ဖန်းကလန်
Vol. 146 Ch. 2183
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်။
ဤကိစ္စအပြီး၌ ကျင့်ကြံသူများစွာက တဖြည်းဖြည်းလူစုခွဲထွက်ခွာသွားကြ၏။
သို့သော်လည်း ၎င်းကိစ္စ၏ တုန်လှုပ်စေမှုနှင့် သက်ရောက်မှုက တက္ကသိုလ်မှာ အချိန်အတော်ကြာသည့်အထိ ဆက်ရှိနေပေလိမ့်မည်။
ဆူဇီမိုသည် အပြင်ဂိုဏ်းသို့ ဝင်ရောက်လာပြီးနောက် သူသည် တံခါးပိတ်ကျင့်ကြံခြင်းသို့ဝင်ရောက်ကာ ပေါ်ထွက်လာခြင်းမရှိသလောက်နီးပါးပင်။
ဤတစ်ခေါက်မှာ အားလုံး၏ ရှေ့မှောက်မှာပင် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲတစ်ယောက်ကို သတ်ဖြတ်ရဲသည့် ရက်စက်ကြမ်းတမ်းသောလူတစ်ယောက်က သူတို့ကြားမှာ ရှိနေသည်ကို အပြင်ဂိုဏ်းတပည့်များက သိရှိလိုက်ကြ၏။
သူသည် အတွင်းဂိုဏ်းတပည့်များနှင့် အမွေခံတပည့်များကို တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာစေခဲ့သော်လည်း မထိမခိုက်လွတ်မြောက်နိုင်ခဲ့၏။
သူသည် အကြီးအကဲထန်နှင့် တစ်ကြိမ်သာတိုက်ခိုက်ဖလှယ်ခဲ့သော်လည်း သူသည် တက္ကသိုလ်မှာကျော်ကြားသွားခဲ့ပြီဖြစ်၏။
ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်တွင်...။
ဆူဇီမိုက ယန်လောရှုကိုအလေးအနက်ဦးညွှတ်ပြီး ပြောလိုက်၏။
“အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုယန်”
တကယ်တော့ အကြီးအကဲထန်နှင့် ဖန်းယွီနှစ်ယောက်စလုံးသည် ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်တွင် ဆူဇီမို၏ လက်ချက်ဖြင့် သေဆုံးခဲ့ရလေသည်။
ယန်လောရှုက သူ့အပေါ်သို့ ကျရောက်လာမည့် ဖိအားများအားလုံးကို ယူဆောင်သွားခဲ့ခြင်းကြောင့်သာမဟုတ်လျှင် သူသည် အမွေခံတပည့်များပေါ်ထွက်မလာခင်မှာပင် ထန်ပန်နှင့် အခြားသူများ၏ လက်ချက်ဖြင့် သေဆုံးသွားလောက်လေပြီ။
“မင်းငါ့ကိုကျေးဇူးတင်စရာမလိုဘူး”
ယန်လောရှုက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“တကယ်တော့... မင်းရဲ့ဒီကပ်ဘေးက အစကတည်းက ငါနဲ့ပတ်သက်ဆက်စပ်နေတာပဲ”
“အကြီးအကဲထန်က ဖန့်ချင်းယွင်နဲ့ တခြားသူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်... တကယ်တော့ သူကငါ့ကိုပစ်မှတ်ထားချင်တာပဲ... ဒါပေမဲ့ မင်းက ရောပါငြိစွန်းခံလိုက်ရတာ”
ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
“သူတို့က ခင်ဗျားနဲ့ နက်ရှိုင်းတဲ့ရန်ငြိုးရန်စရှိတယ်ဆိုတာ ကျုပ်သိပါတယ်... စီနီယာအစ်ကိုယန် အဲ့ဒါကခင်ဗျားက အောက်ဘုံလောကကနေတက်လှမ်းလာတာ တစ်ခုထဲကြောင့်ပဲလား”
“အဲ့ဒါက အကြောင်းပြချက်တွေထဲကတစ်ခုပဲ”
