ရန်သူများ
Vol. 12 Ch. 162
အခန်း (၁၆၂) ရန်သူများ
ခွန်လွန်တောင်လမ်းက အမြဲတမ်း ပြောင်းလဲလျှက် ရှိသည်။
နှစ်ပေါင်း (၂၀၀) ကြာ ခွန်လွန်တောင်တွင် နေထိုင်ခဲ့ပြီးနောက် ခွန်လွန်တောင်လမ်းအကြောင်းကို ကျန်းလန် အတော်လေးနားလည်သွားခဲ့သည်။
သူတောင်အောက်တစ်ခါဆင်းတိုင်း တောင်ပေါ်လမ်းက တစ်ခါပြောင်းလဲနေစမြဲ ဖြစ်၏။ တစ်ခါတစ်ရံ ပတ်ဝန်းကျင်မှ တောအုပ်များပင် ပြောင်းလဲနေသည်ကို တွေ့ရသည်။
တောင်ပေါ်လမ်းပတ်ဝန်းကျင်တွင်ရှိနေသည့် တန်ခိုးစွမ်းအားမြင့်မားသောတပည့်များက တောအုပ်များကိုပါ ပြောင်းလဲစေခဲ့သလား မပြောတတ်ပေ။
နဝမတောင်ထွတ်သို့သွားရာ ဖြတ်လမ်းတွင်ရှိနေသည့် တောအုပ်ကို ကျန်းလန် သတိရလိုက်မိသည်။ ကျန်းလန်က တောင်ပေါ်ပြန်တိုင်း ထိုတောအုပ်ကို ဖြတ်သွားလေ့ရှိသည်။
သို့သော် လွန်ခဲ့သည့်နှစ် (၅၀)က ဒုတိယတောင်ထွတ်မှ ပေဖန်းဦးဆောင်သည့်အဖွဲ့ ထိုတောအုပ်ထဲတွင် မိစ္ဆာဖမ်းခြင်း ပြုလုပ်ခဲ့သည်။
ထိုသို့သော မိစ္ဆာဖမ်းသူများကြောင့်လည်း ခွန်လွန်တောင်လမ်း၏ မြေမျက်နှာသွင်ပြင်က အစဉ်အမြဲပြောင်းလဲနေခြင်း ဖြစ်နိုင်၏။
အချိန်အတန်ကြာလမ်းလျှောက်ပြီးနောက် ကျန်းလန် သေရည်ဆိုင်သို့ ရောက်ရှိလာသည်။
သူ သေရည်ဆိုင်အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် သူ့ကိုစောင့်ကြည့်နေသည့်အကြည့်က ရုတ်ချည်းပင် ပျောက်ကွယ်သွားသည်။
သူ့ကိုစောင့်ကြည့်နေသူ၏ တည်နေရာအတိအကျကို ကျန်းလန် ခန့်မှန်းနိုင်ခြင်း မရှိသေးသလို ထိုသူမည်သူဖြစ်ကြောင်းနှင့် ကျင့်ကြံခြင်းအဆင့် မည်မျှရှိကြောင်းကိုလည်း သိရှိနိုင်ခြင်း မရှိသေးပေ။
ထိုကိစ္စကို နောက်မှရှင်းတော့မည်ဟု ကျန်းလန် ဆုံးဖြတ်လိုက်၏။
ယခု အများအမြင်တွင် ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်က မူလဝိညာဉ် ၊ ကနဦးအဆင့် ဖြစ်သည်။ ထို့ကြောင့် ကျန်းလန်ကို လုပ်ကြံရန် စေလွှတ်ထားသူများမှာ မရှိမှုအာကာသအဆင့်ထက် ကျော်လွန်သူများ မဖြစ်နိုင်ပေ။
ရန်သူက အင်မော်တယ်မဟုတ်သရွေ့ ကျန်းလန် ရင်ဆိုင်နိုင်စွမ်း ရှိမည်ဖြစ်သည်။ သို့သော် သူက ရန်သူကို ဘယ်တော့မှ လျှော့မတွက်တတ်ပေ။
