မြို့တော်ထဲမှာ အမှတ်မထင်တွေ့ဆုံခြင်း
Vol. 146 Ch. 2184
အခြားသူများအတွက်တော့... သူတို့မှာ ကျင့်ကြံရေးနည်းစနစ်များနှင့် နတ်ဘုရားစွမ်းအားများစွာကို ကျင့်ကြံဖို့အတွက် အချိန်နှင့်စွမ်းအင် လုံလောက်စွာရှိလိမ့်မည် မဟုတ်ပေ။
အခြားသော ကျင့်ကြံသူများသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာအတွက် ဆုလာဘ်ကိုရရှိမည်ဆိုလျှင် သူတို့သည် ကျင့်ကြံဖို့အတွက် အကောင်းဆုံးကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကို ရွေးချယ်ကြပေလိမ့်မည်။
သို့သော်လည်း ဆူဇီမိုကတော့ ကွဲပြားခြားနားလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ကျင့်ကြံရေးဓမ္မအစီအရင်၏ နောက်ထပ်ခြေလှမ်းကို ကောက်ချက်ချနေပြီး သူက မည်သည့်ကျင့်ကြံရေးနည်းစနစ် သို့မဟုတ် မည်သည့်လျှို့ဝှက်အတတ်ကိုမှ ငြင်းပယ်လိမ့်မည် မဟုတ်ပေ။
သူသည် ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်အတတ်များကို ကျင့်ကြံနေစရာမလိုဘဲ သူတို့အားလုံးကို အရည်ဖျော်ချဖို့အတွက် သိုင်းတာအိုမီးဖိုကို အသုံးချပြီး သူလိုချင်သည့်အရာနှင့် ဉာဏ်ကွန့်မြူးမှုကို ရှာဖွေရုံသာဖြစ်လေသည်။
မည်သို့ပင်ဆိုစေ ဆူဇီမိုသည် ဤတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာကိုအရယူဖို့ စိတ်ပိုင်းဖြတ်ထား၏။
အချိန်တစ်ခုကြာကျင့်ကြံပြီးနောက် နှစ်တစ်သောင်းတွေ့ဆုံပွဲက နီးကပ်လာသောအခါ တက္ကသိုလ်သည် တည်နေရာရွှေ့ပြောင်းဝင်္ကပါကို အသက်သွင်းခဲ့လေသည်။
တက္ကသိုလ်၏ ကောင်းကင်အင်မော်တယ် အကြီးအကဲသုံးယောက်က ဆူဇီမို၊ မင်းသမီးသက်တံနီနှင့် အခြားသူများကို ပို့ဆောင်ရေးဝင်္ကပါကနေ တစ်ဆင့် ယန်ယန်အင်မော်တယ်နိုင်ငံသို့ ခေါ်ဆောင်သွားလေသည်။
သူတို့ကပုံမှန်အတိုင်းပျံသန်းမည်ဆိုလျှင် နေရာနှစ်ခုကြား အကွာအဝေးက အတော်အတန်ဝေးကွာလေသည်။ အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ပင်လျှင် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မြို့တော်ကိုရောက်ရှိဖို့အတွက် နှစ်အနည်းငယ်လောက် အချိန်ယူရပေလိမ့်မည်။
သို့သော်လည်း ပို့ဆောင်ရေးဝင်္ကပါကို အသုံးပြုခြင်းဖြင့် အဲ့ဒါက အသက်ရှုချိန်အတော်အတန်သာ ကြာမြင့်မည်ဖြစ်၏။
ဆူဇီမိုနှင့် အခြားသူများသည် သူတို့၏ အမြင်အာရုံက အရိပ်များစွာကို ဖြတ်ကျော်လာသည့်အလား ဝေဝါးသွား၏။ သူတို့သည် သူတို့၏ ခန္ဓာကိုယ်များက အလေးချိန်မဲ့သွားသည်ဟု ခံစားလိုက်ရ၏။
ထို့နောက် လူတိုင်းသည် ကုန်းမြေတစ်ခုပေါ်သို့ဆင်းသက်သွားပြီး အရာရာတိုင်းက ပုံမှန်ပြန်ဖြစ်လာခဲ့၏။