ယန်လောရှုကခဏမျှစဥ်းစားပြီးပြောလိုက်၏။
“တက္ကသိုလ်မှာ အပြင်ဂိုဏ်းမှာဆို ကိစ္စတွေက အတော်လေးအဆင်ပြေတယ်.... တပည့်ဂိုဏ်းသားတွေကြားတိုက်ခိုက်မှုကလည်း သိပ်ပြီးပြင်းထန်မှုရှိမှာမဟုတ်ဘူး... ဒါပေမဲ့ အတွင်းဂိုဏ်းတပည့်တွေနဲ့ အမွေခံတပည့်တွေကြားမှာတော့ အတွင်းရေးပဋိပက္ခတွေ အများကြီးရှိနေတယ်”
“ဒီနှစ်တွေအားလုံးမှာ ငါက ပါရမီအရည်အချင်း၊ နောက်ခံနဲ့ တိုက်ခိုက်ရည်ခွန်အားမှာ ဖန့်ချင်းယွင်နဲ့ တခြားသူတွေကို မယှဥ်နိုင်ခဲ့ဘူး.... ဒါပေမဲ့ ငါက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲတွေအတွက် တက္ကသိုလ်ကို ကိုယ်စားပြုနိုင်ခဲ့တယ်... လူတိုင်းက အဲ့ဒါနဲ့ပတ်သက်ပြီး မကျေနပ်ကြဘူး”
“အဲ့ဒီမှာ နောက်ထပ်အကြောင်းပြချက်ရှိသေးတယ်”
ထိုနေရာအရောက်တွင် ယန်လောရှုက ခဏမျှရပ်တန့်ပြီး သူ၏ ခေါင်းကိုခါယမ်းကာ ဆက်လက်၍ မပြောဆိုတော့ပေ။
ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောပြီး နားလည်သဘောပေါက်သွား၏။
ထိုအကြောင်းအရင်းသည် ပန်းချီအင်မော်တယ်မိုချင်ကြောင့် ဖြစ်နိုင်လေသည်။
လွန်ခဲ့သည့်နှစ်တစ်ထောင်က ကောလာဟလများသည် ယန်လောရှုနှင့် နတ်မိမယ်မိုချင်ကို မုန်တိုင်း၏ အလယ်ဗဟိုသို့ တွန်းပို့ခဲ့၏။
တက္ကသိုလ်မှတပည့်များသည် နတ်မိမယ်မိုချင်ကို အပြစ်တင်ပြောဆိုရဲလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ယန်လောရှုအပေါ် သူတို့၏ ရန်လိုစိတ်က ပိုမိုနက်ရှိုင်းလာခဲ့၏။
ဒါ့အပြင် ဓားအင်မော်တယ်ယွဲ့ဟွားက နတ်မိမယ်မိုချင်ကို ပိုးပန်းနေ၏။
ဓားအင်မော်တယ်ယွဲ့ဟွားက ယန်လောရှုကို အရင်စပြီး ပစ်မှတ်ထားမလာခဲ့လျှင်တောင် သူ့ကိုမျက်နှာလိုမျက်နှာရလုပ်ဖို့အတွက် ယန်လောရှုကို ပစ်မှတ်ထားလာမည့်သူများ ရှိလောက်လေသည်။
အဲ့ဒါထက် တက္ကသိုလ်မှာ ယန်လောရှု၏ ဘက်တွင် မည်သူကမှ ရပ်တည်ရဲလိမ့်မည် မဟုတ်ပေ။
ယန်လောရှုနှင့်အတူ ရပ်တည်လိုက်ခြင်းက ဓားအင်မော်တယ်ယွဲ့ဟွားကို ဆန့်ကျင်လိုက်ခြင်းနှင့် တူညီလေသည်။
ဤကိစ္စအပြီး၌ အခြေအနေက ပို၍သိသာထင်ရှားလာပေလိမ့်မည်။
ယန်လောရှုသည် တက္ကသိုလ်မှာ လုံးဝပိုင်းခြားကာခွဲထုတ်ထားခြင်းခံလာရပေလိမ့်မည်။
“အခုကစပြီး တက္ကသိုလ်မှာ ငါနဲ့ထိတွေ့ဆက်ဆံမှုမရှိအောင်ကြိုးစား”
ယန်လောရှုက ရုတ်တရက်ပြောလိုက်၏။
သူ၏ အမူအရာက တည်ငြိမ်နေသော်လည်း သူ၏ မျက်လုံးအနက်ပိုင်းထဲမှာ အထီးကျန်မှုတစ်စွန်းတစ်စရှိနေ၏။
“စီနီယာအစ်ကိုယန်”
ဆူဇီမိုက ညင်သာစွာခေါ်လိုက်၏။
သူက ယန်လောရှုကို နှစ်သိမ့်ပေးမည့်ဆဲဆဲမှာပင်..
