ဒဏ်မှပေးစရာမလိုဘူး... အားလုံးပဲ လူစုခွဲကြတော့”
တတိယအကြီးအကဲ၏ နောက်ဆုံးစကားက နိဂုံးချုပ်စကားဖြစ်လေသည်။
“လိပ်ပြာလေး နင်အဲ့မှာဘာလုပ်နေတာလဲ”
နိတ်မိမယ်မိုချင်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှရေခဲလိပ်ပြာကို အော်ငေါက်လိုက်၏။ ဤတစ်ခေါက်မှာ ရေခဲလိပ်ပြာသည် ခဏမှတွေဝေတုံ့ဆိုင်း၍ ဆူဇီမိုကိုလှည့်ပတ်ပြီးနောက် ၎င်း၏တောင်ပံများကိုခတ်ပြီး နတ်မိမယ်မိုချင်ရှိရာသို့ ပျံသန်းသွား၏။
မိုချင်ကလည်း ဤနေရာမှာဆက်မနေတော့ဘဲ ယန်လောရှုနှင့် ဆူဇီမိုကိုပင် လှည့်မကြည့်ခဲ့ပေ။ သူမက ရေခဲလိပ်ပြာနှင့်အတူ လှည့်ထွက်သွား၏။
“စီနီယာအစ်ကို”
ရှောင်လီနှင့် အခြားသူများက ဓားအင်မော်တယ်ယွဲ့ဟွားကိုကြည့်ပြီး ညင်သာစွာအော်ခေါ်လိုက်၏။
“ငါတို့လည်းသွားကြတာပေါ့”
ဓားအင်မော်တယ်ယွဲ့ဟွား၏ အမူအရာကပြောင်းလဲသွားပြီး သူ၏ ခြေဖဝါးအောက်ရှိ မင်္ဂလာတိမ်စိုင်က အပြင်ဂိုဏ်းရှိရာကနေ ထွက်ခွာသွားလေသည်။ တစ်ခဏချင်းမှာပင် အဲ့ဒါက ကျင့်ကြံသူများစွာ၏ မြင်ကွင်းကနေ ပျောက်ကွယ်သွား၏။
တက္ကသိုလ်ကနေ ထွက်ခွာလာပြီးနောက် ရှောင်လီက မနှစ်မြို့သော အမူအရာတစ်ခုနှင့်အတူ အေးစက်စွာနှာတစ်ချက်မှုတ်၍ မကျေမနပ်ပြောဆိုလိုက်၏။
“အဲ့ဒါတွေအားလုံးက... တတိယအကြီးအကဲရဲ့အမှားပဲ… အပြင်ဂိုဏ်းရဲ့ အခုလိုမျိုး အသေးအဖွဲ့ကိစ္စတွေမှာ သူဝင်ပါစရာမှမလိုတာ”
ဓားအင်မော်တယ်ယွဲ့ဟွားက သုန်မှုန်နေသောအမူအရာနှင့်အတူ အသံတိတ်နေ၏။
“စီနီယာအစ်ကို... စီနီယာအစ်မမိုချင် ဒီတစ်ခေါက်ပေါ်လာတာကလည်းတိုက်ဆိုင်မှုတစ်ခုပဲနေမှာပါ ဟုတ်တယ်မလား”
ရှောင်လီက အကဲစမ်းမေးမြန်းလိုက်၏။
နောက်ထပ်လူတစ်ယောက်က ခေါင်းခါလိုက်၏။
“တစ်ကြိမ်ဆိုရင်တော့... တိုက်ဆိုင်တာဖြစ်နိုင်တယ်... ဒါပေမဲ့ နှစ်ကြိမ်ဆိုရင်တော့...”