လူတိုင်းက ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မြို့တော်သို့ ရောက်ရှိလာသည့်ခဏမှာပင် ဤနေရာက တက္ကသိုလ်နှင့် ကွဲပြားခြားနားသည်ကို သူတို့က ရှင်းလင်းစွာအာရုံခံမိလိုက်၏။
ဤနေရာမှာရှိသော အပူချိန်က တက္ကသိုလ်မှာထက် အနည်းငယ်ပိုမိုမြင့်မားပြီး မွန်းကျပ်ဖွယ်ရာကောင်းနေလေသည်။
နေရာတိုင်းက မီးရောင်ဖြင့် နီမြန်းနေ၏။
အဆောင်အအုံများအားလုံးကို အနီရောင်အုတ်ခဲများဖြင့် ဆောက်လုပ်ထားပြီး အဆောက်အအုံတချို့သည် ခပ်ပါးပါးမီးတောက်များနှင့်ပင် လောင်ကျွမ်းနေ၏။
ယန်ယန်းအင်မော်တယ်နိုင်ငံသည် နေရာတိုင်းမှာ မီးတောက်များဖြင့် ပြည့်နှက်နေ၏။
“ငါပြန်ရောက်ပြီဟေ့”
မင်းသမီးသက်တံနီက ပြန်လည်ရောက်ရှိလာသောအခါ စိတ်ကျေနပ်အားရသောအမူအရာဖြင့် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။
သူမသည် ငယ်ရွယ်စဥ်ကတည်းက ဤမြို့တော်မှာနေထိုင်ခဲ့ပြီး ဤနေရာမှာရှိသောပတ်ဝန်းကျင်နှင့် အသားကျနေခဲ့ပြီးသားဖြစ်၏။
မင်္ဂလာပါ တာအိုရောင်းရင်းတို့”
တက္ကသိုလ်မှလူတိုင်းက ပေါ်ထွက်လာသောအခါ ပို့ဆောင်ရေးဝင်္ကပါးအနီးနားမှာရှိသော အစောင့်တပ်သားများက လျင်မြန်စွာလျှောက်လှမ်းလာပြီး သူတို့၏ လက်များကို ယှက်ပြလိုက်ကြ၏။
အစောင့်များသည် သတ္တုပြားများကဲ့သို့ ချစ်ချစ်တောက်အပူလှိုင်းတစ်ခုဖြာထွက်နေသော မီးတောက်နီရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကြ၏။
အစောင့်များ၏ အကြည့်များက ဆူဇီမိုနှင့် အခြားသူများ၏ ခါးများပေါ်သို့ရောက်ရှိသွားပြီး သူတို့၏ နောက်ခံကို မှတ်မိသိရှိသွား၏။
“ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က တာအိုရောင်းရင်တို့... ခင်ဗျားတို့က နှစ်တစ်သောင်းတွေ့ဆုံပွဲအတွက်လာတာပဲဖြစ်ရမယ်... ခင်ဗျားတို့တွေကို အနားယူရမယ့်နန်းတော်ဆီကို ပို့ဆောင်ပေးဖို့ မင်းသားရှဲ့လင်က ကျုပ်ကိုမှာကြားခဲ့ပြီးပြီ”
အစောင့်တပ်သားတစ်ယောက်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“မလိုတော့ဘူး”
မင်းသမီးသက်တံနီက လက်ကာပြလိုက်၏။
“ငါသူတို့ကို အဲ့ဒီကိုခေါ်သွားပေးလို့ရတယ်... အကြီးအကဲကျုံး... အကြီးအကဲဟဲ... တက္ကသိုလ်က လူတိုင်းက ဒီနေရာကို ပထမဆုံးအကြိမ်ရောက်လာကြတာပဲ... ရှင်တို့တွေကိုကျွန်မ မြို့တော်ထဲလိုက်ပြပေးမယ်... အနားယူရမယ့်နန်းတော်ကတော့ အဲ့ဒီနေရာကို ကျွန်မသိတယ်... အချိန်တန်ရင် လူတိုင်းကို ကျွန်မအဲ့ဒီကိုခေါ်သွားပေးမယ်”
“အဲ့ဒါလည်းဖြစ်တာပဲ”
အကြီးအကဲကျုံးက အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ပြလိုက်၏။
မင်းသမီးသက်တံနီက ဆူဇီမို၏ ပခုံးကို ညင်သာစွာပုတ်ပြီး ကျီစယ်လိုက်၏။
