ပရိသတ်အား ဆူဆူညံညံ ဖြစ်အောင် လုပ်ခြင်း
Vol. 47 Ch. 697
တစ်နာရီ၊ နှစ်နာရီ …
အချိန်ကား တရွေ့ရွေ့ ကုန်ဆုံးလာပြီး လူအများက တိုက်ရိုက် ထုတ်လွှင့်မှုအတွင်း၌ စောင့်ဆိုင်းနေကြသည်။
ထိုသို့သောအချိန်၌ ငပျော့ကောင်များစွာက အတူတူ ပေါ်လာပြီး သူတို့၏ ခံစားချက်များကို ဖွင့်ထုတ်လာသည်။
“လုပ်စမ်းပါ ထောင်ကျီရာ၊ ဒါ အရေးကြီးဆုံး ပြိုင်ပွဲကွ၊ လူတိုင်း ထောင်ကျီကို အားပေးမယ်လို့ မျှော်လင့်ပါတယ်၊ ကျေးဇူးပဲကွာ”
“ဒီနေ့ည Masked Singer ရဲ့ ဗိုလ်လုပွဲကို ဒီည ပြမှာနော်၊ မလွတ်စေနဲ့ဦး၊ ပြီးတော့ ထောင်ထောင်ကို မဲပေးဖို့လဲ မမေ့နဲ့၊ သူက ငါ့ရဲ့ ညီအစ်ကိုကွ”
“ထောင်ထောင်ရဲ့ ကြိုးစားအားထုတ်မှုတွေကို ငါ မြင်နေရတယ်၊ သူ ဗိုလ်လုပွဲကို ရောက်မယ်လို့ ငါ အပြည့်အဝ မျှော်လင့်ထားတယ်၊ ဒီလိုပဲ ဖြစ်သင့်တယ်လေ၊ ပြိုင်ပွဲမစခင် သူ အပြင်ထွက်သွားတာကို ငါ တစ်ခါမှ မမြင်ဖူးဘူး၊ သူက အများကြီး ကျွမ်းကျင်တာ၊ သီချင်းဆိုတာ၊ ကတာနဲ့ ရက်ပ်ရွတ်တာတွေပေါ့၊ ထောင်ထောင်ရဲ့ ပရိသတ်တွေက သူ့ကို အားပေးမှကို ဖြစ်မယ်”
ငါးယောက်၊ ဆယ်ယောက်၊ အယောက်နှစ်ဆယ်။
ငပျော့ကောင်များသည် ပို့စ်များလည်း တင်ကြပြီး သူတို့၏ ကျော်ကြားမှုကို အသုံးချ၍ ထောင်ထောင်အတွက် မဲများ တောင်းခံကြလေသည်။ ထိုငပျော့ကောင်များသည် သူတို့၏ ကျော်ကြားမှု ပြန်ရရန် ကြိုးစားနေကြသည်။
အခြားသော ပြည်သူများလည်း ထိုအရာကို ဆွေးနွေးနေကြသည်။
[ဟန်ဟန်က ထောင်ထောင်အတွက် မဲဆွယ်နေတယ်]
[ရှောင်ဖုန်းကလဲ ပြောပေးနေတယ်]
[ဒီငပျော့ကောင်တွေက ပူးပေါင်းနေတာလား၊ စူပါမန်းတော့ ဒီတစ်ယောက်ကို ရှုံးတော့မှာပဲ]
[လခွမ်း … ကူမယ့်သူတွေ အများကြီးပဲ၊ အံ့ဩစရာပဲ]
[ဟမ့် … သူက လုံးဝ မတူတဲ့ အဆင့်တစ်ခုကပဲလေ၊ သူက အံ့ဩစရာကောင်းတယ်ဆိုတာ လူတိုင်း သိတယ်]
[ဒါ စည်းမျဉ်းတွေကို ဆန့်ကျင်နေတာပဲ မဟုတ်ဘူးလား၊ ပြိုင်ပွဲကလဲ မစသေးသလို သီချင်းလဲ မဆိုရသေးဘူးလေ၊ ဒါပေမဲ့ မင်းတို့က အခုကတည်းက မဲဆွယ်နေပြီလား၊ ဒါ သီချင်းဆိုပြိုင်ပွဲရော ဟုတ်သေးရဲ့လား၊ ဒါမှမဟုတ် ဘယ်သူက ပိုနာမည်ကြီးလဲဆိုတာကို ပြိုင်တဲ့ ပြိုင်ပွဲလား၊ ချီးပဲ]
[လွန်လွန်းတယ်]
[လခွမ်း … သူတို့အရည်အချင်းတွေက အပေါ်ယံ သက်သက်ပဲ]
