ရှဲ့ချင်းချန်
Vol. 146 Ch. 2188
“ဟေး.. သက်တံနီ”
ထိုစဥ်မှာပင် မလှမ်းမကမ်းကနေ အမျိုးသားတစ်ယောက်၏ အော်ခေါ်သံထွက်ပေါ်လာ၏။
ထိုအသံကရင်းနှီးဖော်ရွေပြီး ညှို့ငင်ဓာတ်ပါနေ၏။ သူ၏ အသံကိုနားထောင်ခြင်းဖြင့် သူတို့သည် နွေးထွေးမှုစွမ်းအားတစ်ခုကို ခံစားမိနိုင်၏။
ဆူဇီမိုသည် ဘေးသို့တစ်ချက်ကြည့်လိုက်ပြီး အဖြူရောင်ဝတ်အမျိုးသားတစ်ယောက်က မလှမ်းမကမ်းလမ်းမရှည်ထက်ကနေ ဖြည်းဖြည်းချင်းလျှောက်လှမ်းလာနေသည်ကို တွေ့မြင်လိုက်ရ၏။
ဆူဇီမိုက ထိုလူကို တွေ့မြင်သောအခါ အနည်းငယ်မှင်တက်သွား၏။
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကလည်း အံ့အားတသင့်ရေရွတ်လိုက်ကြ၏။
ဤလူသည် အရမ်းကိုချောမောပြီး သူ၏ ရုပ်ရည်သွင်ပြင်က မည်သည့်ချို့ယွင်းချက်မှမရှိဘဲ ကြည့်ကောင်းတင့်တယ်နေ၏။ သူသည် ကျောက်စိမ်းရုပ်ထုတစ်ခုနှင့်တူပြီး နတ်မိမယ်များနှင့် အချောအလှများစွာထက်ပင် ပို၍ချစ်စဖွယ်ကောင်းနေ၏။
သူ၏ အသံက ယောင်္ကျားသံဖြစ်နေခြင်းကြောင့်သာမဟုတ်လျှင် အမှတ်မထင်ဆုံတွေ့မိပါက သူရှေ့မှလူသည် အမျိုးသားတစ်ယောက်ဆိုတာကို ယုံကြည်မိလိမ့်မည် မဟုတ်ပေ။
မင်းသမီးသက်တံနီကလည်း ရှားရှားပါးပါး အချောအလှတစ်ဦးဖြစ်၏။ သို့သော်လည်း သူမသည် ဤလူ၏ရှေ့မှာ အနည်းငယ်နိမ့်ကျနေ၏။
အဖြူရောင်ဝတ်လူ၏ ရုပ်ရည်သွင်ပြင်ကအရမ်းကို ထင်ရှားတောက်ပလွန်းလေသည်။
ထိုအခိုက်အတန့်မှာ လမ်းမရှည်ထက်ရှိ ကျင့်ကြံသူများအားလုံးက အမျိုးသားများဖြစ်စေ အမျိုးသမီးများဖြစ်စေ... သူနှင့်ယှဥ်လျှင် မှေးမှိန်သွားလေသည်။
‘အဲ့ဒါအမျိုးသားတစ်ယောက်လား’
ဆူဇီမိုက တွေဝေရှုပ်ထွေးစွာဖြင့် ထိုလူကို ကြည့်လိုက်၏။
“အစ်ကိုချင်းချန်”
မင်းသမီးသက်တံနီသည် ထိုသူကိုတွေ့မြင်သောအခါ သူမ၏ မျက်လုံးက ဝင်းလက်သွားပြီး သူမ၏ မျက်နှာက အပြုံးတစ်ခုဖြင့် ပြည့်နှက်သွားကာ ထိုလူ၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားလေသည်။
အစ်ကိုချင်းချန်ဟု သူမခေါ်ဆိုသံကိုကြားလိုက်ရမှာသာ ဆူဇီမိုက နောက်ဆုံးသေချာသွားလေသည်။