“သွားကြရအောင်... ငါကဒီနေရာနဲ့ ရင်းနှီးကျွမ်းဝင်တယ်... ကောင်လေး ငါနင့်ကိုမြို့တစ်ပတ်လိုက်ပြပေးမယ်”
တက္ကသိုလ်မှအခြားသောကျင့်ကြံသူများကလည်း စူးစမ်းလိုစိတ်ဖြင့် သဘောတူလိုက်ကြ၏။
ဆူဇီမိုက ပြုံး၍ခေါင်းညိတ်လိုက်၏။
သူတို့သည် ပို့ဆောင်ရေးဝင်္ကပါဧရိယာကနေ လျှောက်လှမ်းထွက်လာပြီး မြို့တော်၏ လမ်းများပေါ်သို့ရောက်ရှိလာသောအခါ သူတို့သည် မြို့တော်၏ ဆူညံသံများနှင့် စည်ကားသိုက်မြိုက်မှုကို ခံစားမိလိုက်ကြ၏။
နှစ်တစ်သောင်းတွေ့ဆုံပွဲကြောင့် မြို့တော်သည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ ကျင့်ကြံသူများဖြင့် ပြည့်နှက်နေ၏။ သူတို့အများစုက ကမ္ဘာမြေအင်မော်တယ်များ ဖြစ်လေသည်။
ထိုသို့ဆိုလျှင်တောင် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ လမ်းမကျယ်များက လူများနှင့် ပြွတ်သိပ်နေပုံမရပေ။
လမ်း၏ တစ်ဘက်တစ်ချက်စီမှာ အမျိုးမျိုးသောဂိုဏ်းများနှင့် အဖွဲ့အစည်းများ၏ ကျင့်ကြံသူများက အမျိုးမျိုးသောပစ္စည်းများကို ရောင်းချဖို့အတွက် ဆိုင်ခန်းငယ်များကို ခင်းကျင်းထားကြ၏။
ဤနှစ်တစ်သောင်းတွေ့ဆုံပွဲသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ နှစ်တစ်သောင်းတိုင်းတွင် တစ်ကြိမ်သာကျင်းပသော အထင်ကရကျင့်ကြံရေးပွဲတော်တစ်ခုဖြစ်လေသည်။
ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက်တိုက်ပွဲက အဓိကပွဲစဥ်တစ်ခုသာဖြစ်၏။
ကျင့်ကြံသူအများစုသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမှာပါဝင်ဖို့ အဆင့်မမီကြပေ။ သူတို့အတွက်တော့ နှစ်တစ်သောင်းတွေ့ဆုံပွဲသည် ကျင့်ကြံသူများအကြား ဖလှယ်မှုများနှင့် အရောင်းအဝယ်များပြုလုပ်ဖို့အတွက် ပို၍ပင်အရေးပါသော မဟာပွဲတော်တစ်ခုဖြစ်လေသည်။
မင်းသမီးသက်တံနီသည် ဆူဇီမိုနှင့် အခြားသူများကို မြို့တော်၏ ပင်မလမ်းတစ်လျှောက် ခေါ်ဆောင်သွားပြီး မြို့ထဲရှိ စိတ်ဝင်စားစရာကောင်းသော နေရာတချို့ကို ရှင်းပြပေးနေ၏။
“အဆင့်မြင့်အင်မော်တယ်... ဒီသံဓားကို အရင်ဆုံးမျက်စိကျခဲ့တဲ့သူက ကျုပ်တို့ပဲ... နောက်ပြီးကျုပ်တို့က အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေကိုလည်း ပေးချေပြီးသွားပြီ... ခင်ဗျား ဒါကိုဘာလို့ အတင်းအကျပ်လုယူရတာလဲ”
ထိုစဥ်မှာပင် မလှမ်းမကမ်းလမ်း၏ တစ်ဘက်ခြမ်းကနေ ဆူညံသံတချို့ထွက်ပေါ်လာ၏။
“အဓိပ္ပါယ်မရှိတာ... ငါတို့သခင်လေးက မင်းပစ္စည်းကိုဘာလို့ လုယူရမှာလဲ”
လူတစ်ယောက်က ကျိန်ဆဲလိုက်၏။
ထို့နောက် တစ်ယောက်ယောက်က ဖြတ်ရိုက်ခံလိုက်ရသည့်အလား ကျယ်လောင်သောအသံတစ်သံထွက်ပေါ်လာ၏။
ထိုလူကဆက်လက်၍ ကျိန်ဆဲလိုက်၏။