ပျက်သုဉ်းတစပြင်လောကကြီးတွင် ထူးဆန်းသည့် အဖြစ်အပျက်များ များစွာရှိလေရာ ရန်သူတွင် သူ့ကို အနိုင်ယူနိုင်မည့် လျှို့ဝှက်ချက်များ ရှိကောင်းရှိနေနိုင်သည်။ ထို့ကြောင့် သူ့အနေဖြင့် သတိပေါ့လျော့၍ မဖြစ်ပေ။
လူတစ်ယောက် ကျင့်ကြံခြင်းအဆင့် မြင့်မားလာလေ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးကာ မာန်တက်လာလေ ဖြစ်သည်။
သူကိုယ်တိုင်ပင် မသိဘဲ ဆရာကြီးပုံစံဖမ်း လေသံပြောင်းလာမည် ဖြစ်သလို စိတ်နေစိတ်ထားများလည်း ပြောင်းလဲလာမည် ဖြစ်သည်။
ကျန်းလန်သည်လည်း ပါရမီရှင်များနည်းတူ ကျင့်ကြံခြင်းအဆင့်တက်သည်မှာ လျှင်မြန်လွန်းသူ ဖြစ်၏။ ကံကောင်းသည်မှာ ကျန်းလန်က စိတ်စွမ်းအားကောင်းသလို စိတ်တည်ငြိမ်သူ ဖြစ်နေခြင်းပင်။
လက်ရှိတွင် ကျန်းလန်က စိတ်စွမ်းအားကျင့်စဉ်များ ကျင့်ကြံခြင်းကို ရပ်တန့်ထားသော်လည်း သူ၏ စိတ်စွမ်းအားကောင်းမွန်မှုက အခြေခိုင်နေပြီ ဖြစ်သည်။
ယခုဆိုလျှင် မတုန်လှုပ်သောဉာဏ်ပညာဘုရင်မန္တန်ကိုပင် ကျင့်ကြံစရာ မလိုတော့ပေ။
သို့သော် ကျန်းလန်က ပညာရှိကျမ်းစာမှလွဲပြီး စနစ်မှပေးသမျှ ကျင့်စဉ်များအားလုံးကို ကျင့်ကြံခဲ့သူ ဖြစ်သည်။
ထို့ပြင် နဝမတောင်ထွတ်တွင် သန့်ရှင်းရေးပြုလုပ်ခြင်းကလည်း စိတ်စွမ်းအားတိုးတက်စေရန် များစွာ အထောက်အကူပြုသည်။
စိတ်စွမ်းအားကောင်းမွန်ခြင်းက သိမြင်နိုင်စွမ်း မြင့်မားလေသည်။ ထို့ကြောင့် နှစ်ပေါင်း (၂၀၀)ခန့် ကျင့်ကြံရုံဖြင့် အင်မော်တယ်ဖြစ်လာတော့မည့်တိုင် ကျန်းလန်က အခြားသူများကိုအထင်သေးပြီး ကိုယ့်ကိုယ်ကိုယ်အထင်ကြီးခြင်း မရှိခဲ့ပေ။
သို့မှသာ အန္တရယ်များနှင့် အကျပ်အတည်းများကို ကျော်လွှားနိုင်မည် ဖြစ်သည်။
ကျန်းလန် သေရည်ဆိုင်ထဲဝင်လိုက်သည်နှင့် ကောင်တာထိုင်နေသည့် ကလေးငယ်ကို တွေ့လိုက်ရသည်။
နှစ်ပေါင်း (၂၀၀) ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် ကလေးငယ်ကတော့ အရင်အတိုင်း မပြောင်းမလဲ ရှိနေဆဲပင်။ နှစ်ပေါင်း (၂၀၀)က ကလေးငယ်၏ ခန္ဓာကိုယ်တွင် သေးငယ်သည့် ပြောင်းလဲမှုလေးတစ်ခုကိုပင် ဖြစ်မလာစေခဲ့ပေ။
"ဒီကောင်က အသက်ရော ကြီးလာဦးမှာလား…"
ကျန်းလန် စိတ်ရှုတ်ထွေးစွာဖြင့် တွေးလိုက်သည်။
လူငယ်လေးက ခေါင်းကိုငုံ့ထားရင်းပင် ကျန်းလန် ဆိုင်ထဲသို့ ဝင်လာသည်ကို အာရုံခံလိုက်မိသည်။