သူကလှည့်၍ကြည့်ရှုလိုက်၏။
လမ်းမရှည်၏ တစ်ဘက်တစ်ချက်မှာ သူတို့၏ ဝိညာဥ်များကို ဆုံးရှုံးသွားသည့်အလား အဖြူရောင်ဝတ်လူကို ငေးကြည့်နေသော ကျင့်ကြံသူများစွာရှိနေဆဲဖြစ်၏။
သူတို့ကြားမှာ အမျိုးသမီးကျင့်ကြံသူများသာမက အမျိုးသားကျင့်ကြံသူများပါ ပါဝင်နေ၏။
'ချင်းချန်'
ဆူဇီမိုက သူ့ဘာသာသူတွေးလိုက်၏။
‘ဒီလူက နာမည်နဲ့ တော်တော်လေးလိုက်ဖက်သားပဲ... သူက တကယ့်ကိုရက်ရက်စက်စက်ချောမောတာပဲ’
“အစ်ကိုချင်းချန်... ရှင်ဘာလို့ဒီကိုရောက်လာတာလဲ”
မင်းသမီးသက်တံနီက သူမ၏ ခေါင်းကိုမော့ပြီး ခပ်ချွဲချွဲမေးလိုက်၏။
အဖြူရောင်ဝတ်လူမှာ ချစ်ခင်မြတ်နိုးသော အမူအရာတစ်ခုရှိနေပြီး သူကရယ်မောလိုက်၏။
“နင်က အပြင်ကိုတစ်ယောက်တည်းသွားကျင့်ကြံပြီး ဒီလောက်အကြာကြီးနေတာတောင် အိမ်ကိုပြန်မလာခဲ့ဘူး... ငါနင့်ကိုလွမ်းနေတာ”
“ကျွန်မအခုပြန်လာနေပြီမဟုတ်ဘူးလား”
မင်းသမီးသက်တံနီက သူမ၏ နှုတ်ခမ်းကိုစူလိုက်၏။
အဖြူရောင်ဝတ်လူ၏ ရှေ့မှာ မင်းသမီးသက်တံနီတွင် မင်းသမီးတစ်ပါးအဖြစ် မောက်မာဝင့်ကြွားမှု နည်းနည်းလေးမှမရှိတော့ပေ။ ထိုအစား သူမ၏ လေသံမှာ ချွဲ့နွဲ့လိုသော အငွေ့အသက်တစ်ခုပါဝင်နေ၏။
သူတို့နှစ်ယောက်က အတော်လေးရင်းနှီးမှုရှိသည်မှာသိသာလေသည်။
အဖြူရောင်ဝတ်လူက မင်းသမီးသက်တံနီနှင့် စကားပြောဆိုရင်း သူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လူတိုင်းကိုပင် ပြုံး၍မော့ကြည့်လိုက်၏။
အဖြူရောင်ဝတ်လူ၏ အကြည့်က တက္ကသိုလ်မှလူတိုင်းကိုဖြတ်သန်းသွားပုံရသော်လည်း သူက မည်သူ့ကိုမှ လျစ်လျူမရှုခဲ့သည့်ပုံပင်။
လူတိုင်းနှင့်အကြည့်ချင်းဆုံပြီးနောက် အဲ့ဒါက နွေဦးလေပြေကဲ့သို့ ခံစားရစေသည်။
မင်းသမီးသက်တံနီသည် အဖြူရောင်ဝတ်လူနှင့် ခဏမျှစကားပြောဆိုပြီးနောက် လက်ရှိအခြေအနေကို နားလည်သဘောပေါက်လာခဲ့၏။
သူမက အဖြူရောင်ဝတ်လူကို ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လူတိုင်းရှေ့သို့ ဆွဲခေါ်သွားပြီး ပြောလိုက်၏။