ထိုသူက သူ၏ ပခုံးကိုပုတ်ပြီး ပြုံးပြလိုက်လေသည်။
“မင်းကသိပ်တော်တယ်... မင်းရဲ့နည်းလမ်းတွေက မဆိုးဘူး... ဟိုအချိန်နတ်ဘုရားစွမ်းအားက တကယ့်ကိုကြောက်စရာပဲ”
“ဒါပေမဲ့ အဲ့ဒါကို နောက်ကျရင် တခြားသူတွေရှေ့မှာ မထုတ်ဖော်မိအောင်ကြိုးစား... မင်းက ကောင်းကင်အင်မော်တယ်နယ်ပယ်ထိ ရောက်အောင်မကျင့်ကြံနိုင်သေးသရွေ့ အဲ့ဒီနတ်ဘုရားစွမ်းအားကို မထုတ်ဖော်မိစေနဲ့”
ဆူဇီမိုက တွေဝေသွားပြီးမေးလိုက်၏။
“တက္ကသိုလ်က အကြီးအကဲတွေက ဒီနေ့ကိစ္စနဲ့ပတ်သက်ပြီး ကောက်ချက်ချပြီးခဲ့ပြီပဲ... နှစ်ယောက်ချင်း လက်စားချေမယ့်သူတစ်ယောက်ယောက် ရှိလာနိုင်ပါ့ဦးမလား”
“နှစ်ယောက်ချင်းလက်စားချေရဲမယ့်သူက တက္ကသိုလ်မှာရှိမှာမဟုတ်ဘူး”
ယန်လောရှုက ပြောလိုက်၏။
“ဒါပေမဲ့ ဖန်းယွီရဲ့နောက်ခံက အတော်လေးမြင့်မြတ်တယ်... ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ဖန်းကလန်ကို ရှည်လျားတဲ့သမိုင်းကြောင်းနဲ့ အင်မော်တယ်ကလန်ကြီးတစ်ခုလို့ ဆိုနိုင်တယ် ... သူတို့က အင်မော်တယ်နိုင်ငံသုံးနိုင်နဲ့ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းကို မယှဥ်နိုင်ဘူးဆိုပေမယ့် ဖန်းကလန်ရဲ့ အခြေခံအုတ်မြစ်နဲ့ ခွန်အားက အထင်သေးလို့မရဘူး... အဲ့ဒီမှာ ပြိုင်စံရှားတွေအများကြီးနဲ့ သူတို့ကို စောင့်ကြပ်ပေးနေတဲ့ အင်မော်တယ်ဘုရင်တစ်ပါးတောင်ရှိလိမ့်မယ်... သူတို့ကို သွားရှုပ်လို့မရဘူး”
ဖန်းယွီက ဖန်းကလန်ရဲ့တိုက်ရိုက်မျိုးဆက်ပဲ... ဖန်းကလန်က ဒီကိစ္စကိုသေချာပေါက်လက်လွှတ်ပေးမှာမဟုတ်ဘူး”
ဆူဇီမိုက ထိုစကားကိုကြားသောအခါ နောက်ဆုံးမှာ နားလည်သဘောပေါက်လာခဲ့၏။
ယခင်က ယန်လောရှုသည် သူ့ကိုအဲ့ဒါကိုဝန်မခံဖို့ ပြောခဲ့သည်မှာ တက္ကသိုလ်မှာကျရောက်လာမည့် ဖိအားများကို သူက စိုးရိမ်ပူပန်နေသောကြောင့်သာမဟုတ်ဘဲ တက္ကသိုလ်၏ အပြင်ဘက်မှ ဖန်းကလန်၏ ခြိမ်းခြောက်မှုကိုပါ သူက စိုးရိမ်ပူပန်နေခဲ့သောကြောင့်ဖြစ်၏။
အစကတော့ ထိုခြိမ်းခြောက်မှုများက သူ့အပေါ်သို့ ကျရောက်လာတော့မည်ဖြစ်၏။
သို့သော်ယခု ယန်လောရှုက အရာအားလုံးကို တစ်ယောက်တည်း လက်ခံယူထား၏။
ယန်လောရှုက ဆူဇီမို၏ စိုးရိမ်ပူပန်နေသောမျက်လုံးများကိုကြည့်ပြီး ရုတ်တရက်ပြုံးလိုက်၏။
“မင်းစိုးရိမ်နေစရာမလိုပါဘူး... ဖန်းကလန်က စွမ်းအားကြီးမားတယ်ဆိုပေမဲ့ သူတို့ကတက္ကသိုလ်မှာငါ့ကို ပြဿနာရှာရဲမှာ မဟုတ်ဘူး”