သူက ခေါင်းပင်မော့မကြည့်ဘဲ…
"ကိုကြီး… အကောင်းစားသေရည်ဝယ်မလို့လား…"
ကျန်းလန်က ခေါင်းညိတ်ပြရင်း…
"အဘိုး ပြန်မလာသေးဘူးလား…"
ကလေးငယ်က…
"အဘိုးက နေ့လည်မှ ပြန်လာမှာ…"
ကျန်းလန် စကားဆက်မပြောတော့ဘဲ သေရည်ဆိုင်ထောင့်တစ်နေရာတွင်ဝင်ထိုင်လိုက်ပြီး ဆိုင်ရှင်အဘိုးအို ပြန်လာချိန်ကို စောင့်နေလိုက်သည်။
ကျန်းလန် ထိုင်ခုံတွင်ထိုင်လိုက်သည်နှင့် ကလေးငယ်က လက်ဖက်ရည်ကြမ်းနှင့် မြေပဲများ ယူလာပေးသည်။
"ကိုကြီး… ဒါက အလကားကျွေးတာပါ…"
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
"ကျေးဇူးပါကွာ…"
ကောင်လေးက ရယ်မောလိုက်ပြီး ကောင်တာသို့ ပြန်ပြေးထွက်သွားသည်။
ကျန်းလန် တိတ်ဆိတ်စွာဖြင့် မျက်ဝန်းများကို မှိတ်လိုက်ပြီး သေရည်ဆိုင်ကို အာရုံခံကြည့်လိုက်သည်။ သူက နာမ်ဝိညာဉ်သေရည်ဆိုင်အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားလိုက်ခြင်း ဖြစ်၏။
သို့သော် နာမ်ဝိညာဉ်သေရည်ဆိုင်အတွင်းသို့ ဝင်ရောက် မရခဲ့ပေ။ ထိုနေရာသို့ ကောင်တာနေရာမှသာ ဝင်ရောက်နိုင်ပြီး ကျန်းလန်ထိုင်နေသည့်နေရာမှ ဝင်ရောက်နိုင်ခြင်း မရှိပေ။
ကောင်တာတွင်ထိုင်နေသူက သူ၏စိတ်အာရုံထဲသို့ ဝင်ရောက်လာမှသာ သူသည်လည်း နာမ်ဝိညာဉ်သေရည်ဆိုင်ထဲသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
ကောင်တာမှ ကလေးငယ်က ကျန်းလန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။
ထို့နောက် ကလေးငယ်၏ စိတ်အာရုံထဲတွင် တံခါးတစ်ချပ်ပေါ်လာသည်။ ထိုတံခါးကို ဖွင့်နိုင်လျှင် ကန်းလန်၏ စိတ်အာရုံထဲသို့ဝင်ရောက်နိုင်မည် ဖြစ်၏။
ဤအခွင့်အရေးကို ရရှိရန် ကလေးငယ် နှစ်ပေါင်းများစွာ စောင့်နေခဲ့ရသည်။
ယခုတော့ သူမျှော်နေသည့် အစ်ကိုကြီး ရောက်လာခဲ့ပြီ ဖြစ်သည်။ သူသာ ကျန်းလန်၏ စိတ်အတွင်းသို့ ဝင်ရောက်နိုင်လျှင် အဘိုးဖြစ်သူက သူ့ကို အရည်အချင်းပြည့်မီသူအဖြစ် သတ်မှတ်မည် ဖြစ်သည်။
ကလေးငယ်က သူ့ရှေ့မှ တံခါးကို တွန်းဖွင့်လိုက်သည်။ သို့သော် တံခါးက လှုပ်ပင်မလှုပ်ပေ။
သူက တံခါးကို ထပ်မံတွန်းဖွင့်လိုက်သည်။ သို့သော် တံခါးက တစ်ချက်ပင် ရွေ့လျားသွားခြင်း မရှိပေ။