“အစ်ကိုချင်းချန်... ဒါက ကျွန်မတို့တက္ကသိုလ်က အကြီးအကဲတွေပဲ... ဒါကတော့ ကျွန်မရဲ့ ဂိုဏ်းသားရောင်းရင်းအဖော်တွေပဲ... သူတို့က အပြင်ဂိုဏ်းပြိုင်ပွဲရဲ့ ထိပ်ဆုံးကမ္ဘာမြေအင်မော်တယ် ပြိုင်စံရှားအယောက် ၂၀ပဲ”
ခဏမျှရပ်တန့်ပြီးနောက် မင်းသမီးသက်တံနီက အဖြူရောင်ဝတ်လူကို လက်ညှိုးထိုးကာ တက္ကသိုလ်မှလူတိုင်းကိုပြောလိုက်၏။
“ဒါက... ကျွန်မအစ်ကိုလေ”
“မင်္ဂလာပါ အကြီးအကဲတို့နဲ့ တာအိုရောင်းရင်းတို့... ကျုပ်က ရှဲ့ချင်းချန်ပါ”
အဖြူရောင်ဝတ်လူက အပြုံးတစ်ခုနှင့်အတူ တက္ကသိုလ်မှလူတိုင်းထံသို့ သူ၏ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။
“လက်စသတ်တော့... မင်းသားချင်းချန်ကိုး... ကျုပ်တို့က ခင်ဗျားအကြောင်းအများကြီးကြားဖူးပါတယ်”
တက္ကသိုလ်မှအကြီးအကဲများက အကြည့်ချင်းဖလှယ်ပြီးနောက် ခပ်မြန်မြန်ပြန်လည်နှုတ်ဆက်လိုက်ကြ၏။
ရှဲ့ချင်းချန်၏ ကျင့်ကြံမှုနယ်ပယ်က အဆင့်-၅ ကောင်းကင်အင်မော်တယ်သာဖြစ်ပြီး တက္ကသိုလ်မှ အကြီးအကဲများနှင့် မယှဥ်နိုင်ပေ။ သို့သော်လည်း ဘာပဲပြောပြော သူသည်မင်းသားတစ်ပါးဖြစ်ပြီး တက္ကသိုလ်မှ အကြီးအကဲများက သူ့ကိုလျစ်လျူမရှုရဲပေ။
“မင်းသားတစ်ပါးဆိုတဲ့ ကျုပ်ရဲ့အဆင့်အတန်းက ဘွဲ့တစ်ခုသက်သက်ပါပဲ”
ရှဲ့ချင်းချန်က ညင်သာစွာပြုံးလိုက်၏။
“ကျုပ်က သက်တံနီနဲ့မျိုးဆက်တူပဲဆိုတော့... ခင်ဗျားတို့နဲ့ယှဥ်ရင် ကျုပ်က ဂျူနီယာတစ်ယောက်ပါပဲ.. အကြီးအကဲတို့ ကျေးဇူးပြုပြီးကျုပ်ကို တာအိုရောင်းရင်းလို့ပဲခေါ်ပါ”
“မဟုတ်...မဟုတ်တာ”
တက္ကသိုလ်မှ အကြီးအကဲများက ခပ်မြန်မြန်ငြင်းပယ်လိုက်၏။
တက်လှမ်းလာပြီးနောက် ဆူဇီမိုသည်လည်း မင်းသား မင်းသမီးတချို့ကို တွေ့မြင်ခဲ့ဖူးလေသည်။ ရှဲ့ချင်းချန်တစ်ယောက်ကသာလျှင် မင်းသားတစ်ပါး၏ သွင်ပြင်ဟန်ပန်မရှိဘဲ ရင်းနှီးဖော်ရွေမှုရှိလေသည်။
တော်ဝင်မိသားစုမှာ မွေးဖွားလာပြီး တော်ဝင်မိသားစု၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားကာ သူ့အနေဖြင့် ဤကဲ့သို့သော သွင်ပြင်ဟန်ပန်နှင့်စိတ်နေသဘောထားရှိနေသည်မှာ တကယ့်ကို ရှားပါးလေသည်။