[စူပါမန်းက သူ့နာမည်ကို မပြောသေးဘူးလား၊ သူ မဲနည်းနည်းပါးပါး ရချင်ရလာမှာပဲလေ]
[ကြေညာလဲ ဘာထူးမှာလဲ၊ သူက ဒီငပျော့ကောင်နဲ့ အဆင့်တူနိုင်လို့လား]
[မျှော်လင့်ချက်က နည်းလွန်းတယ်]
…
ညနေခင်း Masked Singer ပြိုင်ပွဲ၏ ခန်းမ၌ ပရိသတ်များက အထဲ၌ နေရာယူပြီးသွားကြသည်။
“ဆရာထန့်က ဒီမှာပဲ”
“ဆရာလောလည်း ဧည့်သည်တော်ခုံမှာ ထိုင်လိုက်ပြီ”
ထုတ်ပယ်ခံလိုက်ရသည့်သူများသည် ဗိုလ်လုပွဲ၌ ဧည့်သည်တော်များအဖြစ် ရှိနေကြသည်။
ဆရာလောနှင့် ဆရာထန့်တို့က နှစ်ယောက်သား တိုးတိုးတိတ်တိတ် ပြောနေကြလေသည်။
“မင်း Weibo ကြည့်ပြီးပြီလား”
“ဒီလိုကိစ္စကြီးကို ဘယ်သူက မသိဘဲ နေမလဲ”
“ငပျော့ကောင်တွေက ဒီလိုမျိုး မဲလိုက်ဆွယ်နေရင် စူပါမန်း ထိန်းနိုင်လောက်မှာ မဟုတ်ဘူး”
“ငါတို့ရဲ့ ကျော်ကြားမှုက နိမ့်လွန်းနေတာ ဆိုးတာပဲ၊ ငါတို့ မဲဆွယ်မယ်ဆိုရင် ဟာသဖြစ်သွားမှာ”
…
ဂီတအသိုင်းအဝိုင်းထဲမှ လူများ၏ ပါတီတစ်ခု၌။
“မစသေးဘူးလား”
“စတော့မယ်”
“ဘယ်သူ နိုင်နိုင်မယ်လို့ ထင်လဲ”
“စူပါမန်းက ကျန်းထောင်ကို ရိုက်ချနိုင်မှာ မဟုတ်ဘူး”
“အဲ့လိုလဲ မဖြစ်နိုင်ဘူး၊ အဲ့ငပျော့လေးက အဆိုပိုင်းမှာ အားနည်းတယ်”
“အခု ပြဿနာက ငပျော့ကောင်က ဘယ်အရည်အချင်းကိုမှ မှီခိုစရာ မလိုတာပဲ”
“အရမ်း ခံပျင်းစရာ ကောင်းတယ်၊ ဒီငပျော့ကောင်တွေက အမှိုက်တွေပဲ၊ သူတို့ အမှန်ကို မသိကြဘူးလား”
…
မီဒီယာ ကုမ္ပဏီများစွာ၌ သတင်းထောက်များသည် အလုပ်၌ ရှိနေဆဲ ဖြစ်သည်။ သူတို့သည် သူတို့၏ အကြမ်းရေးထားသော စာများကို အပြီးသတ်နေပြီး ဗိုလ်လုပွဲ ပြီးသည်ကို စောင့်နေကြသည်။
“ဒါ နောက်ဆုံးပွဲကြီးပဲ”
“တစ်ယောက်က ငပျော့ကောင်၊ နောက်တစ်ယောက်က တကယ့် အရည်အချင်းကို အားထားတဲ့သူ၊ ဘယ်သူ အနိုင်ရမလဲ”
“ဘယ်သူ သိနိုင်မလဲ”
“ငပျော့ကောင်တွေက အနုပညာလောကမှာ ခြေချင်းလိမ်နေတာ ကြာပြီ၊ စူပါမန်း ထုတ်ပယ်ခံရနိုင်ချေ များတယ်”
…
တိုက်ရိုက် ထုတ်လွှင့်မှုထဲ၌။
[ဟေ့ကောင်တွေ ကြည်ကြဦး၊ ပွဲက စတော့မယ်]
[သူတို့ မဲနှိုက်တဲ့အဆင့်ကို တန်းသွားကြတာပဲ]
[ထောင်ထောင်က ဒုတိယ ပြိုင်ရမှာ]
[လခွမ်း … စူပါမန်းက ထပ်ပြီးတော့ အရင်ဆုံး ဆိုရမှာပဲလား]