“ငါတို့သခင်လေးက... မင်းတို့ကို အမြုတေစိတ်ဝိညာဥ်ကျောက်တုံး နှစ်ဆပေးထားခဲ့ပြီးပြီ... ဒါတောင်မကျေနပ်သေးဘူးလား... ဒီရိုက်ချက်က မင်းအတွက် သင်ခန်းစာတစ်ခုပဲ”
ဆူဇီမိုက တစ်ချက်လှမ်းကြည့်ပြီးနောက် ရုတ်တရက်မျက်မှောင်ကြုတ်ကာ ရပ်တန့်လိုက်၏။
ဤကဲ့သို့သောမြင်ကွင်းများသည် နေရာတိုင်းမှာ နေ့စဥ်နှင့်အမျှဖြစ်ပျက်နေပြီး သူသည် အစကတော့ အဲ့ဒါကို စိတ်အာရုံစိုက်ဖို့ စိတ်ကူးမရှိခဲ့ပေ။
သို့သော်လည်း သူသည် လူအုပ်ကြားထဲမှ ရင်းနှီးခဲ့ဖူးသော လူတချို့ကိုတွေ့မြင်လိုက်ရ၏။
မင်းသမီးသက်တံနီက ဆူဇီမိုငေးကြည့်နေသည်ကိုတွေ့မြင်သောအခါ သူမကပြောလိုက်၏။
“ရိုက်လိုက်တဲ့လူက ရွှယ်ကလန်ကပဲ... ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ သူတို့ကို အင်မော်တယ်တာအိုကလန်ကြီးတစ်ခုလို့ဆိုနိုင်တယ်... ကမ္ဘာမြေအဆင့်သတ်မှတ်ချက်တိုင်းမှာ ရွှယ်ကလန်က တစ်ယောက်ယောက်အမြဲတမ်းလိုလိုပါတယ်”
မင်းသမီးသက်တံနီက စကားဆုံးအောင်မပြောရသေးခင်မှာပင် ဆူဇီမိုက ထိုနေရာသို့ လျှောက်လှမ်းသွားခဲ့ပြီဖြစ်၏။
တက္ကသိုလ်မှလူတိုင်းကလည်း နားလည်ရခက်စွာဖြင့် အကြည့်ချင်းဖလှယ်ပြီး လိုက်ပါသွားကြ၏။
လူအုပ်ကြားထဲတွင်... ။
အဲ့ဒီမှာ ရွှယ်ကလန်မှလူများစွာက ငယ်ရွယ်၍ ရုပ်ရည်ချောမောသောအမျိုးသားတစ်ယောက်ကို ဝန်းရံထားကြ၏။
ထိုလူက သူ၏ ခေါင်းကိုအနည်းငယ်ငုံ့ပြီး သူ၏ လက်ထဲရှိ ချေးတက်နေသောသံဓားကို စစ်ဆေးအကဲခတ်ကြည့်နေ၏။
သူ၏ ရှေ့မှာ ကျွန်နှင့်တူသောကျင့်ကြံသူတစ်ယောက်ရှိလေသည်။ သူက အရပ်ပုသော်လည်း သူ့မှာ စိုးမိုးဗိုလ်ကျတတ်သော စိတ်နေစရိုက်ရှိပြီး သူက သူ့ရှေ့မှာရှိသော လူနှစ်ယောက်ကိုကြည့်ကာ လက်ဟန်ခြေဟန်နှင့်အတူ ဆဲဆိုနေ၏။
သူ့ရှေ့မှာရှိလူနှစ်ယောက်က သက်လတ်ပိုင်အရွယ်လူတစ်ယောက်နှင့် သာမန်ဝတ်ရုံကိုဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ဖြစ်လေသည်။
သက်လတ်ပိုင်းအရွယ်အမျိုးသားက အဆင့်-၄ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်ပြီး လူငယ်ကတော့ အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်၏။
လူငယ်၏ မျက်နှာတစ်ခြမ်းက ယောင်ကိုင်းနေပြီး ၎င်းပေါ်မှာ သွေးများစိမ့်ကျနေသော အနီရောင်လက်ဝါးရာတစ်ခုရှိနေ၏။ သူက ရွှယ်ကလန်မှလူတိုင်းကို ဒေါသတကြီးစိုက်ကြည့်နေ၏။
သက်လတ်ပိုင်းအရွယ်အမျိုးသားမှာ စိုးရိမ်ပူပန်သောအမူအရာတစ်ခုရှိနေပြီး လူငယ်ကို သူ၏နောက်မှာထား၍ ကာထားလေသည်။
လူငယ်က စိတ်လိုက်မာန်ပါဖြင့် ကြီးမားသောအမှားတစ်ခုကျူးလွန်မိမည်ကို သူက စိုးရိမ်နေပုံရ၏။
“အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေကိုမြန်မြန်ယူပြီး ထွက်သွားတော့... ပြဿနာကိုရှောင်လွှဲတာပိုကောင်းတယ်”