“အစ်ကိုချင်းချန်... သူက ဆူဇီမိုလေ”
ထိုစဥ်မှာပင် မင်းသမီးသက်တံနီက လူတိုင်း၏ အလယ်မှုရှိသော ဆူဇီမိုကိုလက်ညှိုးထိုးပြီး ပြောလိုက်လေသည်။
“မင်္ဂလာပါ တာအိုရောင်းရင်းဆူ”
ရှဲ့ချင်းချန်က ဆူဇီမိုထံသို့ နောက်တစ်ဖန် သူ့လက်နှစ်ဖက်ကို ယှက်ပြီး ပြုံးပြလိုက်၏။
“သက်တံနီက ဒီနှစ်တွေအားလုံးထဲမှာ အိမ်ကိုပြန်မလာခဲ့ဘူး... ဒါပေမဲ့ သူ့ရဲ့စာထဲမှာ ခင်ဗျားအကြောင်းခဏခဏပါတယ်”
“အစ်ကို... ရှင်ကကျွန်မအပေါ်မှာ အကောင်းဆုံးပဲ”
“ရှင်တစ်ယောက်ပဲ ကျွန်မကို ကိုယ်တိုင်လာကြိုတယ်”
သူမသည် ရှဲ့ချင်းချန်၏ စကားကို ကြားသောအခါ မင်းသမီးသက်တံနီ၏ မျက်နှာက အနည်းငယ် နီမြန်းသွားပြီး စကားလမ်းကြောင်းခပ်မြန်မြန်ပြောင်းလိုက်၏။
“ဒုတိယအစ်ကိုကတော့... ပို့ဆောင်ရေးဝင်္ကပါမှာ ကျွန်မတို့ကို လာကြိုဖို့အတွက် အစောင့်တစ်ယောက်ကိုပဲ လွှတ်လိုက်တယ်”
“နင့်ရဲ့ဒုတိယအစ်ကိုက နှစ်တစ်သောင်းတွေ့ဆုံပွဲကို ဧည့်ခံကျင်းပဖို့အတွက် ပြင်ဆင်နေရတာလေ... အဲ့တော့ သူ့မှာလုပ်စရာအလုပ်တွေအများကြီးရှိနေတာပေါ့... သူက ဘယ်လာနိုင်ပါ့မလဲ”
ရှဲ့ချင်းချန်က ပြောလိုက်၏။
“ငါက... မင်းသားတစ်ပါးအနေနဲ့ ဘာမှလုပ်စရာမရှိဘူး... အဲ့တော့ငါက နင့်ကိုလာခေါ်ရတာပေါ့... သွားကြရအောင် နင်တို့တွေကိုကြိုဆိုဖို့အတွက် နန်းတော်ထဲမှာ ငါက စားသောက်ပွဲတစ်ခုကို ပြင်ဆင်ထားပြီးပြီ”
“ဒါပေါ့”
မင်းသမီးသက်တံနီက ပြောလိုက်၏။
“အကြီးအကဲကျုံး... အကြီးအကဲဟဲ... ဆူဇီမို.. သွားကြရအောင်”
တက္ကသိုလ်မှလူတိုင်းက ငြင်းပယ်ခြင်းမရှိဘဲ ရှဲ့ချင်းချန်နှင့်အတူ ထွက်ခွာဖို့ပြင်လိုက်ကြ၏။
လူအုပ်ကြားထဲမှာ ရှုရှစ်က လူတိုင်း၏ အလယ်မှာရှိသော ဆူဇီမိုကို အားကျခြင်း၊ အထင်ကြီးလေးစားခြင်းနှင့် စိတ်ခံစားချက်များစွာဖြင့် ကြည့်ရှုနေ၏။
နှစ်ထောင်ဂဏန်းတချို့ကြာရုံမျှနှင့် နဂါးအသူတရာချောက်နက်ကြယ်မှ စာပေသမားသည် ဤမျှအတိုင်းအတာအထိ ကြီးပြင်းလာခဲ့လေပြီ။