[ဟားဟားဟား … ဒီလူက တော်တော် ကံဆိုးတာပဲ]
…
ခန်းမတွင်မူ တင်ဆက်သူ လော့စီစီက ပရိသတ်များကို မေးမြန်းနေ၏။
“ပြိုင်ပွဲက မကြာခင် စတော့မယ်၊ မင်း အားပေးစကားလေးများ ပြောချင်လား”
“ကြိုးစားထား ထောင်ထောင်”
“ဒီတခါတော့ နင် နိုင်ကိုနိုင်မှာ”
“ကြိုးစားထား စူပါမန်း၊ ရှင် ဆိုတဲ့ သီချင်းတွေကို ကျွန်မ တကယ် ကြိုက်တယ်၊ ကျွန်မက ရှင့်ရဲ့ အကြီးစား ပရိသတ်ပါ”
“စူပါမန်း၊ ရှင် သီချင်းဆိုမှာကို ကျွန်မ မျှော်လင့်နေပြီ”
နှစ်ဘက်စလုံး၏ ပရိသတ်များက အဆုတ်ကွဲမတတ် အော်ဟစ်နေကြသော်လည်း စူပါမန်း၏ ပရိသတ်များက ကျန်းထောင်၏ ပရိသတ်များထက် ပိုတည်ငြိမ်လေသည်။ တစ်ဖက်တွင်မူ ကျန်းထောင်၏ ပရိသတ်များက တစ်ယောက်ပြီး တစ်ယောက် မိုက်ခ်နားကပ်၍ ပေါက်ကရ ပြောနေကြသည်။
“ထောင်ထောင်၊ ရှင်က အတော်ဆုံးပဲ၊ ကျွန်မတို့ ရှင့်ကို အားပေးဖို့ ဒီကို ရောက်နေတာ”
“အဆိုတော်တွေရဲ့ ဘုရင်ဆိုတဲ့ နာမည်က သေချာပေါက် ထောင်ထောင့်ရဲ့ အပိုင်ပဲ၊ လူတိုင်း ထောင်ထောင်အတွက် မဲပေးမယ်လို့ မျှော်လင့်ပါတယ်၊ သူ တကယ်ကို ကြိုးစားထားတာ”
“အား … ထောင်ထောင်က အရမ်း ချောတာပဲ၊ ထောင်ထောင် နိုင်မှာပဲ”
မကြာမီမှာပင် လော့စီစီက စင်ပေါ်တက်၍ ကြေညာလေ၏။
“အားလုံးပဲ၊ အခု တတိယပွဲစဉ် တဖြစ်လဲ ဗိုလ်လုပွဲက စတင်ပါပြီ၊ ကျွန်မတို့ရဲ့ ပထမဆုံး အဆိုတော်ကို စင်မြင့်ပေါ် ဖိတ်ခေါ်လိုက်ရအောင်”
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် လူတိုင်းသည်လည်း တိတ်ဆိတ် သွားသည်။
မီးရောင်များက စင်မြင့်ပေါ်တက်သည့် ဝင်ပေါက်ပေါ် ကျရောက်နေ၏။
ရဲ့လင်းချန်သည် ထိုနေရာ၌ စောင့်နေပြီးသား ဖြစ်သည်။ သူ၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်ပြီး စင်ပေါ်သို့ အေးအေးဆေးဆေး တက်လာသည်။
အားလုံးက သူ့ကို ကြည့်နေကြသည်။ ရဲ့လင်းချန် ဘာသီချင်းဆိုမလဲဟု သူတို့အားလုံး သိချင်နေကြသည်။
သီချင်းသစ်များ ဖြစ်လေမလား။
နေရာတိုင်းတွင် မဲဆွယ်နေသည့် ထိုငပျော့ကောင်ကို သူ ဘာနှင့် ရင်ဆိုင်မည်နည်း။
ရဲ့လင်းချန်က တီးဝိုင်းကို အသာ ခေါင်းညိတ်ပြလိုက်သည်။ ဂီတမှူးက ပြန်လည်၍ ခေါင်းညိတ် တုံ့ပြန်သည်။