“မင်းတို့တွေက ရေတိမ်ဓားဂိုဏ်းက သာမန်အဆင့်ကျင့်ကြံသူတွေပဲ... မဟူရာအဆင့်ဂိုဏ်းတစ်ဂိုဏ်းက ရွှယ်ကလန်ကို ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ မင်းတို့ကသေချင်နေလို့လား”
“သခင်လေးရွှယ်က မင်းတို့ကိုအမြုတေစိတ်ဝိညာဥ်ကျောက်တုံးတွေပေးထားတယ်ဆိုတာပဲ တော်တော်ဟုတ်နေပြီ... ဒါတောင်းမင်းတို့ကမကျေနပ်သေးဘူးလား”
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကတစ်ယောက်တစ်ပေါက် ပြောဆိုနေကြ၏။
သက်လတ်ပိုင်းအရွယ်အမျိုးသားက သက်ပြင်းချပြီး ဖြည်းဖြည်းချင်းဆောင့်ကြောင့်ထိုင်ချကာ မြေပြင်ပေါ်မှ အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတချို့ကို ကောက်ယူလိုက်၏။
ရွှယ်ကလန်သည် အမြုတေစိတ်ဝိညာဥ်ကျောက်တုံးများကို ပေးထားသော်လည်း သူတို့ကိုမြေပြင်ပေါ်မှာ သာမန်ကာလျှံကာ ပစ်ချထားခြင်းဖြစ်၏။
သက်လတ်ပိုင်းအရွယ် အမျိုးသားက မနှစ်မြို့လျှင်တောင် သူကအဲ့ဒါကိုသည်းခံရလေသည်။
သူ၏ လက်ဖဝါးက အမြုတေစိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးနှင့် ထိလိုက်သည့်ခဏမှာပင် ခြေဖဝါးတစ်ဖက်က အလွန်တရာမြန်ဆန်သောအလျင်အဟုန်ဖြင့် သူ့လက်ကို ဆောင့်နင်းချလိုက်၏။
ဖြောက်...
သူကအချိန်မီမရှောင်တိမ်းနိုင်ဘဲ သူ၏ လက်ဖဝါးက ကျိုးသွား၏။
“အား...”
သက်လတ်ပိုင်းအရွယ်အမျိုးသားက ညည်းတွားအော်ဟစ်လိုက်ပြီး သူ၏ နဖူးပေါ်တွင် ချွေးစက်များက ချက်ချင်းပင်သီးလာခဲ့၏။
သူကအံကိုကြိတ်ပြီး အနည်းငယ်တုန်ယင်နေ၏။
ရွှယ်ကလန်မှအစေခံက ရှေ့သို့လျှောက်လှမ်းလာပြီး သက်လတ်ပိုင်းအရွယ် အမျိုးသား၏ လက်ဖဝါးကို တက်နင်းလိုက်ခြင်းဖြစ်၏။
သူသည် ရွှယ်ကလန်မှ အစေခံတစ်ယောက်သာဖြစ်သော်လည်း သူ၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်-၆ ကမ္ဘာမြေအင်မော်တယ်နယ်ပယ်မှာရှိပြီး သက်လတ်ပိုင်းအရွယ် အမျိုးသားထက် အဆင့်သေးနှစ်ဆင့်ပိုမိုမြင့်မားလေသည်။
“အဖေ”
လူငယ်က အော်ခေါ်လိုက်ပြီး ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးလာခဲ့၏။
သူက ရွှယ်ကလန်အစေခံကိုစိုက်ကြည့်ပြီး အော်ပြောလိုက်၏။
“ခွေးကောင်... ငါ့အဖေကို လွှတ်ပေးလိုက်စမ်း”
“ရှောင်းထျန်... ပါးစပ်ပိတ်ထား”
သက်လတ်ပိုင်းအရွယ်အမျိုးသားက အော်ငေါက်လိုက်ပြီး သူ၏ ခေါင်းကိုဖြည်းဖြည်းချင်းမော့လိုက်၏။ သူက ရွှယ်ကလန်အစေခံကိုစိုက်ကြည့်ပြီး ကြိုးစား၍ပြုံးပြလိုက်၏။
“ကျုပ်ကလေးက ငယ်လွန်းသေးတော့ အတွေ့အကြုံသိပ်မရှိဘူး... သူက စည်းမျဥ်းစည်းကမ်းတွေကိုမသိလို့ပါ အဆင့်မြင့်အင်မော်တယ်... ကျေးဇူးပြုပြီး သူ့ကိုဒီတစ်ခေါက်ခွင့်လွှတ်ပေးလိုက်ပါ”