ထိုနေရာအရောက်မှာ ဓားအင်မော်တယ်ယွဲ့ဟွားက ခဏမျှရပ်တန့်ပြီး သူ၏ မျက်လုံးကိုမှေးကျဥ်းကာ ထက်ရှသောသတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လိုက်၏။
အစကတော့ နတ်မိမယ်မိုချင်နှင့် ယန်လောရှု၏ ကောလာဟလများကို ကြားရသောအခါ ဓားအင်မော်တယ်ယွဲ့ဟွားက မကျေမနပ်ဖြစ်ခဲ့သော်လည်း သူအဲ့ဒါကိုအလေးအနက်မထားခဲ့ပေ။
သူ၏ မျက်လုံးထဲမှာ ယန်လောရှုသည် အောက်ဘုံလောကကနေလာသော တစ်စုံတစ်ယောက်သာဖြစ်၏။ အတွင်းဂိုဏ်းတပည့်တစ်ယောက်အနေဖြင့် သူ၏ ကျင့်ကြံမှုသည် အဆင့်-၉ ကောင်းကင်အင်မော်တယ်နယ်ပယ်မှာသာရှိလေသည်။
ပန်းချီအင်မော််တယ်မိုချင်နှင့် ယန်လောရှုကြားကွာဟချက်က အရမ်းကိုကြီးမားနေ၏။ အဲ့ဒါက မိုးနှင့်မြေလိုပင်။
‘ဂျူနီယာညီမမိုချင်က ယန်လောရှုကိုဘယ်လိုလုပ်ပြီး နှစ်သက်သဘောကျနိုင်ပါ့မလဲ။’
ဓားအင်မော်တယ်ယွဲ့ဟွားသည် ယန်လောရှုကို သူ၏ ပြိုင်ဘက်အဖြစ် လုံးဝမမှတ်ယူခဲ့သလို သူ့ကိုလုံးဝအလေးအနက်ထားခဲ့ခြင်းလည်းမရှိပေ။
သို့်သော်လည်း ဤတစ်ခေါက်မှာတော့ ဓားအင်မော်တယ်ယွဲ့ဟွားသည် တစ်စုံတစ်ရာကို သံသယဝင်လာခဲ့ပြီဖြစ်၏။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ သူက နတ်မိမယ်မိုချင်ကို ပိုးပန်းနေခြင်းသည် လျှို့ဝှက်ချက်မဟုတ်ပေ။
အနည်းဆုံးတော့ အမွေခံတပည့်များစွာသည် အဲ့ဒါကိုသိရှိထားလေသည်။
သို့သော်လည်း နတ်မိမယ်မိုချင်က ဤနှစ်များအားလုံးမှာ အဲ့ဒါကိုသဘောတူလက်ခံခဲ့ခြင်းမရှိပေ။ သူမသည် ပန်းချီတာအိုမှာစွဲလမ်းနေခြင်းကြောင့်... သို့မဟုတ် အခြားသောအကြောင်းပြချက်တချို့ကြောင့် ဖြစ်နိုင်လေသည်။
ဓားအင်မော်တယ်ယွဲ့ဟွားကလည်း လက်မလျှော့ခဲ့ပေ။
တက္ကသိုလ်မှာရှိသောလူများစွာက နတ်မိမယ်မိုချင်ကို အထင်ကြီးလေးစား သဘောကျသော်လည်း သူမကို ပေါ်ပေါ်ထင်ထင်ပိုးပန်းရဲသောသူ များစွာမရှိပေ။
မည်သူကမှ ဓားအင်မော်တယ်ယွဲ့ဟွားကို ဆန့်ကျင်ရဲခြင်း သို့မဟုတ် သူ၏ လမင်းအမြုတေဓားကို မြည်းစမ်းကြည့်လိုခြင်း မရှိကြပေ။
ယနေ့မှာ ဓားအင်မော်တယ်ယွဲ့ဟွားသည် ပုဂ္ဂိုလ်ရေးခြိမ်းခြောက်မှုတစ်ခုကိုခံစားလိုက်ရ၏။
သူ၏ မျက်လုံးထဲမှာ ဖော်ပြဖို့ပင်မထိုက်တန်ဟု သူမှတ်ယူထားသည့် ထိုအတွင်းဂိုဏ်းတပည့်သည် ဂျူနီယာမိုချင်နှင့် ဖော်မပြတတ်သော ဆက်ဆံရေးတစ်ခု တကယ်ပင် ရှိနေပုံရ၏။