ထိုခဏတွင် လေထုထဲသို့ တေးဂီတသံ စတင် ပျံ့လွင့်လာ၏။ ၎င်းသည် အလွန် ထူးခြားသော တေးသံဖြစ်ပြီး ပဏာမ တီးလုံးက အလွန် နားဝင်ချို၍ မှတ်မိလွယ်သည်။
ပရိသတ်များက သူ့ကို စိုက်ကြည့်နေသည်။ ဧည့်သည်များကလည်း သူ့ကို ကြည့်နေကြသည်။
ချန်ရှောင်ယန်မှာမူ လက်ကို ကျစ်နေအောင် ဆုပ်ထားလေသည်။
တိုက်ရိုက် ထုတ်လွှင့်မှုထဲမှ ကြည့်ရှုသူများသည်လည်း လုံးဝ မျက်တောင်မခတ်ချေ။
ရဲ့လင်းချန်က မိုက်ခ်ကိုမြှောက်၍ ခပ်နိမ့်နိမ့်အသံဖြင့် သီဆိုလာသည်။
“လူတိုင်းက အရှုံးပေး အညံ့ခံနေတဲ့အချိန်မှာ မင်းက မင်းရဲ့ ရပ်တည်ချက်ကို ကိုင်စွဲထားအုံးမှာလား၊ ငါ့ကို ပြောပါဦး”
“မင်းပိုင်တဲ့ ဒီအိမ်ထဲမှာ နစ်နာမှုတွေ ဆိုးကျိုးတွေကလွဲပြီး ဘယ်အရာမှ ရောက်မလာဘူးလို့ ပြောပါဦး”
ပရိသတ်များ အံ့ဩသွားသည်။ တိုက်ရိုက် ထုတ်လွှင့်မှုထဲမှ လူများလည်း မှင်တက်သွားသည်။
၎င်းက သီချင်းတစ်ပုဒ်ပင်။ ထို့အပြင် ၎င်းက အင်္ဂလိပ် သီချင်း ဖြစ်နေ၏။
ရဲ့လင်းချန် သီဆိုနေချိန်တွင် စာသားများသည် Masked Singer ၏ အနောက်ဘက် ဖန်သားပြင်၌ ပြသထားပြီး တရုတ် ဘာသာစကားနှင့်ပါ ဘာသာပြန်ဆိုပေးထားသည်။
သီချင်း၏ နာမည်မှာ သဘာဝ ဖြစ်သည်။
သီချင်းကို ဆက်လက်၍ သီဆိုနေပြီး ရဲ့လင်းချန်က အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ အရှိန်ကို မြှင့်လိုက်သည်။
“ဒါ မင်း ပေးရတဲ့ အဖိုးအခပါပဲ”
“မင်းရဲ့ ပူဆွေးသောကတွေကို ချန်ထားခဲ့လိုက်ပါ၊ ကျန်ရစ်ခဲ့ပါစေတော့”
“ဒါဟာ ဒီနေ့ရဲ့ ရလဒ်တစ်ခုမျှသာပါပဲ”
“သားကောင် ဖြစ်မယ့်အစား မုဆိုးပဲ ဖြစ်လိုက်ပါ”
အသံက တဖြည်းဖြည်း မြင့်လာပြီး မှန်းမရသော အားအင်တစ်ခု နိုးထလာသည်ဟု ထင်မှတ်ရသည်။
သံစဉ်ထဲတွင် ရှင်းမပြတတ်သော အင်အားတစ်ခု ပါဝင်နေပြီး ၎င်းကြောင့် ပရိသတ်များ၏ နှလုံးသားသည် သီချင်းကို နားဆင်ရင်း စာသားကို ဖတ်ရင်းနှင့် လျင်မြန်စွာ ခုန်လာလေသည်။
ရုတ်ချည်းဆိုသလိုပင် ရဲ့လင်းချန်၏ အသံက အားအပြည့်နှင့် ပေါက်ကွဲထွက်လာသည်။
“အဲ့ဒီ အစွန်အဖျားလေးမှာ ရပ်ပြီး အရာရာကို ရင်ဆိုင်လိုက်စမ်းပါ၊ ဘာလို့လဲဆိုတော့ မင်းက သဘာဝမို့လို့ပဲ”
“နှလုံးခုန်နေတဲ့ ကျောက်တုံးတစ်တုံးလို”
“မင်းဟာ သွေးအေးနေရလိမ့်မယ်”
“ဒီကမ္ဘာပေါ်မှာ ရှင်သန်နိုင်ဖို့အတွက်လေ”
“ဟုတ်တယ်၊ မင်းက သဘာဝပဲ”