ထို့နောက် ကလေးငယ်က တံခါးကို အတင်းတွန်ပြန်၏။ တံခါးက တစ်ချက်ပင် မလှုပ်ရှားပေ။
ကလေးငယ်က တံခါးကို လက်သီးဖြင့်ထိုးပြန်၏။ တံခါးက ငြိမ်သက်လျှက်ပင် ရှိနေသည်။
အချိန်အတန်ကြာပြီးနောက် လူငယ်လေးက တံခါးကို ခြေထောက်ဖြင့် ကန်ကျောက်ပစ်လိုက်သည်။
"ဘန်း… ဘန်း…"
သို့သော် ကလေးငယ်သာ ပင်ပန်းပြီး လျှာထွက်သွားသည် တံခါးကတော့ တင်းကျပ်စွာ ပိတ်နေဆဲပင်။
"အင်း… ကြည့်ရတာ ဒီနှစ်တွေမှာ မင်းအတော်လေး ကြိုးစားထားပုံရတယ်…"
အသံက ကလေးငယ်၏ အနောက်ဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်၏။
အသံပိုင်ရှင်က အခြာသူမဟုတ်ပေ။ သေရည်ဆိုင်ရှင်အဘိုးအို၏ အသံဖြစ်သည်။
"ကျွန်တော် ဒီအစ်ကိုကြီးရဲ့ စိတ်အာရုံထဲ ဝင်လို့မရအောင် အဘိုး တမင်သက်သက် လုပ်ထားတာလား…"
ကလေးငယ်က မကျေမနပ်ဖြင့် မေးလိုက်သည်။
တကယ်တမ်းသာ အဘိုးအို၏လက်ချက်ဆိုလျှင် အဘိုးဖြစ်သူက တကယ်အရှက်မရှိသူဘဲဟု ကလေးငယ် တွေးလိုက်သည်။
သို့သော် အဘိုးအိုက ပြုံးပြီး ခေါင်းခါရမ်းပြလိုက်သည်။ ထို့နောက် တံခါးကို အသာတွန်းဖွင့်လိုက်လေသည်။
"ခရက်…"
တံခါးက ငြင်သာစွာပင် ပွင့်သွားသည်။
မျက်လုံးများကို မှိတ်ထားသည့် ကျန်းလန် ချက်ချင်းပင် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
သူ အနည်းငယ် အံ့အားသင့်နေလေသည်။ သူ့စိတ်အာရုံထဲ ဝင်ရောက်လာနိုင်သူဆို၍ လောကတွင် ဆိုင်ရှင်အဘိုးအိုတစ်ယောက်သာ ရှိသည်။
သူ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည့်တိုင် အဘိုးအိုက သူ၏စိတ်အာရုံထဲသို့ အမြဲတမ်း ဝင်ရောက်လာနိုင်စမြဲ ဖြစ်သည်။
ကျန်းလန် မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့် ကောင်တာတွင် အဘိုးအိုပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။
သူ နေရာမှထပြီး ကောင်တာသို့ လျှောက်သွားစဉ် အဘိုးအိုက အရင်ဦးစွာ မေးမြန်းလိုက်သည်။
"အကောင်းစားသေရည် လိုချင်လို့လား…"
ကျန်းလန်က ခေါင်းညိတ်ပြလိုက်ပြီး ဝိညာဉ်ကျောက်တုံးတစ်ထုပ်ကို ကောင်တာပေါ်တင်လိုက်သည်။
သေရည်ဈေးနှုန်းများကို သိရှိပြီး ဖြစ်သည့်တိုင် ကျန်းလန်က သူပေးသည့်သေရည်ဖိုးကို တစ်ခါမှ မပြောင်းလဲခဲ့ပေ။