မိုချင်က တည်ငြိမ်အေးဆေးသော စိတ်နေစရိုက်ရှိပြီး ပန်းချီတာအိုမှာ စွဲလမ်းနေလေသည်။ သူမသည် တိုက်ခိုက်ခြင်းနှင့် ပဋိပက္ခများကို သဘောမကျပေ။ ပုံမှန်အခြေအနေမှာဆိုလျှင် သူမသည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲကဲ့သို့ ပွဲတော်တစ်ခုမှာ သေချာပေါက် ပေါ်ထွက်လာလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း လွန်ခဲ့သည့်နှစ်တစ်ထောင်က မိုချင်သည် ရစ်ခွေနဂါးတောင်ကြောရိုးမှာပေါ်ထွက်လာပြီး ယန်လောရှုကို ကယ်တင်ခဲ့၏။
ယနေ့မှာလည်း တူညီသောဖြစ်ရပ်ကဖြစ်ပွားခဲ့လေသည်။
အဲ့ဒီမှာ အခြားသောသက်သေတစ်ခု ရှိနေပြန်၏။
ရေခဲလိပ်ပြာသည် မိုချင်၏ အမိန့်ကိုသာ နာခံတတ်လေသည်။ ရေခဲလိပ်ပြာက တစ်ယောက်ယောက်နှင့် ဤမျှအထိရင်းနှီးနေသည်ကို ဓားအင်မော်တယ်ယွဲ့ဟွားက တစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။
သို့သော်လည်း ယနေ့မှာ ရေခဲလိပ်ပြာသည် ယန်လောရှု၏ အနားမှာ တစ်ချိန်လုံး ရစ်ဝဲနေခဲ့၏။
'ရေခဲလိပ်ပြာက ယန်လောရှုကို အသိအမှတ်ပြုလာတဲ့အထိ သူတို့နှစ်ယောက်က ရင်းနှီးနေကြပြီလား'
ထိုအတွေးဖြင့် ဓားအင်မော်တယ်ယွဲ့ဟွား၏ မနာလိုဝန်တိုစိတ်က တောက်လောင်လာပြီး အဆုံးမဲ့မုန်းတီးမှုများအဖြစ် ပြောင်းလဲသွား၏။
“ဟဲဟဲ...”
ရုတ်တရက်ဓားအင်မော်တယ်ယွဲ့ဟွားက ရယ်မော၍ပြောလိုက်၏။
“သိပ်ကောင်းတယ်... အရင်တုန်းက ကောလာဟလတွေကို ငါအရေးမလုပ်ခဲ့ဘူး... ဒါပေမဲ့ ဒီတစ်ခေါက်တော့ ငါမင်းကို တချို့အရာတွေကို နားလည်လာအောင်လုပ်ပေးရမယ်... ငါသဘောကျနှစ်သက်တဲ့ သူတစ်ယောက်ကို ဘယ်သူကမှထိပါးလို့မရစေရဘူး”
“စီနီယာအစ်ကို... ကျုပ်တို့ဘာလုပ်သင့်တယ်လို့ထင်လဲ”
ရှောင်လီက ခေါင်းဖြတ်လက်ဟန်တစ်ခုပြုလုပ်ပြပြီး လေးနက်သောအသံဖြင့် မေးလိုက်၏။
“ကျုပ်တို့သူ့ကိုတစ်ခါတည်း သတ်ပစ်သင့်လား”
“မဟုတ်ဘူး... မဟုတ်ဘူး”
ဓားအင်မော်တယ်ယွဲ့ဟွားက သူ၏ ခေါင်းကိုခါယမ်းပြီး အေးစက်စက်အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။
“သူ့ကိူတစ်ခါတည်းသတ်ဖြတ်တာက လွယ်ကူလွန်းမနေဘူးလား... ငါက သူ့ကိုဒုက္ခိတတစ်ယောက်ဖြစ်အောင် လုပ်ပစ်မယ်... လုံးဝကိုဒုက္ခိတတစ်ယောက်”
“အဲ့ဒါဆိုလဲ ကိစ္စမရှိဘူးလေ”
ရှောင်လီက ခေါင်းညိတ်လိုက်၏။
ဓားအင်မော်တယ်ယွဲ့ဟွားက လှောင်ရယ်ကာ တီးတိုးရေရွတ်လိုက်၏။
“ဂျူနီယာညီမ... နင်သူ့ကိုဘာကြည့်ပြီးကြိုက်လဲဆိုတာ ငါတကယ်ပဲစဥ်းစားမရဘူး”
“ဒီတစ်ခေါက်တော့... သူက ဒုက္ခိတတစ်ယောက်ဖြစ်သွားတဲ့အခါ နင်ကသူ့ကိုသဘောကျနေဦးမလား ကြည့်ရသေးတာပေါ့... ဟီးဟီးဟီးဟီး...”
မကောင်းဆိုးဝါးဆန်၍ အေးစက်နေသောရယ်မောသံက ငရဲကနေတက်လှမ်းလာသော မိစ္ဆာတစ်ကောင်၏ ရယ်သံကဲ့သို့ ထွက်ပေါ်လာ၏။
ရှောင်လီနှင့် အခြားသောတပည့်များက တုန်လှုပ်ချောက်ချားသွားကြလေသည်။