“ဘဝမှာ အနိုင်ရဖို့ တစ်ခုတည်းအတွက် အသက်ရှင်ပြီးတော့”
“မင်းဟာ သွေးအေးနေရလိမ့်မယ်”
“ဟုတ်တယ်၊ မင်းက သဘာဝပဲ”
တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်နေသည့် လူတိုင်းသည် တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်းထကာ မတ်တပ် ထရပ်လာကြသည်။ သီချင်းမှ ပြင်းအားက သူတို့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး ကြက်သီး ထလာစေသည်။
ထိတ်လန့်စရာပင်။ အံ့ဩဖွယ် ကောင်းလှသည်။
သူတို့၏ နှလုံးသားများက အသည်းအသန် ခုန်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်နေ၏။
သီချင်းသည် အံ့ဩစရာ ကောင်းရုံတင်မကဘဲ သံလိုက်ကဲ့သို့ ဆွဲငင်အားလည်း ပါရှိနေသည်။
ပရိသတ်များ ငြိမ်သက်သွားသည်။
ထိုအခိုက်တွင် စင်မြင့်ပေါ်၌ မိုက်ခ်ကိုင်၍ ရပ်နေသည့် ဆွဲဆောင်မှုရှိသည့် ပုံရိပ်အနား၌ တစ်လောကလုံး ပြောင်းလဲ လာနေ၏။
ထို့နောက် သူက ညင်သာစွာ သီဆိုနေသည်။
“ငါ့ရဲ့ နက်ရှိုင်းတဲ့တစ်နေရာမှာ ငါဟာ အနက်ရောင်အဖြစ် မှိန်ဖျော့လာနေပြီ၊ ငါ လွင့်ပြယ်နေပြီ”
“ငါ့လက်က သွေးနဲ့ ကျမ်းကျိန်ဆိုပါတယ်၊ ဒီသစ္စာကို ဘယ်တော့မှ မဖျောက်ဖျက်ပါဘူး”
“အဆုံးသတ်က ငါတို့အပေါ်မှာ မူတည်တယ်ဆိုတာ ငါ ယုံကြည်တယ်”
“ငါ လုပ်နိုင်မယ်လို့ ကျိန်ဆိုတယ်”
ဖိနှိပ်နိုင်သည်။ ပေါက်ကွဲနိုင်သည်။ လွှမ်းမိုးနိုင်၏။ စိတ်အားထက်သန်လွန်းသည်။
ပရိသတ်များ၏ အခြေအနေက အပြင်းအထန် ပြောင်းလဲသွားသည်။
ထိုသို့သောအချိန်၌ ပရိသတ်များသည် လက်များကို ဆန့်၍ စူပါမန်းဟူသော နာမည်ကို ရေးထားသည့် မီးလင်း ဆိုင်းဘုတ်များကို မြှောက်လာသည်။ သူတို့က မတ်တပ်ရပ်ကာ ဖုန်းမီးများကို ဖွင့်လာသည်။
တစ်ယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာ။
လူတိုင်းက စူပါမန်းနာမည်ပါသော မီးလင်းဆိုင်းဘုတ်ကို မြှောက်လာကြသည်။
သူတို့၏ မျက်လုံးများထဲ၌ မျက်ရည်များ ရှိနေသည်။ ကင်မရာများက အခြေအနေကို ချက်ချင်း အမိအရ ရိုက်ယူသည်။ မြင်ကွင်းက ထိတ်လန့်စရာ ကောင်းလှပေသည်။
(စာကြွင်း။ ။ အမှန်တော့ ဒီသီချင်းက Imagine Dragons ရဲ့ “Natural” သီချင်းပါ၊ ပေါက်စီမြေက သူတို့ သီချင်းလို လုပ်လိုက်တော့တာပါပဲ။)