အဘိုးအိုက ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်ပြီး သေရည်အိုးကို ကျန်းလန်ရှေ့သို့ တိုးပေးလိုက်သည်။
"ကြည့်ရတာ မင်း ခရီးရှည်ထွက်မလို့များလား…"
ကျန်းလန်က အံ့အားသင့်သွားပြီး…
"အဘိုးက ဘယ်လိုလုပ်သိတာလဲ…"
အဘိုးအိုက ရယ်သံစွက်ရင်း…
"မင်းပုံစံက ခရီးထွက်မယ့်ပုံ ပေါက်နေတာကိုးကွ… ၊ ခရီးထွက်မယ့်သူတွေဆီက အငွေ့အသက်မျိုးတွေ ထွက်နေတယ်လေ…"
အဘိုးအိုပြောသည့်စကားကို နားမလည်သဖြင့် ကျန်းလန် နှုတ်ဆိတ်နေလိုက်သည်။
ခဏမျှ တုန့်ဆိုင်းနေပြီးမှ ကျန်းလန်က သူသိချင်သည့်မေးခွန်းကို မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
"အဘိုး… ကျွန်တော် အဘိုးကို မေးစရာတစ်ခုရှိလို့ …"
အဘိုးအိုက…
"မေးလေကွာ…"
ကျန်းလန်က…
"ဒီသေရည်ဆိုင်မှာရှိနေတဲ့ နာမ်ဝိညာဉ်သေရည်ဆိုင်က ဘယ်လိုတည်ဆောက်ထားတာလဲ…"
အဘိုးအိုက…
"အဲဒီ နာမ်ဝိညာဉ်သေရည်ဆိုင် ဘယ်လိုတည်ဆောက်ထားလဲဆိုတာ မင်းက သိချင်တာလား…"
"ဟုတ်ကဲ့…"
အဘိုးအိုက ကျန်းလန်ကို လှမ်းကြည့်လိုက်ရင်း…
"မင်း ခရီးက ပြန်လာမှ ဒီမေးခွန်းကို မေးရင်ကောင်းမယ်…"
အဘိုးအို၏စကားကိုကြားရသည်နှင့် ကျန်းလန်က ထပ်မံမေးမြန်းခြင်း မပြုတော့ပေ။
သူက အဘိုးအိုကို ဦးညွှတ်အရိုအသေပေးပြီး အကောင်းစားသေရည်အိုးကိုယူဆောင်ကာ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
ထိုစဉ်…
"ကိုကြီး… မြေပဲတွေ ယူသွားဦးလေ…"
ကလေးငယ်က ထုံးစံအတိုင်း ကျန်းလန်ကို မြေပဲထုပ်လက်ဆောင်ပေးလေသည်။
"ကျေးဇူးပါပဲကွာ…"
မြေပဲထုပ်ကိုယူပြီးနောက် ကျန်းလန် ထွက်ခွာလာခဲ့သည်။
သူ ခရီးမှပြန်လာချိန်တွင် သေချာပေါက် အင်မော်တယ်ဖြစ်နေပေတော့မည်။
ကျန်းလန်ထွက်ခွာသွားသည်ကိုကြည့်ပြီး သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
"နှစ်ပေါင်း (၂၀၀)အတွင်း ဒီကောင်လေးက တစ်နေ့တခြား ပိုပြီးတော်လာတယ်… ၊ ပြီးတော့ အောက်ခြေလည်းလွတ်မသွားဘူး… ၊ မော့ကျန်းသုန့်ကတော့ ကံကောင်းတာပဲ…"
ထို့နောက် အဘိုးအိုက ကလေးငယ်ကို ကြည့်လိုက်ရင်း…
"ဟွန်း… မင်းကတော့ သေချာပေါက် မကြိုးစားတဲ့ကောင်ပဲ… ၊ မင်းက သူ့ထက်တောင်ပါရမီရှိသေးတယ်… ၊ ဒါပေမဲ့ ခုချိန်ထိ သူ့စိတ်ထဲ မဝင်နိုင်သေးဘူး…"
ကလေးငယ်က မသေမချာဖြင့်…