သူသည် အင်မော်တယ်တာအိုကလန်ကြီး ရွှယ်ကလန်ကို တစ်ယောက်တည်းဖြင့် ရက်ရက်စက်စက် ဖိနှိမ်ခဲ့ပြီး သူတို့က ခုခံတိုက်ခိုက်ရဲခြင်းပင် မရှိခဲ့ပေ။
သူသည် ဤနေရာမှာရပ်ပြီး ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မင်းသားမင်းသမီးများနှင့်ပင် အေးအေးလူလူစကားပြောဆိုနေနိုင်၏။
ရှုရှောင်းထျန်၏ မျက်လုံးထဲမှာလည်း မျှော်လင့်တမ်းတမှုသာလျှင်ရှိနေ၏။
“အဲ့ဒါက လူသားတစ်ယောက်အနေနဲ့ ဘဝကိုဦးဆောင်သင့်တဲ့ပုံစံပဲ”
ရှုရှောင်းထျန်က တီးတိုးရေရွတ်လိုက်၏။
“ထားလိုက်ပါတော့... ငါတို့ဘယ်လောက်ပဲ ရုန်းကန်ရုန်းကန် ငါတို့က ကံကြမ္မာကိုဆန့်ကျင်နိုင်မှာ မဟုတ်ဘူး”
ရှုရှစ်က ညင်သာစွာသက်ပြင်းချလိုက်၏။
“ငါတို့က ရေတိမ်ဓားဂိုဏ်းမှာ ငါတို့ကိုယ်ငါတို့ နာမည်တစ်ခုတည်ဆောက်နိုင်မယ်ဆိုရင်ပဲ ငါတို့ရဲ့ဘဝတွေက အလဟသမဖြစ်တော့ပါဘူးလေ”
ရေတိမ်ဓားဂိုဏ်းသည် မဟူရာအဆင့်ဂိုဏ်းတစ်ဂိုဏ်းသားဖြစ်ပြီး ကျင့်ကြံရေးအရင်းအမြစ်များက အကန့်အသတ်ရှိလေသည်။ သူတို့ကြားကွာဟချက်က ပို၍ပင်တိုးလာဖို့ရှိသည်ကို ရှုရှစ်က သိထားလေသည်။
“ငါမေ့တော့မလို့ ဒီဓားကို မင်းတို့တွေဆီ ပြန်မပေးရသေးဘူးပဲ”
ရှုရှစ်နှင့် ရှုရှောင်းထျန်က စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေစဥ်မှာပင် အသံတစ်သံထွက်ပေါ်လာ၏။
မသိလိုက်မသိဘာသာနှင့်ပင် ဆူဇီမိုက သူတို့နှစ်ယောက်ရှေ့သို့ရောက်ရှိလာပြီး သူ့လက်ထဲရှိသံဓားကို သူတို့ထံကမ်းပေးလိုက်၏။
“မယူ..မယူတော့ပါဘူး”
ရှုရှစ်က အလောတကြီးငြင်းပယ်ပြီးပြောလိုက်၏။
“အဆင့်မြင့်အင်မော်တယ်ဆူ... ခင်ဗျားက စောစောကကပ်ဘေးကိုဖြတ်ကျော်နိုင်အောင် ကျုပ်တို့ကို ကူညီပေးခဲ့တယ်... ဒီသံဓားကို ခင်ဗျားရသင့်ပါတယ်”
“ယူထားလိုက်ပါ”
ဆူဇီမိုကပြုံး၍ သံဓားကို ရှုရှောင်းထျန်၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်၏။
သံဓားက တကယ်ပင် အနည်းငယ်ထူးဆန်းနေသော်လည်း သူက အခြေအနေအပေါ် အမြတ်ထုတ်လိမ့်မည် မဟုတ်ပေ။
“အစ်ကိုဆူ”
ရှုရှောင်းထျန်က စောစောကတိတ်ဆိတ်ငြိမ်သက်နေခဲ့၏။