“ငါက အဆင့်ချိုးဖျက်ဆက်လှမ်းပြီး ငါ့ရဲ့တာအိုသစ်သီးကို စုဖွဲ့နိုင်တာနဲ့ ငါကပကတိအင်မော်တယ်တစ်ယောက်ဖြစ်လာပြီး တက္ကသိုလ်ရဲ့ အမွေခံတပည့်တစ်ယောက်ဖြစ်လာမယ်... အဲ့ဒီအချိန်ကျရင် သူတို့က တက္ကသိုလ်အပြင်ဘက်မှာတောင် ငါ့ကိုထိချင်မှထိရဲတော့မယ်”
သူတို့သည် မည်သည့်အဖွဲ့အစည်းတွင် ရောက်ရှိနေသည်ဖြစ်စေ ပကတိအင်မော်တယ်တပည့်ဂိုဏ်းသားများသည် အင်မော်တယ်ဘုရင်များ၏ ကာကွယ်မှုကိုရရှိထားကြပြီး အခရာကျသောတည်ရှိမှုများဖြစ်လေသည်။
“စီနီယာအစ်ကိုယန်... ရှင်က တကယ့်ကို အံ့အားသင့်စရာပဲ”
ထိုစဥ်မှာပင် မင်းသမီးသက်တံနီက ရောက်ရှိလာပြီး ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ ဆင်းသက်လိုက်၏။
သူမက ယန်လောရှုကို ဦးညွှတ်လိုက်၏။
အပြင်လူတစ်ယောက် ဝင်ရောက်လာသည်ကို တွေ့မြင်သောအခါ ယန်လောရှုက ဤကိစ္စကို ဆက်လက်၍ မဆွေးနွေးတော့ပေ။ သူက ဆူဇီမိုကိုကြည့်ပြီး ပြောလိုက်၏။
“နှစ်တစ်သောင်းတွေ့ဆုံပွဲက စတင်တော့မယ်... မင်းက အဆင့်-၉ အထွတ်အထိပ်ကို အခုအချိန်ထိ မရောက်သေးဘူး... ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် ပြင်းထန်ကြမ်းတမ်းတဲ့တိုက်ပွဲတစ်ခုရှိလာလိမ့်မယ်... မင်းက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ အာဏာပါးကွက်သား အစောင့်တပ်သားတစ်ရာကျော်ကို သတ်ဖြတ်နိုင်တာနဲ့ပဲ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်မယ်လို့ မထင်လိုက်နဲ့”
“နှစ်တစ်သောင်းတွေ့ဆုံပွဲမှာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်နေရာအတွက် ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေအများကြီးက ဝင်ရောက်လာပြီး တိုက်ခိုက်ကြလိမ့်မယ်... သူတို့ရဲ့နည်းလမ်းတွေက မင်းထက်နိမ့်ကျမှာမဟုတ်ဘူး... မင်း ပေါ့ပေါ့ဆဆလုပ်လို့မရဘူး”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
ရုတ်တရက် သူ၏ စိတ်ထဲသို့ ပုံရိပ်တစ်ခုက ဖျတ်ခနဲဝင်ရောက်လာပြီး သူကမေးလိုက်၏။
“ယွင်ထင်ကရော အဲ့ဒီကိုလာမှာလား”
“ကျိရွှမ်အင်မော်တယ်နိုင်ငံရဲ့ မင်းသားယွင်ထင်လား”
ယန်လောရှုက ထိုအမည်နှင့်ပတ်သက်၍ စိမ်းသက်နေခြင်းမရှိဘဲ သူ၏ခေါင်းကိုခါပြလိုက်၏။
“သူ လာမှာမဟုတ်ဘူး... ငါရရှိထားတဲ့သတင်းအရဆိုရင် သူက ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သွားပြီ”
“မြန်လှချေလား”
ဆူဇီမို၏ မျက်လုံးထဲတွင်... တုန်လှုပ်မှုအကြည့်တစ်ခု ဖျတ်ခနဲဝင်ရောက်လာပြီးနောက် အဲ့ဒါက နောင်တရစိတ်မကောင်းခြင်းအဖြစ်သို့ ပြောင်းလဲသွား၏။
“ဟမ်...”