"နောက်တစ်ခါတော့ သေချာပေါက် ဝင်နိုင်မှာပါ…"
တကယ်တမ်းဆိုလျှင် သူ အများကြီး ကျင့်ကြံစရာ မလိုပေ။
နှစ်ပေါင်း (၂၀၀)ခန့် ကျင့်ကြံလိုက်သည်နှင့် အင်မော်တယ်များကိုပင် သူက ပုရွက်ဆိတ်လောက် သဘောထားတော့မည့်သူ ဖြစ်၏။
……………………
သေရည်ဆိုင်မှ ထွက်လာသည်နှင့် ကျန်းလန် အရှေ့ဘက်သို့ဦးတည်ပြီး ဓားကိုစီးနှင်ကာ ထွက်ခွာသွားသည်။
ကျန်းလန် ကောင်းကင်ထက်တွင် မနိမ့်မမြင့် ပျံသန်းလျှက် ရှိသည်။
လူအနည်းငယ်မျှ ရှိသည့်နေရာတွင်သာ ကျန်းလန်က ကောင်းကင်အမြင့်ကြီး ပျံသန်းလေ့ရှိသည်။
အချို့သော ကျင့်ကြံသူများက သူတို့ခေါင်းပေါ်မှ ဖြတ်ကျော်ပျံသန်းသွားသည်ကို သဘောမကျကြပေ။ အထူးသဖြင့် အချိန်ကြာရှည်စွာ နာမည်ကျော်ကြားခဲ့သည့် အကြီးအကဲများ ဖြစ်ကြ၏။
ထို့ကြောင့် ကျန်းလန်က ထိုသူများနှင့် ပြဿနာမဖြစ်စေရန် မနိမ့်မမြင့်သာ ပျံသန်းခြင်း ဖြစ်သည်။ ပျက်သုဉ်းတစပြင်လောကကြီးတွင် ဘာမဟုတ်သည့်ကိစ္စလေးနှင့် ပြဿနာဖြစ်ရခြင်းက မတန်လှပေ။
ပျံသန်းနေရင်း တစ်စုံတစ်ယောက် သူ့နောက်မှ လိုက်လာသည်ကို ကျန်းလန် အာရုံခံလိုက်မိသည်။
"တစ်ယောက်ယောက်တော့ ငါ့နောက်က လိုက်လာနေပြီ…"
ကျန်းလန်က ထိုသူ၏ တည်ရှိရာနေရာကို သိရှိရန် ကြိုးစားလိုက်သော်လည်း ခန့်မှန်းနိုင်ခြင်း မရှိပေ။
ရန်သူက တစ်ယောက်တည်း မဖြစ်နိုင်ပေ။ ကြံရံပါအပေါင်းအဖော်များလည်း ရှိနေနိုင်လေရာ စိတ်ရှည်ရှည်ဖြင့် စောင့်ကြည့်ရပေမည်။
လွန်ခဲ့သည့် နှစ်ပေါင်း (၅၀)ခန့်က ခွန်လွန်တောင်သို့ ရောက်လာကြသည့် နတ်လူသားမျိုးနွယ်များနှင့် နတ်မိစ္ဆာများကတော့ ပြန်သွားကြပြီ ဖြစ်ဟန်တူသည်။
ထိုအချိန်က မည်သည့်အဖြစ်အပျက်များဖြစ်ပျက်ခဲ့ကြောင့် အခြေအနေများကို ကျန်းလန် အသေးစိတ် သိရှိခြင်း မရှိပေ။ ထို့ကြောင့် သတိထားရန်သာ လိုအပ်သည်ဟု သူ ခေါင်းထဲထည့်ထားသည်။
တစ်ဖက်လူက အင်မော်တယ်မဟုတ်သရွေ့ သူ့ဘက်မှ အနိုင်ရနိုင်ချေ များလေသည်။
တစ်ဖက်လူက အင်မော်တယ်ဆိုလျှင်တော့ သူ နဝမတောင်ထွတ်သို့ ပြန်ပြေးရမည် ဖြစ်၏။
သူ့တွင် အန္တရယ်ကိုးသွယ်တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသည့်တိုင် အင်မော်တယ်များကို ရင်ဆိုင်ရန် မဖြစ်သေးပေ။