ယခု နောက်ဆုံးမှာ သူ၏ သတ္တိကိုစုစည်းပြီး သူ၏ လက်နှစ်ဖက်ကိုဆုပ်ကာ တုန်ယင်နေသောအသံဖြင့် ပြောလိုက်၏။
သို့သော်လည်း သူ၏ ခေါ်ဝေါ်ပုံက မသင့်လျော်သည်ကို ရုတ်တရက်ခံစားလိုက်ရပြီး အဲ့ဒါကို ခပ်မြန်မြန်ပြောင်းလဲလိုက်၏။
“လူကြီးမင်းဆူ... ခင်ဗျားကျုပ်ကို ခင်ဗျားရဲ့တပည့်အဖြစ်လက်ခံပေးနိုင်မလား”
ဆူဇီမိုက အသံတိတ်သွား၏။
သူတို့ဤနေရာမှာဆုံစည်းရသည်မှာ ကံပါလာလို့ဖြစ်လေသည်။
သို့သော်လည်း သူသည်တပည့်တစ်ယောက်ကို လက်ခံလိုခြင်းမရှိပေ။
ဒါ့အပြင် အထက်ဘုံမှာ သူ့တွင်ရန်သူများစွာရှိနေပြီး တစ်ယောက်ယောက်သည် သူ့တပည့်ဖြစ်လာဖို့က ကောင်းသည့်အရာတစ်ခု ဟုတ်ချင်မှဟုတ်ပေလိမ့်မည်။
“ခင်ဗျားကျုပ်ကို တပည့်အဖြစ်လက်မခံချင်ဘူးဆိုလည်း ကျုပ်ကခင်ဗျားရဲ့ ဝေယျာဝစ္စတွေကိုလုပ်ပေးနိုင်ပါတယ်... ကျုပ်က ခင်ဗျားရဲ့ဘေးမှာ နေနိုင်မယ်ဆိုရင်အဆင်ပြေပါတယ်ဆရာ”
ရှုရှောင်းထျန်က ဆူဇီမိုကိုစိုးရွံ့စွာနှင့် မျှော်လင့်စောင့်စားစွာကြည့်ပြီး ခပ်မြန်မြန်ဆက်ပြောလိုက်၏။
“အဲ့လိုမလုပ်နိုင်မှာ ငါစိုးမိတယ်”
ဆူဇီမိုက သူ၏ ခေါင်းကိုညင်သာစွာခါပြလိုက်၏။
ရှုရှောင်းထျန်၏ မျက်နှာက ညှိုးငယ်သွားလေသည်။
ဘေးကနေမင်းသမီးသက်တံနီက ရှင်းပြလိုက်၏။
“ငါတို့တွေက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ အပြင်ဂိုဏ်းတပည့်တွေပဲရှိသေးတယ်... ငါတို့ကတက္ကသိုလ်ထဲကို ငါတို့ကိုယ်ပိုင်အစေခံတွေခေါ်သွားဖို့ အဆင့်မမီသေးဘူး”
“စိတ်မပျက်ပါနဲ့”
ဆူဇီမိုသည် ရှုရှောင်းထျန်၏ ညှိုးငယ်နေသောမျက်နှာကိုကြည့်ပြီး သူ့ကိုနှစ်သိမ့်ပေးလိုက်၏။
“မင်းက... အစေခံတစ်ယောက်ဖြစ်စရာမလိုဘူး.. မင်းရဲ့ကျင့်ကြံမှုက လုံလောက်အောင်မြင့်မားလာမယ်ဆိုရင် မင်းက နှစ်တစ်ရာတိုင်းမှာတစ်ကြိမ်ကျင်းပတဲ့ အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာဝင်ပါနိုင်တယ်... မင်းမှာလည်း တက္ကသိုလ်ရဲ့ အစစ်အမှန်တပည့်တစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးရှိတယ်”