ဆူဇီမို၏ အကြည့်ကို သတိထားမိသွားပြီး ယန်လောရှုက မေးလိုက်လေသည်။
“မင်းသားယွင်ထင်က ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက်တိုက်ပွဲမှာ ဝင်ပါမှာမဟုတ်ဘူးလို့ကြားလို့ မင်းက မကျေမနပ်ဖြစ်နေတာလား... မင်းကသူ့ကို ပြိုင်ဘက်တစ်ယောက်အဖြစ်ရှုမြင်ထားတာလား”
“ဟုတ်တယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“ကျုပ်တို့ကြားမှာ တိုက်ပွဲတစ်ခုက အနှေးနဲ့အမြန်ဆိုသလို ရှိလာလိမ့်မယ်”
သူသည် ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်များကို ပိုင်ဆိုင်ထားလေသည်။
ယွင်ထင်က လူသားသတ်ဖြတ်ခြင်းဓားပညာရပ်ကို ပိုင်ဆိုင်ထားသည်။
သူတို့နှစ်ယောက်သည် တစ်ယောက်၏ ဓားပညာရပ်ကိုတစ်ယောက် လုယူပြီး မဟာဓားပညာရပ်သုံးခုကို ပေါင်းစည်းချင်နေကြ၏။
“အထင်ကြီးစရာပဲ... မင်းကယွင်ထင်ကိုတောင် ပြိုင်ဘက်အဖြစ်ရှုမြင်ရဲတဲ့သတ္တိရှိတယ်”
ယန်လောရှုက မသိမသာခေါင်းညိတ်လိုက်၏။
“ဒီတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် ယန်ယန်းအင်မော်တယ်နိုင်ငံဆီ ကျုပ်တို့ကို ဘယ်သူက ဦးဆောင်ခေါ်သွားမှာလဲ”
ရုတ်တရက် ဆူဇီမိုကမေးလိုက်၏။
သူသည် ဖန့်ချင်းယွင်နှင့် အခြားသူများနှင့် ရန်ငြိုးရန်စတစ်ခုရှိလာခဲ့ပြီဖြစ်၏။
ဖန်ချင်းယွင်က သူတို့အုပ်စုကို ဦးဆောင်မည်ဆိုလျှင် အမှားအယွင်းတစ်စုံတစ်ရာ ရှိလာလိမ့်မည်မဟုတ်ဟု အာမမခံနိုင်ပေ။
“အဲ့ဒါနဲ့ပတ်သက်ပြီး မင်းစိုးရိမ်နေစရာမလိုဘူး”
ယန်လောရှုက ပြောလိုက်၏။
“အတွင်းဂိုဏ်းရဲ့ အကြီးအကဲတွေက ဒီတစ်ခေါက် မင်းတို့တွေကို အဲ့ဒီကို ခေါ်သွားပေးလိမ့်မယ်... မင်းတို့လုပ်စရာရှိတာက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ကိုရရှိအောင် အတတ်နိုင်ဆုံးကြိုးစားဖို့ပဲ”
ခဏမျှရပ်တန့်ပြီးနောက် ယန်လောရှုက ထပ်ပြောလိုက်၏။
“ဒါနဲ့... နံပါတ်တစ်နေရာအတွက် တက္ကသိုလ်ကနေ နောက်ထပ်အပိုထပ်ဆောင်း ဆုလာဘ်ချီးမြှင့်ပေးဖို့ရှိတယ်”
“တက္ကသိုလ်ရဲ့ လျှို့ဝှက်စံအိမ်မှာ ကျင့်ကြံရေးနည်းစနစ်တွေ၊ လျှို့ဝှက်အတတ်တွေ၊ နတ်ဘုရားစွမ်းအားတွေနဲ့ အင်မော်တယ်ပညာရပ်တွေ အများကြီးရှိတယ်... ဒါပေမဲ့ သူတို့တွေက အဲ့ဒါတွေကို လျှို့ဝှက်စံအိမ်မှာ လှန်လောဖတ်ရှုပြီး သူတို့ကျင့်ကြံချင်တဲ့တစ်စုံတစ်ရာကို ငှားရမ်းလိုတယ်ဆိုရင် သူတို့က ဂိုဏ်းကနေ တာဝန်ကျေပွန်အမှတ်တွေကို လိုအပ်လိမ့်မယ်”
“ဒါပေမဲ့ မင်းက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်နေရာကို ရမယ်ဆိုရင် မင်းက ဘာကန့်သတ်ချက်မှမရှိဘဲ ကမ္ဘာမြေအဆင့် လျှို့ဝှက်စံအိမ်ထဲကိုဝင်ရောက်ပြီး အထဲမှာရှိတဲ့ လျှို့ဝှက်အတတ်တွေနဲ့ ကျင့်ကြံရေးနည်းစနစ်တွေအားလုံးကို ဖတ်ရှုနိုင်လိမ့်မယ်”
ထိုစကားကိုကြားသောအခါ ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။