အင်မော်တယ်များက အင်မော်တယ်များသာ ဖြစ်ပြီး သာမန်ကျင့်ကြံသူများနှင့် များစွာအဆင့်အတန်း ကွာခြားသည်။
(၃)ရက်ခန့် ပျံသန်းနေပြီးနောက် သူ့ကိုစောင့်ကြည့်နေသူများမှာ လူ (၂)ယောက်ပင် မကတော့ကြောင်း ကျန်းလန် အာရုံခံလိုက်မိသည်။
ထိုသူများက တစ်အုပ်စုတည်း ဖြစ်ဟန်တူ၏။
"စုစုပေါင်း (၃)ယောက်ပဲ…"
(၃)ရက်ခန့် ခရီးနှင်ပြီးနောက် ကျန်းလန် ခွန်လွန်တောင်ပြင်ပသို့ လုံးလုံးလျားလျား ရောက်ရှိသွားသည်။
(၅)ရက်မြောက်နေ့တွင်တော့…
သူ့နောက်မှ လူ (၃)ယောက်လိုက်လာကြောင်း ကျန်းလန် အာရုံခံလိုက်မိသည်။
သို့သော် ထိုသူများက ကျန်းလန်ကို ချက်ချင်းမတိုက်ခိုက်သေးဘဲ တစ်စုံတစ်ခုကို စောင့်နေဟန် ရှိသည်။
သူ့ဘက်မှ စတင်တိုက်ခိုက်လျှင်ကောင်းမည်လားဟု စဉ်းစားနေစဉ်မှာပင် ကျန်းလန်ရှေ့တွင် မြူခိုးများဖုံးလွှမ်းနေသည့် တောင်တစ်တောင်ကို တွေ့မြင်လိုက်ရသည်။
မြူခိုးများကိုကြည့်လိုက်သည်နှင့် သဘာဝမြူခိုးများမဟုတ်ဘဲ အစီအရင်ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိလိုက်သည်။
ထို့ပြင် တောင်ပေါ်တွင် ထူးခြားစွာဖြင့် ရွှေရောင်အလင်းတန်းတစ်ခုကလည်း တောက်ပလျှက် ရှိ၏။
"ငါ့ကို တောင်ထဲကို မျှားခေါ်ဖို့ တမင်သက်သက် ထောင်ချောက်ဆင်ထားတာပဲ…"
ကျန်းလန် တွေးလိုက်သည်။
ထို့နောက် ကျန်းလန် ချက်ချင်းပင် မြူခိုးများဝေနေသည့် တောင်ပေါ်သို့ ပျံသန်းထွက်ခွာသွားလေတော့သည်။
တောင်ပေါ်တွင်ပြုလုပ်ထားသည့် မြူခိုးအစီအရင်က မဆိုးလှပေ။ သို့သော် ကျန်းလန်အတွက်တော့ မပြောပလောက်သည့် အစီအရင်တစ်ခု ဖြစ်၏။
သူ၏ လက်ရှိအစီအရင်ပညာ ကျွမ်းကျင်မှုအဆင့်ဖြင့်ဆိုလျှင် ထောင်ချောက်အစီအရင်အတော်များများက သူ့အပေါ် အန္တရယ်မပြုနိုင်ပေ။
ယခုအချိန်တွင်သာ ကျောက်စိမ်းရေကန်သို့ သွားရောက်သည့် ပန်းခင်းလမ်းကို နောက်တစ်ကြိမ် လျှောက်လှမ်းရမည်ဆိုပါက သူ့အနေဖြင့် လုန်ယွိ၏ အကူအညီပင်မလိုဘဲ လျှောက်လှမ်းနိုင်မည် ဖြစ်သည်။
ကျန်းလန် တောင်ထဲသို့ ဝင်လိုက်သည်နှင့် သူ့အနောက်မှ လူ (၃)ယောက်လည်း လိုက်ပါဝင်ရောက်လာသည်ကို သိရှိလိုက်သည်။
သို့သော် တောင်ထဲတွင် ရန်သူ (၂)ယောက် ရှိနှင့်နေပြီးသား ဖြစ်၏။
"လက်စသတ်တော့ သူတို့က စုစုပေါင်း (၅)ယောက်ကိုး…"